မိပေါက်

ဘဝမှာ ဖြစ်ချင်တာ မဖြစ်ရ… လုပ်ချင်တာ မလုပ်ရတာ ရှေးဘဝ ကုသိုလ် ကံ အကျိုးပေးကြောင့် လို့ပြောကြတယ်… ဘဝ မကောင်းရတဲ့အထဲ မသိနားမလည်ခင် ကတည်းက စွန့်လွှတ် အနစ်နာခံတတ်တဲ့ သူတွေလဲ အများကြီး… အဲဒီအထဲမှာ ကျနော် သိတဲ့ ကောင်မလေး တစ်ယောက် ပါလိမ့်မယ်… ကလေးဆို မချစ်တတ်တဲ့ ကျနော် အဖို့ ဒီကောင်မလေးကိုတော့ သနားကြင်နာစွာ ဂရုဏာ သက်မိခဲ့တယ်.… သနားခဲ့တယ်… သံယောဇဉ်တွယ်ခဲ့တယ်…

ကောင်မလေး နာမည်က မိပေါက်… အသက်က ငါးနှစ်ဝန်းကျင်… အသားညိုညို ရုပ်ရည်အားဖြင့် ချစ်စရာကောင်းတဲ့ ကောင်မလေး မဟုတ်… သနားစရာကောင်းတဲ့ အူတူတူ ရုပ်ကလေး… အဲဒီကောင်မလေးကို စသိတာ ကျနော် တက္ကသိုလ်တက်နေတဲ့ အချိန်… အဲဒီအချိန်တုန်းက ကျနော့် ညီမလေးက ဆယ်တန်း… ကျနော့် ညီမလေးကို အနီးကပ်စာသင်ပေးတာက ကျနော့်နဲ့ နိုင်ငံခြားဘာသာ တက္ကသိုလ် တူတူတက်နေတဲ့ အခန်းဖော် သူငယ်ချင်း… သူငယ်ချင်းတွေက စည်းလုံးကြတယ်ဆိုတော့ သောကြာလို ညနေကနေ တနလာင်္မနက်ထိ မြောက်ဒဂုံ (၄၂) ရက်ကွက်က သူငယ်ချင်းအိမ်မှာ ကျနော်နဲ့ ကျနော့်ညီမလေး သွားနေတယ်… ညဘက် ကျနော့်ညီမကို သူငယ်ချင်းမကြီးနဲ့ သူငယ်ချင်းက တလှည့်စာသင်နေရင်း ကျနော်တို့က ကျောင်းစာလုပ်တယ်ပေါ့ (တကယ်တော့ စကားများတာ)… ကျနော်တစ်ယောက်တည်းလဲ မဟုတ်ပြန်ဘူး… ကျနော်တို့ အတန်းထဲက သူငယ်ချင်း တစ်သိုက် ညအိပ်ညနေ သွားနေကြတယ်… ဘာမှသိပ်ပြီး မပြည့်စုံတဲ့ သူတို့အိမ်လေးမှာ ကျနော်တို့ ပျော်ကြတယ်…

ကျနော့်သူငယ်ချင်းအိမ်နဲ့ ညာဘက် မျက်စောင်းထိုး လယ်ကွက်ထဲမှာ ကျုးကျော်တဲလေးတစ်လုံးရှိတယ်… အဲဒီတဲလေးထဲမှာ မိုးတွင်းက လာပြီး အလုပ်လုပ်တဲ့ အညာက လင်မယား နေတယ်… သူတို့လင်မယားမှာ ငါးနှစ်အရွယ် သမီးလေးတစ်ယောက်နဲ့ လမ်းလျှောက်တတ်ခါစ ရှိသေးတဲ့ သားတစ်ယောက်... လယ်ထဲက မြေကွက်လပ်လေးမှာ တဲသေးသေးလေး တစ်လုံးထိုးပြီး ဖြစ်သလိုနေကြတယ်… မိုးတွင်းပြောင်းလာကြတော့ ရေမြှုပ်နေတဲ့မြေကွက်လပ်မှာ တဲကိုမြင့်မြင့်ဆောက်တယ်… ခေါင်းမိုးနဲ့ ကြမ်းပြင်နဲ့က ကောင်မလေးနဲ့ဆို တရပ်ကျော်ကျော်ပဲ ရှိပြီး လင်မယား နှစ်ယောက်က ကုန်းကုန်း ကွကွ သူတို့ အိမ်ထဲကိုဝင်ရတယ်… တံခါးမရှိ… မီးမရှိ… မိုးတွင်းမှာ လယ်ကွက်က ရေတွေနဲ့ ပြည့်နေတတ်ပြီင်္း… နွေကျတော့ ပူလောင်ခြောက်သွေ့ပြီး ပက်ကြားအက်နေတတ်တဲ့ အရိပ်မရှိတဲ့ နေရာ… ယောကျာင်္းကတနေကုန် အလုပ်လုပ်ပြီး ညနေမှ ပြန်လာသလို မိန်းမ က အိမ်တကာလှည့် အဝတ်လျှော်… မီးပူတိုက်… ညနေယောကျာ်း ပြန်မလာခင်မှ ပြန်လာ ချက်ပြုတ်စားသောက်ကြပေါ့…

