Wednesday, 29 April 2009

ကျေးဇူးရှင်သို့ကြေကွဲဝမ်းနည်းကြောင်း

တစ်လုပ်စားဖူး သူ့ကျေးဇူးတဲ့။ ကိုယ်ကသိသိ မသိသိ ကိုယ့်ကိုထမင်းကျွေးခဲ့ဖူးတဲ့ သူဟာ ကိုယ့်ကျေးဇူးရှင်ပါ။ ကိုယ်က ကျေးဇူးပြန် မဆပ်ချင်နေပါ သူကျွေးခဲ့ ဘူးတဲ့ ထမင်းတလုပ် စာကိုတော့ မစော်ကား ပါနဲ့တဲ့။ သြော..တွေ့ဆုံကြုံကွဲ မမြဲတဲ့ ဒီလောကကြီးမှာလဲ ကျနော့်ကို ထမင်းကျွေးခဲ့ဘူးတဲ့ ကျေးဇူးရှင် တွေထဲက ကျနော့်ကို တူလို သားလို ချစ်တဲ့သူ တစ်ယောက် ကြွေလွင့်သွားခဲ့ပြန်ပြီ။ ကျနော့်ကို ထမင်းတစ်လုပ်မက မေတ္တာအပြည့်ပေးခဲ့တဲ့ အမေခင်ဆွေမြင့် ဒီနေ့ကစပြီး လူ့လောကထဲမှာ မရှိတော့ ဘူးတဲ့လေ..

နောက်ဆုံးစကာင်္ပူလာတုန်းကရိုက်ခဲ့တဲ့အမေခင်ဆွေမြင့်


သူဟာ ကျနော့်ရဲ့ ထာဝရ အမေလဲဖြစ်တယ် ထာဝရကျေးဇူးရှင် လဲဖြစ်တယ်။သူနဲ့ကျနော်က အမျိုးလဲ မဟုတ်ဘူး ဘယ်လိုမှ ဆက်စပ်လို့မရ အိမ်မက်ထဲ မှာတောင်မမက် ဖူးတဲ့သူနှစ်ယောက်က အမေဆွေ နဲ့ ကျနော် ရှေးဘဝမှာ သားအမိ ဖြစ်ချင်ဖြစ်ခဲ့မှာ။ အမေဆွေကို ကျနော်စသိတာက နိုင်ငံခြားသာဘာ တက္ကသိုလ်တက် နေတဲ့ နောက်ဆုံးနှစ်မှာပါ။ ကျနော့်နဲ့ တတန်းထဲ အခန်းဖော် သူငယ်ချင်း သူဇာထွန်းရဲ့ အဒေါ်လေး ကျောင်းပြီးခါနီးပြီးမို့ ”နင်ကျောင်းပြီးရင် ဘာလုပ်မလဲ ငါမှာတော့ ဒီလိုအစီအစဉ် တွေရှိတယ်။ နင့်ကို ငါခင်တော့ နင်လုပ်ချင် လုပ်လို့ရအောင်” ဆိုပြီးသူငယ်ချင်း စိတ်ဓာတ်အပြည့်နဲ့ ကူညီအားပေး အရောက်ပို့ လမ်းပြပေးတဲ့ သူငယ်ချင်းက သူဇာထွန်းပါ ကျနော်လဲ သွားဖို့စိတ်ဝင်စား တာနဲ့ သူဇာ့အစီအစဉ်ထဲမှာ ဝင်ပါခဲ့တယ်။ သွားဖို့လုပ်တော့ ကျနော်ရယ် သူဇာရယ်ဆိုတော့ အန်တီဆွေက လူများရင် စိတ်ချတယ်ဆိုပြီး အန်တီရဲ့ တစ်ဦးတည်းသော သမီးမအိမျိုး နောက်အန်တီတို့ အမျိုးမကင်းတဲ့ အကိုဇွဲမာန်အားလုံး လေးယောက် နိုင်ငံခြား ထွက်နိုင်ဖို့ စတင်လှုပ်ရှား ကြတာပေါ့။

