ကံအလှည့်

အခုပြောင်းတဲ့ အိမ်က ကျယ်တော့ ညအိပ်ရင် အပြင်မှာ မွှေ့ယာအသေးလေးချပြီး တယောက်တည်းဧည့်ခန်းကိုအပိုင်သိမ်း ပြီး အိပ်လေ့ရှိတယ်။ ပြီးခဲ့တဲ့ တနလာၤနေ့က ညအိပ်ရင်း သန်းခေါင်ကျော်လောက် ကိုယ့်ခြေထောက်ကို လှုပ်ဆွဲသလို... ကိုယ့်ရဲ့ မသိစိတ်ကို လှုပ်နှိုးသလို ခံစားရပြီး အိပ်လို့ မရတော့ဘူး။ ကြောက်သလိုလို... အိပ်မပျော်သလိုလို... စိတ်က လေနေသလိုလို... တယောက်ယောက် ကိုသတိရနေသလိုလို ခံစားရတယ်။ မိုးလင်းသွားတယ်။ ခေါင်းကိုက်သွားတယ်။



အင်္ဂါနေ့ မနက် ကျတော့ အမှတ်မထင်ပဲ သတင်းတပုဒ်ဖတ်ရတယ်။ ဆိုက်ပရပ်စ်မှာ ပေါက်ကွဲမှု တခု ဖြစ်လို့ လူ(၁၂)ယောက်သေတယ် ဆိုတဲ့သတင်းပေါ့။ သတင်းဖတ်ပြီးတော့ စိတ်မကောင်းတော်တော် ဖြစ်သွားတယ်။ ကိုယ်စရောက်တဲ့ နှစ်က လေယာဉ် တစ်စင်းလုံး ပျက်ကျလို့ အယောက်(၁၀၀)ကျော် သေတဲ့ အချိန်နဲ့ ဆုံတာကိုလဲ သတိရသွားတယ်။ အခုလူ (၁၂)ယောက်တဲ့သတင်းကြားတော့ စိတ်ထဲ တော်တော် မကောင်းဘူး။ စဉ်းစားမိတာက ငါဆိုက်ပရပ်စ် ကို တော်တော်ချစ်ပါလားလို့ တွေးရင်း ဒီပိတ်ရက်ကို ဆိုက်ပရပ်စ်အကြောင်း အမှတ်တရ ရေးမယ်လို့ စိတ်ကူးမိသေးတယ်။



ဗုဒ္ဒဟူးနေ့ ကျတော့ ဆိုက်ပရပ်စ်က သထေးက ဖုန်းဆက်တယ်။ ပေါက်ကွဲမှုနဲ့ လူ(၁၂)သေတဲ့အကြောင်း..။ မီးပျက်တဲ့ အကြောင်း..။ စားသောက်ဆိုင် ခဏပိတ်ထားရတဲ့အကြောင်း။ ပြီးတော့ ဖုန်းကျသွားတယ်။