ငါးနှစ်မပြည့်သေးတဲ့ မိပေါက်ကတော့ ကလေးထိန်း… အိမ်စောင့်နေရတယ်… မနက်စာ အတွက် ညကျန်တဲ့ ထမင်းကြမ်းကို စားပြီး ညနေ အမေပြန်လာတဲ့အထိ နေ့လည်စာကို ညနေစာနဲ့ ပေါင်းစားရတယ်…
ကျနော့်ညီမက ကလေးချစ်တတ်တယ်… သနားတတ်တယ်… အဲဒီကောင်မလေး မိပေါက်ကို မြင်တော့ သနားပြီးကောင်မလေးကို မုန့်ဖိုးပေးခေါ်ခေါ်ခိုင်းတယ်… သနားတယ်ဆိုပြီး တနေ့လုံး အကြောင်းမရှိ အကြောင်းရှာ ကော်ဖီမစ်ဝယ်ခိုင်းလိုက်… သကြားလုံးဝယ်ခိုင်းလိုက်နဲ့ မုန့်ဖိုးပေးတတ်တယ်… ကြာလာတော့ မိပေါက်လဲ ကျနော့်ညီမကို ခင်တွယ်ရှာတယ်… ကျနော်တို့ သူငယ်ချင်းတွေကလဲ မိပေါက်ဆိုရင် သနားကြတယ်… သောကြာနေ့ လို ညနေ ကျနော်တို့ သူငယ်ချင်းတွေ ကားနဲ့ ဝင်လာပြီးဆိုရင် သူ့မောင်လေးကို လက်တွဲပြီး လမ်းမပေါ်ကုန်းရုန်း တက်လက်ပြလိုက်… ဝေးဝေးအော်လိုက်နဲ့ ပျော်နေရှာတာ… … တနလာင်္ ကနေ သောကြာနေထိဆိုရင် သူငယ်ချင်းအမေက ပြောပြတယ်… ကားလမ်းမကို တက်တက်မျှော်တယ်တဲ့… ကားလေးတစ်စင်းဝင်လာရင် ပျော်နေတာ… ကျနော်တို့ကား မဟုတ်ရင် သူငိုင်သွားပြန်ရောတဲ့… မိပေါက် သံယောဇဉ်က မသေးဘူး..

တစ်ပတ်တစ်ခါဆို ကျနော်တို့လာတိုင်း သူ့အတွက် အဝတ်အစားနဲ့ မုန့် အမြဲပါတယ်…
စနေ တနင်္ဂနွေဆိုရင် အိမ်ရှေ့မှာ အမြဲ ရစ်သီရစ်သီနဲ့… ကျနော်တို့ အခေါ်ကိုစောင့်တယ်… ခေါ်မှသာလာတယ်… မခေါ်ရင် အဝေးကနေပဲ… တခါတလေ ညီမလေးက စာလုပ်လို့ သူ့ကို မခေါ်ရင် မမရေ… မမကော်မီမစ်သောက် မလား…. သွားဝယ်ပေးရလား… စသဖြင့် အဝေးကနေ အော်နေတတ်တယ်… ကျနော်တို့ကလဲ ထမင်းစားချိန်တိုင်း သူတို့ မောင်နှမ နှစ်ယောက်ကို ထမင်းခေါ်ကျွေးတယ်… ထမင်းစားပြီးရင် သူ့ကို မေးချင်ရာမေး တစ်ခါတစ်လေ သူငယ်ချင်းတွေက မိပေါက်ကို သီချင်းဆိုခိုင်း ကခိုင်းနဲ့ မိပေါက်လုပ်သမျှ ရယ်နေရတယ်...

