Tuesday, 23 February 2010

ပြဇာတ်

ကံ ဆိုတဲ့ ခဲတံကို ကိုင်ပြီး ဘဝ စာရွက်ပေါ်မှာ ဇာတ်လမ်းတစ်ပုဒ် အသာလေး ရေးခြစ်နေတယ်။ ဒီလို ရေးနေရင်း လိုအပ်တဲ့ ဇာတ်ကောင်တွေ ရွေးဖို့စဉ်းစားတယ်။ ကိုယ်တိုင် ဇာတ်လမ်း ကောင်းကောင်း တစ်ပုစ် ကို နှစ်နှစ် ကာကာ စိတ်တိုင်းကျ ဖန်တီးချင်ခဲ့တာ။

ဖြစ်ချင်တာတွေ များနေတယ်။

ဖြစ်စေချင်တာတွေ ရှိနေတယ်။

လုပ်ချင်တာတွေက ဒုနဲ့ဒေး...။

တဖြည်းဖြည်းချင်းသဲ့ယူ လုပ်ယူနေရတော့ အားမရဘူး။ ရလာလေ ပိုလုပ်ချင်လာလေပဲ။ ဒါကြောင့် လောဘကြီးတယ်လို့ ဖြစ်လာတယ်။ လောဘ ဆိုတာ တကယ့်တော့ ဗီလိန် ဆန်တဲ့ လူကြမ်းကြီးတွေ..။

လောဘကြီးတယ်ပဲ ထား..။

ဖြစ်သင့်တာကို ဖြစ်လာအောင် အကောင်ထည်ဖော်ရင်း ဖြစ်လာတဲ့ နောက်ကို တကောက်ကောက် လိုက်နေရတယ်။ လောဘနောက် တကောက်ကောက်လိုက်နေရတဲ့ မောဟတွေ။ လူကြမ်းတွေ နောက်ကို တကောက်ကောက် လိုက်နေရတဲ့ လူရွှင်တော်တွေ။

ဖြစ်လာတဲ့ အပေါ် ပျော်နေလားလို့ မေးကြမလား။ ပြုံးရယ်နေတာကို မြင်ရပေမယ့် ဝမ်းနည်းမှုတွေ ရင်မှာပြည့်ကျပ်နေတာကို မြင်ရင်မြင်နိုင်မှာပါ။

ကိုယ်က မြင်စေချင်နေရင် ကိုယ်က အတ္တ တွေ များနေပြန်ပြီး..။ သူကတော့ မင်းသားပေါ့။

ဒေါသတွေကြီးနေတယ်။ ထစ်ခနဲ ဆို ဒေါသထွက်နေပြီ။ ဒေါသကထွက်ပြီး ထိန်းလို့သိမ်းလို့ မရ။ မရတော့ ကိုယ့်ကိုယ်ကိုယ် ပြန်ထုနှက်။ ရလာဒ်က ကိုယ်ပဲနာတယ်။ နာလဲ မတတ်နိုင်ဘူးလေ။ ကိုယ့်ဒေါသကို ကိုယ်ထိန်းဖို့က ကိုယ့်အသားနာမှပဲ ငြိမ်းမှာကိုး။

ဘာကြောင့် ဒေါသထွက်လဲ မေးရင်လဲ ကိုယ့်အတ္တ အတွက်ပဲ။ ဒေါသကြီးတတ်မှန်း သိလို့ ထိန်းသိမ်းပြီးနေပါတယ်။ ပျော့ပျောင်းစွာ ဆက်ဆံပါတယ်။ အမြဲတမ်းပြုံးနေပြီး အပျော်နဲ့ ဖုံးနေတတ်ပါတယ်။ ဒါပေမယ့် ဒေါသထွက်ရင်တော့ မျက်စိထဲ ဘာမှ မမြင်တော့ဘူး။ မျက်စိထဲရှိတာ လုပ်ချင်တာကို ဒေါသနောက် လိုက်မိတယ်။ နောင်တရလားမေးရင် မရဘူး။ နောင်တ ရနေတဲ့ နောက်တော့ ဒေါသ ဘယ်ထွက်တော့မလဲ။ ဒါကလည်း ကိုယ့်အတ္တနဲ့ ကိုယ်ပဲလေ..။ မင်းသားနဲ့ တွဲရမယ့် မင်းသမီးဟာ ဒေါသ ပါပဲ။

“တရားလေးထိုင်၊ ဘုရားများများရှိခိုး” ပေါ့လို့ ဆိုတော့လဲ အတိုင်းအတာ တစ်ခုထိပဲ လုပ်နိုင်ပါတယ်။ တကယ်တမ်း နဖူးတွေ့ ဒူးတွေ့ မှာ အတ္တ၊ ဒေါသ၊ မောဟ တွေ က ထင်သလောက် မထိန်းသိမ်းနိုင်သေဘူး။ မာနကတော့ မရှိသလောက် ဖြစ်နေပြီး။ အဲဒီအတွက်တော့ ဇာတ်က နည်းနည်းနာတယ်။

“ကိလေသာ ကုန်ခမ်းသွားပြီး” ဆိုတော့လည်း ကျန်တာက တဏှာ လို့ပဲ ပြောရမလိုလို...။

တကယ်တော့....

အတ္တမင်းသားက ဒေါသ မင်းသမီးကို မောဟ လူပျက် အကူအညီကိုယူ လောဘလူကြမ်းတွေလက်က ကယ်တင်ဖို့ ကိလေသာ ဆိုင်းတီးပြီး တဏှာဆန်တဲ့ လောက ဇာတ်ကြမ်းကြီးကို ဘဝဇာတ်ခုံပေါ်မှာ ဆုံးခန်းတိုင်တဲ့ အထိတော့ ကကြရမှာ။


တကယ်တော့...

ဘဝဟာ ပြဇာတ်ဆန်တယ်။ မင်းသား၊ မင်းသမီး၊ လူကြမ်း၊ လူရွှင်တော် တွေနဲ့ ဆိုင်းတီးပြီး မြိုင်မြိုင်ဆိုင်ဆိုင် ကရတဲ့ ဇာတ်လမ်းတစ်ပုဒ်။


တကယ်တော့

ကိုယ်တိုင်က ဇာတ်ညွန်းရေးဆရာ...။ ကိုယ်တိုင်က ဒါရိုက်တာ..။



ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်












Saturday, 20 February 2010

ငါးမျှားသူများ

ငါးမျှားသူများ




တစ်ချို့က
ငါးစာလေးချ
ဖော့တံလေးကြည့်
ငြိမ်ငြိမ်လေးနေ
ဒီအလုပ်ဟာ
စိတ်ငြိမ်တယ်။



တစ်ချို့က
ငါးရှိရာခန့်မှန်း
ငါးပွက်ရာ ငါးစာချ
တည်ငြိမ်မှုမရ
ဟင်းစားရမှ
ကျေနပ်တယ်။


တစ်ချို့က
ငါးရမရ
တွက်ဆမနေ
အပူမထား
ငါးမရရင်
ရေချိုးပြန်မယ်။


တစ်ချို့က
ငါးမရလို့
မျှားတံကိုချိုး
ခဲလုံးရှာ
ရေထဲပစ်
တစ်ခြားလူ
စိတ်ညစ်အောင်လည်း
လုပ်တတ်တယ်။



(ကိုယ်က ဘယ်လိုလူမျိုးထဲ ပါနေလဲ... )

ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်



Tuesday, 16 February 2010

လမ်းကလေးပေါ်က မရေခဲ

တကယ်တော့ အချစ်ဆိုတဲ့အရာကို ကျွန်တော်နားလည်စွာ မခံစားတတ်ခဲ့ပါဘူး။ ချစ်တယ်ဆိုတဲ့ စကားကိုတော့ အပ်ကြောင်းမထပ်အောင် ကောင်မလေးများစွာကို ပြောဖြစ်ခဲ့သူပါ။ အမြင်အာရုံကို ဝင်လာတဲ့ ကောင်မလေးတွေကို ခံစားမှု အာရုံက လက်ခံလာရင် ချစ်တဲ့စိတ်ကို တားဆီးပိတ်ပင်လို့ မရအောင် ဖြစ်တတ်ပြန်တယ်။ စိတ်လှုပ်ရှားစရာကောင်း တဲ့ကောင်မလေးတွေကိုမြင်တိုင်းလဲရင်ခုန်တတ်တဲ့ ကျွန်တော်ဟာ အချစ်ကို ဝိုင်ချိုချိုတစ်ခွက်ကို အရသာခံသောက်နေသလို မက်မောစရာ အရာတစ်ခု အဖြစ် ဖန်တီး ပြီး ပျော်ရွှင်ကြည်နူးစရာ တွေအဖြစ်သာ ဖန်တီးတတ် ခဲ့ပြန်ပါတယ်။

ခင်မင်သူ သူငယ်ချင်းတွေက ရီးစားများတဲ့ ကျွန်တော့်ကို မင်းတကယ်ချစ်တတ်လားလို့မေးရင် မထီမဲ့မြင် အကြည့်တွေ၊ ပြီတီတီ မျက်နှာနဲ့ ပြန်ကြည့်တတ်ရုံမှ အပ ကျွန်တော်ကိုယ်တိုင်ဝေခွဲလို့ မရသလို ကျွန်တော့်ဆီမှာ ဖြေစရာ အဖြေတိကျ သေချာမှုမရှိခဲ့ပါ။
”အေးကွ… ငါတော့ချစ်တယ်ထင်တာပဲ… တကယ်တော့ ကြိုက်တာကွ… ကြိုက်ပြီးမှချစ်လာတယ် ထင်တာပဲ… ဒါကြောင့်မြင်မြင်ချင်း အရမ်းချစ်တယ် ဆိုတာလက်မခံဘူး”လို့ ပြောတတ်နေခဲ့ပြန်တယ်။

ဒိုင်ယာရီတွေ၊ မှတ်စုတွေကို စိတ်ရှိတိုင်း ရေးတတ်တဲ့အကျင့်ရှိတဲ့ ကျွန်တော်ဟာ ဘယ်ချစ်သူ ရီးစားအကြောင်း ကိုမှ စာတင်လောက်အောင်ခံစားရေးဖွဲ့ ချင်စိတ် မရှိခဲ့သူ တစ်ယောက်ပါပဲ။

ရည်စားတွေ ထားခဲ့တယ်… ချစ်သူတွေက သံယောဇဉ်ကြောင့် ဖြစ်လာတဲ့ချစ်သူ ..

