ကလေးမချစ်တတ်ပါ.. သို့သော်..

ဒီနေ့ ကျနော့်အချစ်ဆုံး သူငယ်ချင်းက မက်ဆေ့ပို့ပြီးပြောတယ်။သူ့အမ ကလေးမွေးပြီးတဲ့။ကျနော်လဲ ကွန်ကရက်ကျူလေးရှင်း…ဘာရှင်း… ညာရှင်းပေါ့။

တကယ်တော့ ရှင်းရှင်းပြောရရင်ကျနော် ကလေးမချစ်တတ်ဘူး။ ကလေးငိုသံကြားရင် နေမထိ ထိုင်မထိနဲ့ အလိုလို နေရင်းဒေါသထွက်နေတာ။ ဘယ်နေရာမှာပဲ ဖြစ်ဖြစ် ကလေးငယ်ငယ်လေးတွေ တွေ့ရင်ကိုယ့် မျက်လုံးပြူးပြူးနဲ့ မကြောက်ကြောက် အောင်ဖြဲခြောက်တတ်တာ အကျင့်လို ဖြစ်နေပြီး။ လမ်းမှာ ဂျီကျပြီး ငိုနေတဲ့ ကလေးဆိုရင် စိတ်ထဲက ဆွဲဆောင့်ကိုင်ပေါက်တာလဲ အကြိမ်ပေါင်းမနည်းဘူး။ ဂျစ်ကျတတ်တဲ့ ကလေးကိုဆို အရမ်းဆုံးမချင်တာ။အရမ်းအသည်းယား တာပဲ။ လိမ္မာတဲ့ ကလေးဆိုလဲ ငိုအောင်အရမ်းစချင်တယ်။ ဘယ်လို စိတ်မှန်းကို မသိတာ။

အိမ်မှာဆို ကျနော့် အမျိုး ဝမ်းကွဲ ကလေးတွေ ကျနော် ရှိရင် အိမ်နားမလာကြဘူး။ ကြောက်ကြတယ်။ အိမ်လာရင် ဟိုမလာရ၊ဒီမလာရ အမိန့်ထုတ်တာနဲ့ မကစားရဘူး၊ ငြိမ်ငြိမ်ထိုင်ရမယ်ဘာမယ်နဲ့ အိမ်လာရင် ဘာမှ တောင်းဆိုခွင့် မပေးဘူး။ ဒါကြောင့် ကလေးတွေက ကျနော်ရှိရင် အိမ်ကိုလုံးဝ မလာဘူး။ တအိမ်လုံးက ကျနော့်နဲ့ ဆန့်ကျင်ဘက်။ တအိမ်လုံး ကလေးချစ်ကြတယ်။ ကျနော် ရှိနေတော့ ကလေးကို မခေါ်ရဲဘဲ အိမ်အပြင် မှာချစ်ကြရတယ်။ ဖေဖေကတော့ ပြောပါတယ်။ သားစိန်တို့ သားသမီးရရင် ဘယ်လိုနေမလဲ မသိဘူး ဆိုပဲ။ ကျနော်ကလဲ ပြောပါတယ်။” ကိုယ့်သားသမီးဆိုရင်တော့ တမျိုးပေါ့။ခုဟာက ကိုယ့်သားသမီးမှ မဟုတ်တာလို့”။

