Thursday, 12 August 2010

ကလေးမှတ်ဥာဏ်

အသက် (၁၂)(၁၃) နှစ်အရွယ် ကလေးတွေဟာ ဦးနှောက်ရော ခန္ဒာကိုယ်ရော တပြိုင်တည်း ဖွံ့ဖြိုးတယ်လို့ ကြားဖူးတယ်။ ဒီအရွယ်ကလေးတွေရဲ့ မှတ်ဥာဏ်ဟာ စတင်ဖွံ့ဖြိုးကာစမို့ အရွယ်ရောက်ပြီးသား လူကြီးတွေရဲ့ မှတ်ဥာဏ်နီးပါး မှတ်သားနိုင်ကြတယ်။ စူးစမ်းလေ့လာတတ်ကြတယ်။ သိချင်တဲ့ အကြောင်းအရာကို သိအောင်ကြိုးစားပြီး မသိတာကိုလဲ မေးမြန်းကြတတ်တဲ့အရွယ်။ စကားများတဲ့ အရွယ်ပေါ့။ တချို့ကလေးတွေက အသက် (၉)နှစ်လောက်ကစပြီး ဥာဏ်ရည်ဖွံ့ဖြိုးတာကိုလဲ တွေ့ရပါတယ်။ ဒါကထားပါ။ ကျနော်က ဆရာဝန်မဟုတ်တဲ့ အတွက် ကျမ်းမာရေးရှု့ဒေါင့်ကနေ ကြည့်ပြီး တထစ်ချ ပြောလို့မရပါဘူး။ အဓိက ပြောချင်တာက ဒီအသက်အရွယ်ရောက်တဲ့ ကလေးတွေနဲ့ စူးစမ်းလေ့လာ စဉ်းစားပြီး ဦးနှောက်ထဲကို ရိုက်သွင်းတတ်တဲ့ စိတ်ဓာတ်တချို့ပါ။ ဒီအသက်အရွယ် ကလေးတွေက မိဘတွေရဲ့ အုပ်ထိန်းမှုအများကြီး လိုအပ်သလို မိဘတွေကြောင့် တမျိုးတဖုံး ပြောင်းလဲ နိုင်တဲ့ အသက်အရွယ်တွေပါ။ မိဘတွေရဲ့ စကားတခွန်းက သားသမီးဘဝ အတွက် အများကြီး အရေးပါတယ် ဆိုတာကိုပါ။

