ပြောင်းလဲမှု ၃ တစ်

ဘာလိုလိုနဲ့ အသက်(၃၀)ကျော်သွားပြန်ပြီး။ နောက်နှစ်တွေမှာ စိန့် အသက် ဘယ်လောက်လဲမေးရင် သုံးဆယ်ကျော်လို့ နောက်ထပ် ၉နှစ် ဆယ်နှစ်လောက်ထပ်ဖြေလို့ရသေးတယ်။ ဒါပေမယ့် လူတိုင်းက ကိုယ့်ကိုယ် အသက် ၂၀ ကျော်လောက်ပဲ ထင်နေတာ။ ဒါလဲ ဘုရားပေးတဲ့ကုသိုလ်.. ကိုယ့်ကုသိုလ်ပေါ့။ ကိုယ့်ကိုယ်ကိုယ် ပြန်ဆန်းစစ်ရင်တော့ အသက်ရလာလေ ပိုချော ပိုခန့်လာလေလို့ ခံစားရတယ်။ ဘယ်သူပြောပြော မပြောပြော ကိုယ့်ကိုယ်ကိုယ်တော့ မှန်ကြည့်ပြီး အမြဲပြောလေ့ရှိတယ်။ အဓိကက ကိုယ်တိုင်စိတ်ချမ်းသာနေဖို့ပဲ မဟုတ်လား။




အသက်(၃၀)မှာ ဘာတွေ မယ်မယ်ရရ လုပ်ဖြစ်သလဲမေးရင် လုပ်ဖြစ်ပါတယ်။ ဘဝမျိုးစုံ၊ အတွေ့ အကြုံမျိုးစုံနဲ့ တခြားလူ မကြုံဖူးတာ အကုန်ကြုံရ လုပ်ရပါတယ်။ မင်းသားမင်းသမီးတွေက ရုပ်ရှင်တွေ၊ ပြဇာတ်တွေထဲမှာပဲ သရုပ်ဆောင်ရတယ်။ ကိုယ်တိုင်ကတော့ ငယ်ငယ်ကတည်းက ခုထိ လုပ်ခဲ့ရတဲ့ အလုပ် အစုံပါပဲ။ စားပွဲထိုး၊ ခြံရှင်း၊ အိမ်ရှင်း၊ ဆေးသုတ်၊ မြက်နှုတ်၊ ချက်ပြုတ်၊ လူအိုကြည့်၊ ရုံးတက်၊ အုတ်ဂူရှင်း စတဲ့ စသဖြင့် အလုပ်တွေကို လက်မလည်အောင် ဘဝစုံအောင် လုပ်ခဲ့ရပါတယ်။ အတွေ့ အကြုံ ရသလို ဘဝလဲ နာခဲ့ရပါတယ်။ ဒီလိုဘဝနာတိုင်း မှန်ကြည့်ပြီး ခဏခဏ ငိုရတာလဲ အမော။ မှန်ကြည့် ငိုတယ်ဆိုတာကလည့် ကိုယ့်ကို သနားမယ့်သူ မရှိလို့ ကိုယ်ငိုတာကိုယ်ကြည့်ပြီး ကိုယ့်ကိုယ်ကိုယ် ပြန်သနားတာပါ။




ဘာဖြစ်ဖြစ် ကိုယ်တွေက လက်ချလ်မီး မျိုးဆက်လို့ ပြောရအောင် လက်မလည်အောင် လုပ်ခဲ့ရပါတယ်။ ဘာတွေ အဖတ်တင်လဲ မေးရင်တော့ ကိုယ့်ကိုယ်ကိုယ် လူမွေး သူမွေး ပြောင်အောင် နေနိုင်နေသေးတာ အဖတ်တင်ပါတယ်။ ဖွားဖက်တော်ကို မပေါ်ရုံ လုံအောင် ဖုံးနိုင်ရုံတင်မကဘူး၊ တန်ဆာအမျိုးမျိုးကို ဆင်နိုင်ပါသေးတယ်။ ဘယ်လို တန်ဆာလဲ ဆိုတာတော့ စိတ်ဝင်စားအောင် ပြောလို့မရဘူး။ တော်ကြာ အမြစ်ပါ ဖြုတ်ယူသွားမယ် သူတွေ ရှိနေလို့ပါ။