အဲဒီအချိန်မှာ လေးယောက်ပေါင်းလုပ်တော့ အန်တီဆွေအိမ်က ကျနော့်ထမင်းစား အိမ်ဖြစ်လာတယ်။ နောက်ပြီး ဗေဒင်ယုံတဲ့ မမတွေက ဗေဒင်တွက်ကြတော့ ဒီလူတွေ ပေါင်းနေရင် ပေါင်းသွားရ မယ်ဆိုတော့ ခက်ခက်ခဲခဲ မဟုတ်ဘူးဆိုပြီး အားလုံးစု လို့ရတဲ့ အန်တီဆွေ့ အိမ်မှာနေလိုက်တယ်။ သံယောဇဉ်တွေက စကားပြောပါတယ် ကျနော့်ကို စတွေကတည်းက နာမည်မခေါ်ပဲ သားလို့ပဲ ခေါ်ခဲ့တာ ကျနော့်ကို အန်တီက သားတစ်ယောက်လိုကို ချစ်တယ် လုံးဝလုံးဝကို မငြိုငြင်ဘူး။ ကျနော်ရှိလို့ အိမ်စည်လာ တယ်တဲ့လေ ကျနော်က ပေါက်ကရ လေးဆယ်ပြော ပေါက်ကရလုပ်ပြတော့ အိမ်က အရမ်းကိုစည်တယ် ဘယ်လောက်ထိ လဲဆိုရင် ကျနော့် အိမ်ကျနော် ပြန်တဲ့နေ့ဆို အန်တီဆွေက မျက်ရည်ကျပြီး နောက်ပိုင်းကျတော့ ကျနော်မပြန်ပဲ အဖေတို့ အမေတို့က အန်တီဆွေ အိမ်ကို လိုက်လာရတဲ့ အဖြစ် အဖေနဲ့ အမေနဲ့ကတော့ ပီတိဖြစ်တာပေါ့ သားလုပ်သူကို ဒီလိုချစ်တာ မြင်တော့ ကျနော့်ကိုလဲ ကျေးဇူးရှင်ကို မပြစ်မှားဖို့ အမြဲပြောပါတယ်။

ကျနော်လဲ ဘာသံယောဇဉ် ရေစက်လဲတော့ မသိဘူးလေ အန်တီ့ကိုအ ရမ်းချစ်တယ် အမေတစ်ယောက်လိုကို ချစ်တာ သူထမင်းကျွေး ထားလို့မဟုတ်ဘူး ရင်ထဲက ကိုချစ်တာ ဒီလိုနဲ့ ကျနော်တို့ အင်္ဂလန်ဗွီဇာဝင်ဖို့ လုပ်တဲ့အချိန်မှာ အန်တီ့မှာ ရောဂါတစ်ခုဖြစ်တယ်။ ဘယ်ဘက်ရင်သားမှာ အကြိတ်ဖြစ်တယ်ပေါ့ ကျနော်တို့ ကိစ္စတွေ လုံးပန်းနေရတော့ သူ့ကိုယ်တိုင်လဲ သတိမထား မိဘူးလေ နောက်ပိုင်း နာလာတဲ့အခါကျမှ ကျနော်တို့ ကိုပြတော့ အကြိတ်က တော်တော်ကြီး နေပြီးလေ မှတ်မိသေးတယ် အဲဒီတုန်းကတော့ ကျနော်ဆေး လိမ်းပေးတော့ သူကငိုတယ် အန်တီမှာ သားရှိရင် အဲလိုပြုစုမှာတဲ့ ကျနော်ကလဲ ပြောပါတယ် အခုလဲ သားပဲလေလို့ ငိုတယ်ဗျာ တစ်ညလုံး ကျနော်တို့ အဲဒီညက အိပ်လို့ မရကြဘူး။ သူကရောဂါက နာလို့ငိုတာ မဟုတ်ဘူးတဲ့ သူ့ဘဝမှာ သူ့ကိုအဲလို ကြင်နာတဲ့ သူရှိတာ သိလို့တဲ့လေ အမေနဲ့ သမီးနှစ်ယောက်တည်း နေတာဆိုတော့လဲခံစားလို့ရပါတယ် ကျနော်တို့ အားလုံးမျက်ရည် ကျရပါတယ် ကျနော့်ကိုလဲ အဲဒီအချိန်ကစပြီး အန်တီက ပိုချစ်လာတယ်။