ကျနော် ကြည့်ဖူးတဲ့ ရုပ်ရှင်တကားပေါ့။ ကလေးဟာသ ကားပါ။ အသက်အားဖြင့်(၁၂)လောက်ရှိမယ်။ ကလေးပီပီ စူးစမ်းလေ့လာတတ်တာ။ လူကြီးတွေပြောသမျှ၊ ကြားဖူးသမျှကို မှတ်ပြီး ပြန်မေးတတ်တာ။ နည်းနည်းထူတော့ ကလေးပီပီလွဲတတ်တာလေးကို ရိုက်ပြထားတဲ့ ဟာသကားပါ။ တနေ့ အဲဒီကောင်လေးက တစုံတခုကို စဉ်းစားမိပြီး သူ့ကို ထိန်းနေတဲ့ နမ်နီကြီးကိုမေးတယ်။ မေးတဲ့မေးခွန်းက ကလေးက ဘယ်ကနေထွက်လာတာလဲတဲ့။ အလုပ်မအားတဲ့ နမ်နီကြီးကလဲ ကလေးဆိုတာ ငါတို့လို မိန်းမ အင်္ဂါကနေထွက်လာတာပါ ။ငါတို့လို မိန်းမတွေမှ ကလေးမွေးလို့ရတယ်။ မိန်းမတွေမှာပဲ ရှိတယ်လို့ ပြီးစလွယ် ပြောလိုက်တယ်။ ကလေးက အဲဒါကို ပဲစဉ်းစားပြီး မိန်းမအင်္ဂါကို မြင်ဖူးချင်စိတ်တွေ ဖြစ်လာတယ်။ အိမ်မှာ အမေက အမြဲအလုပ်သွားနေရတာ။ အဖွားကိုလဲ မေးရမှာ ကြောက်တယ်။ နမ်နီကြီးကိုလဲ ထပ်မမေးချင်တဲ့အတွက် အဲဒီကောင်လေးက ကျောင်းက မိန်းခလေးအတန်းဖော်ကို မေးဖို့ ကြိုးစားတယ်။ ကြိုးစားတိုင်း ကြောက်ပြီး မမေးရဲတဲ့ ကောင်လေးကို အတန်းက ဆရာမက သတိထားမိပြီး ကလေးကို အတင်းခေါ်မေးတော့တယ်။ ကောင်လေးက မဖြေဘူး။ ဆရာမက ခြိမ်းခြောက်မေးတော့မှ ကောင်လေးက ဆရာမကိုပဲ ပြောတော့မယ်။ ဆရာမကူညီရမယ်။ ကတိပေးပါ။ဘယ်သူ့ကိုမှလဲ ပြန်မပြောရပါဘူး ဆိုပြီး ဆရာမဆီက ကတိတောင်းတော့ ဆရာမကလဲ ကောင်လေးစိတ်ချမ်းသာအောင် လွယ်လွယ်ကူကူပဲ ပေးလိုက်တယ်။ အဲဒီမှာ ကောင်လေးက ကလေးမွေးတဲ့ မိန်းမအင်္ဂါ ဘယ်လိုရှိလဲ ဆိုတာ မြင်ဖူးချင်လို့ အဲဒါဆရာမ ပြပါ ဆိုပြီးတောင်းဆိုတော့မှ ဆရာမက အရမ်းရှက်ပြီး ကတိကလဲ ပေးထားတယ် ပြဖို့ကလဲ ခက်တော့ ကောင်လေးအမေကို ခေါ်ရတဲ့ အထိ ဖြစ်သွားတယ်။

နောက်တော့ ဆရာမနဲ့ ကောင်လေးအမေက အကြံတခုရပြီး ခွေးမလေး တကောင်ကို ကောင်လေးအတွက် ဝယ်ပေးလိုက်တယ်။ ပြီးတော့ ခွေးမလေးက ကလေးမွေးလို့ရတယ် ဆိုပြီး ပြလိုက်တော့ ကောင်လေးက သူသိချင်တာ သိသွားတဲ့ အတွက် ကျေနပ်သွားပါတယ်။ (စာဖတ်သူတို့ ဒါဖိုးစိန်ငယ်ငယ်တုန်းက လုပ်ခဲ့တာလား ဆိုပြီး တွေးမနေနဲ့ဦးနော်)

တကယ်လို့ ဒီနေရာမှာ ဆရာမရော မိဘပါ ဆူပူ ကြိမ်းမောင်းမယ်ဆိုရင် နည်းလမ်းမရှာတတ်ဘူးဆိုရင် ဒီကလေးရဲ့ သိချင်တဲ့ အတွေးကနေ မကောင်းတဲ့ ဆီကို ရောက်သွားနိုင်တယ်။ သိချင်တာ မသိရတဲ့အတွက် နည်းမျိုးစုံနဲ့ သိအောင်လုပ်ရင်း အမှားတွေ တွေ့သွားနိုင်တယ်။ နမ်နီပြောလိုက်တဲ့ စကားတခွန်းကို တသက်လုံးစွဲပြီး ဆိုဒ်ကိုဝင်သွားနိုင်ပါတယ်။ ဟာသကားပေမယ့် ပညာပေးပါပဲ။