ချစ်တယ်ထင်လို့ချစ်ခဲ့တဲ့ချစ်သူ…

ကြိုက်လို့ချစ်ခဲ့တဲ့ချစ်သူ…

သူတပါး မြှောက်ပင့်လို့ ချစ်ခဲ့တဲ့ချစ်သူ..

စသဖြင့် ချစ်သူအမျိုးအစားပေါင်းများစွာ နဲ့ချစ်သူ ဘဝကို ရသ မျိုး စုံ နဲ့ ခံစားမှုမျိုးစုံ ပါပဲ။ ဒါပေမယ့် အချစ်ဆိုတာကို ရေရေလည်လည် နားမလည်ခဲ့တာပါ…

ဒါပေမယ့်… တစ်ခုသော လမ်းပေါ်က ဆုံဆည်းမှု တစ်ခုကတော့ ခံစားမှု တစ်မျိုးနဲ့ အမြဲတမ်း လွမ်းဆွတ်နေဖြစ်ခဲ့တယ်။ ဘယ်လိုမေ့ပျောက်ပေမယ့် ဒီလမ်းလေးကို အမြဲ သတိရနေခဲ့တယ်။ ဘယ်တော့မှ မလှမ်းတော့ဘူးလို့ ဆုံးဖြတ်ထားပေမယ့် ရောက်ဖြစ်ခဲ့တယ်။ ဘယ်တော့မှ မရေးဖြစ်ခဲ့တဲ့ သူအကြောင်း မှတ်စု တစ်ခုအနေနဲ့ ရေးဖြစ်ခဲ့တာဒီလမ်းမကြီးရဲ့ အကြောင်းပေါ့….။
ကျွန်တော့် ဘဝမှာ ချစ်သူ ရည်းစားများနဲ့သွားခဲ့တဲ့နေရာတွေထဲမှာတော့ ဒီလမ်းမကြီး လာရတာသဘောအကျဆုံးပါ။ လမ်းကလေးနဲ့ အတူ သစ်ရိပ်ပင်ရိပ်နဲ့ ခုံတန်း များစွာ ရှိတဲ့ ဒီနေရာလေ ကို ကျွန်တော်သဘောကျလို့ ဘယ်ချစ်သူ ကောင်မလေးနဲ့ ပဲလာလာ ဒီလမ်းလေးကိုပဲ ရွေးလျှောက်ဖြစ်ခဲ့တယ်လေ။

”ကိုလေး…ရေခဲရေသောက်သွားပါအုံး… ဆေးလိပ်ယူဦးမလား… ဒီနေ့အကိုလေးက အကျီ င်္အသစ်နဲ့နော်… လှတယ်သိလား … ဟိ..ဟိ..” လို့ မျက်နှာပြောင်တိုက် အတင့်ရဲ စွာနောက်တတ်တဲ့ ရေခဲရေရောင်းတဲ့ ကောင်မလေးကို ဒီလမ်းကနေဖြတ်သွားတိုင်း တွေ့ နေကျ။ အရင်စတွေ့ ကစတုန်းတော့ ရေခဲရေ ဆေးလိပ် အချဉ်ထုပ်များကို အလိုက်မသိစွာ အတင်းထိုးရောင်းတတ်တဲ့ သူမကို စိတ်တိုဒေါသ ဖြစ်မိပေမယ့် တွေ့တဲ့ရက်တွေများလာတော့သူ့ကို သနားစိတ်ဝင်လာပြီး ပြုံးပြတဲ့အထိရင်းနှီးလာခဲ့တယ်။
ဒီလမ်းလေးကို လာဖန်များတော့ ပါးကွက်အကြီးကြီးကွက် ဆံပင်ကို ဆီသပ် ကျစ်ထားတဲ့ပြီး ရှပ်အကျီလက်ရှည် နဲ့  ပါတိတ်နွမ်းလေးကို ဝတ်ကာ လွယ်အိပ်ကို စလယ်သိုင်းလွယ်တဲ့ သူမကို မလှမ်းမကမ်းက နေရှာတတ်လာတယ်။ ဒီလမ်းလေးမှာ သူမကို မြင်မှ ပိုပြီး ပြည့်စုံသလို ခံစားရတယ်။

သံရေပုံး အစိမ်းရောင်ထဲက ရေ ကိုရေစစ်နဲ့တစ်ချိန်လုံးစစ်နေပြီး ပါးစပ်ကနေ တစ်ခုခုကို တတွတ်တွတ် ရွတ်နေတတ်တဲ့သူမ…
လမ်းလေးထဲကို ပရမ်းပတာ မှောင်းနှင်လာတဲ့ကားကိုမြင်တိုင်း မျက်စောင်းတထိုးထိုးနဲ့ ရေ ကိုအလျင်အမြန်ဖုံး ကားသမားကိုမေတ္တာလှမ်းပို့တတ်တဲ့သူမ…

လမ်းထဲ ဝင်လာတဲ့ သူကို မြင်ရင် မျက်နှာချိုချို အသံစာစာနဲ့ ရေခွက်ကိုကိုင် ပြီး အပြေးလေးဈေး ရောင်းတတ်တဲ့သူမ…
အချိန်ရရင် လွယ်ထားတဲ့ အိတ်ထဲကိုနှိုက်ပြီး ဈေးရောင်းရတဲ့ငွေကို ခဏခဏ ထုတ်ရေတတ်တဲ့ သူမ….
ရံဖန်ရံခါ ကျွန်တော် ခိုးခိုးပြီး လှမ်းကြည့်တာကို မြင်ရင်ရှက်ရှက်နဲ့မျက်စောင်းထိုးကာ ပြုံးပြတတ်တဲ့ သူမက
ကျွန်တော့်နဲ့ အသက်သိပ်မကွာဘူးဆိုတာခန့်မှန်းမိပါတယ်။

သနားစိတ်ကြောင့်လား အားပေးချင်နေတဲ့ စိတ်ကြောင့်လားတော့ မသိ… သူမကို သတိထားမိတဲ့ အချိန်ကစပြီး သူမရှိတဲ့ဒီနေရာကို အကြောင်းမရှိအကြောင်းရှာပြီး တစ်ယောက်တည်းဖြစ်ဖြစ် ချစ်သူနဲ့ ဖြစ်ဖြစ် ရောက်လာတတ်တယ်။ သူမကို လာလာကြည့်မိတဲ့ အတွက်ကြောင့် ကျွန်တော့်ရဲ့စိတ်ထဲမှာ ခိုးကြောင်ခိုးဝှက်နိုင်တယ်ထင်ပြီး ရင်တွေတဒိုင်းဒိုင်းခုန်ကာ ရှက်မိနေတတ်တာ ကျွန်တော်ပါ။ ကျွန်တော်သူမကို မြင်တိုင်း ဖော်ပြလို့ မရတဲ့ ခံစားမှု ကိုခံစားရတတ်ပါတယ်။

ဈေးရောင်းမကောင်းလို့ဝမ်းနည်းစွာငိုင်နေတတ်တဲ့ နေ့တွေမှာ သူမကိုနှစ်သိမ့်အားပေးချင်နေမိတယ်။ တခါတလေ သီချင်းတွေအော်ဆိုလို့ ပျော်နေတဲ့ သူမ အသံကိုကြားရတော့လည်း အပျော်တွေ ကူးလို့ ကျွန်တော် အပြုံးတွေနဲ့ ပီတိဖြစ်မိတယ်။ ကျွန်တော့်ကို ငေးကြည့် ပြုံးပြတတ်တဲ့ သူအပြုံးကိုလည်း တခါတရံ ရင်ခုန်စွာနဲ့ ပုံဖော်ကြည့်နေမိတယ်။ မှားလား… မှန်လား ကျွန်တော်ဝေခွဲမတတ်ခဲ့ပါ။

