Sunday, 26 April 2009

ဘဝခရီးဆုံးထိ


ကျနော်ပြီးခဲ့တဲ့တနင်္ဂနွေနေ့ကကျင်းပခဲ့တဲ့ပထမဆုံးအကြိမ်ဆိုက်ပရပ်စ်သင်္ကြန်ကြီးကအရမ်းကိုအောင်မြင်စွာနဲ့ပြီးဆုံးခဲ့သလို
အားလုံးပျော်ခဲ့တဲ့ပွဲလဲဖြစ်ခဲ့ပါတယ် ကူညီအားပေးခဲ့တဲ့ကျနော့်ဘလော့ဂါညီအကိုမောင်နှမများကိုအထူးကျေးဇူးတင်ရှိပါတယ်
အထူးသဖြင့်ကျနော့်နဲ့အတူအပင်ပန်းခံငွေကုန်ကျခံဒုက္ခခံကူညီခဲ့တဲ့ကျနော့်ရဲ့ဘော်ဒါကြီးနေညိုရင့်ကိုလဲအထူးကျေးဇူးတင်
အားနာလှပါတယ် ကျနော်ပျောက်နေတဲ့တစ်ပတ်အတွင်းမှာစိတ်ပူသတင်းမေး မေးလ်ပို့ခဲ့တဲ့အတွက်ကျနော့်ညီလေးအကိုညီမ
အမများကိုလဲအထူးပင်ကျေနပ်ပီတိဖြစ်စွာကျေးဇူးတင်ရှိသလို အိမ်လာလည်ပြီးစိတ်ပူကြတဲ့သူများကိုလဲအထူးပင်လေးစာပီတိ
ကျေးဇူးတင်မိပါတယ်ဗျာ
ကျနော်ပြီးခဲ့တဲ့တနင်္ဂနွေနေ့ကဖုန်းတစ်ခုလက်ခံရရှိခဲ့ပါတယ် ကျနော်တို့နိုင်ငံမှာနေတဲ့တောင်ပေါ်မြို့လေးက
အသက်၅၅နှစ်လောက်ရှိမယ့်အဒေါ်ကြီးတစ်ယောက်ကဖုန်းခေါ်တာပါ ခေါ်ရတဲ့အကြောင်းအရင်းကသူနေတဲ့တိုက်အသစ်ကိုဆေးသုတ်ချင်လို့ပါတဲ့ဒါပေမယ့်ကျနော်နေတဲ့မြို့နဲ့ကီလို၁၀၀ဝေးတဲ့တောင်ပေါ်မြို့လေးပါ
ဒီအချိန်ကကျနော်တို့ဆီမှာသူတို့ခရစ်ယာန်ဘာသာဝင်တွေရဲ့အီစတာပိတ်ရက်နဲ့ဆုံတာရယ်ကျနော်အလုပ်လုပ်တဲ့စားသောက်ဆိုင်ကပိတ်တာ
ရယ်ကြောင့်ကျနော်အလုပ်လုပ်ဖို့လက်ခံပြီးတနလာင်္နေ့မှာပဲအထုတ်အပိုးပြင်တောင်ပေါ်မြို့လေးဆီကိုအလုပ်လုပ်ဖို့ချီတက်ခဲ့တာပေါ့

ကျနော်ဆေးသုတ်ခဲ့တဲ့အိမ်ပါ အားတုန်းလေးဓာတ်ပုံရိုက်ထားတာဝတ်ထားတဲ့အကျီနဲ့ဆေးသုတ်တာငါးနှစ်တောင်ရှိတော့မယ်
အမေမွေးနေ့လက်ဆောင်ပေးထားတာ ကံကောင်းတဲ့အကျီလဲဖြစ်ပါတယ်