ကျနော်တို့ငယ်ငယ်တုန်းကလဲ ဒီလိုပဲ။ အပြင်အပေါင်းအသင်း သူငယ်ချင်းတွေ မရှိတော့ ရိုးတယ်ပြောမလား ရွဲ့တယ်ပြောရမလား မိဘပြောသမျှကို အကုန်မှတ် အကုန်ယုံပြီးလိုက်လုပ်တာပဲ။ အမေကတော့ လွယ်လွယ်ပဲပြောလိုက်တာပဲ။ ကျနော်တို့ကတော့ အတည်ယူပြီး မှတ်ထားမိတာပေါ့။

အငယ်ကောင်က မေးဖူးတယ်။ မိန်းမတွေ ဘာလို့ ဗိုက်ကြီးပြီး ကလေးမွေးတာလဲတဲ့။မေမေကပြောဖူးတယ်။ ယောကျားနဲ့ မိန်းမတူတူနေရင် ဗိုက်ကြီးတယ်တဲ့။ မင်္ဂလာမဆောင်တဲ့ ယောကျားနဲ့ မိန်းမ တူတူနေရင် ငရဲကြီးတယ်။ ပြီးတော့ အမေနဲ့ ညီမနဲ့ မဟုတ်ပဲ ယောကျားလေးနဲ့ မိန်းခလေးတူတူ အိပ်ရင် ဗိုက်ကြီးတတ်တယ်။ ငယ်ငယ်နဲ့ တူတူအိပ်လို့ ဗိုက်ကြီးရင် သားတို့ ငရဲကြီးမယ်။ သေရင် ငရဲပြီးမှာ ဒုက္ခခံစားရမယ် ပြီးတော့ တဘဝလုံး ထောင်ထဲမှာ နေရမယ်။ လူ့လောက ကို ပြန်လာလို့ မရတော့ဘူး လို့ ပြောတယ်။ ကျနော်တို့ကတော့ ဘာမှ သေချာမသိပေမယ့် မှတ်ထားတာပေါ့။ အငယ်ကောင်က အဲဒါကို စွဲနေတယ်။ တနေ့ အဖွားက အိမ်မှာလာနေတော့ ခါတိုင်း အိပ်နေကျအတိုင်း အငယ်ကောင် ကုတင်မှာ ပဲ အိပ်ဖို့ လုပ်တယ်။ အငယ်ကောင်က အိပ်ခါနီးကျတော့ ခေါင်းအုံးကို ပိုက်ပြီး အိပ်ရှေ့ထွက်လိုက် နောက်ဖေးဝင်လိုက် လုပ်နေတယ်။ အဖွားနဲ့ မအိပ်ဘူး။ ဒါနဲ့ အဖွားလဲ အိပ်ဖို့ နောက်ကျနေပြီးဆိုတော့ မာန်မဲပြီး အငယ်ကောင်ကို ခေါ်အိပ်တယ်။ အငယ်ကောင်က စူပွပွနဲ့ ဝင်အိပ်ပြီး မကြာဘူး အိပ်ယာထဲ ကနေထအော်တယ်။ “မေမေနော်… အဖွားနဲ့သားနဲ့ က မင်္ဂလာမဆောင်ရသေးဘူး။ အဖွားဗိုက်ကြီးလို့ သားငရဲကျ၊ ထောင်ကျရင် အဲဒါသားအတာ မဟုတ်ဘူး အဖွားကို ဒီကုတင်မှာ လာပေးအိပ်တဲ့ မေမေ့ အတာပဲ “ဆိုတော့မှ အဖွားက ပျာပျာသလဲလဲ ဖြစ်ပြီး အမေနဲ့ အဖေကို ကလေးတွေကို ဘာတွေ သင်ထားလဲ ဆိုပြီးထအော်ပါလေရော။ အမေနဲ့ အဖေကတော့ ရယ်လို့ မဆုံးပေါ့။ သင်ပေးတုန်းက ငယ်ငယ်ရွယ်ရွယ်နဲ့ အမှားမလုပ်အောင်ပါ။ အငယ်ကောင် မှတ်ထားတဲ့ မှတ်ဥာဏ်က တလွဲဖြစ်နေတာလေးပေါ့။