ကလေးမချစ်တတ်ဘူး ဆိုပေမယ့် ငယ်ငယ်ကတော့ ကလေးထိန်းဖူးပါတယ်။ကျနော့်ညီမ အရင်းကိုပေါ့။ မွေးခါစ ကတည်းက ဝဝကစ်ကစ် ဖြူဖြူ လုံးလုံး မို့ အသည်းယားစရာကောင်းပါတယ်။ အိမ်မှာ မေမေတို့က snow white ခေါ်လိုက် မနှင်းဖြူ ခေါ်လိုက်နဲ့ အငယ်မလေးက နာမည်စုံရပါတယ်။ ကျနော်နဲ့ တနှစ်ကျော်သာကွာတဲ့ ကျနော့်ညီ က ညီမလေး ကိုခဏခဏတောင်းချီပါတယ်။ညီမလေး ကိုယ်လုံးက လေးတာမို့ မေမေတို့က ခွင့်မပြုဘူး။ လွတ်လွတ်လပ်လပ် မချီပိုးရဘူးလေ။ ချီချင်ရင်တောင် မေမေတို့က ကိုင်ထားသေးတယ်။ အဲဒါကို ပဲညီအကိုနှစ်ယောက် အတင်းလုချီရင်း ရန်ဖြစ်ကျတော့ အလယ်က ညီမလေးကို ဟိုထိ ဒီထိ နဲ့ ညီမလေးက ထငိုပါရော။ အဲဒါနဲ့ တခါမှ ကောင်းကောင်း မချီဖြစ်ခဲ့ဘူး။

တခါတလေ ညီမလေး အိပ်နေရင် ကျနော်တို့ အနားသွားပြီး ပါးလေးကိုင်လိုက်၊ လက်လေးကို တို့လိုက် လုပ်တတ်ပါတယ်။ တခါတခါ ပါးဖောင်းဖောင်းနဲ့ ညီမလေး ကို အသဲယားလို့ ပါးကို ငုံပြီး ဖွဖွလေး ကိုက်မိပါတယ်။ ကျနော်ကတော့ ဖွဖွလေးလို့ ထင်တာပဲ။ အငယ်မတော့ ပါးမှာ သွားရာနဲ့ အသံပျောက်အောင်ငိုလို့ ကျနော် ညီမလေး နားကို တလလောက် ကပ်ခွင့် မရခဲ့ပါဘူး။ ညီမလေးကို အဲလိုချစ်ခဲ့တာပါ။
ငယ်ငယ်က လူကြီးတွေ ပြောတယ်။ ကိုယ့်အောက် ကမွေးတဲ့ ညီညီမတွေရဲ့ ချက်ကို နမ်းရင် အဲဒီညီညီမတွေ ကြီးလာရင် ကိုယ့်ကို ချစ်တယ်တဲ့။ အဲဒါနဲ့ ကျနော်တို့လဲ ညီမလေးရဲ့ စူနေတဲ့ ချက်ကို နမ်းတာပေါ့။ ချက်ကောင်းထိသွားလို့ ဖြစ်မယ်။ ကျနော် နမ်းတဲ့ အလှည့်ကျ အငယ်မက သေးနဲ့ ပန်းပါလေရောဗျာ…။ ညီမလေး ကတော့ ယားလို့ တခစ်ခစ်နဲ့ ရယ်မောလို့ပေါ့။ ကျနော်ကသာ ပါးစပ်ထဲမဝင်အောင် အတင်း ရှောင်လိုက်ရတယ်။ မိန်းခလေးမို့သာပဲ။ :P

ညီမလေး လေးဘက်သွားပြီး ထိုင်ထလုပ်တဲ့ အခါကျ တော်တော်ချစ်ဖို့ ကောင်းနေပါပြီး။ အငယ်မကိုကြည့်လိုက်ရင် လက်လေးနှစ်ဖက် ဖြန့်ပြီး တခုခုကို အမြဲတောင်းစားနေတဲ့ ပုံပေါက်တယ်။ အဲဒါကြောင့် ကျနော်တို့ လဲ ကျနော်တို့ပဲ စားနေတာ မကြည့်ရက်လို့ ညီမလေး ကို သွားသွားခွံတာ။ သကြားလုံးကို ဝါးပြီးခွံ့တာမျိုး။ မန်ကျည်းတော်ဖီ ကို သွားခွံ့တာမျိုးပေါ့။ သကြားလုံးကြတော့လဲ အမေက လန့်ပြီးခဏခဏ သွားပြန်နှိုက်တာ။ မန်ကျည်းတော်ဖီ စားရင် ညီမလေးမျက်နှာက ချဉ်ပြုံးပြုံးနဲ့ အရမ်းချစ်ဖို့ ကောင်းလို့ ခဏခဏ ခိုးကျွေးတာ ညီမလေးလဲ ခဏခဏဝမ်းတွေသွားပေါ့။
မတောက်တခေါက်လမ်းလေး လျှောက်တတ်တဲ့ အရွယ်ရောက်တော့ ညီအကို နှစ်ယောက် ကလက်လေးတွဲပြီး ညီမလေးနဲ့ လမ်းလျှောက်ချင်တာပေါ့။ အိမ်ထဲမှာ လမ်းလျှောက်တာကိုပဲ အငယ်ကောင်က ဟိုဘက်ကိုသွားမယ်၊ ကျနော်က ဒီဘက်ကို သွားမယ်နဲ့ အလယ်က ညီမလေးက လက်ကြီးကားကား ခြေလေးခွင်ခွင်နဲ့ ဘယ်ကိုသွားရမှန်းမသိ ကျနော်တို့ကို သနားစရာမျက်နှာလေးနဲ့လှည့်လှည့်ကြည့်တတ်တာ။ ညီအကို နှစ်ယောက်ကြားမှာ နေတော့ အဲလောက်ထိ အကြမ်းခံမှကို ဖြစ်မှာလေ။