ကျနော့်တစ်ယောက်တည်းပါ
ကျနော်ဆိုက်ပရပ်စ်ရောက်ကတည်းကလုပ်ခဲ့ရတဲ့အလုပ်တွေထဲမှာအနှစ်သက်ဆုံးအလုပ်တစ်ခုရှိပါတယ်
အဲဒါကတော့ဆေးသုတ်တဲ့အလုပ်ပါပဲ ဆေးသုတ်တဲ့အလုပ်ကစိတ်ငြိမ်သလို စိတ်အေးချမ်းတဲ့အလုပ်တစ်ခုပါ
ဒါကတော့ကျနော်ကြိုက်တဲ့အလုပ်လို့ပြောမယ်ဆိုရင်လဲပြောလို့ရတယ်ပေါ့ များသေားအားဖြင့်တစ်ယောက်တည်းလုပ်တဲ့အတွက်
ဘယ်သူကိုမှအားမနာရမကြောက်ရတဲ့အလုပ် စိတ်ရှိတိုင်း(စိတ်ညစ်တိုင်း)သီချင်းတွေအကျယ်ကြီးအော်ဆိုလို့စိတ်ဖြေလို့ရတဲ့အလုပ်
လို့မှတ်ယူထားပါတယ် ပျော်လဲပျော်ပါတယ် တစ်ယောက်တည်းတွေးချင်တာတွေးပြီး စိတ်ရှိတိုင်းအလှဆင်လို့ရတဲ့အလုပ်ပါ
ဘဝကိုအေးအေးဆေးဆေးဖြတ်သန်းရသလိုပေါ့ ကိုယ့်ကိုအော်မယ့်သူမရှိဘူး ကိုယ်ပဲဆရာကိုယ်ပဲတပည့်ဆိုတော့
ဒါကလဲဘဝပဲလေ လွန်ခဲ့တဲ့ငါးနှစ်လောက်တုန်းကဆိုကျနော့်ဘဝမှာဒါမျိုးတွေလုပ်ရမယ်ဆိုတာအိမ်မက်တောင်မက်ဖူးတာမဟုတ်ဘူး
တစ်ခါတစ်လေအဖေကကားပြင်စက်နှိုးလုပ်လို့ကူဖို့ခေါ်တာတောင်”ကျနော်ကဒါမျိုးတွေလုပ်မှာမဟုတ်ဘူး ဘောပင်ကိုင်ပြီးကုလားထိုင်မှာထိုင်မယ့်ကောင်ပါ”လို့အဖေ့ကိုစသလိုနောက်သလိုနဲ့ပြောခဲ့သေးတယ်
အဖေကိုယ်တိုင်က
”အေးကွာအနေကြီးတဲ့ငါ့သားကိုအဲဒီလိုလေးပဲမြင်ချင်ပါတယ်သားပုံစံနဲ့လဲဒီလိုအလုပ်နဲ့ဖြစ်မှာမဟုတ်ပါဘူး
ကုလားထိုင်မှာထိုင်နိုင်အောင်သာကြိုးစား”ဆိုပြီး
အားပေးခဲ့တာပါ အခုတော့လဲဖြစ်ရာဘဝမှာကျရာနေတတ်အောင်ကြိုးစားနေခဲ့ရပါတယ် ဒီအတွက်လဲဝမ်းမနည်းပါဘူး ကိုယ်လုပ်နိုင်တာကိုဂုဏ်ယူပီတိဖြစ်နေတတ်ပါပြီး ဘဝဆိုတာကိုယ်ထင်သလိုဖြစ်မလာသလိုကံကလဲလိုသေးတယ်မဟုတ်လား
ကြိုးစားခဲ့ပါတယ် ရသင့်သလောက်တော့ရခဲ့ပါတယ် ပါရမီနည်းတော့လည်းဖြစ်ချင်သလိုမဖြစ်လာတော့ ဖြစ်နေတဲ့ဘဝမှာလက်တွေကျအောင်နေတတ်ဖို့ကြိုးစားနေခဲ့ပါတယ် ကျနော့်နဲ့ရွယ်တူတွေဘောပင်ကိုင်ခုံပေါ်ထိုင်နိုင်တာကိုအားကြအတုယူမိပါတယ် မကြိုးစားလို့မဖြစ်လာတာမှမဟုတ်တာဆိုတော့ဖြစ်လာတဲ့ဘဝကိုယူတတ်အောင်တော့ကြိုးစားနေဆဲပါ
တစ်ခါတစ်လေမိုက်ရူးရဲစဉ်းစားမိပါတယ်(ဒီစရောက်ခါစတုန်းကပေါ့)”သြော်ငါ့မိဘတွေများချမ်းသာလို့ရှိရင် အရာရှိသားသမီးများဖြစ်ခဲ့ရင်ငါဒီလိုဖြစ်ချင်မှဖြစ်မှာ”လို့
ဒါပေမယ့်ချက်ချင်းစိတ်ကမိဘကိုပြစ်မှားမိသလိုဖြစ်သွားခဲ့တယ် ကျနော့်ဘဝမှာဖေဖေနဲ့မေမေကို မိဘတော်ခွင့်ရခဲ့တာကိုနောင်တရလို့မဟုတ်ဘူး ဘဝကိုတစ်ခါတစ်လေစိတ်နာချင်တာပါ