ကျန်းမာရေး အားဖြင့်တော့ ငါးရံ့ ငါးခူ ရောင်းတဲ့ ငါးစိမ်သည် ဝင်စားသူပီပီ ဒီဘဝမှာ ခံနေရတဲ့ ခေါင်းကိုက်ဝေဒနာကတော့ တခါတခါ ငါးပြေးမ ဆားထိသလို တွန့်လိမ်ကောက်ကွေးနေအောင် ကိုက်တတ်ပါတယ်။ ဒီဝေဒနာတွေနဲ့ ကိုယ်တိုင်တတ်မြောက်ထားတဲ့ မကြားမမြင် ရမ်းသန်းဗေဒင်အရ အသက်(၃၅)နှစ်မှာ သေနိုင်တယ်လို့ လူကြားသူကြား တွက်ချက်မိတော့ ဝမ်းနည်းပက်လက်နဲ့ အဝတ်အစားလုတဲ့သူတွေ၊ အမွေလုတဲ့သူတွေနဲ့ ချက်ခြင်းစည်းကားသွားတဲ့ အပြင် မရသေးတာကို အဝေမတည့်တာနဲ့ စကားများ စိတ်ကောက်ကြတာကိုလဲ ဆုံရပြန်တယ်။ ကိုယ်ဆော့မိတဲ့ ပါးစပ်နဲ့ အသက်(၃၅)နှစ်မှာ သေမယ်ပြောမိလို့ ကိုယ့်ကိုယူမယ်လို့ ပြောထားတဲ့ ချစ်သူလဲ ကလေးတွဲလောင်းနဲ့ မုဆိုးအဖြစ်မခံနိုင်ဘူးဆိုပြီး အကြောက်အကန် ငြင်းတာကိုလဲ ခံလိုက်ရပါတယ်။ ကိုယ့်ကိုယ်ကိုယ် တနေ့ တခြားချောလာတယ် ပြောမိတော့လဲ အားရပါးရထောက်ခံကြပြန်သေးတယ်။ “သေပန်း ပွင့်တာပါတဲ့ “။ ကဲ….




ဆိုက်ပရပ်စ် ရောက်တဲ့ အချိန်နဲ့ စကာၤပူရောက်တဲ့ အချိန်ကို နှိုင်းယှဉ်လိုက်ရင်တော့ ဒီနှစ်က ကိုယ့်အတွက်ကောင်းပါတယ်။ ရုံးတက် ကလေး(သူဌေး) ထိန်း ရတာက လွဲလို့ပေါ့။ ကိုယ်ဝါသနာပါတဲ့ အလုပ်ကို လုပ်ရတယ်။ ကိုယ်ရုံးတက်ချင်တဲ့ပုံစံ အတိုင်းတက်ရတယ်။ ကိုယ့်နားမှာ ကိုယ့်ကို အားပေးမယ်သူရှိတယ်။ ကိုယ့်ကို ချစ်တဲ့သူတွေရှိတယ်။ အမြင်ကတ်တာရော၊ အမြင်မကတ်တာရောပေါ့။ ကိုယ့်ကိုဖေးမမယ်သူရှိတယ်။ကိုယ်ဘယ်လို ရန်ရှာရှာ ကိုယ့်ကို ချစ်တဲ့သူရှိတယ်။ ရုံးရောက်တော့လဲ ကိုယ့်နဲ့ တူတူအလုပ်လုပ်တဲ့ သူတွေက ကိုယ့်ကို ချစ်ကြတယ်။ အရေးပေးကြတယ်။ ခင်ကြတယ်။ ကိုယ်ပြောရင်ပြီးတယ်။ အဟမ်း.. ရုံးမှာက ကိုယ်အပါအဝင် လေးယောက်ပဲ ရှိတာပါ။




ဒီအတွက် စင်္ကာပူကို အလည်ခေါ်တဲ့သူရော၊ စကာၤပူမှာ နေအောင် အတင်းတိုက်တွန်းခဲ့တဲ့ မောင်နှမတွေ ရော ကျေးဇူးတင်ပါတယ်။ စင်္ကာပူမှာ နေရတာ ကျေနပ်တဲ့ထဲမှာ ဒါလဲပါတယ်။ မဟုတ်တာလဲ မလုပ်။ ဟုတ်တာလဲ မလုပ်။ လုပ်တာတွေလဲ တခု မှ မဟုတ်ဘဲ တနှစ်နဲ့ တနှစ် အပြောင်းအလဲမှာတော့ ဒီနှစ်က ကျေနပ်စရာကောင်းပါတယ်။