ဒီနေရာလေးကို သူမဈေးရောင်းကောင်းအောင်လူ စည်ကားစေချင်မိတယ်။ စိတ်ကူးထဲမှာလည်း သူမအတွက် ဈေးဆိုင်တစ်ဆိုင်ဖွင့်ပေးပြီး သူမရောင်းချင်တာကို လှလှပပလေးဝတ်ပြီး ရောင်းနိုင်အောင်လို့ လုပ်ပေးနေမိတယ်။ တကယ်တော့ ကျွန်တော်တို့လို တက္ကသိုလ်တက်ရမဲ့အရွယ်မှာ ဈေးရောင်းနေရတဲ့သူမ ကိုဂရုဏာသက်မိတယ်။ “မင်းပညာတတ်ရင် ဒါမျိုးမလုပ်ရတော့ဘူးနော်” ဆိုတဲ့ စိတ်နဲ့ သူမအတွက် သက်ပြင်းခဏခဏ ချခဲ့ဖူးတယ်။ ကျွန်တော့် မသိစိတ်တွေက ဘာတွေဖြစ်နေလဲဆိုတာ မသိတော့ဘူး… ရင်ထဲမှာဖြစ်နေတာတွေက သူမကို ချစ်နေတာလား… သူမအတွက် စိတ်ကူးယဉ်တာ ကိုသာယာမိတာလား… ဆိုတာမသိပေမယ့် နေ့ရက်တွေ ကြာလာတော့ သူမ နေပုံထိုင်ပုံတွေ က တဖြည်းဖြည်း ကြည့်ရင်းနဲ့ ကျွန်တော့်အတွက် ချစ်စရာကောင်းလာတယ်…

သူမအကြောင်းကို မစဉ်းစားချင်ပဲ စိတ်ထဲရောက်ရောက်လာတတ်လို့ ဒိုင်ယာရီစာမျက်နှာ နေ့စွဲတွေမှာ နာမည်မသိတဲ့ သူမက မရေခဲ ဆိုတဲ့ အမည်နဲ့နေရာယူလာခဲ့တယ်။ စဉ်းစားလိုက်တိုင်း ရင်ခုန်တယ်ဆိုတာထက် အာခေါင်ခြောက်ကပ်စွာ ရင်ထဲပူနေတဲ့ အရသာမျိုးကိုခံစားမိနေတယ်။ ရူးကြောင်ကြောင်နိုင်တဲ့ စိတ်နဲ့ မဖြစ်သင့်ဘူး ဆိုတဲ့ အတွေးနှစ်ခုကြားမှာ ဒီလမ်းကို နောက်တစ်ခါ ပြန်မသွားဘူး သူမကို မရှာတော့ဘူး လို့ ဆုံးဖြတ်ထားလဲ နောက်နေ့တွေမှာ ဒီလမ်းလေးကိုပဲ ရောက်ရောက်မိနေပြန်တယ်။

”မရေခဲရေ…မင်းရောင်းတဲ့ရေခဲရေဟာ ငါ့ရင်ကိုအေးမြမယ်ဆိုရင် ငါ့ကိုတစ်ခွက်လောက်တိုက် ပါလို့” တောင်းချင်လာတယ်။

မခံစားနိုင်တဲ့နေ့ရက်တွေ များလာတော့ စိတ်ကိုထိန်းချုပ်ရင်း မသွားဘဲ နေခဲ့မိတယ်။ ကျောင်းစာမေးပွဲတွေနဲ့ နပန်းလုံးနေရတဲ့ အချိန်မှာ မေ့မေ့ပျောက်ပျောက်ဖြစ်သလို ရှိခဲ့ပါတယ်။ နောက်ရက်တွေမှာ ကျွန်တော် ဒီလမ်းကို ရောက်ပေမယ့် သူမကို မတွေ့တော့ဘူး။ လမ်းမတလျှောက်လုံးဟိုဟိုဒီဒီ ကို ကျီးကန်းတောက်မှောက်ရှာခဲ့တယ်။ သူမအရိပ်အရောင်ကိုမတွေ့တော့ နေမကောင်းတာလား… တခြား နေရာလေးကိုပြောင်းသွားတာလား… ဒါမှမဟုတ်… ငါသူ့ကို ကြည့်ကြည့်နေတာသိလို့ စိတ်ဆိုးသွားတာလား.. စိတ်ဒွိဟတွေဖြစ်လို့စဉ်းစားရကျပ်သွားမိတယ်။

တစ်ရက် ကျွန်တော့် ချစ်သူတွေထဲက ချစ်သူတစ်ယောက်နဲ့ ဒီလမ်းကိုလျှောက်တော့…

”ကို”

”ဒီနေရာလေးရောက်မှ ကို့ကိုပြောဖို့ သတိရတယ်… ဒီမှာ ရေခဲရေတို့အချဉ်ထုပ်တို့ ရောင်းရောင်းနေတဲ့ ချစ်တို့နဲ့ မတိမ်းမယိမ်းကောင်မလေး ကို သိတယ်မဟုတ်လား”

စိတ်ထဲက သိပ်သိတာပေါ့ လို့ဖြေပေမယ့်

”သြော်… မှတ်မိသားပဲ… ဘာဖြစ်လို့ လဲ ..ဘာဖြစ်လို့လဲ” လို့ သိလိုစိတ်နဲ့ အလျှင်စလို မေးလိုက်
တဲ့မေးခွန်းတွေကြောင့် ချစ်သူရိပ်မိသွားမလားဆိုတဲ့ အတွေးနဲ့ မလုံမလဲစိတ်ပူမိသေးတယ်။

”ဟုတ်တယ်..ကို ..ရဲ့ ချစ်အဲဒါပြောမလို့… ဟိုတစ်နေ့က ကားတိုက်ခံရတယ်ဆိုလာပဲ… ကျောင်းက အပြန် ကားဂိတ်မှာပြောနေကြတာကို သဲ့သဲ့လေးကြားခဲ့မိတယ်… အခုသူမကိုမတွေ့ တော့မှ သတိရလို့… ဟိုဘက်ထိပ်က ရေခဲရေရောင်းတဲ့ကလေးကို မေးရင်တော့သိမယ်ထင်တယ်”

ကျွန်တော့်ရင်ထဲမှာဘာဖြစ်သွားလည်း ကျွန်တော်မသိသလို ကျွန်တော့်ခေါင်းထဲ ဘယ်လောက်ထူပူသွားသလဲ ကျွန်တော်မသိတော့ပါ…။
“မဟုတ်ပါစေနဲ့… ဘာမှမဖြစ်ပါစေနဲ့” ဆိုတဲ့ ဆုတောင်းနဲ့ “ငါဘာလို့မသိရတာလဲ” ဆိုတဲ့ ကျွန်တော့်ကို ကျွန်တော့် အပြစ်တင်မှုနဲ့အတူ ခြေလှမ်းများက ရေခဲရေ ရောင်းတဲ့ ကောင်လေးရှိရာဆီသို့အလိုလို လှမ်းမိတယ်။

“ညီလေး..ဟိုနေရာက ရေခဲရေရောင်းနေတဲ့အမက ကားတိုက်ခံရလို့ဆို.. ”

“တကယ်လား… မဟုတ်ဘူးဟုတ်”

“အခုရော” ကျွန်တော့်ဆီက တရစပ်မေးခွန်းတွေ…။

“ဟုတ်တယ်အကိုရေ… အခုအဲဒီအမက ဆုံးသွားပြီး.. မနက်ဖြန်ရက်လည်တဲ့… သူက စာပေးစာယူနောက်ဆုံးနှစ်ရောက်နေပြီးတဲ့ဗျ… သူ့ အမေဆိုငိုလိုက်တာများဗျာ.. အဲဒီအမက ကျောင်းစရိတ်နဲ့ အိမ်စရိတ်ကို ကိုယ်တိုင်ရှာရတာတဲ့… အမေက ပန်းနာ ရင်ကျပ်ရောဂါသည်တဲ့လေ..”

ကောင်လေးရဲ့ စကားတွေ အောက်မှာ ကျွန်တော် အရုပ်ကြိုးပြတ်သလို…။

“အဲဒီကားသမား ထောင်ကျပါစေဗျာ… အမက စိတ်ကောင်းတယ်… အခုကားတိုက်တဲ့နေရာ ဟာ… လွန်ခဲ့တဲ့နှစ်လလောက်က ကျွန်တော်ရောင်းနေကျ နေရာလေးဗျ.. ခု နေရာက အမနေရာ… ဒီနေရာလေးက ဈေးပိုရောင်းကောင်းတယ်ဗျ… အမကတော့ ငါမြင်ချင်တာမြင်ရလို့ဆိုပြီး ကျွန်တော့်နေရာလေးကို တောင်းဝယ်တာဗျ… အမသာ ဒီနေရာမှာရောင်းနေရင် ကားတိုက်ခံရမှာကျွန်တော်ဖြစ်မှာဗျ” လို့
စိတ်မကောင်းစွာရှင်းပြနေတဲ့ စကားကို ကျွန်တော့် နားထဲ ကြားတစ်ချက် မကြားတစ်ချက်။

သေချာပြန်စဉ်းစားမိတော့လည်း ဒီလမ်းလေးမှာ သူမကို စတင်သတိထားမိတာ လွန်ခဲ့တဲ့ နှစ်လလောက်ကပဲ ဆိုတော့ ဈေးရောင်းရင်းနဲ့ ကွက်ကြည့်ကွက်ကြည့်လုပ်တတ်ပြီး လူမိလျှင် ရှက်ပြုံးလေးနဲ့ မျက်စောင်းထိုးထိုး တတ်တဲ့သူမကို မျက်စိထဲ ဝမ်းနည်းစွာမြင်ယောင်ရင်း အာခေါင်တစ်ခုလုံး ခြောက်သွေ့စွာ သက်ပြင်းရှည်ရှည်တခုကို ချမိတယ်။ ဆုံးရှုံးမှု တစ်ခု။ မည်သည့်အရာကို ဆုံးရှုံးခဲ့သည် သေချာမသိပေမယ့် တခုခုကိုတော့ ဆုံးရှူံးခဲ့တာ သေချာခဲ့သည်။

”အကိုလေး..ရေသောက်မလား…ဆေးလိပ်ယူမလား..”