ဖြစ်ချင်တာတွေကိုကြိုးစားခဲ့ပေမယ့်ကံကြမ္မာကမျက်နှာသာမပေးတဲ့ဘဝ
အဲလိုစဉ်းစားမိတာတော့တစ်ကိုယ်ကောင်းဆန်လွန်းသွားတယ်ဆိုတာသိပါတယ် မိဘဆိုတာကလဲသားသမီးအတွက်အတတ်နိုင်ဆုံးကြိုးစားပေးခဲ့တာမဟုတ်လား ကျနော်အဲလိုစဉ်စားမိပြီးအဖေနဲ့အမေကိုပြန်တောင်းပန်ကန်တော့တုန်းကဆိုအမေကမျက်ရည်တွေရွှဲလို့ အဖေကတော့သက်ပြင်းတွေချလို့ပေါ့ သူတို့လဲသားသမီးကောင်းစားတာကိုမြင်ချင်တာပေါ့
အဖေကပြောပါတယ်”သားမှာအဖေရှိသေးတယ်..မသေသေးဘူး..အားမငယ်နဲ့..အဖေမှာသားကိုလုပ်ကျွေးဖို့ခြေတွေလက်တွေရှိပါသေးတယ်
အဖေ့ရဲ့အိမ်ကိုသာရဲရဲဝံ့ဝံ့ပြန်လာပါ..သားမျက်နှာမငယ်အောင်အဖေထားမယ်..ဒီလိုအလုပ်မျိုးတွေလုပ်စရာမလိုဘူးတဲ့လေ”
ဒီစကားကိုကြားရတဲ့သားတစ်ယောက်ဖြစ်တဲ့ကျနော့်နေရာကနေဝင်ကြည့်ပါ.ဘယ်လောက်ဝမ်းနည်းနေလိမ့်မလဲလို့
အဖေ့ကိုအရမ်းလေးစားအားကိုးဂုဏ်ယူမိပါတယ် သားအရွယ်ကအဖေ့အရိပ်ခိုရမယ့်အရွယ်မဟုတ်ဘူးဆိုတာသိပေမယ့်အဖေ့ရဲ့အားပေးစကားကသားအတွက်အားဆေးမကတန်ဖိုးရှိလှပါတယ်
ဒီလိုဘဝမျိုးမှာရုန်းကန်နေရတာကိုဘယ်မိဘကကြည့်ချင်မှာလဲ အရင်တုန်းကဆိုစိတ်ဓာတ်ခဏခဏကျပြီး
ငါ့ဘဝဘာကြောင့်ဒီလိုဖြစ်နေရတာလဲလို့အတွေးဝင်စိတ်ဓာတ်တွေကျ ပြီးတော့လုပ်နေတဲ့အလုပ်တွေအပေါ်စိတ်တွေဆိုးပြီး
ဆေးသုတ်တံတွေလွှင့်ပစ်ဆေးပုန်းတွေမှောက်ပြစ်တာအကြိမ်ကြိမ် အခုတော့လဲထမင်းကျွေးတဲ့ဒီအလုပ်ကိုပျော်နေပြီးဖြစ်သလို
ကျနော်လုပ်လို့ပြီးမြောက်သွားတဲ့အလုပ်အပေါ်ဂုဏ်ယူတတ်နေပြီးဖြစ်တယ် ပင်ပန်းပေမယ့်ပိုက်ဆံရတဲ့အခါ ကိုယ်ပြီးမြောက်သွားတဲ့
အလုပ်ကိုပြန်ခံစားရတဲ့ပီတိ လူတွေရဲ့ချီးကျူးစကားတွေကိုလက်ခံဂုဏ်ယူတတ်နေပါပြီး
ဘဝဆိုတာတိုပါတယ်
နေတတ်ရင်အရာအားလုံးကကျေနပ်စရာပါ ဒါပေမယ့်အသိစိတ်နဲ့ဒီထက်ပိုတိုးတက်အောင်လုပ်ဖို့ရယ် ရနေတဲ့ဘဝကိုပျော်နေအောင်ကြိုးစားနေတဲ့ကာလမှာဒီထက်ပိုတိုးတက်အောင်ကြိုးစားနေနိုင်ဖို့ကအဓိကကျတယ်လို့ထင်ပါတယ်
တစ်ချိန်ချိန်ကျနော်လဲကျနော်ရည်မှန်းခဲ့ဖူးတဲ့ကုလားထိုင်ပေါ်ထိုင်ရဖို့တော့မျှော်လင့်နေဆဲပါ
မထိုင်ရရင်လဲရတဲ့ဘဝမှာနေတတ်အောင်ကြိုးစားနေမှာပါ
ကျနော့်နဲ့ဘဝတူတွေရှိခဲ့ရင်လည်းစိတ်မပျက်ကြပါနဲ့
ခရီးဆုံးထိတော့လျှောက်လိုက်ကြစို့