ဒီလိုနဲ့ တဖြည်းဖြည်းနဲ့ အနာက ပိုရင်းလာတော့ ဆေးစစ်တယ် ကင်ဆာတဲ့။ ဒါနဲ့ချက်ချင်းပဲ ကုဖို့အဆင့် မှီသေးတယ်ဆိုတော့ ဆေးရုံးကိုတင်တယ်.. ဂရင်းခရောစ့်ကိုပါ။ ညတွင်းချင်း ခွဲစိတ်ခန်း ဝင်တယ် အန်တီရဲ့ ဘယ်ဘက်ရင်သား တခြမ်းလုံးအဖြတ်ခံ လိုက်ရတယ်လေ။ ခွဲစိတ်ပြီးတော့ ဆရာဝန်တွေ အန်တီရင်သားကို ပြတဲ့ အချိန်မှာ ကျနော်ဘယ်လိုမှ ခံနိုင်ရည် မရှိဘူး။ မျက်ရည်ဆိုတာမှ အပြိုင်းပြိုင်း ကျဆင်းလာတာ။ ကျနော့်အမေလဲ ကင်ဆာဖြစ် ဖူးတယ်လေ ဒါကြောင့်မို့ ရောဂါခံစားရမယ့် လူနာရဲ့ အခြေအနေကို ခံစားမိပါတယ် အမေကတော့ ကံကောင်းတယ် အခုထိ ကျန်းမာနေတုန်းပဲ ဒါပေမယ့် အမေတုန်းကလဲ နှစ်တော်တော်ကြာ နာလန်ပြန်ထူဖို့ ကြိုးစားခဲ့ ရတာလေ ကျနော် ကိုယ်ချင်းစာ မိပါတယ်။ အန်တီ ခွဲစိတ်ခန်းထဲက ထွက်လို့သတိရ ရခြင်းနာမည် ခေါ်တာ ဘယ်သူထင်လဲ ကျနော့်နာမည် မွေးထုတ်ထားတဲ့ သမီးအရင်း ကိုတောင် အရင်မမေးဘူး။ ကျနော်အနားမှာ ရှိလားမရှိလား ဆိုတာ ကယောင်ကတမ်းနဲ့ မေးတာလေ အဲဒီနေ့ ကစလို့ ဆေးရုံမှာ နေတဲ့တစ်လ ခွဲလုံးလုံးကို ကျနော်အန်တီနဲ့ နှစ်ယောက်တည်း နေခဲ့ပါတယ် ကျနော်အန်တီ့ကို အမေတစ်ယောက်လိုကို ပြုစုခဲ့ပါတယ်။ ချီသွားချီ ပိုးတာကအစ အိမ်သာတက်တာ အဆုံးကျနော် လုပ်ပေးခဲ့ပါတယ် ကျနော်ကိုယ်တိုင်လဲ ပြုစုချင်ပါတယ်။

အန်တီ နားမှာနေပြီး အားပေး စကားတွေ ပြောခဲ့ပါတယ် အန်တီက ကျနော့်ကို အားနာပြီး နာပ်စ့်ငှားချင် ပေမယ့်ကျနော့်ကို သူ့အနားရှိ စေချင်တယ် ဆိုတာ ကျနော်သိပါတယ်။ ဒါကြောင့် ကျနော်ပဲ အနားမှာ နေရော ညရော နေခဲ့ပါတယ် ဟာသ ပြောလိုက် စလိုက် တရားစာဖတ် ပြလိုက်နဲ့ အရင်ကျနေတဲ့ စိတ်ဓာတ်လေးတွေနဲ့ အန်တီနာလန် ပြန်ထူခဲ့ပါတယ်။ ကျနော်လဲ အင်္ဂလန် ဗွီဇာမရတာ တစ်ကြောင်း အန်တီ ဒီလိုဖြစ်နေတာက တစ်ကြောင်းဆိုတော့ အန်တီအိမ်မှာပဲ ဆက်နေခဲ့တယ်လေ အန်တီကင်ဆာ ဆေးတွေသွင်းပြီး ဓာတ်ရောင်ခြည် ကင်ပြီးတဲ့ အထိအန်တီအနားမှာ ကျနော် ရှိနေခဲ့တယ် အန်တီသွားတဲ့ ဆေးခန်း ဆေးရုံတိုင်းကို ကျနော်လိုက်ခဲ့တယ်။ မသိတဲ့ သူတွေက ကျနော်တို့ကို သားအမိလို့ ထင်တာ အဲလိုထင်လို့ အမေးခံရရင်အန်တီမျက်နှာက လမင်းတစ်ရာ ဝင်းလို့ အိမ်ပြန်ရင်လဲ သမီးလုပ်သူ အမြင်ကတ် လောက်အောင်ကို ပြန်ပြောတာလေ ဒီလိုနဲ့ အန်တီနာလန် ပြန်ထူလာခဲ့တယ်။