နောက်တခုက ညီမလေးကို မေမေက ပြောနေကျ။ အမေနောက်ကွယ်မှာ အဖေက နောက် မိန်းမ တစ်ယောက်ယောက်နဲ့ တွဲသွားရင် ဥပမာ ဖေဖေက မေမေနဲ့ မဟုတ်ပဲ တခြား မိန်းကလေး တစ်ယောက်နဲ့ ကားတူတူ စီးသွားတာမျိုး၊ ဆိုင်ကယ် စီးသွားတာမျိုး ဆိုရင် အဲဒီမိန်းမက မကောင်းဘူး။ အဲဒီမိန်းမက မိသားစုကို ဖျက်စီးမှာ။ အမေနဲ့ သမီးတို့ကို ခွဲမှာ ဘာညာနဲ့ အမေက ပြောတာပေါ့။ ညီမကတော့ မှတ်ထားတာပေါ့။ တနေ့ အဖေက မေမေ့ ညီမဝမ်းကွဲကို သဘောင်္ဆိပ်ကနေ သွားကြိုလာတယ်။ အဲဒီအချိန် မေမေက ဈေးသွားနေတယ်။ ဖေဖေက အဒေါ်ဝမ်းကွဲကို ဆိုင်ကယ်နဲ့ တင်လာတာ မြင်တော့ ညီမက မေမေပြောထားတာတွေ သတိရလာပြီး အဒေါ် အိမ်ပေါ်တက်လာတာနဲ့ မကောင်းတဲ့ မိန်းမ၊ ဘာညာ ကွိကွနဲ့ သိသမျှတွေ စုံအောင် ခေါ်တော့ အဒေါ်ခမျာ ရှက်လိုက်တာ။ အိမ်မှာတောင် မတည်းတော့ဘူး ပြန်သွားရှာတယ်။ ညီမလေး အသက်ကြီးတဲ့ အထိ အဲဒီအဒေါ်ဆိုရင် အလိုလို မုန်းနေတာ။ တော်တော်လေး သိလာမှ အလိုလိုပျောက်သွားတယ်။ စကားတခွန်းကိုပဲ စွဲသွားပြီး ဦးနှောက်က အဲဒါကိုပဲ မှတ်မိနေတတ်တာပါ။

မေမေက ပြောပါတယ်။ မင်းတို့ မောင်နှမတွေကို ထိန်းရတာမလွယ်ဘူးတဲ့။ စကားတခွန်းမပြောလိုက်နဲ့ အကောင်းဘက်ကနေအရင် မတွေးဘူးတဲ့။ စကားတခွန်းကို တော်ရုံချင့်ချိန်ပြီးပြောရတယ်တဲ့။
ဟုတ်လဲဟုတ်ပါတယ်။ ကျနော်တို့က ရိုးလွန်းနေတာလား။ ရွဲ့လွန်းနေတာလားမသိဘူး။

ကျနော်တို့ သားသမီးအလှည့်ကျရင် ကလေးတွေကို ဘယ်လို မက်ဆေ့မျိုးပေးပြီး ဆုံးမရပါ့မလဲ..။

ကလေးအဖေ အမေ ဖြစ်နေတဲ့ သူငယ်ချင်းတွေ စဉ်းစားကြည့်ကြဖို့တော့လိုလိမ့်မယ် ထင်တယ်နော်။း)




ချစ်ခင်လေးစားစွာဖြင့်
ဖိုးစိန်

6 comments:

ဟန်ကြည် said...

ကောင်းတယ်ဗျာ...ကလေးသူငယ်ထိန်းသိမ်းရေး ဆောင်းပါးကောင်းလေးပဲ...မဂ္ဂဇင်းတစ်ခုခုမှာ ပို့ကြည့်သင့်တယ်...မြန်မာမိဘများက ကလေးထိန်းသိမ်းတာ အားနည်းလွန်းတာကြောင့် တစ်ဖက်တစ်လမ်းက ကူညီရာရောက်တာပေါ့...