34 comments:

ကျရေ said...

ပထမ ဆုံးမန့် ရဖို့စောင့်နေလိုက်ရတာ
ရေးလိုက်တော့ လဲ အဲလို အနှစ်တွေပဲ
ဘာလို့ လဲ?
အဖေရှိတဲ့ လူတွေ က အဖေ အကြောင်းရေးတယ်
မရှိတဲ့ လူတွေ က ဘယ်လို စိတ်နဲ့ ဖတ်ရမှာလဲ
သင်ပေးပါ
တချိန်ကျရင် စိန် သုတ်တဲ့ အိမ်ကလေးမှာ နေချင်တယ်
တသက်စာကြေးကြီးပေးဆိုလဲ မေးပါ့မယ်
အဲလို အိမ်လေးမှာနေရရင် တသက်တာ စိတ်ချမ်းသာမယ်ထင်တယ်
ဘ၀ မှာ အစစအရာရာ အဆင်ပြောပါစေ
အဖေအမေ ကို ချစ်တဲ့သား
အဖေအမေ ကို မြန်မြန် ပြန်စောင့်ရှောက်နိုင်ပါစေ

အိုက်ခီလောက် said...

မိုက်တယ်ဟေ့ငါ့အကိုတော့ လှတယ် ဘဝသမားနဲ့ တူတယ် အားကျတယ် အကိုလိုစိတ်မျိုးမွေးဖို့ လေ ဘဝကို ဒေါင်ကျကျပြားကျကျ နေတတ်တဲ့အကိုလိုမျိုးဖြစ်အောင် လေ့ကျင့်ရအုန်းမယ် သူများလိုမနေနိုင်ပေမယ့် လုပ်နေ၇တဲ့အလုပ်ကို ကျေနပ်နိုင်တဲ့လူတစ်ယောက်လို ပေါ့ အကိုလိုမျိုး ဘာပဲလုပ်လုပ် ပျှော်ပျှော်လေးနဲ့ လုပ်တတ်တာကိုလေ အားကျတယ် အကိုရေ
ယောက်ဖလောင်းလေးလည်း အကိုခြေရာလိုက်မယ်ဗျာ မထားခဲ့နဲ့ လက်တွဲလို့ ကူအုန်း ချစ်အကိုဖိုးစိန်ရေ

နေညိုရင့် said...

ကိုဖိုးစိန်ရေ.. ဘ၀ ဆိုတာ လှေကား တခုပါ။ အဓိကက လှေကတစ်တိုင်းကို စိတ်ရှည်ရှည်၊ သည်းခံ၊ သဘောထားကြီးကြီး ထားပြီး ကြိုးစားရင် တနေ့  ကိုယ်လိုချင်တဲ့ လှေကားထိပ်ကို ရောက်လာမှာပါ။ ပြီးတော့ အလုပ်ဟူသမျှ ဂုဏ်ရှိစွပါ။ မည်သည့်အလုပ်ပဲ လုပ်လုပ် ကိုယ်ကျင့်တရားနဲ့ သိက္ခာ သည်သာ အရေးကြီးဆုံးပါ။ အဲဒီတောင်ပေါ်မြို့ လေး ရောက်ဖူးချင်သေးတယ်ဗျာ။ လာခဲ့ဦးမယ်.. ဟီဟီ

မငုံ said...

ဥိးတဲ့သူနှစ်ယောက်တောင်ရှိပါလားဟ။
လေးစားတယ်ဗျာ။ သိပ်မှန်တာပေါ့။ ကိုယ်ရိုးသားစွာနဲ့ ကြိုးစားလုပ်ဆောင်လိုက်တာဟာ အကောင်းဆုံး စိတ်ချမ်းမြှေ့မှုပါပဲ။ ဘယ်မိဘမဆို.သားသမီးတိုင်းကို ဆင်စီးမြင်းရံစေချင်တာပဲ။ ကံဆိုတာကလဲ ကွာတာကိုး။ ဒါပေမဲ့ အဓိကက..လက်ရှိဘ၀မှာ အကောင်းဆုံး အရိုးသားဆုံးကြိုးစားရင်း မိဘကို ကျေးဇူးဆက်ခွင့်ရနေ။ သိတတတ်နေရင်.လူဖြစ်ရကျိုးနပ်တယ်။ ဒီမိဘကမွေးဖွားပေးလိုက်တာက်ု ကျေနပ်တယ်။
ကိုဖိုးစိန်ကြီး တော်တယ်ဗျာ။ ဆက်ကြိုးစားပါ( ဆရာလုပ်တာ:)) .

မြစ်ကျိုးအင်း said...

အမြန်ဆုံးအမှန်ပြင်တာတခုထဲနဲ့တင် လေးစားတယ်ဗျို့
....ခင်မင်သောအားဖြင့်..

mgnge said...

ဒီလို ပါပဲဗျာ.. ဘ၀ဆိုတာ
ရောက်ရာ နေရာမှာနေ တတ်အောင် နေတာ အသင့် တော်ဆုံးပါ ပဲ...။
ကြိုးစားနေရမှာ ကတော့ ကိုယ့်တာ ၀န်ပေါ့...။


အစစ အရာရာ အဆင်ပြေချောမွေ့ ပါစေဗျာ..။

kiki said...