ကျနော်တို့ လေးယောက်လုံးလဲ ဆိုက်ပရပ်စ်ကို အဖြစ်အပျက်နဲ့ နှာခေါင်းသွေးထွက်ပြီး ရောက်လာရတယ်ပေါ့ ကျနော်တို့ မလာခင်ဆိုညတိုင်း အန်တီငိုတယ် ကျနော့်ကို ကတိတောင်းတယ် ဘယ်အချိန်ပဲဖြစ်ဖြစ် မြန်မာပြည် ပြန်လာရင် သူ့နဲ့ပဲ လာနေပါ ကျနော့်ကို မွေးစားမယ်တဲ့ ကျနော့်နဲ့ နေရတာ ပျော်တယ် စိတ်ချမ်းသာတယ် တဲ့လေ ကျနော်လဲ ကတိပေး ထားပါတယ် ပြန်ရောက်လာရင် နေမယ်လို့ ကျနော်တို့ဒီ ရောက်ပြီး မကြာဖူး သူဇာတို့ သုံးယောက်လုံး ပြန်တော့ ကျနော်ပဲ ကျန်ခဲ့တယ်။ လွန်ခဲ့တဲ့ နှစ်မှာမှ အန်တီက ညာဘက် ရင်သားကိုကူးပြီး ကင်ဆာ ထပ်ဖြစ်လို့ စကာင်္ပူမှာ ဆေးလာကုရတယ် ဘယ်ဘက်လက်လဲ မသန်တော့ဘူးလေ။

ကျနော်နဲ့ အွန်လိုင်းမှာ တွေ့တိုင်း မျက်ရည်ဝဲပြီး ကျနော့်လို ပြုစုတဲ့သူ အနားမှာ ရှိစေချင် ပါတယ်တဲ့လေ ကျနော့်ကို လွမ်းတယ်တဲ့ မအိမျိုးကလဲေ ပြာပါတယ် ဘယ်အချိန် ဘယ်သူနဲ့ တွေ့တွေ့ ကျနော့်အကြောင်းကို ပြောတယ်တဲ့လေ။ ကျနော်လဲ ဘယ်လိုမှ ပြန်လို့မဖြစ်ဘူးလေ ကျနော်လဲ ပြုစုချင်ပါတယ် ကိုယ့်ကျေးဇူးရှင်ကို အခုလဲ လွန်ခဲ့တဲ့ လကမှ စကာင်္ပူကနေ ဆေးကုပြီး ပြန်သွားတာ မပြန်ခင် ကျနော်နဲ့ ချက်တင်ဝင်တော့ ပထမက ငိုနေသေးတယ် နောက်ပိုင်း ကျနော်ပေါက်ကရ နောက်တော့ ရယ်လာတယ်လေ သူကတော့ ကျနော့်ကို ပြန်လာဖို့နဲ့ သူနဲ့အတူ နေဖို့ပဲ ပြောနေပါတယ်။

အဲဒါနောက်ဆုံး အမေဆွေနဲ့ စကားပြောခြင်းနဲ့ နောက်ဆုံးမြင် လိုက်ရခြင်းပါ အခုတော့ မထင်မှတ်ပဲ ဒီနေ့ညနေ စောင်းလောက်က ဘဝတစ်ပါးကို ကူးသွားပြီးတဲ့။ ကျနော့် ကျေးဇူးရှင်ရဲ့ ဆန္ဒလေး တစ်ခုကို မဖြည့်ဆည်း နိုင်ခဲ့ပါဘူး။ မြင်ချင်တဲ့ ကျနော့်ကို မမြင်လိုက်ရ အတူတူ နေချင်တဲ့ အမေ့ဆွေဆန္ဒတွေ မပြည့်တော့ဘူးလေ။ ကျနော်အရမ်းကို ဝမ်းနည်းမိပါတယ်။ ဒါပေမယ့် ကျနော်ကျေနပ် နိုင်ပါသေးတယ်။ ကျနော်သူ့ကို ပြုစုစောင့်ရှောက်ခွင့် ရခဲ့တဲ့ အတွက်ပါ။

အမေခင်ဆွေမြင့် ဆုံးတဲ့အချိန်မှာ အသက်(၅၄)ရှိပါပြီး ကျနော့်မှာ အမေခင်ဆွေမြင့်နဲ့ ပတ်သက်ပြီး ပြောစရာ စကားတွေက ရင်ထဲမဆန့်အောင် ရှိပါတယ်။ ဒါပေမယ့် ဘာပြောရမှန်း မသိလောက်အောင် ဆွံအနေပါတယ်။
အမေခင်ဆွေမြင့်ရေ...ကောင်းရာ သုဂတိ လားပါစေ

ဝမ်းနည်းကြေကွဲစွာဖြင့်
သား
ဖိုးစိန်

23 comments:

မေတ္တာရောင်ပြန် said...

