ပါမုန့်

ကျနော့် နာမည် ဖိုးခွား ။ ကျနော့် နေတာက မော်လမြိုင်မြို့ ပြင်ရဲ့တော မကျ မြို့ မကျ နေရာလေးပါ။ မော်လမြိုင် မြို့ပေါ်ကို ရောက်ဖို့ ထော်လာဂျီ နဲ့ သွားရပါတယ်။ ဒါကို တောကျတာပေါ့ လို့ မပြောပါနဲ့။ မြို့မှာ နေတဲ့သူတွေထက် သာအောင် နေနိုင်ပါတယ်။ အိမ်တိုင်းမှာ ယိုးဒယားဖြစ် နောက်ဆုံးပေါ် ကက်ဆက် အကြီးကြီးတွေ၊ နောက်ဆုံးပေါ် တီဗွီတွေ ရှိတယ်။ အရွယ်ရောက်ပြီးတဲ့ လူရွယ်တိုင်းက ယိုးဒယားပြန်တွေ။ နိုင်ငံခြားပြန် ဆိုတော့ နေတာထိုင်တာ အဆင့်မြင့်တယ်။


အဆင်မြင့်တယ်ဆို ခြေတံရှည် အိမ်နဲ့ နေလို့။ သံလွင်မြစ်ရေရဲ့ ရေတက် ရေကျဆိုတော့ အိမ်ကို မြင့်မြင့်ေဆောက်တာ။ ယိုးဒယားက ပြန်လာတဲ့ လူရွယ်တိုင်း ပြန်ရောက်တာနဲ့ မင်္ဂလာဆောင် ကျတယ်။ ဝါကျွတ်ပြီးတဲ့ အချိန်က စလို့ တန်ဆောင်းမုန်း ၊ နတ်တော် လောက်ထိ ဖိုးခွားတို့ အမေ ထမင်း မချက်ဘူး။ ရပ်ကွက်ထဲ လှည့်ပြီး မင်္ဂလာဆွမ်းတွေကို ဖိုးခွားတို့ မောင်နှမလက်ဆွဲ ပြီး တအိမ်တက် တအိမ်ဆင်း သွားစားတယ်။


ဖိုးခွားလဲ အားကျတယ်။ ဖိုးခွား အရွယ်ရောက်ရင် ယိုးဒယားမှာ အလုပ်လုပ်မယ်။ ဘေးအိမ်က မိပေါက်ကို ယူမယ်လို့ စိတ်ကူးထားတယ်။ ခုထိတော့ ဖိုးခွားက ၁၂ ပဲ ရှိသေးတယ်။ ဖိုးခွားအမေက ၁၇နှစ် ပြည့်ရင် ထိုင်းကိုပို့မယ်ပြောထားတော့ ဖိုးခွား မိပေါက်ကို ယူဖို့ ၅ နှစ်တောင် စောင့်ရဦးမယ်။ အဲဒီအချိန် မိပေါက်လဲ နှပ်ချီးတွဲလောင်း မဟုတ်တော့ပဲ ခုမင်္ဂလာဆောင်တဲ့ အမကြီးလို ချောမယ်လို့ ထင်တာပဲ။