ဒီညသောကြာနေ့ ညကျတော့ ဆိုက်ပရပ်စ်က သူဌေးရဲ့သားက လင့်တခုပေးတယ်။ ပြီးတော့ပြောတယ်။ စိန်... အခုသေတဲ့ (၁၂)ယောက် ထဲမှာ ဘယ်သူပါလဲ သိလား...။ စိန် စိတ်ဆိုးပြီး ပေါက်ကရပြောခဲ့တဲ့သူက ခုသေတဲ့ထဲမှာပါတယ်။ ဆိုပြီးပြောတယ်။ ကိုယ်လုံး၀ ချက်ချင်းကြီး သတိရသွားတယ်။ မှတ်မှတ်ရရပဲ.........။ စိတ်ဆိုးမာန်ဆိုးနဲ့ ကျိန်ဆဲ ပြောဆိုခဲ့တာ ဘယ်သူဆိုတာ....။ အဲဒါကို သူဌေး မိသားစု တခုလုံးသိတယ်။ သူဌေးကိုယ်တိုင် သူ့ဆီက ဖုန်းဆက်ပြီး ပိုက်ဆံတောင်းပေးသေးတာ။ ကိုယ်မယူဖို့ ဆုံးဖြတ်ထားတဲ့ပိုက်ဆံ။ ကိုယ် သူဌေးမိသားစု အရှေ့မှာပဲပြောခဲ့ဖူးတယ်။ ငါ့ကို နေပူကျဲကျဲမှာ ထားပြီး မတော်မတရာခိုင်းပြီး ပိုက်ဆံမပေးချင်တဲ့သူ...။ သူလဲ မီးလောင်နေလောင်သေပါစေ လို့.....။စိတ်ဆိုးတုန်းပြောခဲ့ပေမယ့် စိတ်ဆိုးပြေတော့ တရားနဲ့ ဖြေပါတယ်။ အလှူလို့သဘောထားပြီး စေတနာထားလို့ရပါတယ်။



ခုနေ စိတ်ထဲမှာသတိတောင်မရတော့ပါဘူး။ ဒါပေမယ့် မထင်မှတ်တဲ့ ခုချိန် အဲဒီအကြောင်းကြားရတော့ စိတ်ထဲမှာ တော်တော်လေး စိတ်မကောင်း ဖြစ်မိပါတယ်။ ဥပါသ်ဒဏ်ကြောင့် ဥပါသ်ဖြစ်တယ် လို့ တော့ ဖြေပါတယ်။ တနလာၤနေ့က အိပ်မရတာ ဘာကြောင့်ဆိုတာ ဆက်စပ်မိလာသလိုပဲ။ စိတ်ထဲမှာ တမျိုးကြီးပဲ။ တကယ်တော့ စိတ်ဆိုးတုန်းပြောတဲ့ စကားကို မရည်ရွယ်မိပါဘူး။ ကြာလဲကြာခဲ့ပါပြီး။

ဒါပေမယ့် စိတ်မကောင်းခြင်း များစွာ ဖြစ်မိပါတယ်။ သူ့ကိုလဲ အမျှဝေပြီး ကောင်းရာမွန်ရာ ရောက်ဖို့ ဆုတောင်းပေးလိုက်ပါ့မယ်။







သူ့နဲ့ ဆုံခဲ့တဲ့အကြောင်းကို ကံအလှည့်ဆိုတာ ဆိုပြီး စာရေးခဲ့ဖူးပါတယ်။



ကျွန်တော် ဆိုက်ပရပ်စ်မှာ နေ တာ ကြာလာတာ နဲ့အမျှ ရခဲ့တဲ့ ဘဝပေးအတွေ့ အကြုံတွေက

အသက်နဲ့ မမျှပါလားလို့ တွေးမိတယ်... လှေခါးတစ်ဆင့်ကို လှမ်းတက်တိုင်းမှာလဲ လက်တန်းမပါလို့ ထိန်းပြီးတက်ရတယ်... တစ်ဆင့်ရောက်တိုင်းလဲ နှစ်ဆင့်သုံးဆင့်လောက်ကို ပြန်ပြုတ်ကျနေသလို ခံစားမိတယ်...တစ်ခါတစ်လေ အပေါ်အဆင့်မှာရှိနေတဲ့သူ က ခြေချော်သလို သရော်တာခံရသလို ..ကိုယ်အောက်အဆင့်က သူ က ကိုယ်ခြေကိုလှမ်းဆွဲပြီးခေါ်ပါ ဆိုတာမျိုးလဲရှိတယ်လေ.... သြော်..ဘာဖြစ်ဖြစ် .... ဒီလှေကားက ငါတက်မှဖြစ်မယ်ဆိုတဲ့မာန နဲ့ ဇွဲ လေး ကျန်သေးလို့သာ ဆက်တက်ဖြစ်နေတယ်....အနည်းဆုံးတော့ ..ကိုယ်လှမ်းမိတဲ့ အဆင့်ကို မကျိုးကျအောင်...မပြုတ်ကျရအောင်လုပ်နိုင်ရင်ဘဲ..အသက်ရှူ ချောင်လှပါပီ...