ဦးဦးဖျားဖျားရေးတရ် ။

အန်တီချမ်း said...

ထပ်တူထပ်မျှစိတ်မကောင်းဖြစ်ရပါတယ်
အမေဆွေ (အမေဆွေလို့ပဲလိုက်ခေါ်မယ်နော်) ကိုမမြင်ဘူးပေမယ့် ဖိုးစိန်ရေးတာ
လူနှစ်ယောက်ကြားက မေတ္တာတွေအတိုင်းသားမြင်ရပါတယ်
တကယ်ပါ စိတ်မကောင်းပါဘူး
ထပ်တူပါပဲ
အမေဆွေ ကောင်းရာသုကတိလားပါစေလို့ ဆုတောင်းပေးပါတယ်

အိုက်ခီလောက် said...

အကိုရေ ထပ်တူခံစားသွားပါတယ် ညီလည်းရှိပါတယ်
အခွင့်သင့်ရင် တင်ပေးပါ့မယ် ကျေးဇူးရှင်ကို သိတတ်ရမယ်ပေါ့နော့်  အကိုနဲ့ ပေါင်းနေပြီပဲသိနေပြီဗျ
တစ်ခါတစ်လေ သူစမ်းဆိုပေမယ့်လည်း ဆွေမျိုးတွေထက်ကောင်းတာများတယ်နော် အကို ရေ
အကိုလည်းပြုံးပျော်နိုင်ပါစေဗျာ ဆုတောင်းပေးပါတယ် အကိုလည်းကံကောင်းတဲ့လူတစ်ယောက်ဖြစ်ပါစေလို့ 
ညီဆုတောင်းပေးတယ်

မငုံ said...

စိတ်မကောင်း ဖြစ်ရပါတယ်။ ရှေးဘ၀ရေစက်ကြောင့် မိရင်းဖရင်း မောင်နှမရင်းလို ချစ်ခင်ကြတဲ့ သူတွေ လောကမှာ အများသားလားနော်။
အခုလို ဖတ်ရတာ စိတ်မကောင်းဖြစ်ရပါတယ်။ အန်တီဒေါ်ခင်ဆွေမြင့် ကောင်းရာသုဂတိလားပါစေလို့ ဆုတောင်းပေးတယ်နော်။

နေညိုရင့် said...

ကိုဖိုးစိန်ရေ.. သတင်းစကားကြားရတာ စိတ်မကောင်းပါဘူးဗျာ။ တွေ့ ကြုံဆုံကွဲဆိုတာ ဓမ္မတာ ဆိုပေမယ့် ကိုဖိုးစိန်က ကျေးဇူးရှင်ကို ကျေးဇူးရှင်မှန်း သိတတ်ခဲ့လို့  မေတ္တာစေတနာနဲ့  ကူညီခဲ့တာဟာ ကျေးဇူးဆပ်ခဲ့တာပါပဲ။ ကိုဖိုးစိန်တို့ လို မေတ္တာထားတဲ့သူတွေကြောင့် အမေဆွေလဲ ကောင်းရာသုဂတိကို မုချရောက်မှာပါဗျာ။

နေဒေးသစ် said...

ထပ်တူထပ်မျှ ဝမ်းနည်းမိပါတယ်။ သူရှိနေခဲ့စဉ်တုန်းက ကိုဖိုးစိန် တတ်နိုင်သမျှ ပြုစုလုပ်ကျွေးခဲ့ပြီပဲဗျာ။ ကို မတတ်နိုင်တဲ့ အချိန်မှာ ကံအကြောင်းတရားကြောင့် ခွဲခွာ သွားကြရတာ ဘယ်သူမှ မတတ်နိုင်ပါဘူး။ ကောင်းမွန်ရာ ဘုံဘဝတစ်ခုမှာ အေးချမ်းစွာ ရပ်တည်နိုင်ပါစေလို့ ကျွန်တော်လည်း ဆုတောင်းပေးခဲ့ပါတယ်။

Mae said...

အရန်းပဲ စိတ်မကောင်းပါဘူး၊ ဒီလို မမှီလိုက်တဲ့ အတွေ့အကြုံမျိုးရှိဖူးလို့ ကိုယ်ချင်းစာပါတယ်၊ ဖတ်ရင်းနဲ့ မျက်ရည်ကျမိတယ်၊ ဖိုးစိန် အန်တီ့ကို ကုသိုလ်တွေလုပ်ပေးနိုင်ပါစေ၊

mgnge said...