ကောင်လေးအသံနဲ့ သတိ ဝင်လာပေမယ့်
”အော်”

”အေ”


”ဟို”

”ညီလေး”

မေးခွန်းကို ပြန်ဖြေဖို့ အတွက် အသံတွေ တိမ်ဝင်သွားပြီး ပြောစရာစကားမထွက်လာတော့ပါ။

စိတ်ထဲမှာတော့...

မရေခဲရေ… ဒီလမ်းလေး ရှိနေသ၍ ကျွန်တော့်စိတ်ထဲမှာ မရေခဲ ရှိနေမှာပါ…။ အခုတော့ မရေခဲ ငြိမ်းချမ်းပါစေဗျာ…။


ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

Wednesday, 10 February 2010

စိတ် နှင့် ရောဂါ

ကျွန်တော် သိတတ်စအရွယ်ကတည်းက ခေါင်းကိုက်တတ်တဲ့ ရောဂါရှိတယ်။ မေမေ ပြောသလိုဆို ဝဋ်နာကံနာပေါ့။ ခေါင်းက များသော အားဖြင့် ညာဘက် အခြမ်းက စကိုက်ပါတယ်။ ခေါင်းစကိုက်တော့ပြီ ဆိုရင် ညာဘက် နားထင်က သွေးကြောတွေ သိသိသာသာ ဖောင်းလာပါတယ်။ မျက်နှာက အမ်းလာတယ်။ မျက်လုံးတွေ နီမြန်းလာတတ်ပါတယ်။ နည်းနည်းကြာရင်တော့ ညာဘက် အခြမ်းက ခေါင်းထဲမှာ အပ်နဲ့ ထိုးသလို တစ်ဆစ်ဆစ်နဲ့ ကိုက်ခဲနေရင်းနဲ့ ဘယ်ဘက်အခြမ်းနာကျင်ပြီး ကိုက်ခဲနေပါတယ်။ သွေးကြောကနေ တစ်ဆစ်ဆစ် ကိုက်နေတဲ့အတွက် ခေါင်းကိုက်လာပြီးဆိုရင် နံရံလို နေရာမျိုးမှာ ခေါင်းကို ဖိကပ်ပြီးထားရတတ်တယ်။ တခါတရံ ကိုက်ခဲတာ မခံနိုင်ရင်တော့ နံရံနဲ့ ဆောက်လေ့ ရှိတတ်တယ်။ ခံရခက်တယ်။ ဖြစ်လာပြီးဆိုရင် နှစ်ရက်၊ သုံးရက် ရက်ရှည်ဖြစ်တတ်တယ်။

ခေါင်းစကိုက်နေပြီးဆိုရင် စိတ်တွေ ပြောင်းလဲသွားတယ်။ စိတ်တိုတယ်။ ဒေါသတွေ ဖြစ်တယ်။ ကိုယ့်ကို ကောင်းတာပြောနေရင်တောင် စိတ်ထဲ သိပ်မကြည်ဘူး။ အဲဒါကြောင့် ခေါင်းကိုက်လာရင် တစ်ယောက်တည်း နေချင်တဲ့စိတ်ဖြစ်မိတယ်။ ဘာကြောင့်လဲ ဆိုရင် အမှားပါတတ်လို့ပါ။ ပင်ကိုယ် စိတ်ကိုက ထစ်ခနဲဆို တစ်ခုခု လုပ်လိုက်မယ်ဆိုတာ ချည်းပဲ။ ပြီးရင် ဒေါသနောက် လိုက်တတ်တယ်။ ခေါင်းကိုက်တဲ့ အချိန်ဆို ပိုဆိုးပြန်တယ်။ ဒါကြောင့် စိတ်ကို အတတ်နိုင်ဆုံး ပျော့ပျောင်းအောင် နေတယ်။ စိတ်ကို အမြဲလျှော့ထားမိတယ်။ ဘာကြောင့် လျှော့လျှော့၊ ခေါင်းကိုက်တဲ့ အချိန်ဆိုရင်တော့ စိတ်တိုမြဲ၊ ဒေါသထွက်လွယ်မြဲပါပဲ။

ကျွန်တော်ရဲ့ ခေါင်းကိုက်တတ်တဲ့ ဝေဒနာကြောင့်လဲ မိသားစုနဲ့ အတူ အနားပတ်ဝန်းကျင်က ရင်းနှီးချစ်ခင်တဲ့ ညီအကို မောင်နှမ သူငယ်ချင်းတွေက နားလည်ပေးတတ်ကြတယ်။ ကျနော် စိတ်တိုနေတဲ့ အခါ၊ ဒေါသထွက်နေတဲ့အခါမှာ ကျနော်စိတ်ထဲ ရှိသလိုနေခွင့်ပေးတတ်တယ်။ တော်ရုံချိန်ဆို ကျနော်က ပျော့ပျောင်းနေတတ်ပေမယ့် ဒေါသထွက်လာပြီးဆိုရင် ထိန်းရခက်တတ်တာပါပဲ။ ဒါပေမယ့် ဒေါသထွက်နေတဲ့ အချိန်ဆို ဘယ်သူမှ မတားကြဘူး။ မလွန်အောင်တော့ ထိန်းပေးတတ်ကြတယ်။ ဒေါသ ပြေသွားတဲ့ အခါကျတော့ ကျနော်က ပြန်အားနာရတယ်။ စိတ်မကောင်း ဖြစ်ရတတ်တယ်။ ဒေါသကလဲ ခေါင်းကိုက်တဲ့ အခါကျမှ ထွက်တတ်ပါတယ်။ ခေါင်းဘယ်အချိန် ကိုက်လဲ ဆိုရင် တစ်ပတ်မှာ (၄)လောက်က ကိုက်တယ်။ လုံးဝ အကင်းအရှင်းကောင်းတဲ့ရက်က တစ်ပတ်မှာ တစ်ရက်တော့ အနည်းဆုံး ရှိပါတယ်။

အဲဒီလို ခေါင်းကိုက်တတ်တဲ့ အတွက်လဲ စိတ်ညစ်မိတယ်။ဘုရားကု လဲ ကုပါတယ်။ ဘုရားစာတွေလဲရွတ်ပါတယ်။ တရားထိုင် ဆိုတုန်းကလဲ ထိုင်တာပဲ။ ဟိုနည်း ဒီနည်းနဲ့ နည်းပေါင်းစုံအောင် ဆရာဝန်တွေ ဘုန်းကြီးတွေနဲ့ ကုပါတယ်။ ခုထိတော့ မပျောက်သေးပါဘူး။ ပျောက်ဖို့လဲ မမျှော်လင့်ပါဘူး။( အသက်ကတော့ ပျောက်မှာပါလေ)။

ဒီလို ခေါင်းကိုက်တတ်တဲ့ အတွက်လဲ ကျနော်ကိုယ် ကျနော် အသက်တိုမယ် ထင်ခဲ့တယ်။ ဒီရောဂါနဲ့ အသက်လဲ မရှည်ချင်ပြန်ဘူး။ ကျွန်တော့်တို့ မိသားစု မှာ အကုန်လုံးက ကျမ်းမာရေး ကင်းကင်းရှင်းရှင်း မကောင်းဘူးလို့ ပြောရမယ်။ အမေက ကျနော်ငယ်ငယ်လေး တည်းက သားအိမ်ကင်ဆာဖြစ်ထားပြီး ဓာတ်ရောင်ခြည် ကင်ထားရသူဆိုတော့ အတွင်းကလီစာတွေ မကောင်းဘူး။ တစ်ခုခု အမြဲ ဖြစ်နေတယ်။ အဖေနဲ့ ညီနဲ့က ကျောက်ကပ် မကောင်းဘူး။ ညီမ က နှလုံးအောက်တဲ့ ရောဂါ ရှိတယ်။ ကျနော်ကတော့ ခေါင်းကိုက်တာက လွဲရင် အတွင်းကလီစာ ကောင်းတယ်။

ဒါကြောင့် မိသားစု တစ်ယောက်ယောက်က တစ်ခုခု ဖြစ်ပြီး အစားထိုး ကုဖို့ လိုလာရင် အလွယ်တကူ ရအောင် ကျနော် ကျန်းမာရေးကို ဂရုစိုက်တယ်။ တော်ရုံ အစားစာတွေက တစ်ခုခုကို ထိခိုက်မယ့် အစာဆိုရင် မစားတော့ဘူး။ အရင်က ဆေးလိပ် သောက်တယ်။ ဒါပေမယ့် ကျွန်တော် မိသားစုမှာ တစ်ယောက်ယောက် က အတွင်းကလီစာ မကောင်းဘူး ဆိုကတည်းက ဆေးလိပ်ကို အတတ်နိုင်ဆုံး ရှောင်တယ်။ ဘီယာ၊ အရက်လဲ ဒီလိုပါပဲ။ တခါတရံ သောက်တာက လွဲလို့ တော်ရုံ မသောက်ဖြစ်ဘူး။ သောက်တာရက်ဆက်ပြီးဆိုရင် မိသားစု မျက်နှာကို မြင်မိတယ်။ “သြော်… တကယ်လို့ တစ်ခုခု သူတို့ အရမ်းလိုအပ်နေတဲ့အချိန် ငါမပေးနိုင်ခဲ့ရင် ” ဆိုတဲ့ အတွေးက အရာအားလုံးကို ရပ်တန့်စေပါတယ်။ ကိုယ်ကကောင်းမှ သူတို့ လိုအပ်တဲ့ အချိန်ပေးနိုင်မှာလေ။