ငယ်ငယ်က သင်တဲ့မပုကြွယ်နဲ့ ခရုငယ်မှာ ခရုငယ်က ခြံတိုင်ထိပ်ကို ရောက်အောင်တက်နိုင်တာ ခရုငယ်မှာ သူ့ရဲ့ လုံ့လ အပြင် သဘာဝတရားက ပေးထားတဲ့ တိုင်ကို ကပ်နေနိုင်တဲ့ သဘာဝ အရည်ကြည်ကြောင့် လဲ ပါတယ်လို့တွေးမိတယ်... တစ်ချို့လူတွေမှာ ဒီလို သဘာဝတရားက ပေးတာကို မရတဲ့ လူတွေလဲရှိပါတယ်.....



“လုံ့လနဲ့ ကြိုးစားနေကြတာပဲ ..ဖြစ်မလာတာက ကံတရားပေါ့လို့” ပြော ကြတဲ့လူတွေကို “ကံဆိုတာအလုပ်လို့ ”ပြောကြတဲ့ လူတွေကဘယ်လို ဖြေရှင်းချက်များထပ်ပေးမှာလဲ....





ဘာပဲဖြစ်ဖြစ်လေ လူဆို တာ ကိုယ့်ယုံကြည်မှု့ နဲ့တော့ကိုယ်ရှိကြတာပဲ..ရည်မှန်းချက်တွေ အနာဂတ်တွေ ကို အမြဲတမ်းပုံဖော်မှန်းဆပြီးကြိုးစားနေကြတာပဲမဟုတ်လား.... ကံဆိုတာ အလုပ်ပါဆိုတာမျိုးပေါ့...

ကျွန်တော့်အတွက်တော့ အလုပ်ကြောင့်ဖြစ်လာတဲ့ကံက အကျိုးပေးတာလား.. ကံကြောင့်ဖြစ်လာတဲ့အလုပ်က အကျိုးပေးတာလားဆိုတာပြောပြချင်တယ်



လက သြဂုတ်လ ..



သြဂုတ်လဆိုတာ ကျွန်တော်နေတဲ့ ဆိုက်ပရပ်စ်မှာ အပူဆုံးလ..



နေ့အပူချိန်က (၄၀) ဒီဂရီလို့ကြေငြာပေမယ်...တကယ်ကျတော့ အပူချိန်က အနည်းဆုံး(၄၆) ဒီဂရီ မှာရှိတယ်လေ.. ဒါကြောင်ဒီနိုင်ငံကလူတွေက ဒီလတစ်လလုံး ကို “အားလပ်ရက်”အဖြစ်သတ်မှတ်ပြီး အလုပ်တွေ ကျောင်းတွေ အကုန်ရပ်ဆိုင်းကြတယ်...စားသောက်ဆိုင်တွေကလွဲလို့ ပေါ့...)



နေ့က သောကြာနေ့..



တစ်ယောက်ယောက် က ကျွန်တော့် တံခါးကိုခေါက်နေပါလားဆိုတဲ့ အသိစိတ် ဝင်လာပြီးကျွန်တော်နိုးလားတယ်... အချိန်ကိုကြည့်လိုက်တော့ မနက်(၈) နာရီ.. အားလပ်ရက်မို့ ညဉ့်နက်မှအိပ်ဖြစ်တော့ ထတာတောင် မူးနောက်နောက်နဲ့ အံ့သြမိတာက ဒီလို အချိန်ကျွန်တော့်ဆီကို ဘယ်ဧည့်သည်မှမလာဘူးတာပဲ... လာမယ်ဆိုရင်တောင်ဖုန်းလေးလှမ်းတောက်မှာ သေချတာ်တယ်...