ဖိုးခွားတို့ အဖေကလဲ ယိုးဒယားပြန်ပဲ။ ဒါကြောင့် ဖိုးခွားတို့ အိမ်မှာ ကက်ဆက် အကြီးကြီးရှိတယ်။ ဒါပေမယ့် တအိမ်ကျော်ကလို နောက်ဆုံးပေါ် မဟုတ်တော့ဘူး။ ဒါကြောင့် တခြားအိမ်က ကက်ဆက်ဖွင့်တာထက် စာရင် ဖိုးခွားတို့ အိမ်က နည်းနည်းတိုးဖွင့်တယ်။ အကျယ်ဆုံး ဖွင့်တဲ့ အိမ်က နောက်ဆုံးပေါ် ကက်ဆက် ရှိတဲ့ အိမ်ဆိုတာ ကက်ဆက်သံကြားတာနဲ့ တရပ်ကွက်လုံးသိတယ်။ အပြိုင်ဖွင့်ကြပြီးဆိုရင်တော့ အဲဒီနှစ်အိမ်လုံး ယိုးဒယားက ပြန်ရောက်တာ မကြာသေးဘူးဆိုတာ ခန့်မှန်းလို့ ရတယ်။ တော်ကြာ အပြိုင်ဖွင့်မှုနဲ့ တအိမ်နဲ့ တအိမ် အော်ဆဲကြတော့မယ်။ အော်ပြီး အပြိုင်ကြွားတော့မယ်။ မနိုင်ရင် လုံချည်တွေ ထမိန်တွေ လှန်ပြီး ရှိတာလေးတွေ ထုတ်ကြွား ကြတော့မယ်။ ဖိုးခွားတို့ကတော့ အဲလို ရန်ဖြစ်သံကြားရင် ထစ်ခနဲ ဆိုရောက်သွားပြီး။ ဒါမှ သူတို့ ထုတ်ကြွားတာလေးတွေ မြင်ရမှာ။ ဖိုးခွားတို့က ကလေးဆိုတော့ ခွေးနှစ်ကောင် ကိုက်လဲ ကြည့်တတ်တာပဲလေ။ ဖိုးခွားကို အပြစ်မတင်ပါနဲ့။ တကယ်က ဖိုးခွား ကလေးပဲ ရှိသေးတယ်။ စုစု ရုံးရုံး မြင်ရင် ကလေးသဘာ၀ စပ်စုတတ်တာ တခုပဲပေါ့။


ဖိုးခွားတို့ လမ်းထိပ်မှာတော့ ဦးခွေးကုန်စုံ ဆိုင်ရှိတယ်။ ဦးခွေး ကလဲ ယိုးဒယားပြန်ပဲ။ ပြီးတော့ ဦးခွေးက ယိုးဒယားက ပစ္စည်းမှန်သမျှ၊ မော်လမြိုင် မြို့ပေါ်က ထွက်သမျှ၊ ရုပ်မြင်သံကြားက ထက်ထက်မိုးဥတို့ ခိုင်သင်းကြည်တို့ ကြော်ငြာတာ မှန်သမျှ ဦးခွေး ဆိုင်မှာ မရှိဘူး ဆိုတာ မရှိဘူး။ တရပ်ကွက်လုံးလဲ ဦးခွေးဆိုင်မှာပဲ ဝယ်ရတော့ ဦးခွေးဆိုင်က အမြဲစည်ကားတယ်။ မြို့က အသစ်အဆန်းရောက်ပြီး ဆိုပြီး တဆင့်စကား တဆင့်နားနဲ့ ဝယ်ဝယ် မဝယ်ဝယ် လူစည်ရောပဲ။


ဒါနဲ့ ဖိုးခွားမှာ အမ ၃ ယောက် အကို ၁ ယောက ်ရှိတယ်။ နှစ်ယောက်က ဖိုးခွားအမေ ညီမ သမီးနဲ့ သား။ တဝမ်းကွဲ ညီမတွေပေါ့။ ဖိုးခွား မှာ တကယ်ရှိတာက အမတယောက်တည်း။ ဒီတော့ ဖိုးခွားနဲ့ ဖိုးခွားအကို ဖိုးထောင်က အမ ၃ ယောက်ရဲ့ ခိုင်းဖတ်တွေ ဖြစ်ရော။ ကျောင်းသွားလဲ တူတူ။ နေတာလဲ နောက်ဖေး အိမ်ရှေ့ ဆိုတော့ ကစားလဲ ဒီမောင်နှမတွေပဲ။ ရန်ဖြစ်လိုက် ၊ ပြန်ချစ်လိုက် ၊ သတ်လိုက် ပုတ်လိုက်နဲ့ အချိန်ကုန်တာပဲ။ ခိုင်းစရာရှိရင်တော့ အမတွေက ပြန်တည့်တယ်။ ပြီးရင် ဦးခွေးဆိုင်က တခုပြီးတခု ဝယ်ခိုင်းတယ်။ ဖိုးခွားသိတယ်။ မိန်းမတွေက စားဖို့၊ လှဖို့ နဲ့ ခိုင်းဖို့ပဲ သိတယ်။