ကျနော် အသက်(၂၀) ပြည့်တဲ့ နှစ်က ရန်ကုန်မှာ သူငယ်ချင်း ကောင်မလေး တစ်ယောက် ဆေးရုံတက်တုန်း သွေးလိုနေတာကို သွား လှူရင်း ကျနော့် ခန္ဒာကိုယ်ကို ဆေးရုံမှာ လှူခဲ့တယ်။ ကျွန်တော်က လှူတယ်ဆိုပေမယ့် ကျနော့်မှာ မိဘ အုပ်ထိန်းသူတွေ ရှိသေးတဲ့အတွက် သူတို့ ဆီက ခွင့်ပြုချက်ယူရတယ်။ လှူမယ် ပြောတုန်းက အဖေနဲ့ အမေ ရုတ်တရက် တွေဝေသွားတယ်။ ရပ်ဆွေ ရပ်မျိုးတွေက ဒီလို ခန္ဒာလှူရင် နောင်ဘဝ လူပြန်ဖြစ်ရင် တစ်ခုခု လျှော့နေတတ်တယ်၊ ဘာတယ်၊ ညာတယ်ပေါ့။ ကျနော်ကတော့ အဲဒီအယူ မရှိခဲ့ဘူး။ သေသွားပြီးပဲ။ နောက်ဘဝကျရင် နောက်တစ်မျိုးပေါ့။ လောလောဆယ် ပုပ်ပွ သွားမယ့် ခန္ဒာကိုယ်ထဲက အသုံးဝင်မယ့် မျက်ကြည်လွှာတွေ၊ အသည်း၊ နှလုံး၊ ကျောက်ကပ် စသဖြင့် တခြားတစ်ယောက် အတွက် အသုံးဝင်မယ်။ အနည်းဆုံး ဆေးကျောင်းသားတွေ သုတေသန ပြုလုပ်ဖို့ အတွက် အထောက်အကူ ဖြစ်မယ်။ လှီး၊ ဖြတ်၊ လှန်လှောလဲ ဘာအကြောင်းလဲ။ ကိုယ်က တခြားတစ်နေရာမှာ ရောက်နေပြီးပဲ။ ကြိုက်သလို လုပ်ပါစေပေါ့။ အဲဒီလိုနဲ့ အဖေနဲ့ အမေတို့ဆီက သဘောတူညီမှု နဲ့ လှူဖြစ်ခဲ့တယ်။ ဒါပေမယ့် ပထမ ဦးစားပေးက မိဘ၊ မောင်နှမနဲ့ ဆွေမျိုးတွေ အတွက်ပေါ့။ ကျနော်မသေခင် ကျနော့် မိသားစု အတွက် တစ်ခုခု လိုအပ်နေရင် ပေးနိုင်ဖို့ရယ်…ကျွန်တော်သေသွားတဲ့ အချိန်မှာ မိသားစု ဆွေမျိုးထဲမှာ တစ်ယောက်ယောက်က အမှန်တကယ် လိုအပ်နေပြီးဆိုရင် ကျနော့် ခန္ဒာကိုယ်ထဲက ပေးမယ်ဆိုတာရယ်ပေါ့။ အကယ်၍ တစ်ယောက်ယောက် ကမှ မလိုအပ်ခဲ့ဘူးဆိုရင်တော့ သူတို့ သဘောအတိုင်းပါပဲ ဆိုပြီး လက်မှတ်ထိုးခဲ့ပါတယ်။ ဆိုက်ပရပ်စ် ကိုရောက်တော့လဲ ဒီနိုင်ငံမှာ သေသွားခဲ့ရင် ဆိုတဲ့ အတွေးနဲ့ လှူ ဖြစ်ခဲ့တယ်။ သွေးလည်း လှူဖြစ်ပါတယ်။ အမြဲတမ်းတော့ မဟုတ်ပါဘူး။ ကျောက်ကပ်၊ အသည်းနဲ့ နှလုံးကို အမြဲ ကျမ်းမာအောင် ထားမိတယ်။ ဆေးအမြဲစစ်တယ်။

တကယ်တမ်း ညီလေးက လျှပ်စစ်ဓာတ်လိုက်ပြီး ခြေထောက်တွေ မီးလောင်သွားချိန်မှာ ဘာမှ မလုပ်ပေးနိုင်ခဲ့ဘူး။ တွေးတိုင်း စိတ်မကောင်း ဖြစ်ရတယ်။ အခုလမ်းပြန်လျှောက်နေပြီ၊ အလုပ်တွေ ပြန်လုပ်နေပြီး ဆိုတော့ ဝမ်းသာရပေမယ့် စိတ်ထဲမှာ တာဝန်မကျေဘူးလို့ ခံစားရတယ်။ ခုချိန်မှာ သူက ကျောက်ကပ်မကောင်းလို့ ကျောက်ကပ်လဲရမယ်ဆိုရင် ကျနော်ဘက်က အဆင်သင့်ပါပဲ။ အမြဲတမ်းလည်း အဆင်သင့်ပါလို့ ပြောထားပြီးသားပါ။

အခုချိန်ထိတော့ ထိရောက်တဲ့ ပေးဆပ်မှုမျိုး မိသားစု အတွက် ချစ်သူ ခင်သူ အတွက် မပေးနိုင်သေးပါဘူး။ ဒါပေမယ့် အမြဲတမ်း အဆင်သင့် ဖြစ်အောင်တော့ ကြိုးစားထားပါတယ်။ အသုံးမကျ တဲ့ ခေါင်းကို သယ်ထားရတဲ့အတွက် ကိုယ့် ခန္ဒာကိုယ်ထဲက တစ်ခုခု ကို အသုံးကျစေချင်တယ်။ ဒီဘဝမှာ ကျွန်တော့် ခေါင်းက မကောင်းပေမယ့် နောင့် နောင်ဘဝတစ်ခုခုမှာ ကောင်းချင်ကောင်းမှာပေါ့။ နောင် သံသရာ အဆက်ဆက် ဘာတွေ ဖြစ်လာမလဲ ဆိုတာ မတွေးထားဘူး။ ဘာတွေ ဖြစ်ပါစေလို့ လဲ မဆုတောင်းမိပါဘူး။ ဒီဘဝကို ဒီမျှနဲ့ ကျေနပ်ပါတယ်။ ဘာဖြစ်ဖြစ် ဒီဘဝမှာ တစ်စုံတစ်ယောက်က ကျနော့်ကြောင့် ကောင်းသွားတာဆိုရင်လဲ ကျေနပ်မိမှာပါ။

ခေါင်းကိုက်တိုင်း ခံစားမိတဲ့ စိတ်ခံစားမှုပါ။ အဲလိုခံစားရတိုင်း မိသားစုကို လွမ်းသလို မိသားစု အတွက် တခုခု မလုပ်ပေးနိုင်မှာ၊ မလုပ်ပေးနိုင်တာ တွေကို တွေးပြီး စိတ်ထဲ မကောင်းဖြစ်မိတယ်။

စာဖတ်သူရော... မိသားစု အတွက် ဘာတွေ လုပ်ပေးနိုင်ခဲ့ပြီးလဲ... ။ ဘာတွေ လုပ်ပေးနိုင်မှာလဲ..။ မိသားစု ထဲက တစ်ယောက်ယောက် က တကယ်လိုအပ်လာရင် ဘာတွေ လုပ်ပေးမှာလဲ ဆိုတာ တွေးမိခဲ့လား...။

ကျွန်တော့အတွက်ကတော့ (psycho) လို စိတ်ရောဂါ ရနေတယ်... ခုထိ မလုပ်ပေးနိုင်သေးတာကိုပါ...။



ဒါပေမယ့် တနေ့နေ့ပေါ့…

ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

Thursday, 4 February 2010

ဒီလိုအကျင့်တွေ ရှိတယ်

ညနေက Boonlay ကို MRT စီးပြီး သွားတယ်။ ရထားပေါ်မှာ နေရာမရတော့ မတ်တပ်ရပ်နေတုန်း ကျနော့် မျက်စိက အရှေ့တည့်တည့် ခုံမှာ ကလေးနှစ်ယောက်နဲ့ အတူ အလုပ်ရှုပ်နေတဲ့ မိန်းမကြီးဆီ မျက်စိရောက်သွားတယ်။ သူတို့ကို ငေးကြည့်ရင်း သဘောတကျ ပြုံးမိတယ်။ အမေဖြစ်ဟန်တူတဲ့ မိန်းမကြီးက ပေါင်ပေါ်က နှစ်နှစ်သား အရွယ်သမီးလေးကို ပါးလေးပွတ်ပြီး ချော့နေတဲ့ကြားက မတ်တတ်ရပ်နေတဲ့ သုံး လေး နှစ်အရွယ် သားလေးကို ပါးစပ်က တတွတ်တွတ် ပြောပြီး တဖက်လက်နဲ့ ဆွဲထားရတယ်။