တွေဝေ အံ့သြစိတ်နဲ့ တံခါးဖွင့်လိုက်တော့ ကျွန်တော် တခါမှမတွေ့ ဘူးတဲ့သူတစ်ယောက် စာအိတ်တစ်လုံးကိုင်ပြီး ရပ်နေတာကိုတွေ့တယ်... စာပို့သမားနဲ့ လဲမတူတဲ့ ဒီလူက ကျွန်တော်ကို “မင်းက စိန်လား” လို့ မေးတော့ ကျွန်တော်လဲ “ဟုတ်တယ်”လို့ ပြောပြောချင်း ကျွန်တော်ကို စာအိပ်လှမ်းပေးပြီးထွက်သွားတယ်... စာအိတ်ကိုအာရုံရောက်နေလို့ စာအိတ်ပေးသူကို ကျေးဇူးတင်ကြောင်းတောင်မပြောလိုက်ရဘူး...

ဘာကြောင့်လဲဆိုရင် စာအိတ်ပေါ်မှာ အင်္ဂလိပ်လို ရေးထားတဲ့စာကြောင့် စာအိတ်ယူလာသူ ဆီကိုအာရုံမရောက်နိုင်တာပါ..





စာအိတ်ပေါ်မှာရေးထားတာက



” စိန်



ယူရိုငွေသား (၂၅၀)



ကော့စတာစ်”



စာအိပ်ကိုဖွင့်ရင်းကျွန်တော်ပြုံးမိတယ်...စိတ်ကလည်းလွန်ခဲ့တဲ့ နှစ်ပတ် သြဂုတ်လ အစဆီကို ရောက်သွားတယ်..





........................................





သြဂုတ်လစစချင်းမနက်တစ်ခုမှာ ကျွန်တော်ဖုန်းမြည်လာလို့ လှမ်းကိုင်လိုက်တော့သူ က ကျွန်တော် အမြဲ ခြံသွားသွားရှင်းနေတဲ့ အိမ်က အိမ်ရှင် ဝမ်းကွဲ မောင်ရဲ့ သူငယ်ချင်း ပါ... နာမည်က ကော့စတာစ်ပါ ... ကျွန်တော့်ဖုန်းနံပတ်ကို သူ့ သူငယ်ချင်းဆီကရတာပါဆို ပြီးမိတ်ဆက်တယ်..



အကြောင်းအရင်းက သူ့အိမ်နောက်ဖေးက ဂိုဒေါင်လေးကို ဖြိုချင်လို့တဲ့… ပြီးတော့ သူ ဂရိကို ဟော်လီးဒေး မသွားခင်လဲ ပြီးချင်တယ်တဲ့ဆိုပြီး အလုပ်တစ်ခုအပ်တယ်လေ.. ကျွန်တော်က ဒီရောက်ကတည်း က လုပ်နိုင်တဲ့ အလုပ်မှန်သမျှ ငြင်းလေ့မရှိဘူး..ကျွန်တော် စားသောက်ဆိုင်မှာ အချိန်ပြည့် အလုပ်လုပ်ပေမယ့် အားရင်အားသလို အချိန်ပိုင်းအလုပ်ကို လုပ်နေတာ နေသားကျနေပါပြီး… အခုဟာကလဲ ကျောင်းပိတ်ရက်လည်းဖြစ်.. ပူတော့လဲ အချိန်ပိုင်းအလုပ်ရှားနေ ချိန်ဆိုတော့ လုပ်ဖို့ဆုံးဖြတ်လိုက်တယ်… သူ ကမလုပ်ခင်တစ်ရက် အိမ်ကိုလာကြည့်ပါ..ဘာလို လုပ်နိုင်တယ် ဘယ်နှရက်ကြာမလဲ… ဘယ်လောက်ယူမလဲ… ဆိုတာ ဈေးညှိချင်တယ်ဆို လို့ ကျွန်တော်လည်းသူလမ်းညွှန်တဲ့ လိပ်စာအတိုင်း ဆိုင်ကယ်နဲ့ သွားခဲ့တယ်...ကျွန်တော်နေတဲ့နေရာနဲ့ (၅)ပြန်စာလောက် ဝေးတဲ့ရွာလေးမှာ.. အိမ်ကိုတော်တော်လေး ရှာလိုက်ရတယ်.. ဖြိုမဲ့ ဂိုဒေါင်လေးကို ကြည့်လိုက်တော့ အိုနေပြီးဆိုပေမယ့် အုတ်တစ်ဝက် သစ်တစ်ဝက်နဲ့ ဆောက်ထားတာ... တော်တော်လေးဖြိုယူရမယ် တော်တော်လေးလဲရှင်းရမယ်ဆိုတာသိလိုက်တယ်...