ကျောင်းတွေ ဖွင့်ခါနီး အိမ်မှာ သူငယ်ချင်း အမက ကလေးတွေကို စာပြတော့ မိပေါက် တစ်ယောက် စာသင်တဲ့ အနားမှာ ထိုင်ပြီးငေးတတ်သေးတယ်… မိပေါက် အမေလုပ်သူက ကျောင်းထားပေးချင်ပေမယ့် ကျောင်းစရိတ်မတတ်နိုင်ဘူး… အဲဒါနဲ့ ကျနော့် သူငယ်ချင်းအမကို စာသင်ပေးဖို့ ပြောပေးရတယ်… ကျနော်တို့ သူငယ်ချင်းတွေကလဲ ဝိုင်းသင်ပေးကြတယ်… ဒါပေမယ့် မိပေါက် မှတ်ဥာဏ်က အဲဒီနေရာမှာ မကောင်းဘူးလားမသိဘူး… စာသင်တဲ့ သူတိုင်း သူ့ကိုလက်လန်တယ်… ကကြီးက နေ ငရောက်ရင် ကကြီးကို မရေးတတ်တော့ဘူး… တခြားနေရာမှာတော့ တော်တော်ထက်တယ်… မိပေါက်ကိုကျနော်တို့ သူငယ်ချင်းတွေက စာသင်မရတော့ အသည်းယားပြီး မိပေါက် နင်ကြီးလာရင် ဘာလုပ်မလဲမေးရင် ရိုက်ချင်စရာ…“ထမင်းချက်မယ်… အဝတ်လျှော်မယ်တဲ့” … ဘယ်အချိန်မေးမေး ဒါပဲဖြေတယ်… အမေလုပ်သူက ဒီအလုပ်တွေကို ပဲလုပ်တာကိုး… မိပေါက်ကို ညီမလေးက ထမင်းချက် အဝတ်လျှော်လုပ်ရင် ငါတို့ ဆီမလာနဲ့တော့ ပြောရင် သူက ဒါဆိုလဲ ထက်ထက်မိုးဦးလုပ်မယ်တဲ့… အဲဒီတော့ ကျနော်တို့က သူ့ကို နာမည်ပေးလိုက်တယ် ထက်ထက်ပေါက်တူးလို့… ထက်ထက်မိုးဦးကြော်ငြာမှန်သမျှ သူက ဒိုင်ခံ မမောတမ်းလုပ်ပြတာ… သူ့ကိုကြည့်တာနဲ့တင် ပျော်နေရတာ…

ပြီးတော့ ကျနော်တို့ သူငယ်ချင်းက ယောက်ျားလေးက ၅ယောက်… အဲဒီ၅ယောက်မှာ ဘယ်သူ့ကို ချစ်လဲမေးရင် ကလေးမချစ်တတ်ဘူး ပြောတဲ့ ကျနော့်ကို ရွေးချစ်တယ်… ဘာလို့လဲမေးရင် “အဲဒီဦးဦးက ဘောင်းဘီတိုတိုလေးဝတ်လို့ ချောလို့… ဟိဟိ”တဲ့ဗျာ… သူငယ်ချင်းတွေကနောက်ရော… “ဘုရားဘုရား ဗိုလ်စိန်တစ်ယောက် ကလေးအရှေ့တောင် ဘာလုပ်ပြလဲမသိဘူး… ကလေးက မျက်စိထဲကနေတောင် မထွက်ဘူး” ဆိုပြီး ခဏခဏ အစခံရတယ်… ကျနော့်တို့တွေကိုကြည့်ပြီး သူက အိမ်လာရင် ရေချိုးပြီးမှလာတယ်.. သူ့အမေကိုလဲ ပြောထားတယ်တဲ့ အဲဒီဒေါ်ဒေါ်တွေ ဦးဦးတွေက ချောကြတယ်… သမီးကိုလဲ လှတယ်ပြောတယ်… သမီးလှအောင်နေရမယ်”တဲ့…

သူ့အမေအလုပ်သွားလို့ သူတစ်ယောက်တည်း ရေချိုးပြီး သနပ်ခါးလူးခဲ့တဲ့နေ့ဆို တကယ်ကို့ မရယ်ပဲနဲ့ မနေနိုင်ဘူး… မိပေါက်မှာ မှန်မရှိတော့ သနပ်ခါးလူးပြီးလှနေတယ် ထင်ပေမယ့် မိပေါက်မျက်နှာ တစ်ခုလုံး သနပ်ခါးတွေက ထူလပိန်းနဲ့ တော်တော ကြည့်ရရုတ်ဆိုးနေတယ်… ဆံပင်တွေရော နားတွေရော… လည်ပင်းတွေ လက်တွေရော သနပ်ခါးလူးထားလိုက်တာ… သူ့ကိုမြင်ပြီး အူကိုနှိပ်ရယ်ရတဲ့ အထိ… ဘာဖြစ်ဖြစ် မိပေါက်လေးက ချစ်စရာကောင်းသလို သနားဖို့ လဲကောင်းတယ်… လူပါးနပ်တယ်… လူမှုရေးသိတယ်… အကျင့်လဲကောင်းတယ်… မလိမ်တတ် မခိုးတတ်ဘူး… ငယ်ပေမယ့်စတေကောင်းတယ်… ကလေးမချစ်တတ်တဲ့ ကျနော်အရှေ့မှာတောင် မိပေါက်က သနားအောင်နေတတ်တယ်...