ဒီနှစ်အတွက် အချစ်ရေးလား… ကိုယ့်က(၃၅)နှစ်မှာ သေမယ်ပြောလို့ ကိုယ့်ရည်းစားက ယူဖို့ကို ရီဂျက်လုပ်ထားတယ်။ ငါမရှိတဲ့ နောက်ပိုင်း ငါ့အစားထိုးပေးမယ် လို ဒစ်စကောင့် ပေးပြီး သဘောထား ကြီးပြတာတောင် ဘူး ဆိုတာချည်းပဲ။ ကဲ.. တော်ပါပြီး… အပီလက်တာ မတင်တော့ဘူး။ သူလဲ ဒိတ်အောက်နေပြီး။ နှစ်လဲ ဆယ်နှစ်ကျော် ကြာနေပြီး။ ဒီလောက်ဆို တော်သင့်ပြီးလို့ ကိုယ့်ကိုယ်ကိုယ်လဲ ထင်ပါတယ်။ ကိုယ် ရီဂျက်လုပ်တာတွေလဲ နည်းနည်းနောနော မဟုတ်ဘူး။ လမ်းတွေ့တိုင်း စိတ်နဲ့ မတွေ့ရင် ခရော့စ် ပဲ။ ဒီတော့ ဒီနှစ်ထဲမှာ အသစ်ကလေးနဲ့ လှုပ်ရှားမယ် စိတ်ကူးတယ်။ နီးနီးနားနား  ရုံးက တယောက်ကို ရေလာမြောင်းပေးလုပ်ထားတယ်။ သူက မြောင်းက ဖောက်နေပြီး။ ကိုယ့်ရေက နည်းနေသေးတယ်။ ဒီလိုပြောရတာကလဲ တော်ကြာ ဒီအရွယ် ရီးစားမရှိလို့ ကိုယ့်ကို လူပျိုကြီးလို့ လာခေါ်မှာ ကြောက်လို့ ကိုယ့်နည်းကိုယ်ဟန်နဲ့ ဟန်ကို့ဖို့ ဆိုတာမျိုး ရှင်းပြရသေးတယ်။ ဒါကလဲ လူပျိုကြီးစရင်း ဝင်သူတိုင်း ပေးနေကျ အကြောင်းပြချက်တွေ။ တကယ်တော့ ကိုယ့်ရေက ထွက်လို့ကို မရသေးတာ။




ဒီနှစ်မွေးနေ့မှာ ဘာလိုချင်လဲ မေးရင်တော့ လက်ရော ခြေရော ချိုးလို့ မလောက်ပါဘူး။ အနည်းဆုံးလိုချင်တာလေးတွေ ဖဘနဲ့ ဂျီတော့မှာ တင်လိုက်မှပဲ မိတ်ပျက်သွားတယ်။ တော်ရုံတန်ရုံ ကော့မန့်ရေး လိုက်ခ် လုပ်တဲ့ သူတွေတောင် လုပ်ချင်ရက် လက်တို့နဲ့ ပြန်သွားကြတယ်။ ဒါကလည်း စေတနာပါ။ တော်ကြာ ပေးချင်ရက်နဲ့ ဘာပေးရကောင်းမလဲ၊ စိန်ဘာကြိုက်တတ်မှန်းမသိလို့ ဆိုတာမျိုး ဆင်ခြေမပေးနိုင် ရအောင် ကြိုက်တတ်တာလေးတွေ တင်လိုက်တာပဲ။ ပေးတာမပေးတာကတော့ ပေးသူအပိုင်း။ လိုချင်တာပြောတာနဲ့ မျှော် တာကတော့ မွေးနေ့ ရှင်အပိုင်း။ ဒီတော့ကာ ခုထိတော့ လိုချင်တာ မရသေး။




ဒီနှစ်မှာတော့ ဦးဦးဖျားဖျား မွေးနေ့လက်ဆောင်ကို ချစ်မကြီးနော် ဆီက ရပါတယ်။ မပုံ့ (DOZO) ဒီဇိုင်နာရဲ့ အကျီပါ။ ဒုတိယ လက်ဆောင်က ချစ်သူငယ်ချင်း ငလင်းဆီက အကျီပါ။ ရရချင်း ရုံးဝတ်သွားလို့ သူဌေး ဖောအင်လပ် ဖြစ်သွားတဲ့ အကျီပါ။ လူကိုမဟုတ်ဘူးနော်။ အကျီ။ တတိယ လက်ဆောင်က ကဗျာဆရာမ ချောချောလှလှ မမဒါ ရဲ့ မွေးနေ့လက်ဆောင်ပါ။ LEVI’S ဘောင်းဘီပါ။ လောလောဆယ် ဆိုင်မှာပဲ ရှိပါသေးတယ်။ ကျန်တဲ့လက်ဆောင်တွေကိုလဲ မျှော်နေပါသေးတယ်။ ဘယ်သူများဘာများပေးမလဲ လို့ပါ။ ရရမရရ ရင်ခုန်ရတာကိုက အမြတ်ပေါ့။