ကောင်ကလေး မျက်နှာက ပြောင်စပ်စပ်နဲ့ သူ့ညီမလေးကို ဆံပင်ဆွဲလိုက် နားကို လက်နဲ့ထိုးလိုက်လုပ်နေတော့ ကောင်မလေးက သူ့အမေကို မော့ကြည့်ရင်းနဲ့ ငိုမဲ့ငိုမဲ့ တိုင်နေတာကို တပြုံးပြုံးနဲ့ ကြည့်နေမိတယ်။ အမေက သားကို ခြောက်လှန့်တားနေပေမယ့် ကောင်လေးမျက်နှာက အပိုးမကျိုးဘူး။ သူတို့ကို မြင်တော့ ကျနော်တို့မောင်နှမတွေ တစ်ယောက်ကို တစ်ယောက် စနောက်တာကို သတိရမိတယ်။

ကျနော်ငယ်ငယ်ကတည်းက အကျင့်တစ်ခုရှိတယ်။ အခုထိပေါ့…။ အချိန်ရရင် ရသလို နှပ်ချေး ကလော်တာ။ တစ်ခုခု စဉ်းစားပြီးဆို ညာဘက်လက်က အလိုလို နှာခေါင်းဆီကို ရောက်ပြီး နှပ်ချီးကလော်လို့ ရလာတဲ့ နှပ်ချေးဖတ်ကို လက်လေးနဲ့ လုံးလိုက် ပြီးရင် ထပ်ကလော်လိုက်နဲ့ ကစားနေတာ။ တခါတလေ နှပ်ချေးဖတ်က များတော့ အလုံးလေးက နည်းနည်းကြီးလာတယ်။ အဲဒီအခါကျရင် အနားမှာ ရှိတဲ့ ညီနဲ့ ညီမ ကို “လက်ကလေး ခဏပြပါ၊ ကိုကြီး ဗေဒင်တွက်ပေးမယ်” လို့ ပြောပြီး နှပ်ချေးဖတ်ကို လက်ထဲ ထည့်ပေးတဲ့ အကျင့်ပေါ့။ သူတို့လက်ထဲ နှပ်ချေးဖတ် ရောက်ပြီးဆိုရင် ညီနဲ့ ညီမက အရမ်းစိတ်ဆိုးပြီး အဲဒီနှပ်ချေးဖတ်နဲ့ ပြန်ပေါက်လေ့ ရှိတယ်။ သူတို့ နှစ်ယောက်ကလည်း အမှတ်မရှိဘူးလေ။ လစ်ရင်လစ်သလို သူတို့ နှစ်ယောက်လက်ထဲ ကိုထည့်တယ်။ သူတို့ကလဲ ခံရတိုင်း ဒေါသတကြီးစိတ်ဆိုးလေ့ရှိတယ်။

မှတ်မှတ်ရရ တည ကျနော် စာလုပ်နေတုန်း အဖေက ကျနော့်အနားမှာ သူ့ရဲ့ ဗီစီဒီစက်ကို ဖြုတ်ဆေးတယ်။ ဝက်အူတွေ ဖြုတ်ပြီး ကျနော် စားပွဲပေါ် လှမ်းလှမ်းတင်တယ်လေ။ ကျနော်က စာလုပ်လိုက်၊ စဉ်းစားလိုက်၊ နှပ်ချေး ကလော်လိုက်ပေါ့။ အဖေ ကသူ့စက်ပြန်တပ်တော့ ကျနော့် ကို ဝက်အူလှမ်းတောင်တယ်။ တစ်ခုပြီးတစ်ခုဆိုတော့ ကျနော်လဲ စိတ်ကမရှည်တော့ဘူး။ ဒါနဲ့ နောက်တခါလှမ်းတောင်းရော ကျနော်လဲ စိတ်ပေါက်ပေါက်နဲ့ ကျနော်ကလော်ထားတဲ့ နှပ်ချေးလုံးကို အလုပ်ထဲ စိတ်ရောက်နေတဲ့ အဖေ့ညာဘက် လက်ထဲ ထည့်ပေးလိုက်တယ်။အဖေက ကျနော်ထည့်ပေးလိုက်တာ ဝက်အူ မဟုတ်မှန်းသိတဲ့အတွက် မျက်မှန်လေးကိုပင့်ပြီး ညာဘက်လက်နဲ့ သေချာကိုင်ကြည့်နေတာ။ ပြီးတော့ မျက်လုံးလေးပင့်ပြီး “သား ဒါကဘာလဲ” မေးတော့မှ ကျနော်က “အဲဒါ အခုသားကလော်လိုက်တဲ့ နှပ်ချေးတွေ” လို့လဲ ပြောပြီး အဖေ့အနားက ထပြေးတာ။ အဖေရဲ့ ရယ်သံတစ်ဝက်နဲ့ ဒေါသသံ နဲ့ ကျနော့် နာမည်ကို အော်ခေါ်တာ ကျနော်က အဖေ့နဲ့ ဝေးရာဆီကို ပြေးတော့တာပါပဲ။

ကျနော့်ညီကျတော့ တမျိုး။ ညညမိသားစု တွေ ရုပ်ရှင်ကြည့်ပြီးဆိုရင် ရုတ်တရက် ရီမု ကွန်ထရိုး က pause ခလုပ်ကလေးကိုနှိပ်လိုက်တယ်။ အားလုံးက သူ့ကို ဘာလုပ်တာလဲ ဆိုပြီး တအံ့တသြ ဝိုင်းကြည့်ရင် ခပ်တည်တည်နဲ့ လက်ညှိုးလေးထောင် “ဟော… နားထောင်” ဆိုပြီး “ဘူ” ကနဲ မြည်အောင် အသံကျယ်ကျယ်နဲ့ လေလည်တယ်။ ပြီးရင် သူက ထွက်ပြေးရော။ အားလုံးက နံနံ မနံနံ နှာခေါင်းတွေ ပိတ်ပြီး ပါးစပ်လေး မဟတဟနဲ့ မေတ္တာထိုင်ပို့ရတာ။ ရယ်လဲရယ်ချင်တယ်။ အသံထွက်ရင်လည်း ပါးစပ်ထဲ ဝင်မှာစိုးတဲ့အတွက် အားလုံးက ပါးစပ်လေးပိတ် အငယ်ကောင်ကို ဒေါသမျက်လုံးနဲ့ လှမ်းကြည့်တာကို အငယ်ကောင်က အဝေးက ကပြနေတာ အသည်းယားစရာပေါ့။

တခါတလေ သူက ဘူးထဲဖြစ်ဖြစ်၊ ပလပ်စတစ်အိပ်ထဲ ဖြစ်ဖြစ် လေလည်ထားပြီး ရုတ်တရက် မိသားစု စကားဝိုင်းထဲ ဝင်လာပြီး အနားရောက်မှ အဖုံးဖွင့်တာတို့ ပလပ်စတစ်ကို လက်နဲ့ ဖောက်တာတို့လုပ်ပြီး ထွက်ပြေးလေ့ရှိတယ်။သူ့ အပြောကတော့ ရှောင်တခင် အီးဗုံးကျဲ တယ်ပေါ့။ သူ့ရဲ့ ဗုံးကိုလဲ ဘယ်သူမှ မခံနိုင်ဘူးလေ။ သူက အဲဒါကို အခွင့်ကောင်းယူပြီး နောက်လေ့ရှိတယ်။

အငယ်ဆုံး ညီမကတော့ အကိုနှစ်ယောက်ရဲ့ အားနည်းချက်တွေသိထားတယ်။ ကျနော်က အိမ်သာတက်ရင် လူသံကြားရင်တက်လို့ မရတဲ့ အကျင့်ရှိတယ်။ အိမ်သာတက်ဖို့ အိမ်သာထဲဝင်လို့ လူသံကြားရင် ဘယ်လောက်အိမ်သာ တက်ချင်ချင် ပြန်ထွက်လာတယ်။ အိမ်သာတက်လို့မရဘူးပေါ့။ လူကမရှက် ..င် ကရှက် ဆိုတာ ကျနော်လို လူမျိုးနေမှာပါ။ အဲဒါကြောင့် ကျနော့်ညီမက ကျနော့်ကိုကြည့်မရတဲ့ အခါမျိုးမှာ ကျနော်အိမ်သာ တက်တဲ့အချိန်ကို စောင့်နေတတ်တယ်။ ကျနော်အိမ်သာထဲဝင်လို့ နှစ်မိနစ် သုံးမိနစ်ဆိုရင် အပြင်ကနေ အိမ်သာတံခါး လာခေါက်ရင်း “ကိုကြီးရေ၊ မြန်မြန်လုပ်၊ ညီမလဲ အိမ်သာတက်ချင်လို့ ” ဆိုပြီးပြောလိုက်၊ အပြင်ကနေ “ကိုကြီးရေ.. ဝေ… ကိုကြီးလား.. ဝါးးးး” ဆိုပြီး စလိုက်နဲ့ ကျနော် အိမ်သာ တက်လို့မရအောင် အပြင်ကနေ အမျိုးမျိုးနှောက်ယှက်တယ်။ ကျနော် စိတ်တိုတိုနဲ့ အပြင်ပြန်ထွက်လာရင်တော့ သူမ မရှိတော့ဘူး။ လစ်ပြေးပြီးလေ။