တစ်ညနေ မိပေါက်အမေ ထမင်းအိုးတန်းလန်းနဲ့ ဈေးထွက်ဝယ်တယ်… ဈေးထဲရောက်တော့ ထမင်းအိုးမေ့သွားတယ်ထင်တယ်… အိမ်မှာ ကျန်ခဲ့တဲ့ မိပေါက် က ထမင်းအိုးဆူလာတော့ ထမင်းရေတွေ ဖိတ်ကျတာကို မလုပ်တတ် လုပ်တတ်နဲ့ ထင်းချောင်းတွေ သွားဆွဲထုတ်တော့ နဂိုက ဆွေးနေတဲ့ မီးဖို နံရံတွေက မီးပွားတွေကျပြီး မိပေါက်တို့ တဲလေး မီးလောင်ပါလေရော… မိပေါက်လဲ အလန့်တကြား မီးလောင်တယ်ဆိုပြီး နောက်ဖေးကနေ အိမ်အောက် ခုန်ဆင်းတယ်… ပြီးမှ မောင်လေးကျန်နေတယ်ဆိုပြီး အလောတကြီး တဲလေးထဲ ပြန်ပြေးဝင်ပြီး မောင်လေးကို မီးထဲမှာ သွားခေါ်တာ… အပြင်က လူကြီးတွေက ပွက်ပွက်ညံနေတယ်… ဘာလုပ်ရမှန်းမသိဘူး.. သူပြန်ထွက်လာတော့ သူ့မောင်လေးကို မနိုင်တနိုင် သူ့မောင်လေးခေါင်းကို ရင်ဘတ်ကိုကပ် လက်လေးကာပြီး မနိုင်တနိုင် ဆွဲထုတ်လာတယ်… အပြင်ရောက်တော့ မိပေါက် ညာဘက်တခြမ်း က မီးလောင်နေပြီး… အမှန်မိပေါက်သာ သူ့မောင်လေးကို ရင်ထဲမအပ်ရင် သူ့ မောင်မျက်နှာနဲ့ အသက်တစ်ချောင်းက မတွေးရဲစရာ…
အပြင်လဲရောက်ရော… မိပေါက်မေ့သွားပြီး… မီးလောင်လောင်ချင်း ကြောက်ပြီးခုန်ချလို့ ခြေထောက်ကျိုးသွားခဲ့ပေမယ့် မောင်နှမဇောနဲ့ မောင်လေးကို ရအောင်ဝင်ကယ်ခဲ့တဲ့ မိပေါက်…

ညာဘက်မျက်နှာနည်းနည်းနဲ့ နားရွက်မီးဟပ်ချင်ခံရပြီး ညာဘက်လက်တစ်ဖက်က အရေပြားတွေ မီးလောင်သွာတယ်… ဗယ်ဘက်ခြေထောက်ကျိုးသွားခဲ့တယ်… မီးလောင်တဲ့ မြင်ကွင်းကို ကိုယ်တိုင် မမြင်လိုက်ရပေမယ့် မိပေါက်ကို ကြည့်ပြီး သားသမီးတွေကို ဂရုမစိုက်တဲ့ မိပေါက်မိဘတွေကိုဒေါသ ဖြစ်ရသလို ကံမကောင်း ရှာတဲ့ မိပေါက်အတွက် စိတ်မကောင်းဖြစ်ရတယ်… မိပေါက်အနေနဲ့ ရုပ်ရည်အားဖြစ် မချောပေမယ့် ချစ်စရာကောင်းတဲ့ ကောင်မလေးက တစ်ယောက်ပါ… ပညာသင်ဖို့ ဥာဏ်မမှီသေးပေမယ့် သွက်သွက်လက်လက် ရှိတဲ့ ကောင်မလေးတစ်ယောက်… ခုဆို ထက်ထက်မိုးဦး မဖြစ်နိုင်တော့ဘူး… ခြေထောက်က မသန်တော့ဘူး… ညာဘက်တစ်ခြမ်းလုံး မီးလောင်လို့ ရတဲ့ဒဏ်ရာနဲ့ပေါ့… မိပေါက်အတွက် ကျနော်တို့ သူငယ်ချင်းတွေအားလုံး စိတ်မကောင်းဖြစ်ကြရတယ်… သနားကြတယ်.. သူ့ကိုကြည့်ပြီး ရင်ထဲမချိဘူး…. ငယ်ပေမယ့် မောင်နှမ စိတ်ဓာတ်နဲ့ သူ့မောင်ကို ကယ်တင်သွားတာ… သူ့မှာ ပညာသင်ဖို့ ဥာဏ်ရည်မမှီင်္ပေမယ့် သူ့မောင်ကိုကယ်တင်ဖို့အတွက် ဦးနှောက်က အလုပ်လုပ်သေးတယ်… ကလေးဆိုပေမယ့် လူပီသ စာနာတတ်တဲ့မေတ္တာစိတ် ရှိနေတယ်…