အလုပ်ဟူသမျှဂုဏ်ရှိစွ တဲ့ မောင်လေးဖိုးစိန်ရေ ။ ရိုးရိုးသားသား ၊ ကိုယ့်လုပ်အားနဲ့ ရတဲ့ချွေးနဲစာ တပဲတပြားက ဟိုလို မတရားရထားတဲ့ စိန်စီသောည ထက် ပိုလို့ အဖိုးတန်ပါတယ် ။ အားပေးတယ်မောင်လေးစိန်စိန်ရေ ။ ဘဝဇာတ်ခုံမှာ ဒို့ တတွေ ရရာ နေရာကနေ ပီပြင်အောင် ဆက်ကရမှာ မဟုတ်လား ။ ကျန်းမာရေးလဲ ဂရုစိုက်အုံး င်္က ။

Anonymous said...

တစ်ချိန်က ရန်ကုန်မှာပဲတက်ရတဲ့ အမှတ်မြင့်မှဝင်တဲ့
နိုင်ငံခြားဘာသာတက္ကသိုလ်က လှတပတ ဘော်ကြော့
တွေကြားက ကျောင်းသားလေးတစ်ယောက်က ဒီလို
စိတ်မျိုးနဲ့အလုပ်လုပ်နေတာကိုမြင်တော့ လေးစားဂုဏ်ယူ
မိပါတယ်။အဲဒီစိတ်ဓါတ်လေးကိုကပဲ ကိုယ့်ကိုကောင်းချီး
ပြန်ပေးမှာပါ......
မနော်

စိတ်စမ်းရေ said...

လေးစားပါတယ် ကိုဖိုးစိန်...ဒီပိုစ်လေးဖတ်ရတဲ့
အတွက် အများကြီးရလိုက်ပါတယ်...။

မေတ္တာရောင်ပြန် said...

မောင်လေးရေ .... ဒီပိုစ့်လေးကို ဖတ်ရတာ စိတ်မကောင်းသလို မောင်လေးရဲ့ စိတ်ဓါတ်အတွက် အရမ်းဂုဏ်ယူပီတိဖြစ်ရပါတယ်။ ဘ၀ဆိုတာဒီလိုပဲပေါ့။ ရိုးသားစွာနေတတ်ဖို့က အရေးကြီးပါတယ်။ မောင်လေး မျှော်မှန်းတဲ့ ဘ၀ကို တစ်နေ့ရောက်ရမှာပေါ့။ ဘ၀ရဲ့ တန်ဘိုးဆိုတာ အဲဒါပဲမောင်လေး။ ကုလားထိုင်မှာ ထိုင်ပြီး မရိုးသားတဲ့သူတွေအများသားလေ။ ရောက်ရာ ဘ၀မှာ ကိုယ့်ကျင့်တရားနဲ့ ဂုဏ်သိက္ခာ ထိန်းသိမ်းနိုင်မှ တန်ဘိုးရှိတာပါ။ မောင်လေးရဲ့ ဆန္ဒအမြန်ဆုံး ပြည့်ဝပြီး မိဘကျေးဇူးကို စပ်နိုင်တဲ့ တန်ဘိုးရှိတဲ့ လူတော်တစ်ယောက် ဖြစ်ပါစေလို့ မကြီး ဆုတောင်းပေးပါတယ်။

ကောင်းကင်ပြာ said...

ပျော်ရာမှာ မနေ တော်ရာမှာ နေရတဲ့ သူတွေ မောင်လေးရေ၊ မိဘကို အမြဲသတိရ နေတဲ့ သားသမီးတွေ ဟာ ဘယ်တော့မှ ဒုက္ခမရောက်ပါဘူး၊ မိဘတွေနဲ့ လဲ အမြန်ပြန်တွေ့ နိုင်ပါစေ

သဇင်ဏီ said...

စိတ်ဓာတ်ကိုလေးစားမိပါတယ်..
ဓါတ်ပုံလေးတွေလဲ လှပါတယ်.. =)

မိုးခါး said...

ဖတ်သွားပါတယ် ကိုဖိုးစိန်ရေ
ပျော်ရွှင်ပါစေ
တနေ့နေ့ဆိုရင်တော့ အိပ်မက်တွေ လက်တွေ့ဖြစ်လာမှာပါ
ဖိုက်တင်း

ဖိုးဂျယ် said...

အားကျတယ် အကိုရေ
အကိုက စိတ်လဲ လှသလို
ဘ၀ကို နေတတ် ထိုင်တတ်ပါတယ်
ကျွန်တော်လဲ အကို့လို ခဏခဏ
စဉ်းစားမိတယ်။ ဒါပေမဲ့ တခါတခါ ကိုယ် အသုံးမကျလို့ မဖြစ်လာတာကို
ဝမ်းမနည်းနေပဲ နေတတ်အောင် ကြိုးစားနေတယ်
အကိုရေ

နန်းဝါ၀ါမောင် said...