အငယ်ကောင်အကျင့်က အိမ်သာတက်ချင်ပြီးဆိုရင် ပြေးဝင်ထိုင်တတ်တယ်။ တခါခါလဲ တံခါးဂျက်ကို ချဖို့ မေ့နေတတ်တယ်။ အိမ်က အိမ်သာက တံခါးဂျက်ကလဲ သေချာ ထိုးမှ ကျတယ်။ ဒါကို သိနေတဲ့ ညီမက အငယ်ကောင် အရှိန်ကောင်းတုန်းဆိုရင် တံခါးလှစ်ခနဲ ဖွင့်ပြီး ထွက်ပြေးတတ်တာ။ ဟိုက တံခါးပွင့်တော့ ရှက်ရှက်နဲ့ အရှိန်လေး ကောင်းတုန်း ကုန်းကုန်းထ ပြီး တံခါးကို ပြန်ပိတ်ရတာအမော။ အထဲကနေ ဒေါသသံနဲ့ “နင်တော့လား ငါနဲ့မိရင် အသေပဲ” ဆိုပြီး ကြိမ်းမောင်သံ ကြားရင် ကျနော်တို့ ရယ်ပြီး။ ဒါလဲ တစ်ယောက်နဲ့ တစ်ယောက် အမှတ်မရှိဘူး။ လစ်ရင် လစ်သလို စတယ်။ အငိုက်မိတဲ့သူက ခံရတယ်။ အဖေရော အမေရောပေါ့။

ခုထိလဲ ကျနော် နှပ်ချေးကလော်ပြီး အနားမှာရှိတဲ့ တစ်ယောက်ယောက် လက်ထဲကို ထည့်ပြီး စနောက်တတ်တုန်း။

အခုတော့ ကျနော့်ညီက ကျနော်တို့ မောင်နှမတွေ အပြင် သူ့မိန်းမကိုပါ ရှောင်တခင် အီးဗုံးကျဲ တုန်း။

ကျနော့် ညီမကတော့………း)

ဘာဖြစ်ဖြစ် အိမ်ကိုလွမ်းသွားတယ်။




ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

Monday, 1 February 2010

ကျိန်စာသင့်မျက်ရည်

အိပ်ယာနိုးနိုးခြင်း ခြင်ထောင်ကို အမြန်ဆွဲလှန်ပြီး အပြေးအလွှားရှာမိတာက အမေ့ကိုပါ။ အိပ်ယာထ နောက်ကျသွားခြင်းအတွက် ကျနော့်ကိုယ် ကျနော် မကျေမနပ်နဲ့ နောက်ဖေး မီးဖိုချောင်ထဲဝင်ပြီး...

“ မကြီး..အမေရော”….

“ ဟဲ့..ဘယ်အချိန်ရှိပြီးလဲ… အချိန်ကိုလဲ ကြည့်အုံး… ဒီအချိန် အမေဈေးရောင်းထွက်တာ သိရက်သားနဲ့”…..

“မဟုတ်သေးပါဘူး… ဒါနဲ့ မကြီးကိုအမေ ဘာမှမပေးခဲ့ဘူးလား”…

“ မပေးခဲ့ပါဘူး... သွားသွား… ကျောင်းသွားဖို့ လုပ်... ပြီးရင် ပဲပြုတ် နဲ့  ထမင်းစားသွား.. အမေ နင့် အတွက် လုပ်ပေးသွားတာ”..

“ ဟာဗျာ…အမေကတော့ လုပ်ချလိုက်ပြန်ပြီး”….

ကျွန်တော် တော်တော်လေး စိတ်ပျက်သွားမိတယ်… ကျွန်တော် ဒီနေ့ကျာင်းမှာ ကျွန်တော် တို့ ဘောလုံးအသင်းအတွက် တူညီဝတ်စုံဖိုးပေးရမှာ... ဒီနေ့က နောက်ဆုံးနေ့… အမေ့ကို သုံးရက်မတိုင်ခင် ကတည်းက ကြိုပြောထားတာ.. အမေကပေးမယ်ပြောပြီး အခုတော့ပေးမသွားဘူး... တော်ကြာ ကျွန်တော် ဝတ်စုံဖိုး မပေးလို့ ဘောလုံးမကန်ရဘဲနေဦးမယ်... စိတ်ထဲဝမ်းနည်းခြင်း၊ စိုးရိမ်ခြင်းနှင့်အတူ တစ်ခုခုကို ဆုံးဖြတ်ချက် ချခဲ့တယ်။

ကျွန်တော်ထမင်းစား၊ ကျောင်းဝတ်စုံလဲ ပြီးတာနဲ့ အမေရှိတဲ့ဈေးထဲကိုလိုက်သွားခဲ့တယ်။

အမေက ဈေးထဲမှာ သူကိုယ်တိုင်လုပ်တဲ့ ငါးငပိ နဲ့ ချဉ်ဖတ်စုံရောင်းတယ်။ အဖေမရှိတော့တဲ့ နာက်ပိုင်း ကျွန်တော်တို့မိသားစု အမေဈေးထွက်ရောင်းတာနဲ့ အမကြီးစက်ချုပ်တဲ့ ငွေနဲ့ ဖူလုံအောင်စားနေရတယ်။ မောင်နှမ နှစ်ယောက်တည်းမှာ အငယ်ဆုံးဖြစ်တဲ့ ကျွန်တော်ကို အမေက အရာရှိကြီးဖြစ်တာမြင်ချင်တယ် ဆိုပြီး ကျောင်းဆက်နေခိုင်းတယ်။ ကျနော့်လိုအပ်တာ မှန်သမျှ အမေက မညီးမညူးဘူး။ အကုန်ရတယ်။

ဈေးထဲရောက်တော့ ပါးစပ်ကနေ တတွတ်တွတ် နဲ့ ဘုရားစာရွတ်ပြီးယင်မောင်းနေတဲ့ အမေကိုတွေ့တယ်။ အမေ့ရဲ့ နွမ်းလျတဲ့အပြုံးကို မျက်တောင်မခတ် ကြည့်ရင်း ခပ်ဆတ်ဆတ် မျက်နှာပေးနဲ့

“အမေ…ပိုက်ဆံပေးဗျာ.. ကျောင်းချိန်နီပြီး.. အိမ်မှာမကြီးကိုပေးထားခဲ့ရင်ပြီးရော… အခုတော့ ဒီထိလိုက်လာရတယ်”...

“သားရယ်... မနက်ဖြန် မှယူပါလား… အမေပိုက်ဆံမပြည့်သေးလို့… ပြီးတော့အခုဈေးဦးလဲ မပေါက်သေးဘူး”..

“ဟာ.ဗျာ….. အမေကိုကြိုပြောထားရက်နဲ့ ဗျာ”…..

“ကဲပါ သားရယ်..မနက်ဖြန် အမေတကယ်ပေးပါမယ်”…

“တော်ပြီဗျာ……အမေကလိမ်တယ်…ကတိမတည်ဘူး… တော်ပြီး... ဘောလုံးလဲ မကန်တော့ဘူး... သားကိုပေးတဲ့ ကတိ မတည်တဲ့အတွက် အမေဒီနေ့ ဈေးဦးမပေါက်ပါစေနဲ့”….

ကျွန်တော်စိတ်တိုတိုနဲ့ အမေကိုပြောချင်ရာပြောပြီးကျောင်းသွားလိုက်တယ်။ တနေကုန် ကျောင်းမှာ အဆင်မပြေခဲ့ဘူး။ အမေ့ မျက်နှာကိုမြင်ပြီး စိတ်ထဲ တစ်မျိုးဖြစ်နေခဲ့တယ်။

ညနေအိမ်ပြန်ရောက်တော့…..

“ မကြီး အမေရော”…..

“အိပ်နေတယ် နေသိပ်မကောင်းဘူးလို့ ပြောတာပဲ... မနေ့ကလဲ သွေးတက်လို့ ဆေးခန်းအတင်းသွားခိုင်းရတယ်... နေမကောင်းဘူး ဆေးခန်းသွားဆိုတာကို ပိုက်ဆံကုန်မှာကြောက်နေတယ်... ပေးစရာရှိတယ် ပြောတာပဲလေ... ဘယ်သူ့အကြွေးလဲတော့မသိဘူး… ဒီနေ့လဲဈေးရောင်းထွက်တာ ဈေးဦးတောင် မပေါက်ခဲ့လို့ စိတ်မကောင်းတာလဲ ပါမယ်နဲ့တူတယ်”…

“ဟောဗျာ“………………

ကျွန်တော် တော်တော်လေးငိုချင်သွားမိပြီး… ဒီမနက်က အမေကိုစိတ်တိုတိုနဲ့ မထင်မှတ်ဘဲ ပြောလိုက်မိတဲ့ စကားတခွန်းအတွက် စိတ်မကောင်းဖြစ်ရတယ်... ပြောမိတာနောင်တရနေမိတယ်။ ဖြစ်မှဖြစ်ရလေ အမေရယ်လို့ စိတ်ထဲက အကြိမ်ကြိမ်။

“ ဟဲ့ ငယ်လေး…ဘာစဉ်းစားနေတုံး… ငါပြောတာကြားလား… အမေကနင်ပြန်လာရင် သူ့ ကိုလာတွေ့ တဲ့”

“ သြော်…ဟုတ်…”

အမေ့အခန်းထဲဝင်တော့ ကျနော့်ကို ကျောပေးလှဲအိပ်နေတဲ့ အမေ့ကျောပြင်ကို ကြည့်ရင်း ငိုချင်စိတ်များက တားဆီးမရ...