ဒီနေ့တော့ ရုံးမှာ သူဌေးက မွေးနေ့ စပရိုက် ဆဲဗင်းအပ် လုပ်ပါတယ်။ နေ့လည်ကိုယ့်ကို အပြင်ခိုင်းပါတယ်။ သူဌေးကတော့ ရုံးနောက်ခန်းမှာ ကိတ်မုန့်တွေပြင် ဝိုင်တွေပြင်ပြီး ကိုယ်ပြန်ရောက်လာတော့ တံခါးဝမှာ ကိတ်မုန့်လေးကိုင်ပြီး စောင့်နေပါတယ်။ ပြီးတော့ ဝိုင်သောက်ပြီး စကားပြောတယ်။ သူဌေးက သီချင်းဆိုပြီး ကပြပါတယ်။ ဝိုင်တခွက်လောက်နဲ့ မျက်နှာတခုလုံး ပန်းသီးကြီးလို နီတွတ်နေပါတယ်။ ပြီးတာ့ ကွန်ဖန်မေးရှင်းလက်တာ ထပ်ပေးပါတယ်။ တကယ်တော့ ကိုယ် ရီဆိုင်းတင်ထားတာတောင် မေ့နေတာ။ ဒီနေ့တော့ ပျော်နေတဲ့ သူဌေးကို ကြည့်ပြီး အားနာ သနားမိပါတယ်။ အလုပ်ဆက်လုပ်မယ် ဆိုတာလဲ မွေးနေ့ စကားပြောလိုက်ပါတယ်။ ရုံးကဝန်ထမ်းတွေ ကိုယ့်ကိုချစ်ကြတဲ့ အတွက် အရမ်းကို ကျေနပ်ပါတယ်။




ဘာပဲပြောပြော ဒီနှစ်က အရင်နှစ်ထက်စာရင် ကျေနပ်စရာကောင်းပါတယ်။ အမိမြေကိုပြန်ရတယ်။ လုပ်ချင်တဲ့ အလုပ်လုပ်ရတယ်။ မိဘတွေ မောင်နှမတွေကို ကျမ်းကျမ်းမာမာနဲ့ ပျော်ပျော်ရွင်ရွင်တွေ့ခဲ့ရတယ်။ ကိုယ့်အနားမှာ ကိုယ်ချစ်တဲ့သူတွေနဲ့ နေရတယ်။ စိတ်ချမ်းချမ်းသာသာနဲ့ အိမ်အကျယ်ကြီးမှာ ချစ်တဲ့ မောင်နှမတွေရဲ့ ချီးပေါက်သံတွေကြား ပျော်ရွှင်စွာနေရတယ်။ ရုံးကလူတွေနဲ့ တွဲလုပ်ရတာပျော်စရာကောင်းတယ်။ လိုနေတာ…ကတော့…. ၁၅၀၀ အချစ်ပေါ့။




လာဘ်ဝင်တဲ့ နှစ်မှာ စုတ်လဲ ဝင်ပါစေလို့ ဘုရားမှာ ဖင်ဘူးတောင်း ထောင်အောင် ဆုတောင်းရင်း…


အားလုံးကျမ်းမာချမ်းသာကြပါစေလို့။


ချစ်ခင်လေးစားစွာဖြင့်


ဖိုးစိန်


Comments

WWKM said…
HAPPY BIRTHDAY ပါ ဖိုးစိန်ရေ..
ဖိုးစိန်မွေးနေ့ မကြီးဝါ မသိလိုက်ဖူးရယ်.
Myagreen said…
Happy Birthday!
Anonymous said…
Happy Birthday to you!
Happy Belated Birthday!!!!
Always enjoy reading your posts and feel "Shame on Me" for being a lazybones.
မွေးနေ့ဆုတောင်းက နောက်ကျနေပြီထင်ပါရဲ့ ဒါပေမယ့်လည်း လမကုန်သေးတော့ မှီသေးတယ်ထင်တာပဲ။ သက်ရှည် ကျန်းမာပြီး မိဘကို ပြည့်စုံစွာ လုပ်ကျွေးခွင့်ရတဲ့ သားရတနာ တစ်ယောက်ဖြစ်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။

Popular Posts