ဖိုးစိန်တော်တယ်. :D
ဘ၀ ဆိုတာဒီလိုပါပဲကွယ်....
နေတတ်ရင်ပျော်စရာတွေကြီးပါပဲ.....
မနေတတ်ရင်....... :P gote wind မယ်ပေါ့..း)

ဂျူနို said...

ဖိုးစိန်ရေ
ရိုးရိုးသားသား လုပ်ကိုင်စားသောက်တဲ့ ဘယ်အလုပ်မဆို ဂုဏ်ရှိပါတယ်။

ဘ၀ဆိုတာ တစ်သမတ်တည်း မရှိပါဘူး။

ကိုယ့်ထက်သာတဲ့သူတွေရှိသလို ဘယ်လိုလုပ်လုပ် ကိုယ့်လောက်မှ အစဉ်မပြေတဲ့သူတွေလည်း ရှိပါတယ်။

ဆေးသုတ်တာ မအယ်လည်း ကြိုက်တယ်။ စိတ်ငြိမ်တယ်။

flowerworld said...

ခုနလေးကမှနိုးလို့ ၀င်ဖတ်တာ
ဖိုးစိန်ကတော်ပြီးသားပါး)

တလနွန် said...

လေးစားတရ် သူငယ်ချင်း။ လိုရာပန်းတိုင်ကို ရောက်ဖို့ လိုအပ်တာက စိတ်ဓါတ်အင်အားပါပဲ။ ကိုယ့်ခြေထောက်ပေါ်ရပ်တည်နိုင်တဲ့ သားတစ်ယောက်ရှိတဲ့ အတွက် သူငယ်ချင်းမိဘတွေလည်း ဂုဏ်ယူနေမှာပါ။ စိတ်ဓါတ်
ပြည့်စုံပြီး ပျော်ပျော်နေတတ်တဲ့ သူငယ်ချင်း ဘဝခရီးကို
ရင်ဆိုင်အောင်ပွဲခံနိုင်မှာပါ...

ခင်မင်ခြင်းနှင့်
တလနွန်

အိမ် said...

ဆေးသမားကြီးပေါ့လေ... ဘာပဲဖြစ်ဖြစ်ပါ ကျရာနေရာမှာ ပျော်ရွှင်စွာနဲ့ ဘ၀ကိုဖြတ်သန်းနိုင်တာကိုက ကံကောင်းတယ်
မှတ်ပါ။ကျနော်တို့ လောကမှာတော့ ချေးကျရာပျော်တယ်ပေါ့ဗျာ။
ဆက်လုပ်..ကိုယ့်ဆရာ အားပေးတယ်။ သမာအာဇီဝ ကျတဲ့ အလုပ်မှန်သမျှ အားပေးတယ် ဆော်သာဆော်။

အိမ် said...

ကျန်သေးလို့ ထပ်ရေးတာ.. ကိုယ့်ဆရာမှတ်ထားဗျ အလုပ်ဟူသမျှဂုဏ်ရှိစွတဲ့
သူများပစ္စည်းခိုးစား၊ဖွက်စား၊လိမ်စား၊လုစားတာ
မဟုတ်ရင် ပြီးတာပဲဗျ။ ဘောပင်ကိုင်၊ အဲကွန်းအောက်ထိုင်ပြီး ကိုယ့်လောက် လစာမကောင်းတာ၊ ကိုယ့်လောက်အတွေ့အကြုံ
မရှိတာ၊ ကိုယ့်လောက် မိဘ မသိတတ်တာ၊
စသည်ဖြင်ပေါ့ဗျာ ..ဒီတော့ ကျနော်ကတော့
ဘာမှကို စိတ်ဓာတ်လဲ မကျဘူး အေးရာအေးကြောင်းပဲ၊

Dream said...

လေးစားပါတယ်... ဦးဦး...

ဦးအိမ်ပြောသလိုပါပဲ.. အ လုပ်ဟူသမျှ ဂုဏ်ရှိစွပေါ့.. ဟဲဟဲ.. ဒါပေမယ့် ဦးအိမ်လိုတော့ မမိုက်နဲ့နော်.. :P :P

ဦးအိမ်သိရင် လာသတ်တော့မယ်.. ဖွခဲ့လို့... :P

ကွန်နက်ရှင်ကြောင့် ဘာပုံမှ မမြင်ရပါ :(

reenoemann said...