ဖိုးခွား မသိတာ တခုတော့ရှိတယ်။ ဖိုးခွားအမတွေက အနာစိမ်း ပေါက်ရင် ဖိုးခွားတို့နဲ့ လာမကစားတော့ဘူး။ ဖိုးခွား အမအရင်း တယောက်ပဲ လာကစားတယ်။ အနာစိမ်းကလဲ လတိုင်းပေါက်တယ် ဆိုတာ ဖိုးခွားသိတယ်။ ဖိုးခွားက ကိုယ့်အမအရင်း ကို နင်ရော အနာစိမ်း မပေါက်ဘူးလား ဆိုတော့ ဟဲ့ ငါကသန့်တယ်။ မသန့်တဲ့ သူတွေမှ အနာစိမ်းပေါက်တာလို့ ပြန်ပြောတယ်။ သူတို့ အနာစိမ်း ပေါက်သလို ဖိုးခွားလဲ မပေါက်၊ ဖိုးခွားအကိုလဲ မပေါက် တော့ မိပေါက်ကို သွားမေးတယ်။ နင်ရော လတိုင်း အနာစိမ်းပေါက်လား ဆိုတော့ မိပေါက် က ခေါင်းခါတယ်။ သူလဲ သိပုံမပေါ်ပါဘူး။


အမတွေက အနာစိမ်းပေါက်ရင် ဖိုးခွားတို့ အနားမကပ်ပေမယ့် ဖိုးခွားကိုတော့ ဦးခွေးဆိုင်က ဈေးဝယ်ခိုင်းတတ်တယ်။ သူတို့ မှာတာက အီဗာ ပါမုန့်တဲ့။ ဦးခွေးက ဖိုးခွားသွားတိုင်း အဲဒီပါမုန့်တွေကို သေချာ သတင်းစာနဲ့ ထုတ်ပြီးပေးလိုက်တယ်။ ဖိုးခွား လမ်းမှာ ခိုးစားမယ် များထင်နေလား မသိဘူး။ ဖိုးခွား အရမ်းစိတ်ဆိုးတယ်။ ဒါပေမယ့် ဖိုးခွား က ဈေးဝယ်ခ ရပြီးသား ဆိုတော့ ဖိုးခွား ဖဲ့စား နှိုက်စားဖို့ မလုပ်တော့ပဲ ဘာပါမုန့်လဲ ဆိုတာပဲ သတင်းစာကို မဟ တဟဖြဲကြည့်တယ်။


ဖိုးခွားသိတယ်။ ဒီတံဆိပ်ကို။ ကြော်ငြာမှာ မြင်ဖူးနေတာ။ ဘာတဲ့။ အီဗာနဲ့ ဆို ကိုယ့်ကိုယ်ကိုယ် လုံခြုံမှု ရှိတယ် ဆိုတာ။ ဟမ်… ဒီပါမုန့် စားတာနဲ့ အနာစိမ်းနဲ့ လုံ ခြုံတာနဲ့ ဖိုးခွား အတွေးနက်တယ်။ မတွေးချင်ဘူး။ စားလဲ မစားချင်ဘူး။ ဒါကို ဖိုးခွား သိတာက အနာစိမ်းပါမုန့်။ ထက်ထက်မိုးဦး ကြော်ငြာတဲ့ ကာယားပါမုန့်၊ ပဲ ပါမုန့် မဟုတ်တော့ ဖိုးခွား စိတ်မဝင်စားတော့ဘူး။


တနေ့ ဖိုးခွားတို့ အမေနဲ့ အဖေ မြို့တက်အလှူသွားတယ်။ တညအိပ်တဲ့။ အဲဒါ ဖိုးခွားတို့ အဖေအမ အကြီးဆုံး အပျိုကြီး ကို အိမ်စောင့် ထားခဲ့တယ်။ တညအိပ် နှစ်ရက် ခရီးဆိုတော့ ဖိုးခွားတို့လဲ လွတ်လပ်တာပေါ့။ ဒါပေမယ့် ဖိုးခွား အမကို ကြည့်တော့ သိပ်နေကောင်းပုံ မပေါ်ဘူး။ ညနေစောင်း အသားကုန် ကစားပြီးအိမ်ပြန်ရောက်လာလို့ မေးကြည့်တော့ အမက ရှက်တဲ့ မျက်နှာနဲ့ အနာစိမ်း ပေါက်နေလို့တဲ့။ ဖိုးခွား ရယ်တာပေါ့။ ခုတော့ ဖိုးခွား အမလဲ ညစ်ပတ်တဲ့ စာရင်းဝင်သွားတာပေါ့။ နောက်ပြီး အီဗာ ပါမုန့် သွားဝယ်ပေးတဲ့ အတွက် အလကားနေရင်း အမဆီက မုန့်ဖိုးထပ်ရတော့မယ် ဆိုပြီး ဖိုးခွား အရမ်းပျော်သွားတယ်။