ကျရောက်နေတဲ့ အပူချိန်ကို ရင်လေးမိပေမယ့် အားချိန်မှာ နားမနေချင်တာပေါင်းပြီး ဒီအလုပ်ကို လုပ်ဖို့ ဆုံးဖြတ်လိုက်တယ်.. သူ ဒီအလုပ်ကိုပေးတယ်ဆိုတာကလဲ သူတို့ နိုင်ငံသားအချင်းချင်း ခေါ်ခိုင်းမယ်ဆိုရင် ရက်ကကြာမယ်… ငွေပိုပေးရမယ်... စိတ်တိုင်းကျခိုင်းလို့ မရနိုင်ဘူးဆိုတော့ ကျွန်တော့်ကိုမြင်တာပေါ့... အမှန် ဒီ အလုပ်က လူ နှစ်ယောက်လုပ်မှ အဆင်ပြေနိုင်မယ့်အလုပ်မျိုး… တစ်ယောက်က ဖြို..တစ်ယောက်က ဖြိုထားသမျှကို ”စကစ်ပ်”လို့ ခါ်တဲ့ အမှိုက်ကားကြီးထဲ ထည့်ရမှာ.. ဒါပေမယ့် လူရှာရမယ်ဒုက္ခရယ်..ရလာရင်လည်းကိုယ့်ကို ဆရာလာလုပ်မယ့် အခြေအနေရယ်တွေးပြီး စိတ်အေးအေးနဲ့ တစ်ယောက်ဘဲလုပ်ဖို့ ဆုံးဖြတ်လိုက်တယ်..



သူ က ဘယ်လောက်ယူမလဲလို့ မေးတော့ ကျွန်တော် က ဖျက်တာက နှစ်ရက် သိမ်းတာ ကသုံးရက် လောက်.. တစ်ရက်ကို (၈) နာရီ လောက်လုပ် (၅၀)နှုန်းနဲ့ယူရင် (၅)ရက်ဆို (၂၅၀) တောင်းရင်ကောင်းမယ်လို့စိတ်က တွေးပြီး ”ငါ့ကို(၂၅၀) ပေး ရက်ကတော့ အနည်းဆုံး (၅) ရက်(၆)ရက် လောက်ကြာမယ် ဆိုတော့ သူ က သဘောတူပြီး သူ ဂရိမသွားခင်ပြီးရင် ကျေနပ်ကြောင်းပြောတယ်..