“အမေ…..နေမကောင်းဘူးဆို”…..

“ခေါင်းနည်းနည်းမူးတာပါ သားရယ်…အခုကောင်းသွားပြီး… သြော်..ရော့ ရော့…သားတောင်းတဲ့ ပိုက်ဆံ”

အမေ ကုန်းရုန်းထရင်း ခေါင်းအုံးအောက်ကနေ ကျွန်တော်ကိုပိုက်ဆံနှိုက်ပေးတော့ 

“ ဟင်…မကြီးပြောတော့ အမေဈေးဦးတောင် မပေါက်ဘူးဆို... ဒီပိုက်ဆံကို ဘယ်လိုရတာလဲ”

“ဘယ်ကဘယ်လို ရလဲဆိုတာ မမေးချင်စမ်းပါနဲ့သားရယ်. သားလိုချင်တာကို အမေက ဖြစ်အောင်လုပ်ပေးရမှာပေါ့… ဒါအမေ့တာဝန်ပဲလေ... ရော့... မနေ့ကသားကိုပေးမယ့်ပိုက်ဆံက အမေဆေးခန်းသွားလိုက်ရတယ်… နေမကောင်းပဲနဲ့ ဈေးက ထွက်မိတော့ ဈေးဦးမပေါက်တာပါ... မနက်က သားကိုမပေးလိုက်ရလို့ အမေလဲ ဒီနေ့ တနေကုန် စိတ်မကောင်းဖြစ်ရတယ်လေ”

အမေ့ရဲ့စကားက ရင်ထဲကို နစ်ကနဲ စူးရှနာကျင်သွားစေတယ်... နေမကောင်းတဲ့ ကြားက ဈေးရောင်းထွက်ရလောက်တဲ့ အထိတောင်လား အမေရယ်။ စိတ်ထဲက ပြောနေပေမယ့် အမေ့ကို မေးခွန်းတွေ

“ အမေရယ်… ကျွန်တော် အမေကိုကျိန်မိလို့ ဒီလိုဖြစ်ရတာပါ……”

တားဆီးမရတဲ့ ကျနော့်မျက်ဝန်းမှ မျက်ရည်တွေ နဲ့အတူ အမေပေါင်ပေါ်ခေါင်းအပ်ပြီးငိုတော့အမေက ကျနော့်ခေါင်းကိုဖွဖွလေးပွတ်ပြီး

“သားရယ်... အမေက အမေဈေးဦးမပေါက်တာ ခံနိုင်ရည်ရှိတယ်…..သားမျက်ရည်ကျတာ အမေခံနိုင်ရည် မရှိဘူးကွယ်....”


........................................................................................................

အတိတ်တွေက ကြာပြီဆိုပေမယ့် မျက်ဝန်းထဲမှာတော့ ထင်ထင်ရှားရှားမြင်နေရတုန်းပင် ။ နွမ်းလျသော ဖျာလေးတစ်ချပ်ပေါ်မှာ နွမ်းယဲ့စွာလှဲလျောင်းနေသော.. ပုံရိပ်တစ်ခု.......။
အမေ .... အမေ...ရယ်လေ...။

လွမ်းဆွတ်တမ်းတစိတ်တွေနှင့် ပူခနဲ စီးကျလာတဲ့ မျက်ရည်ကို ကြေကြေကွဲကွဲ လျှို့ဝှက်စွာ သိမ်းဆည်းလိုက်မိတုန်း နောက်ကနေ အသံတစ်ခုပေါ်လာသည်။


“ဖေကြီး”

“ဖေကြီးရေ.....” တဲ့...။ အမေရေ... အမေ့ကို လွမ်းလိုက်တာ.ဗျာ...။အမေ့သားငယ်လေးက ခုဆို သမီးလေးတစ်ယောက်ရဲ့ အဖေ ဖြစ်နေပြီ အမေ။ အမေနဲ့ သိပ်တူတဲ့ အမေ့မြေးလေးကို မြင်တိုင်း အမေ့ကို ပြောခဲ့တဲ့ စကားတွေ ကျိန်စာသင့် သလို အမြဲ အမှတ်ရနေပါပေါ့လား အမေ..။ အိမ်ထောင်ဦးစီးတစ်ယောက် ဖြစ်မှ မိဘရဲ့စေတနာတွေကို နားလည်ခံစားမိတယ်ဆိုရင် အိမ်ထောင်ဦးစီးမရှိဘဲ ရပ်တည်ခဲ့တဲ့ အမေ့နေရာကနေ ဝင်ခံစားတိုင်း သား မျက်ရည်ပူတွေ ကျဆင်းရပါတယ် အမေ.။

“ဟာ…သမီးခေါ်နေတာကြာလှပြီး… ဘယ်သူ့ အကြောင်းစဉ်းစားနေလဲ..မှန်မှန်ပြော”

“ ဟားဟား…မဟုတ်ပါဘူး သမီးရာ…သမီးဖွားဖွား ဖေကြီးမေမေကို သတိရမိလို့ပါ… ကဲ... အဖေ့သမီးက ဘာများပြောစရာရှိလို့လဲ…”

“ မနက်ဖြန်ကျရင် သမီးတို့ အတန်းထဲ မှာကျောင်းကပွဲအတွက် ဝတ်စုံဖိုးတွေပေးရတော့မှာ... မနက်ဖြန်နောက်ဆုံးနေ့ … မေကြီး ကဖေကြီးကို ပြောဆိုလို့ အသိလာပေးတာ… ဖေကြီး မပေးရင်တော့နော်..ဟင်း..ဟင်း..”

စသလို နောက်သလို ကြိမ်းမောင်းပြီးထွက်သွားတဲ့ သမီးရဲ့ကျောပြင်ကိုကြည့်ရင်း အတိတ်က ကျခဲ့တဲ့ နောက်ဆုံးလက်ကျန် မျက်ရည်စနဲ့အတူ တကယ်လို့များ ကျနော်က သမီးလေးရဲ့ လိုအင်ဆန္ဒတစ်ခုကို လိုအပ်ချိန်မှာ မဖြည့်ဆည်းပေးနိုင်ခဲ့ရင် သမီးလေးက ဘယ်လိုများတုံ့ပြန်မှုပေးမှာလဲ ဆိုတာတွေးရင်း....

“အမေရေ... သားကိုတော့ အမေ့မြေးက သားအမေကိုကျိန်ခဲ့သလို မပြောလောက်ဘူးလို့ထင် ပါတယ်ဗျာ”...






ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

အချစ်ပျိုးတဲ့ အလွမ်းပင်


ကြည်နူးနေတဲ့ ချစ်သူနှစ်ဦးပေါ့... စကားလုံးတွေကို ကဗျာသီဖွဲ့ ချစ်ခြင်းဖလှယ်နေပုံ က ညနေဆည်းဆာအောက်မှာ အတိုင်းအဆမရှိ ကြည်နူးစွာ... လေအဝှေ့မှာ ကြားလိုက်ရတဲ့စကားသံတွေ...

နားထဲကကိုမထွက်တာပါ... ပဲ့တင်သံကို နားထဲ ကြားယောင်မိတာက..


ပြာလဲ့ကြည်စင်တဲ့ မိုးသားကောင်းကင်အောက်က အေးချမ်းတဲ့ ဆောင်းရင်ခွင်ထဲမှာ ယုယကြင်နာမှုတွေ ဝေဆာစွာနဲ့ ဝင်းပတဲ့ နေ့ရက်တွေကို ဖြတ်ကျော်ကြမယ်လို့ ကိုယ်တို့ ဆုံးဖြတ်လိုက်တယ်နော်...။

ချစ်သူရေ....

အချစ်ဆိုတာ
တကယ်တော့လည်း
မချစ်ဖူးဘဲ
ချစ်မိသွားရင်
ရူးမတတ်ဘဲ
ရည်းစားဦးတိုင်း
အချစ်ဦးမဟုတ်သလို
ရည်းစားဦးမဟုတ်ဘဲ
တကယ်ချစ်မိသွားရင်
“အချစ်ဦး” ပဲပေါ့။

နားလည်ပါတယ် ကို ရယ်... တကယ်တော့

မြင်ကတည်းက
အသည်းမြေပြင်
ထွန်ရေးငင်ကာ
အချစ်မျိုးစေ့ချ
ယုယပေါင်းသင်

တမ်းတရေစင်

နေ့စဉ်သွန်းလောင်း

လွန်ကြာညောင်းသော်
ပေါက်ရောက်သည်ကား
သခင်ပျိုးသည့် အလွမ်းပင်။


ရေစက်ပါလို့ ချစ်ခဲ့ကြပြီးလေ... အနာဂတ်ကိုမျှော်လင့်ရင်း ပျော်ရွင်စွာ ခရီးဆက်မယ် ကို ရယ်....။


ချစ်ညီနဲ့ ညီမလေးအတွက် ပျော်ရွင်စရာအနာဂတ်တွေ ပိုင်ဆိုင်နိုင်ပါစေ။

ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်