ခုဆိုရင် မိပေါက်တစ်ယောက် (၇)တန်း ကျောင်းသူဖြစ်ရမယ့် အရွယ် မနက်ဈေးမှာ လွယ်အိတ်တစ်လုံး လွယ်ပြီး စံပယ်ပန်းကုံး၊ ရွှေပန်း ငွေပန်းကုံး၊ ခရေပန်ကုံး ကို လှည့်ရောင်းနေတယ်… မောင်လေးဖြစ်သူကို ကျောင်းထားပေးချင်လို့တဲ့… … အရင်လို သနပ်ခါးတွေ မဖုံတော့ ပေမယ့် သူ့မျက်နှာလေးက ပိုပြီး သနားစရာကောင်းနေတယ်… ဘယ်အချိန်ဖြစ်ဖြစ် မိပေါက်တစ်ယောက် သောကြာလို ညနေမျိုးမှာ ကားဖြူဖြူတစင်း (၄၂)ထဲ ဖြတ်မောင်းလာရင် မောကြီး ပန်းကြီးပြေးကြည့်နေတုန်း… … ထော့ကျိုးလေးနဲ့ ကျနော်တို့ နေခဲ့တဲ့ သူငယ်ချင်းအိမ်မှာ လူစည်သံကြားရင် ကျနော်တို့များလားလို့  မယောင်မလည် လာချောင်းတုန်း… ကျနော့်ညီမလေး ကျနော့် သူငယ်ချင်းအိမ် သွားလည်ရင် မိပေါက်တစ်ယောက်အရင်လို ပျာယာခတ် လုပ်ပေးချင်နေတုန်း… ဘောင်းဘီတိုတိုဝတ်တဲ့ ဦးဦးဘိုစိန် ကိုအမြဲသတိတရ မေးနေတုန်း…

မိပေါက်လို ကလေးမျိုး ဘယ်နှစ်ယောက်တောင် ရှိနေဦးမလဲ မသိဘူး... ဘာဖြစ်ဖြစ် မိသားစု အတွက် မောင်လေးအတွက် ဘဝကိုရင်းပြီး စွန်လွှတ် အနစ်နာခံ ခဲ့တဲ့ မိပေါက်စိတ်ဓာတ်က လေးစား သနားဖို့ကောင်းတယ်… မိပေါက်မောင်လေး အရွယ်ရောက်လာရင် အမလုပ်သူရဲ့ စွန့်လွှတ်အနစ်နာခံမှုကို မြင်ပြီး အမအပေါ် ကြင်နာသနားတတ်ပါစေလို့ ဆုတောင်းပေးပါတယ်…

မိပေါက်ဘဝမှာ ကျန်းမာပျော်ရွှင်ပါစေ


ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

မိပေါက် အကြောင်းကို သူငယ်ချင်းတွေ ပြန်ပြောတိုင်း မျက်ရည်ဝဲရပါတယ်... မိပေါက် ဘဝက တကယ့်ကိုသနားစရာပါ...

Comments

Unknown said…
စိန်လျှံရေ...
ငါသတိရပါတယ် ငါတို့သူငယ်ချင်းတွေ စုအိပ်ကြတဲ့ညတိုင်းကိုလေ မိပေါက်လေးက နင့်ကိုတော်တော်ချစ်တာ နင်ကသာ ကလေးမချစ်တတ်ဘူးပြောပေမယ့် နင်သူ့ကိုကျ သံယောဇဉ်ရှိတာ သိကြတယ်.. စိတ်မကောင်းမဖြစ်ပါနဲ့ နင်ကျောင်းထားပေးခဲ့လို့ မိပေါက်စာရေး စာဖတ်တတ်နေတာပဲလေ နင်လဲ ထောက်ပံ့နေတာပဲနော် .. နင်ခုလို ပိုစ်လေးရေးလိုက်တော့ ငါတောင် လွန်ခဲ့တဲ့ နှစ်တွေကို ပြန်သတိရပီး မိပေါက်ကိုသနားသွားတယ်
နင်လဲကျန်းမာရေးဂရုစိုက်ဦး
မိပေါက်က နင့်ကို အမြဲ လေးစားချစ်ခင်နေတာပါဟ
ငါနင့်ဘလော့မှာ မန့်တာ ဒီတစ်ခါနဲ့ဆို သုံးခါ
သူငယ်ချင်း ပျော်ရွှင်ပါစေ
မိပေါက်အကြောင်းမို့ တို့သူငယ်ချင်းတွေနဲ့တိုက်ဆိုင်လို့မန့်တာပါ
အမြဲထာဝရ ချစ်သူငယ်ချင်း
ကိုပြည့်
၂ ဟေ့
မနက်မှ ဖတ်မယ် ဖျာနေရာလာဦးထားတာ
ဖတ်ရတာ တကယ်ပဲ စိတ်မကောင်းဘူး ဖိုးဖိုးရေ...
ဖိုးဖိုးစာလေးတွေက အမြဲတမ်းအလင်းတစ်ခုခုပေးပါတယ်...