ဖိုးစိန် နေဒေး ဆီမှာတွေ့လိုလိုက်လာတာ။
ကျွန်တော် အဖေလည်း ကျွန်တော်ကို အဲလိုပဲ ပြောဖူးတယ်။

ကျွန်တော် One man show စလုပ်တုံးက အဖေက ဆေးရုံးရောက်နေလို့ အဆင်ပြေသွားတာ။ (One Man Show ဆိုလို့ အထင်မကြီးနဲ့အုံး ကိုယ့်ကို ကိုယ် တင်စားလိုက်တာပါ။ အိမ်နဲ့ စတင်ခွဲတဲ့ အချိန်ကိုပြောတာပါ။)

ကျွန်တော်လည်း ဖိုးစိန်တွေးသလိုမျိုး ခဏခဏ အဖေကိုပြစ်မှားမိတယ်။ ဖိုးစိန်လိုတော့ ပြန်မတောင်းပန်မိပဲ ကျွန်တော်ဆီ ကို ပြန်သယ်လိုက်တယ်လေ။

ဘာပဲဖြစ်ဖြစ် လေးစားပါတယ်။ အားပေးနေပါတယ်။

ကျွန်တော်ဆီလည်း အားရင်းလာလည်ပေါ့ဗျာ။ ကျွန်တော်ကခင်တက်ပါတယ်။

နေဒေးသစ် said...

တန်ဖိုးရှိတယ် ကိုဖိုးစိန်ရာ ... ကိုဖိုးစိန်ရေးတဲ့ စာတွေက ဘဝအတွက် အားဆေး တစ်ခွက်ဆိုလည်း ဟုတ်သလို ၊ လွဲမှားနေတဲ့ စိတ်ကူးတွေကိုလည်း တည့်မတ်ပေးနိုင်တယ်။ သူများနိုင်ငံမှာ ရောက်နေတာဆိုတော့ အမှန်အတိုင်း ပြောရရင် မကြာခဏလည်း စိတ်ဓာတ်ကျသလို၊ ခဏခဏ လည်း စိတ်ဓာတ်ကျမိတယ်။ ဒါပေမယ့် ကိုဖိုးစိန်တို့လို့ အားပေးတတ်တဲ့သူ အတွေးအခေါ်မှန်တဲ့သူတွေကြောင့် ယိုင်နဲ့နေတဲ့ အတွေးအခေါ်တွေ လမ်းမှန်ပေါ် ပြန်ရောက်ခဲ့ပေါင်းလည်း မနည်းဘူး။ အလုပ်ဆိုရင် ရိုးသားပြီး အကုသိုလ်ကင်းတဲ့ အလုပ်မှန်သမျှ သိမ်ငယ်တယ်လို့ ကျွန်တော်လည်း မထင်ပါဘူးဗျာ။ စိတ်ထားတတ်မယ်ဆိုရင် ကုသိုလ်တောင်ရပါသေးတယ်။ ကိုဖိုးစိန် အိမ်ဆေးသုတ်နေတာ မြင်တော့ ငယ်ငယ်က ရေအိုးစင် ဆေးသုတ်ခဲ့တာကို သွားသတိရမိသေးတယ်။ လွယ်မယောင်ယောင်နဲ့ တော်တော်လေး ပညာပါတဲ့ အလုပ်ပါဗျာ။ ဒီအလုပ်ကလည်း သာမာန်အလုပ်မဟုတ်ပါဘူး။ သူ့အတတ်ပညာလေးနဲ့ သူပါပဲ။ လေးစားပါတယ်ဗျာ။ ဂုဏ်ယူပါတယ်။ ဒီ့ထက်ပိုပြီးလည်း ဆထက်တစ်ပိုး အောင်မြင်ပါစေလို့ ဆုတောင်းပေးနေပါတယ်။

ဖြိုးဇာနည် said...
This comment has been removed by the author.
ဖြိုးဇာနည် said...

အကိုဖိုးစိတ်ရေ့ပျောက်နေလို့စိတ်ပူနေမိတာ့အခု
မှပဲစိတ်အေးသွားတော့တယ်။အကိုရေးတဲ့စာတွေတိုင်း
ဟာညီတို့လိုလူတွေအတွက်ကတော့အားဆေးတစ်ခွက်
ဆိုလဲမမှားပါဘူးအကိုရေ့အမေပေးတဲ့အကျီလေးနဲ့
ဆိုတော့အိမ်လေးကပိုပြီးအသက်ဝင်နေမှာပဲနော့်
စိတ်ချပါအကို ပကို့လိုမိဘကိုချစ်မြတ်နိုးတတ်တဲ့သူ
တစ်ယောက်အတွက်လောကမှာထိုင်ခုံနေရာလွတ်တွေ
အများကြိးရှိနေပါသေးတယ့်အကို့အတွက်ထိုက်တန်
စွာနဲ့တစ်နေ့မှာခန့်ညားလှတဲ့ထိုင်ခုံတစ်လုံးရောက်ရှိလာ
အုံးမှာပါ့

မဇနိ said...