မမ said...

အင်း...

အဲ.....

ဟိဟိ....

ကောင်းပ ကောင်းပ...သားသမီးတွေ အတွက် တောင် စဉ်းစားနေပီ ပေါ့.....

မိုးခါး said...

ဟုတ်တယ်
ကလေးတွေဆိုတာ အတုမြင် အတတ်သင်လွယ်တယ်
မြင်သမျှ လိုက်မှတ်သားနေတဲ့ အချိန်မှာ မိဘရဲ့ သင်ကြားပေးမှုကလည်း လမ်းမှန်ဖို့ လိုလိမ့်မယ်
အကို့စာဖတ်ပြီး အမေ့ကို သတိရသွားပြီ
အမေဆို ပြောလို့မရတိုင်း ပြောလေ့ရှိတာက နားရွက်ကိုက်ခံရတဲ့ မိန်းမကြီးလို နောင်တရနေရမှာစိုးလို့ ပြောနေရတာတဲ့လေ .. မိမဆုံးမ ဖမဆုံးမလို့ အပြောမခံနိုင်ဘူးတဲ့ .. :D
သားသမီးတွေ ဆိုးရင် လက်ညှိုးထိုးခံရတာ မိဘပဲမလား .. အမေက အနီးကပ်ဆိုတော့ ပိုဆိုးသေး .. ကိုယ်ဆိုးသမျှ နင့်အမေ မဆုံးမဘူးလားဖြစ်မှာ ..
ဟီးး.. မန့်ရင်းရှည်သွားဘီ .. အမေ့ကို သတိရတယ် ..း))

Pwint Myue said...

ငယ်ငယ်တုန်းက ကလေးကိုဘယ်ကမွေးတာလဲမေးတော့ မေမေက ချက်ကမွေးတာလို့ပြောထားဖူးတာ သတိရသွားတယ်.. မေမေအပျိုတုန်းက ဓါတ်ပုံတွေကြည့်ရင် အဲဒီတုန်းက သမီးကဘယ်မှာလဲလို့မေးတော့ မေမေ့ခြေမထဲမှာပေါ့လို့ အဖြေရဖူးတာလေးလဲ သတိရမိသွားတယ်..

ဇွန်မိုးစက် said...

ကြည့်ရတာ ဖိုးစိန်သူငယ်ချင်းတွေ ကလေးအဖေအမေ ဖြစ်ကြတော့မယ်ထင်တယ်။

ဒါမှမဟုတ် ဖိုးစိန်အလှည့်ရောက်တော့မယ် ထင်တယ်။ ;)

ကိုဇော် said...

ငယ်ငယ်က ကျနော့် အဖေကတော့ ဖယောင်းတိုင် မီးကို ကျနော် အတင်းကိုင်ချင်နေတယ် ဆိုလို့ ထုံးစံ အတိုင်း ဆွဲတာပေါ့။ အတင်းကိုင်ချင်နေလို့ ရော့ကိုင် ဆိုပြီး လွှတ်ပေးလိုက်တာ။ အဲဒီထဲက နောက်ထပ် မကိုင်တော့ဘူးတဲ့။ ကျနော့် အမေတို့ဆို အမြဲ ပြောတတ်ကြတယ်။ ဒါပေမဲ့ ဖေဖေက ပြောပါတယ် အန္တရာယ် အကြီးကြီး ဖြစ်မဲ့ဟာ ဆိုရင် ငါက လွှတ်ထားပါ့မလား ငါလည်း အဖေပဲ လို့ ဆိုတယ်။ တကယ်တော့လည်း စကားလုံးတွေနဲ့ မထိန်းသင့်ဘူး ၊ အတွေ့ အသိလေးနဲ့လည်း ထိန်းသင့်တယ်။

ရေးထားတာလေး ကြိုက်ပါတယ်။