ညနေစောင်းတော့ ဂျီးဒေါ် အဖွားကြီးက ဖိုးခွားကို ပါမုန့်သွားဝယ်ခိုင်းတယ်။ ဖိုးခွားကိုလဲ ဘယ်သူ့ကိုမှ မပြောဖို့ တိုးတိုးတိတ်တိတ်မှာသေးတယ်။ ဖိုးခွားကတော့ စဉ်းစားမိတယ်။ ရပ်ကွက်ထဲမှာ အနာစိမ်းပေါက်တဲ့ မိန်းမတွေ တော်တော်များတယ်ပေါ့။ တော်တော် ညစ်တီး ညစ်ပတ်နိုင်တဲ့ မိန်းခလေးတွေ။ ဖိုးခွားတို့လို ရပ်ကွက်တကာ လှည့်ပြီး ဖုန်တလူးလူး ဆော့တာကြတော့ ဘာအနာစိမ်းမှ မပေါက်ဘူးပေါ့။


ဖိုးခွား အမြန်နှုန်းနဲ့ ပုံဂံလုံးစီးပြီး အီဗာပါမုန့် သွားဝယ်တယ်။ ဂျီးဒေါ်လက်ထဲ အပ်တယ်။ ဖိုးခွား ဒီဂျီးဒေါ်ကို သိပ်စိတ်မချဘူး။ တော်ကြာ ဖိုးခွား အမဆီက လုစား ဖြတ်စားဆို ဘယ်လိုလုပ်မလဲ။ ဒါနဲ့ ချက်ခြင်း အပြင်ပြန်မထွက်ပဲ ဖိုးခွား မသိမသာ နားစွင့်နေတယ်။ ဂျီးဒေါ်ကြီးက ဖိုးခွား အမကို ချော့ကျွေးနေပုံရသလို အမက ငြင်းနေပုံရတယ်။ ဟာဗျာ ပျောက်မယ့် ကိစ္စကြီးကို စားလိုက်ပါလား အမရာလို့ အားမလို အားမရဖြစ်မိတယ်။


အမက ဘယ်လိုလုပ်ရမလဲ မသိဘူး လို့ ဂျီးဒေါ်ကိုမေးတယ်။ ဂျီးဒေါ်ကလဲ ငါလဲ မသိဘူးအေ။ ဒီလိုပဲ အထုတ်ဖောက်ပြီး ဘာညာ ဆိုတာ အရမ်းတိုးတယ်။ ဖိုးခွား မကြားရတော့ဘူး။ ပါမုန့်က ဘယ်လောက်မှ များတာ မဟုတ်ဘူး အိုက်တင်ခံတဲ့ အမဆိုပြီး ဖိုးခွား အားမလို အားမရ ဖြစ်မိတယ်။


ဆယ်မိနစ်လောက်လဲ ကြာရော………… ဖိုးခွား အမရဲ့ အောင်မလေး… သေပါပြီးတော့… ခွာလို့ မရတော့ဘူး။ နာလိုက်တာ သေတော့မယ် ဂျီးဒေါ်ရဲ့ လို့ အော်လို့ အမကိုစိုးရိမ်ပြီး ဝင်တာ ဂျီးဒေါ်က မောင်းထုတ်တယ်။ ဒါနဲ့ နောက်ဖေးက အမတွေကို ဖိုးခွား အသားကုန် အော်ခေါ်တော့တာပေါ့။


အမတွေ ရောက်လာတော့မှ ကြောက်လန့်တကြား အော်နေတဲ့ အမလဲ မျက်ရည်စက်လက်နဲ့ ရှက်တာတွေ နာတာတွေ ပျောက်ပြီး တခစ်ခစ်ရယ်နေလေရဲ့။ ပြီးတော့ တတွတ်တွတ်နဲ့ ဖိုးခွား တစွန်းတစ ကြားတာကတော့