လမ်းကောင်းကောင်း လျှောက်တတ်တဲ့ အရွယ်ရောက်တော့ ကျနော်တို့ မောင်နှမတွေ ကစားခွင့်ရတာပေါ့။ အိမ်မှာ စီးလို့ရတဲ့ နောက်သုံးဘီးပါ စက်ဘီးနဲ့ ညီမလေးကို တင်ပြီး တယောက်တလှည့် တွန်းပေးတာ မထင်မှတ်ပဲ အရှိန်လွန်ပြီး မှောက်တာ ညီမလေးလက်ကို စက်ဘီးဘီး ကျိတ်သွားတယ်။ ဘယ်နေရာ နာလို့ နာမှန်းမသိပဲ အော်ငိုနေတာက တကြောင်း အိမ်မှာ မေမေတို့ အပြင်သွားနေတဲ့ အချိန် ဆုံတာကြောင့် ကျနော်ရောအငယ်ကောင်ပါ ဘာလုပ်ရမှန်းမသိ ဖြစ်နေတာ။ ခဏနေတော့ အငယ်ကောင်က အိမ်နောက်ဖေးက ဓားမယူလာရင် ညီမလေးနာနေတဲ့ နေရာကို အနာသက်သာအောင် ခုတ်လိုက်မယ်တဲ့။ ကျနော့်ကိုလာညှိတယ်လေ။ အဖွား အိမ်အရောက်မြန်လို့။ နောက်မဟုတ်ရင် ဘာဖြစ်မလဲ ညီမကို အနာပျောက်အောင်ပဲ ခုတ်ဖြတ်မိကြမလား ဆိုတာ ကျနော်တို့လဲ ကတယ် မစဉ်းစားတတ်တော့ မသိဘူး။:P
မှတ်မှတ်ရရ ညီမလေးကို ကျနော်တို့ နှစ်ယောက် ဖေဖေ အလုပ်ရုံထဲက အင်ဂျင်ဝိုင်ကိုညီမလေးကို ရေနွေးကြမ်းဆိုပြီး လိမ်တိုက်တာ။ ကျနော်တို့စိတ်ထဲမှာ ညီမလေးက သောက်ပြီး အင်ဂျင်ဝိုင်မှန်း သိရင် ပြန်ထွေးထုတ်မယ်ပေါ့။ ဒါပေမယ့် ညီမလေးက နည်းနည်းလေး မျိုချမိရော တခါတည်း ဆေးရုံ တန်းရောက်တော့တာပဲ။ ညီမလေးကိုအဲလိုချစ်တာ။