ဒီလိုနဲ့ နောက်နေ့မှာဘဲ ကျွန်တော်အလုပ်စတယ်.. သူ့ကို မနက် (၇) နာရီအလုပ်စမယ်ပြောထားပေမယ့် နေပူရင်မလုပ်နိုင်မှာစိုးတာနဲ့ မနက် (၄)နာရီ အိပ်ယာထ ..ဆိုင်ကယ်နဲ့ ဆို သူ ဆီ နာရီဝက်နီးပါး သူ့ဆီကို (၅)နာရီမထိုးခင် ရောက်အောင် သွားပြီးအလုပ်စတယ်.. အလုပ်ကိုလဲ ညနေ (၅) နာရီမှသိမ်း ပြီးစားသောက်ဆိုင်ကို အပြေးလစ်ရတယ်.. အချိန်ဆွဲ နားပြီးမလုပ်ချင်ဘူး … ပူမယ့်တူတူ အပူခံလိုက်မယ်.. အမောခံလိုက်မယ်… ပင်းပန်းနှုံးချိနေပေမယ့် ပြီးမှပဲပေါင်းနားတော့မယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်တာဆိုခဲ့တာ (၃)ရက်အတွင်းကို လက်စသတ်နိုင်တယ်... မောလိုက်တာ..ပင်ပန်းတာ တွေ အပြင် လက်တွေလဲ စုတ်ပြတ်သတ်လို့ ပေါက်ပြဲ လူက လည်းအပူရှိန်နဲ့ ပိန်ချောက်နေတဲ့ မျောက်အိုကြီး နေလောင်ထားတဲ့ရုပ်ထွက်လာတယ်..ဒါပေမယ့် ကျွန်တော်ထင်ထားတဲ့ ရက်ထက်စောပြီးလို့ ကိုယ်ကို ကိုယ် ငါတယ်လုပ်နိုင်ပါလား ဆိုပြီးဂုဏ်ယူကျေနပ်မိတယ်... (ကျွန်တော့်စားသောက်ဆိုင်က သူဌေးမိန်းမဆို သနားလို့ငိုသေးတယ်)



နောက်နေ့ ကျွန်တော်သူ့ ဆီကိုသွားပြီး ပိုက်ဆံသွားတောင်းတော့သူ အိမ်မှာမရှိဘူး… ကျွန်တော်လာမယ် ဆိုတာဖုန်းကြိုဆက်ပြီးသား…ဒီခရီးက ဝေးတယ် ပြီးတော့ (၃)နာရီ်ကျော်ကျော် သူ့ အိမ်ရှေ့မှာထိုင်စောင့်နေရတယ်… “ရောက်လာတော့လဲ ခဏစောင့်ဦး… ဘဏ်သွားပြီးငွေထုတ်ရမယ်”ဆို လို့ နောက်တစ်နာရီထပ်စောင့်လိုက်ရတယ်... ဖုန်းခေါ်တော့လဲ မဖြေပြန်ဘူး.. ပြန်လာတော့ကျွန်တော့ကို ပေးတာ က (၁၅၀)ယူရို..သူ့မျက်နှာကို ကြည့်ပြီးနောက်ထပ်(၁၀၀) ကိုတောင်းတော့သူ က



“နင်လုပ်တာက (၃)ရက် ပဲ ..နင်ပြောတော့ (၂၅၀) ကို (၅)ရက် အခု နင်က (၃)ရက်ပဲလုပ်တော့ (၁၅၀)ပေါ့...ဒီပိုက်ဆံက နင့်အတွက်များပါသေးတယ်.. နင်တို့ဒီလို လိုလွယ်လွယ်ရလို့ လောဘတက်နေတာ..သွားသွား..ပြန်တော့” လို့ ပြောတယ်လေ... ကျွန်တော် တော်တော်လေး စိတ်ဓာတ်ကျပြီး ဝမ်းနည်းသွားတယ်... ပင်ပင်ပန်းပန်း ကြိုးစားခဲ့တာ အခုသူ က ဒီလို တွက်ပြီးပေးတယ်... ကျွန်တော်တို့က နေ့ စားအနေနဲ့သဘောတူထားတာမှမဟုတ်တာ... ပုတ်ပြတ် ပြောထားတာပဲ... ကျွန်တော်က “ဘာဖြစ်ဖြစ်နင်နဲ့ငါက (၂၅၀) နဲ့ သဘောတူထားတာ ငါဘယ်လောက် ပင်ပန်းလဲဆိုတာ နင်လဲမြင်တယ်လေ..နင်ငါ့ကို ပေးသင့်ပါတယ်..ငါ့မှာမိုးလင်းကနေ မိုးချုပ် နားချင်တောင်မနားပဲ ပြီးချင်ဇောနဲ့ ကြိုးစားလိုက်ရတာ … နင်တခြားလူကိုခိုင်းရင် ငါ့ကို ပေးတာထက်နင်ပိုပေးမယ်ဆိုတာသိရက်သားနဲ့ နင်အတွက်ဒီငွေကလည်း နင်ပေးနိုင်လို့သဘောတူထားတာ” ဆိုတော့ သူ က“ဒါဆို နင်က ဘာလုပ်ချင်လဲ ရဲ ခေါ်ချင်လား ခေါ်..သတ်ချင်လား… လာသတ် ငါကနင့်လိုကောင်ကို ဂရုစိုက်မယ်ထင်လား ရီစရာကြီး” ဆိုပြီးရယ်နေလိုက်တာဗျာ..