“နင်ကလဲ ပြောင်းပြန်ကပ်ရတယ်လို့…. အဲဒီတော့ နာမှာပေါ့…” တတ်လဲ တတ်နိုင်တဲ့ မိန်းမတွေပါလား။ ပါမုန့်ကို ပြောင်းပြန်စားရတယ်လို့။ ဒီလောက်တောင် တုံးတဲ့ အမ နောက်နေ့ကြမှ စဦးမယ် လို့ ဖိုးခွား တေးထားလိုက်တယ်။


နောက်နေ့ ဖိုးခွား မနေနိုင်ဘူး။ မိုးလင်းတာနဲ့ အမကို မေးတာပဲ။ နင်ကလဲ တင်မိုးလွင် ကြော်ငြာမှာတော့ အီဗာနဲ့ ဆို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိတယ်ဆို။ နင်က ယုံယုံကြည်ကြည် မစားဘူးလား။ နင်အနာစိမ်းပျောက်ဖို့ပဲ ဟာကို။ နင်ကျတော့ အော်လိုက်တာ လန်ပြဲနေတာပဲလို့ ဖိုးခွာပြောတော့ အမက မျက်စောင်းထိုးပြီး ဟဲ့..ငါလဲ ပျောက်ချင်လို့ စားတာပဲ။ ဒါပေမယ့် ငါက အမှောင်ထဲမှာ စားမိတော့ ပြောင်းပြန်ဖြစ်ပြီး ခွာမရအောင် ကပ်နေလို့ နာတာသေတော့မယ်ဟဲ့ ဆိုပြီး ဆောက်ဆောက် အောက်အောက်နဲ့ ထွက်သွားတော့တယ်။


ဖိုးခွား စဉ်းစားမိတယ်။ အီဗာ ပါမုန့်က တင်မိုးလွင်နဲ့ပဲ တည့်ပြီး ငါ့အမကျတော့ အီဗာ ပါမုန့်ကြောင့် လန်ထွက်နေအောင် အသားကုန် အော်ရတာတယ်။ ဒီအီဗာ မကောင်းဘူး။


အီဗာကို စိတ်နာသွားတယ်။ အဲဒီနေ့ကနေစပြီး ဖိုးခွား အီဗာ ပါမုန့် ဆို သွားဝယ်ပေးဖို့ ငြင်းတယ်။ နောက်ပိုင်းတော့ အီဗာထက် ကောင်းတဲ့ ပါမုန့်တွေ ထပ်ထွက်လာတယ် ဆိုပဲ။ ဖိုးခွား လူပျို မဖြစ်ခင်ထိ ဖိုးခွားအမတွက် ဝယ်ပေးဖြစ်တာက…. အိုး… ဘာတဲ့…. ညမွှေ့းပန်း ဆိုလား… ပဲ…။ ကြော်ငြာမှာလေ.. ကောင်မလေးတွေ လှည်းစီးပြလိုက်… ပြေးပြလိုက်… တိုင်လုံးဖက်ပြလိုက်… အိပ်ယာထဲ အိပ်ပြလိုက်နဲ့….


အဲကြော်ငြာကြည့်ပြီး တိုင်း ဖိုးခွား စဉ်းစားမိတယ်။ ဒီကောင်မလေးတွေရော ပါမုန့်ကို ကောင်းကောင်းစားတတ်ရဲ့လား…။ ဖိုးခွားအမလိုများ ပြောင်းပြန်စားဖူးကြလား ဆိုတာကိုပေါ့…။


မှတ်ချက် ဖိုးခွားသည် ဖိုးစိန် မဟုတ်သလို၊ ဖိုးခွား အမသည် ဖိုးစိန် ညီမ မဟုတ်ပါကြောင်း အသိပေးပါသည်။ :P


ချစ်ခင်လေးစားစွာဖြင့်


ဖိုးစိန်

Comments

အားပေးသွားပြီဗျာ။။။
အော်... ဒီကလေးနှယ်း))
JulyDream said…
ဟီးဟီး... ကောင်းချက်ဗျာ။ ရီလိုက်ရတာနဲ့ ယုံကြည်မှုတွေ ပိုရှိသွားပြီ။

Popular Posts