ခင်မင်စွာဖြင့်...
MANORHARY said…
ဒီလိုကလေးတွေတွေ့ရင်
ပျောက်ဆုံးသွားသောနိဗ္ဗာန်ဘုံ ကို ညည်းမိဖို့
တွန့်ဆုတ်နေတတ်တယ်။
kiki said…
မိပေါက်လို ဘဝ ဆိုးတဲ့၊ ချို့ချို့ တဲ့တဲ့ ကလေးမျိုး တွေ
မြန်မာပြည်ကြီးထဲမှာ အများကြီးပါဘဲ ..
သူ့ မိဘတွေ ကိုလည်း ကလေးကို ဂရုမစိုက်ရကောင်းလားလို့  ဒေါသထွက်လို့ မရပါဘူး လေ..

အရင်းစစ်တော့ အမြစ်မြေက ..

ဘာလို့  ဒီလို ဘဝ မျိုးတွေ ရောက်နေကြရတာလဲ .
ဘယ်သူတွေမှာ တာဝန်အရှိဆုံးလဲ ဆိုတာ လူတိုင်းသိနေကြတာဘဲလေ ...

မိပေါက်လို ကလေးတွေ နဲ့
ဒုက္ခပင်လယ်ဝေနေကြတဲ့ မြန်မာ ပြည်သား အားလုံး ..
အေးချမ်းသာယာတဲ့ ဘဝမှာ နေကြရပြီး အူမ ..တောင့်နိုင်ကြပါစေ ...

ခင်တဲ့
မကြီးကိ
သနားပါတယ်နော်
ဟင်းးးးးး
ဘယ်သူ့အပစ်တင်ရမလဲ
ကံမကောင်းရတဲ့အထဲ အကြောင်းပါ မလှရှာဘူး ...
ဟူးးးးးးးးးးးးးးး
(သက်ပြင်းတွေချလိုက်ရတာ အသက်ပါတိုတော့မယ်း( )
Anonymous said…
မိပေါက်ရေ ဆိုရင် ရှင်လို့ထူးတတ်ပြီး ကြီးလာရင် ဘာလုပ်မလဲမေးလို့ ထမင်းချက်မယ်ပြောတော့ နင်က မိပေါက်ကို အဲဒါတံခါးထောင့် မှာရပ်လို့ ပြောတာ နင်ညီမက ရပြီးလို့ ပြောတာတောင် နင်က ဘာမှ မပြောလို့ သူ ရပ်နေတာကို ငါ တို့မျက်စိထဲမြင်ယောင်တယ်
ခုချိန် ငါသန္တာလွင် တို့အိမ်သွားတိုင်း ငါ့ကိုလာလာကြိုပြီး နင့်ကိုမေးတယ် သူတို့အခုပြောင်းရတော့မယ်ပြောနေတယ် ငါလဲမသိဘူး နင့်ညီမကတော့ မိပေါက်ကိုတော်တော် ချစ်တယ် .. ငါတို့အတွက်မိပေါက်က အမှတ်တရ ရှိတဲ့သူထဲပါတယ်.. ခုခြေထောက်ထော့နဲ့ထော့နဲ့ ဆိုပေမယ့် သန်လာပါပြီး