စိတ်လဲပျက် စိတ်လဲတို ဒေါသထွက်လာတဲ့ကျွန်တော်က“အေး ကောင်းပြီး… နင့်ကို ငါဘာမှမလုပ်ဘူး..ရဲခေါ်ရလောက်အောင်လဲ ဒီကိစ္စက သေးသေးလေး… သတ်ရလောက်အောင်လဲ ငွေကမများဘူး..ဒါပေမယ့်..နင်သိထားဖို့ က နင့်စိတ်ကိုငါသတ်နိုင်တယ်… နင်ငါ့ကိုအထင်သေးတယ်… စိတ်ပျက်စိတ်ဆိုးအောင်လုပ်တယ်… ရော့ နင်ပေးတဲ့ပိုက်ဆံကိုနင်ပြန်ယူ..နင့်အတွက်ငါပြန်ပေးခဲ့တယ်...အမှတ်တရပေါ့..ငါလဲမလိုချင်တော့ဘူး… ဒါပေမယ့်တနေ့နေ့မှာ နင်က ဆိုးဆိုးရွားရွား ဝေဒနာတစ်ခုမဟုတ်တစ်ခု ဒါမှမဟုတ်ရင် အခက်အခက်တစ်ခု ခံစားရလိမ့်မယ်… ခံစားရတိုင်းလဲ ငါလုပ်နေတာပါဆိုတာအမှတ်ရပါ… နင့်ကို ဒီနည်းနဲ့ သတ်မှာ… ဒါကငါရဲ့ကလဲစားပါ... နင့်ကြောင့်လဲမဟုတ်ဘူး… ငါကြောင့်လဲမဟုတ်ဘူးနော်.. နင်ငါ့ကိုပေးခဲ့တဲ့ သင်ခန်းစာကြောင့်..ကျေးဇူးတင်ပါတယ်“ဆိုပြီး သူ့ ပိုက်ဆံကိုပေးပြီး ကျွန်တော်ပြန်လာခဲ့တယ်..



ကျွန်တော်ခြံရှင်းနေကျ အိမ်ရှင်ကိုပြောပြတော့သူ က ပိုက်ဆံအစား ထိုးပေးပေမယ့် ကျွန်တော်လက်မခံခဲ့ဘူး… တစ်ပတ်လောက်ကြာတော့လဲ တခြားအလုပ်တွေနဲ့ ပုံမှန်လည်ပတ်သွားတယ် ဆိုတော့ မေ့သွားသလောက်ြ ဖစ်နေပါပြီး..