ညီမလေး စကားပြောတတ်၊ နားလည်တတ်လာတော့ အကို နှစ်ယောက်လုပ်တာမှန် သမျှ လိုက်လုပ်တော့တာပဲ။ သေးပေါက်ရင်လဲ အကိုတွေလို လိုက်ပေါက်တယ်။အကိုတွေ ဘာလုပ်လဲ လိုက်ကြည့်တယ်။ နောက်ပြီး အတုခိုးတော့တာပဲ။ အကိုနှစ်ယောက် ကြားမှာမွေးတဲ့ အငယ်ဆုံးမို့ မေမေဆိုပြောတယ်။ မျောက်သုံးကောင်မဟုတ်ဘူးမျောက်အကောင်သုံးဆယ်စာ ထိန်းရသလိုပဲတဲ့လေ။
ဘာဘဲဖြစ်ဖြစ် ညီမလေးက ကျနော်တို့လက်မှာ ငယ်ငယ်ကတည်းက ကြီးပြင်းလာရတာဆိုတော့ ညီမလေးလည်း အကို နှစ်ယောက်ကြားမှာ ဒုပေးဒဏ်ပေးခံရင် ကြီးပျင်းလာတာ။ ကလေးဆိုလို့ ကျနော်တိတိကျကျ ရေရေရာရာ နက်နက်နဲနဲ ချစ်ခဲ့တာ ကျနော့် ညီမတယောက်ပဲ ရှိမယ်ထင်ပါတယ်။

အမှန်တိုင်းဝန်ခံရရင် ဘယ်ကလေး ကိုမှ ချစ်လို့မရလို၊ ချစ်ချင်စိတ်လဲ မရှိပါဘူး။ချစ်စရာကောင်းတဲ့ ကလေးတွေ့ရင် အသဲယားကြည့် လိုက်မိတာပဲ ရှိတယ်။ တရေးတယူ ပွေ့ထူ နမ်းရှုံ့ဖို့ တခါမှ မစဉ်းစားဖူးဘူး။
တခါတလေ စဉ်းစားမိတယ်။ ကိုယ့်ရင်သွေးကျရင်…

ကိုယ့်ရင်သွေးကျရင်တော့ ကိုယ့်ညီမကို ချစ်သလို ချစ်မှာပေါ့။ ကိုယ့်ညီမကို ချစ်ခဲ့သလိုတော့ မဟုတ်လောက်ပါဘူး။(ဥပမာ- အင်ဂျင်ဝိုင်တိုက်တာမျိုး၊ ကလေးငိုလို့ ဘာမီတွန်တိုက်ပြီး အိပ်ခိုင်းတာမျိုးး)
ကိုယ့်ရင်သွေး လေးလို့ စဉ်းစားရင် အမွှာကို အရမ်းလိုချင်တာ။ ငယ်ငယ်ကတော့ အမွှာ ကိုယ်ဝန်သည် ဗိုက်ကို မြင်ရင် ပြေးပြေးနမ်းတယ်။ ကိုယ့်အလှည့်ကျ အမွှာမွေးရအောင်လို့။:P ဒါပေမယ့် ကျနော်ငယ်ငယ်တုန်းက လို မျောက်ရှုံးအောင်ဆော့တဲ့ ကလေးမျိုးတော့ မရချင်ဘူး။:P (ဝဋ်မလည်ချင်တာပါ)

ကလေးတွေကို စနစ်တကျ ပျိုးထောင်ဖို့ စဉ်းစားထားပါတယ်။ ဥပမာ ကလေးတွေ ကို ကစားစရာတွေ ဝယ်ပြီး အခန်းကျယ်ကြီး တခုထဲမှာ ပုံးထဲထည့်ထားပေးမယ်။ ဒီနေ့ အတွက် ကြိုက်တဲ့ အရုပ်တခုရွေး၊ ဝအောင်ကစား ပြီးရင် ပုံးထဲ ပြန်ထည့်။ ကစားလို့ ဝရင် အဲဒီအခန်းထဲက ပြန်ထွက်ပေါ့။

မုန့်စားရင်လဲ (ဥပမာ- ဘီစကွတ်လိုမုန့်မျိုး) ပန်းကန်ဆေးတဲ့ နေရာသွား။ ဝအောင်စား။ ကျလာတဲ့ ဘီစကွတ် အမှုန်တွေက ပန်းကန်ဆေးတဲ့ နေရာမှာပဲ ကျမယ်။ အိမ်မရှုပ်တော့ဘူး။ စားလို့ဝ နေရာလာပြန်ထိုင်။ အဲလိုမျိုးတွေ ပုံစံသွင်းပြီး ချစ်မယ်လို့ စိတ်ကူးထားတယ်။:P