မောင်လေးဖိုးစိန် ပုံလေးတွေက အားမာန်ပါတယ်။ ဖြူစင်ပြီး ခင်မင်စရာကောင်းတယ်နော်။ အမပျင်းနေတဲ့အချိန် စိတ်ညစ်နေတဲ့အချိန် ဒီပို့စ်လေးကြောင့် အားတွေပြန်တက်လာတယ်။ ဒီလိုပဲ ဘဝခရီးဆုံးထိ ဆက်ကြိုးစားနေကြတာပေါ့နော်။

ကိုလူထွေး said...

ငှက်ပျောတစ်ခိုင်ယူလာပါတယ်...

်ဆိုက်ပရပ်စ်ဆိုလို့  ဂူဂယ်မက်ပ်မှာ လိုက်ရှာကြည့်ဖြစ်တယ်။

ရိုးရိုးသားသား လုပ်ကိုင်စားသောက်တာဟာ ခိုးစားတာမှ မဟုတ်ဘဲ ကိုယ့်လူရာ..
ကိုလူထွေးကတော့ ဂုဏ်ယူတယ်

မိဘကိုစောင့်ရှောက်တဲ့သူဟာ
ဇာတ်မင်းသားဖြစ်ဦးမှာပါ..
အဲလေ... အောင်မြင်ဦးမှာပါ လို့ ပြောတာ

အိမ် said...

အရူးမ ဒွင်းး ပြောသွားတနာ မယုံနဲ့ သူက ယဉ်ယဉ်လေးနဲ့ ရူးနေတာ သိလား။

sin dan lar said...

ဟယ်... ပိန်တာလေးက ချောချောလေး၊
စိတ်ဓာတ်လေးကလည်းကောင်း.....
မိဘကိုလည်း သိတတ်......
လိမ္မာလိုက်တာနော်

Craton said...

အလုပ်ဟူသမျှဂုဏ်ရှိစွ.. ကိုယ့်အလုပ်ကို ကိုယ်နှစ်သက်ပျော်ရွှင်တယ်ဆိုပြီးတာပဲ.. ဘာမှမလိုတော့ဘူး..း)

နွေးနေခြည် said...

ကိုဖိုးစိန်အကြောင်းဖတ်မိသလောက်တော့ သိတတ်တဲ့ သားတယောက်ပါ။ မိဘတွေက ပိုက်ဆံပြန်မပေးနိုင်ရင်နေ သိတတ်တဲ့ သားသမီးမျိုးကို ပိုလိုချင်တာပါ။ ကိုဖိုးစိန်မိဘတွေလည်း အားရကျေနပ်နေမယ်ထင်ပါတယ်။

အဇ္ဈတ္တပြခန်း said...

လေးစား အားကျပါတယ် ကိုဖိုးစိန်ရေ.. ဘ၀ရဲ့ နေထိုင်မှူလေးတွေကို စာပေအဖြစ် ချပြမျှဝေထားတဲ့ ကိုဖိုးစိန်ရဲ့ စာတွေအတွက်လည်း ကျေးဇူးပါဗျာ..

မေ့သမီး said...

စာမေးပွဲရှိလို့ မလာဖြစ်တာကြာနေပြီ။
စိတ်ဓါတ်မကျပါနဲ့။ ဘောပင်ကိုင်ရမှ ထိုင်ခုံမှာထိုင်ရမှ လည်းအလုပ်မဟုတ်ပါဘူး။ ဘာပဲဖြစ်ဖြစ်ထိပ်ဆုံးကနေ ထိပ်ဆုံးမှာမြဲနေအောင်လုပ်နိုင်တာနဲ့၊ အောက်ဆုံးကနေ ထိပ်ဆုံးကိုတက်လာနိုင်ရင်ဘယ်ဟာပိုသာသလဲ။ ကိုယ်ဖြတ်ခဲ့တဲ့လမ်းတလျှောက်ကိုမမေ့မလျှော့ သင်ခန်းစာယူတတ်ဖို့ပဲလိုတာပါ။ အောင်မြင်ပါစေ။

noblemoe said...

စာလာဖတ်တာတော့ နောက်ျသွားတယ်။
စမတ်ကျကျ ဝတ်စားပြီးလုပ်မှ အလုပ်မဟုတ်ပါဖူး
ခုလို ကြံခိုင်တဲ့ စိတ်ဓါတ်လေးနဲ့ ဘဝကို ဖြတ်သန်းနိုင်တဲ့
စိတ်ဓါတ်လေးကိုလေးစားပါတယ်။ဘယ်အလုပ်ပဲဖြစ်ဖြစ်ပေါ့  သီလမပျက်တဲ့ အလုပ်လုပ်တာပဲ ဂုဏ်ယူလိုက်ပါ။
ရည်မှန်းထားတဲ့အလုပ်ကို အမြန်ဆုံးအကောင်ထည်ဖော်
လုပ်နိုင်ပါစေ ဘဝတစ်လျှောက်လုံး သာယာချမ်းမြေ့ပါနော်
မိုး