မြလေး
Anonymous said…
မောင်လေးရေ

ဖတ်ရတာ စိတ်မကောင်းဖြစ်မိတယ်။
ဘာမှမရေးတတ်တော့ဘူးနော်။
sweetpeony said…
ကိုကြီးစိန်ရေ..
မတွေ့တာကြာပြီ..
ရောက်တယ်နော်...
ခံစားသွားတယ်...
ဘာပြောရမလဲတောင်မသိတော့ဘူး..
စိတ်ထဲမှာတော့ တကယ်မကောင်းဘူး..
း(
ဦးလေးက ဘောင်းဘီတိုတိုလေးနဲ့ ချောတယ် ဆိုပဲ
ချစ်ယောက်ဖကြီး ဘာတွေ လုပ်ထားတာလည်း
ကလေးကို ဘာတွေသွားပြထားတာလည်း လို့ လည်းသူငယ်ချင်းတွေမေးတယ်နော်
အဟတ် ဖြေပေးပါ
ဘာကြောင့်သူ သံယောဇဉ်ဖြစ်ချင်စရာကောင်းအောင် ဘောင်းဘီတိုဝတ်ထားရတာလည်း
မပြည့်စုံ တဲ့ မိသားစုဘဝ မှာ
ဒီလိုမျိုး ကလေးငယ်လေးတွေ ပြုစုပျိုးထောင်ပေးဖို့ လူမှုရေအသင်းတစ်ခုတော့ရှိသင့်နေပြီနော်
ဖတ်ပြီး စိတ်မောရပါတယ် သူ့ တို့ ဘဝလေးတွေကို
ကိုပြည့်မန့် တာဖတ်ပြီး ကိုကြီးရဲ စိတ်လေးတွေ လေးစားရပါတယ်
အားငယ်နေတဲ့လူကို အမြဲကူညီနိုင်ပါစေဗျာ
Anonymous said…
စိန်လျှံရေ
မိပေါက်အကြောင်းဆိုလို့လာဖတ်တာ ငါတို့တွေစုအိပ်တဲ့ညလေးပါ ပါတယ်ဟ
မိပေါက်ဆီကို နင်ထောက်ပံ့တာသွားပေးတိုင်း မိပေါက်ကငိုတယ် ဦးဦးဘိုစိန်အတွက် မနက်တိုင်း သူရောင်းတဲ့ပန်းလှူပေးနေတယ်လို့လဲပြောပါတယ် ငါတို့သူငယ်ချင်းတွေ အတွက်အမှတ်တရပေါ့ နင့်အကြောင်းကို မိပေါက်တစ်ယောက်တည်းမဟုတ်ဘူး ဓမ္မာရုံ ကလူတွေအားလုံးက သတိတရမေးကြတယ် မိပေါက်က နေကောင်းပါတယ် ငါတို့ ပြန်လို့ သွားတိုင်း ငါတို့ဆီကိုလာတယ် နင့်ကိုမေးတယ် သူ့အကြောင်းရေးထားတာ သူဖတ်ရရင် သူပျော်လိမ့်မယ်
အငယ်မ
သွေးမတော်သားမစပ်ပေမယ့် စာနာစိတ်ရှိတဲ့လူတိုင်းမှာ သံယောဇဉ်ဆိုတာ ဖြစ်တတ်ကြတာပဲနော်..
ကိုးကွယ်တဲ့ဘာသာအရဆိုရင်တော့ သတ္တ၀ါတခုကံတခုပေါ့.. သူ့ကံကိုက ဒီအတိုင်းဖြစ်ဖို့ကံပါလာတာ.. ရှောင်လွှဲလို့မရဘူးပေါ့...
ချာတိတ်မလေးအတွက်စိတ်မကောင်းဖြစ်မိသလို.. စာနာစိတ်ရှိတဲ့ ကိုဖိုးစိန်ကိုလည်း အားကျလေးစားမိပါတယ်..
ဇော် said…
စိတ်မကောင်းစရာဗျာ။ =(
yangonthar said…
အစ်ကိုရေ အစတော့ အသောလေးနဲ့ ဆိုတော့ ရယ်စရာ နောက်တော့ သနားစရာ ကြေကွဲစရာ ဝမ်းနည်းစရာပါလားဗျာ .... စိတ်မကောင်းဖြစ် မိပါတယ် .... ဆင်းရဲသူအများ မပြည့်စုံသူများ ချမ်းသာကြပါစေ ပြည့်စုံကြပါစေ အစ်ကို့ ရဲ့ 
ချို့ နဲ့  ချို့ နဲ့ သူကို စာနာကူညီတတ်တဲ့ စိတ်ဓါတ်ကို လေးစားမိပါတယ်
ပျော်ရွှင်ပါစေ
အစ်ကိုရေ
ခင်တဲ့ ရန်ကုန်သား :))))
မိပေါက် အကြောင်းလေး ဖတ်ပြီးစိတ်မကောင်းဖြစ်သွား ပါတယ် ဖိုးစိန်ရေ..။
အဆင်ပြေပျော်ရွှင်ကြပါစေလို့ ပဲဆုတောင်းလိုက်ပါတယ်
Mogok Thar said…
သတ္တ၀ါ တစ်ခု၊ ကံတစ်ခု ဆိုပေမဲ့ အဲဒီကံလေးတွေကို တတ်နိုင်သမျှ ကောင်းအောင် ဂရုဏာနဲ့ ကူညီပေးတတ်တဲ့ ညီလေး စိတ်ဓာတ်ကို လေးစားတယ်။
မိပေါက် လေး လဲ ဘ၀မှာ ဘေးဒုက္ခတွေ ဝေးပါစေ။
မျောက်ငိုလဲ ခဏခဏ ငိုရတဲ့ ဘ၀က လွတ်ပါစေ။
အားနည်းသူတွေကို ကူညီနိုင်ဖို့ ကိုယ်တိုင်က စိတ်ရော၊ လူရော အားရှိဖို့ လိုတယ် ဆိုတာ အမြဲ အမှတ်ရပါ။

ချစ်ခင်လေးစားစွာဖြင့်

ကိုမောင်ဟန်
khin oo may said…
ဖိုးစိန်လဲကျမ်းမာပျော်ရွှုင်ပါစေ
ဘဝကြမ်းတဲ့ ဒီလိုကလေးလေးတွေ ကမ္ဘာနဲ့ အဝှမ်း ဘယ်လောက်တောင် ရှိနေကြလဲ မသိဘူးနော်။ချို့တဲ့နေတဲ့ သူတို့လေးတွေရဲ့ ဘဝ သာယာပါစေလို့ပဲ လတ်တလော ဆုတောင်းပေးနိုင်ဦးမယ်။
အဲဒါ မြို့ထဲဝန်းကျင်မှာ ပဲရှိသေးတယ် သူငယ်ချင်း...လူသူ မနီးတဲ့ ဟိုး..ဝေးလံခေါင်သီတဲ့ နေရာတွေမှာ...မရေမတွက် နိုင်တဲ့ ကလေးတွေ...မိပေါက်နဲ့ ထပ်တူထပ်မျှ...တချို့ဆို ပိုမိုဆိုးဝါးစွာ ခံစားနေရတယ်ကွ....အဲဒီမခြေနေမှာ ကိုယ်လုပ်နိုင်တာ ကို တထောင့် တနေရာက လုပ်ပေးခဲ့တဲ့ မင်း အတွက်ဂုဏ်ယူတယ် သူငယ်ချင်း...
Anonymous said…
မိပေါက် အကြောင်းလေး
ဖတ်ပြီးစိတ်မကောင်းဖြစ်သွားတယ်
ဗျာ