ခုလောလောဆယ်တော့ ကျနော့်မျက်စိအောက်မှာ ကြီးလာတဲ့ တဦးတည်းသော ညီမလေးကိုပဲ ချစ်နေပါသေးတယ်။ နောင်တချိန် ကလေးချစ်တတ်လာရင်ဆိုတာကလဲ ကျနော်ကိုယ်တိုင် ရလာမည့် ရင်သွေးလေးများ(အဲလေ…. ရင်သွေးလို့ပဲ ရေးမယ်။ များများလိုချင်တာမဟုတ်ဘူး)ကိုချစ်မိမယ်ထင်တာပဲ။
ကလေးငယ်ငယ်လေးတွေ ရှိတဲ့ အမေတွေ ခုလောက်ဆို မျက်ခုံးလှုပ်နေလောက်ပြီး။ဖိုးစိန်ကို ငါတို့ သားသမီးတွေနဲ့ တွေ့ပေးလို့ မဖြစ်ဆိုပြီးတော့။ :P

မချစ်တတ်ပေမယ့် ကြင်နာတတ်တဲ့ အသည်းလေးတော့ရှိသေးကြောင်း..။


(ဒီပိုစ့်လေးကို တူမလေး ရတဲ့ ချစ်သူငယ်ချင်းအတွက် မကြာခင် သားရတော့မယ့် ချစ်သူငယ်ချင်းအတွက် ကျနော့် နည်းလမ်းကောင်းလေးများသုံးစွဲဖို့ ရေးလိုက်ပါတယ်။)


ချစ်ခင်လေးစားစွာဖြင့်
ဖိုးစိန်



Comments

Anonymous said…
မြင်.......ယောင်......မိ.......ပါ.....သေး.......တယ်........:)
ဘာ.. ပုံစံသွင်းပြီးချစ်မယ်.. ဟုတ်လား.. မဖြစ်နိုင်ပါဘူး ကရင်ဖိုးစိန်ရယ်.. ကျုပ်က ကိုယ်တွေ့တော့.. သူကတောင်ပြန်ပြီး ကိုယ့်ကို ပုံစံသွင်းသွားလိမ့်ဦးမယ်.. စောင့်ကြည့်ရသေးတာပတော်.. :D
Anonymous said…
ဖတ်မိတော့လဲပြောချင်လာတယ်ဗျာ။
ကလေးမချစ်တတ်တဲ့သူတော်တော်များများဟာ အတ္တကြိးတဲ့သူတွေတော်တော်များတယ်ဗျ။
ခင်ဗျားကိုယ်ခင်ဗျားသုံးသပ်ကြည့်ပါနော..ဟုတ်မဟုတ်ပေါ့။
ကိုယ်သွေးကိုယ့်သားမှဘဲချစ်တတ်တာဆိုကထဲက တော်တော်တော့ဟုတ်နေပြီ။
ဟိ..ဟုတ်တယ်

နည်းနည်းတော့ အတ္တကြီးတယ်။

ငယ်ငယ်က ဆို ကိုယ့်မိသားစု မှ ကိုယ့်မိသားစုလို့ထင်တာဗျ။

ကိုယ်ကိုယ်တိုင်းလဲ သိပါတယ်။ ကိုယ့်မိသားစုနဲ့ ယှဉ်ရင် ကျန်တဲ့သူတွေအပေါ် တကိုယ်ကောင်းဆန်းမိတယ်။ :)

ဒါပေမယ့် မိသားစုအတွက် တကိုယ်ကောင်းဆန်မိတယ်ဆိုတော့ ဘာပဲ ဖြစ်ဖြစ် စိတ်ချမ်းသာပါသေးတယ်။
mae said…
ညီမလေး ခုအချိန်မှာ အင်္ဂါအစုံလင်နဲ့ အသက်ရှင်နေတာ ဘုရား မ လို့နော်