စိတ်ဆိုးတုန်းမို့ ပြောချင်ရာပြောခဲ့ပေမယ့် သူ့ ကိုဘာတွေပြောခဲ့တယ်ဆိုတာ မမှတ်မိဘူး.. အခုဒီစာကိုဖတ်ရင်းနဲ့ မှကျွန်တော့်သူ့ ကို ဘာတွေပြောခဲ့သလဲဆိုတာ သတိပြန်ရလာတာ..

သူရေးတဲ့စာက



”စိန်



နေကောင်းရဲ့လား....

ပထမဆုံးအနေနဲ့ ငါပြောခဲ့သမျှကိုတောင်းပန်ပါတယ်..ပြီးရင်အခုစာအိပ်နဲ့ ထည့်ပေးလိုက်တဲ့ နင့်လုပ်အားခကို လက်ခံပေးပါ… ငါ့ကိုကျိန်ခဲ့ တာတွေကိုလဲ ချေပေး ပါ.... ငါဂရိကို ဟော်လီးဒေးသွား ကတည်းက စ ပြီးဖျားတယ်.. ငါမရှိတုန်းအိမ်မှာလဲ လျှပ်စစ်မီးက ရှော့ဖြစ်တယ်...နေမကောင်းလို့ ပြန်လာတော့လဲ ရှော့ဖြစ်ထားတာမသိဘဲ မိုက်ခရိုဝေ့ကို သုံးမိလို့ ငါမီးဖိုချောင်မီးလောင်တယ်… တစ်ခုချင်းစီသာ ချပြောရရင် အများကြီး… တော်တော်လေး ဒုက္ခရောက်တယ်.. နင်လုပ်တာမဟုတ်ဘူး ဆိုတာသိနေ ပေမယ့် နင်ပြောခဲ့သလို တစ်ခုခုဖြစ်တိုင်းမှာ နင့်ကို အမှတ်ရနေတယ်… ငါအတွက်မကောင်းဘူး..မှားခဲ့သမျှတောင်းပန်ပါတယ်… ငွေနဲ့ စာကိုရပြီးရင်ငါ့ကို ခွင့်လွှတ်ပေးပြီး နင်ထားခဲ့တဲ့ကလဲ့စားကို ဖျက်ပေးပါ..ကျေးဇူးတင်ပါတယ်..

ကော့စတာစ်



စာကို အကြိမ်ပေါင်းမနည်းဖတ်မိနေတယ်..ကိုင်ထားတဲ့ပိုက်ဆံကိုလဲ လက်ထဲမှာပွတ်သတ်နေမိတယ်… အခုကျွန်တော်ပြုံးနေမိတယ်… ဒါကတော့ သူအရင်ကတည်းက လုပ်သင့်လုပ်ထိုက်တာနဲ့ ကျွန်တော်ရသင့်ရထိုက်တာပါ… သူ့ ကိုကျွန်တော်စိတ်ဆိုးဆိုးနဲ့ဒေါသရှေ့ ထားပြောခဲ့မိပေမယ့် သူ့ အတွက် တစ်ခုခုပြန်လုပ်ဖို့ ကျွန်တော်မှာ မကောင်းတဲ့ စိတ်မထားမိခဲ့ဘူး..





ကျွန်တော် စာဖတ်ပြီး ကောင်းကောင်းသိလိုက်တာက မြတ်ဘုရားကိုယ်တော်တိုင် ကျွန်တော့်အတွက် ပြုံးနေမယ်ဆိုတာပါဘဲ...



ခင်မင်လေးစားစွာဖြင့်



ဖိုးစိန်

Comments

ဖတ်ရင်းနဲ့ကြောက်လိုက်တာ
khin oo may said…
အဲသည်အချိန်မှာ နင့်ကို ငါခွင့်လွတ်ပါတယ်လို့ မပြောခဲ့မိဘူးလား ။ သူတောင်းပန်ခဲ့တဲ့အချိန်မှာ..
အော်..ဒီခေတ်ထဲမှာလည်း ကျိန်စာဆိုတာရှိသေးတယ်လား။း))

Popular Posts