ခင်တဲ့
ညီငယ် ၀သန်မိုး ( မိုးမှာအပြည့်အစုံရေးထားတယ်နော်
ဒီတစ်ခေါက်း) )
စည်သူ said…
ကိုဖိုးစိန်ရေ...

စိတ်မကောင်းဘူးဗျာ...
စာသင်ပေးလို့ မရအောင် ဥာဏ်မကောင်းပေမယ့်

အခုလို စိတ်ထားမျိုး၊ စိတ်ဓာတ်မျိုးကိုတော့
လေးစားမိတယ် အမှန်ပဲဗျာ..

ကိုဖိုးစိန်နဲ့အတူ.. မိပေါက်လေး ကျန်းမာပျော်ရွှင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ...
အိန္ဒြာ said…
ဖိုးစိန်ရယ်...

စိတ်မကောင်းစရာကောင်းလိုက်တာ...
ရေးလည်းရေးတတ်တယ်....

တစ်ခုပဲ..တစ်ခုပဲ..

ဗီဇလေးမဖျောက်နိုင်တာ.တစ်ခုပဲ..

((အဲဒီဦးဦးက ဘောင်းဘီတိုတိုလေးဝတ်လို့ ချောလို့… ဟိဟိ” ))

ထည့်ကြွားရသေးတယ်..ဟွန်း
စာရေးကောင်းလွန်းလို့ ...
အင်္ဂလိပ် လက်ထက် ကဆိုရင်...

ဂရိတ်ဖိုးစိန်... ဘွဲ့ ရလောက်တယ်
ဖိုးဖိုး ဂရိတ်ဖိုးစိန်လျှံရေ...
အတော်နောက်ကျမှ ရောက်လာပေမယ့် ဇာတ်ပွဲမဟုတ်လို့ အစအဆုံး ခံစားခွင့်ရလိုက်ပါတယ်...

မိပေါက်က ခြေတဘက်မသန်ပေမယ့် ကျန်းမာသန်စွမ်းတဲ့ လူတချို့ထက် စိတ်ထားလှတော့ သူ့ဘဝမှာ အောင်မြင်မှုတွေ တွေ့ရလိမ့်ဦးမှာပါ...

ဖိုးစိန်ကို အသေချစ် အရှင်ချစ် အစဉ်ချစ်တဲ့
ကိုလူထွေးးဝ)
သနားပါတယ်... ကုသိုလ်ကံများ တစ်ယောက်တည်း ကွက်ဆိုးသလားမှတ်ရတယ်...
mae said…
ကလေးလေးသနားပါတယ်၊ ဖတ်ပြီး စိတ်မကောင်းဖြစ်သွားတယ်၊ သူ့ဘဝမှာ ဒီထက် ပိုကံကောင်းလာပါစေ ဆုတောင်းပါတယ်
ဘောင်းဘီ တိုတို နဲ့ အတိုကြီး စော်ကြည် ပါစေ...
Anonymous said…
ဖတ်ပြီး ခံစားရတယ်ဗျာ...တကယ်ပါ..။ ဒီလို ဘဝမျိုးတွေ ကြားရ မြင်ရတိုင်း တကယ်ပါ ရင်နဲ့ အမျှခံစားရတယ်။ အရွယ်နဲ့ မလိုက်အောင် ခံစားနေရတဲ့ ဘဝ၊ တကယ်ဆို ဒီအရွယ်မှာ မိဘ ရင်ခွင်ထဲမှာ အေးချမ်းစွာနဲ့ စားချိန်တန်စား ၊အိပ်ချိန်တန်အိပ်ပြီး ဘဝကို အပူအပင်ကင်းစွာ ဖြတ်ကျော်ရမှာပါ။ အခုတော့ဗျာ... ဒါမျိုးတွေ မြင်တိုင်း မသိစိတ်က ဒေါသထွက်တယ်၊ ဒီကလေးတွေရဲ့ ဦးဏှောက်မရှိတဲ့ မိဘတွေကိုလား... ဒါမှမဟုတ် လက်ရှိ အုပ်ချုပ်နေသူတွေကိုလား ဆိုတာ ...... ...။

Popular Posts