သားယောင်္ကျားလေးအရင်လိုချင်တယ်လို့ အမြဲစဉ်းစားခဲ့တာ.. သမီးလေးကို စောင့်ရှောက်ရအောင်ပေါ့.. စိန်တို့ညီအကိုကြောင်းဖတ်ပြီး သမီးပဲ အရင်မွေးရမလို ဖြစ်နေပီ
I still can't tolerate the kids with the attitude. I am willingly to accept the fact that I can be selfish, egoist, or self-centered, but can't keep my mouth shut, when they are running to and fro in the airplane.
Oui, C'est sûr !Mon petit

I still can't.

Merci beaucoup!
Mogok Thar said…
အင်း.. အငယ်မက.. ဒါကြောင့် ဒီလောက် အကိုတွေကို ကြောက်တာ နေလိမ့်မယ်....

ကိုယ့်သွေး ကိုယ့်သားကိုမှ ချစ်ခင်တတ်တာ.. သဘာဝပါ....

ကိုယ်ကတော့ ဘယ်အရာနဲ့ ယှဉ်ယှဉ် မိဘက နံပါတ်တစ်... မောင်နှမတွေက နံပါတ်နှစ် ပဲ...။

အဲဒီအတွက် အတ္တကြီးတယ် ပြောလဲ ပြုံးပြုံးကြီး ကြည့်နေလိုက်အုံးမှာ...။

ကိုယ်ကတော့ ခလေးတွေကို ချစ်တတ်တယ်။ စိတ်ရှည်တယ်..။ အိမ်က ညီ၊ ညီမတွေရော.. ရပ်ကွက်ထဲက ခလေးတွေရော... ကိုယ် ထိန်းတယ်။ ပုံပြောတယ်။ ပျော်အောင်ထားတယ်။ အဲ.. ဒါပေမဲ့ ကိုယ့်မောင်နှမကိုတော့ လာမထိနဲ့..။ ခလေးသော လူကြီးသော နားမလည်ဘူး။ နာဘီသာ မှတ်။

ချစ်ညီလေး မျောက်စိန် ခလေးတွေ ကိုမောင်ဟန် ထိန်းပေးမယ်ဗျာ..... များများသာမွေး....

မျောက်စိန်လို မျောက်ရှုံးအောင် ကမျင်းရင်တော့ ကိစ္စန မရှိပါဘူး...အဲ.. ဒါပေမဲ့ ဦးစိတ်တို တို့ ဒေါ်ဒေါသ တို့ ထွက်လာလို့ကတော့ အပိုး မကျိုးရင် ဇက်ချိုးပလိုက်မယ်......

ချစ်ခင်တဲ့

ကိုမောင်ဟန်
Anonymous said…
ကိုဖိုးစိန်ရဲ့ ညီမလေးကံကောင်းသွားတယ်နော် အဖွားရောက်လာလို့...ဒီပို့ဖတ်ပြီးမှဘဲ ကိုဖိုးစိန် ခလေးတွေရမှ ဘယ်လိုနေမလဲ စောင့်ကြည့်ဦးမယ်...
ပျော်ရွင်ပါစေ...
sweetpeony said…
အိ..
ကြောက်လိုက်တာ....
ကိုကြီးစိန် ညီမတော့ တော်ထားတယ်မလား...
ဒါမယ့် အင်ဂျင်ဝိုင်တော့ မသောက်ဘူးနော်...
လက်လဲ ခုတ်ဖို့မစဉ်းစားနဲ့..
နာ့ကလေး ရဲ့ ဂေါ့ဖားသား နင့်ကိုပေး မလုပ်ဘူးးးးးးး
အဲ့ဒီလို ကိုဖိုးစိန်လို ကလေးမချစ်တတ်တဲ့ ကျနော့်ဘကြီးတယောက်လဲ မိန်းမလဲရရော ကလေး ၁၃ ယောက်မွေးတဲ့အပြင် ကလေး ၂ ယောက်မွေးစားထားသေး နောက်တချိန်တွေ့လိုပါသေး ဟေး..

Popular Posts