ကျေးဇူးသိတတ်ခြင်း ဟာ ကောင်းမွန်တဲ့  အကျင့် တစ်ခု ပါ...။

ကောင်းရာ သုဂတိ လား ပါစေလို့ ပဲ ၀ိုင်းပြီး ဆု တောင်း ပေး ပါတယ် အကိုရာ...။

တွေ့ ကြုံ ဆုံ ကွဲ ဖြစ်မြဲ ဓမ္မတာပေါ့...။

MANORHARY said...

ထပ်တူထပ်မျှဆိုတာထက်မကပါဘူး
သံယောဇဉ်တစ်ခု ချစ်တဲ့သူတစ်ယောက်
ဆုံးရှုံးရတာဟာ တကယ့်ကိုကြီးမားတဲ့
ဆုံးရှုံးမှုပါ.........
ရင်နဲ့အမျှ

တလနွန် said...

အခုလို ကြားရတာ ထပ်တူထပ်မျှ စိတ်မကောင်းပါဘူး။

တောင်ပေါ်သား said...

အကိုရေ ထပ်တူဝမ်းနည်းရပါတယ်ဗျာ.. လူသားဆန်တဲ့ အန်တီတို့လူမျိုးကိုလဲ ကြုံဖူးချင်ပါတယ်။ ဘ၀မှာ ဘယ်အရာမှ ပြီးပြည့်စုံတယ်လို့တော့ မရှိဘူးပေါ့။ အန်တီလဲ ကောင်းရာရောက်နေမှာပါ။ ကျနော်တို့ စိတ်ပျက် ၀မ်းနည်းနေလို့လဲ ဘာမှတော့ မထူးဘူးပေါ့ အကောင်းဆုံးကတော့ ကျနော်တို့ သူ့အတွက် ဆုမွန်ကောင်းလေးတွေ တောင်းပေးကြရုံပဲ ရှိတာမလား ကောင်းမူကုသိုလ်လေးတွေ လုပ်ပေးတာပဲ သူ့အတွက် အကျိုးပိုရှိမှာပါ။


လေးစားလျက်
တောင်ပေါ်သား

Mogok Thar said...

ထပ်တူထပ်မျှစိတ်မကောင်းဖြစ်ရပါကြောင်း။ တောင်ပေါ်သား ပြောသလို အမေဆွေအတွက် ကောင်းမူကုသိုလ်လေးတွေ လုပ်ပေးတာပေါ့ဏော။
ငြိမ်းချမ်း ပျော်ရွှင်ပါစေ။

kiki said...

တလုပ်စားဖူး သူ့ ကျေးဇူးတွေ သိတတ်နားလည်တဲ့ ကိုဖိုးစိန်ဘဝမှာ ဘယ်တော့မှ ဆိုးဆိုးဝါးဝါးတွေ မဖြစ်နိုင်ပါဘူး ။ကျေးဇူးရှင်ကို အခြေအနေပေးသလောက် ကျေးဇူးဆပ်ခဲ့ ပြီးပြီဘဲလေ ။ အမေဆွေတယောက်ကောင်းရာဘုံမှ နေပြီး နားလည်ပေးမှာပါ။

ဂျူနို said...

ဖိုးစိန်ရေ
စိတ်ထားကောင်းတဲ့ ဖိုးစိန် ရဲ့ အန်တီဆွေ ကောင်းရာမွန်ရာ ရောက်မှာပါ။
လောကမှာ အန်တီဆွေလို လူမျိုးရှားပါတယ်။

မေ့သမီး said...

ဖတ်ရတာ မျက်ရည်တောင်ကျတယ်။ အန်တီဆွေကောင်းရာ သုဂတိလားပါစေ။

Welcome said...

တစ်ပါးသူရဲ့ ရှိခဲ့ဖူးတဲ့ ကျေးဇူးတရားကို သိတတ်သူအနေအတွက် မင်္ဂလာတစ်ပါးပါ။

ထပ်တူပါပဲ

nanwarwarmg said...

ထပ်တူခံစားရပါတယ် ဖိုးစိန်ရေ...
လူတိုင်း ၊လူတိုင်း ဖြစ်နိုင်ရင် ကိုယ်သံယောဇဉ်ရှိတဲ့
ချစ်တဲ့ ခင်တဲ့သူတွေနဲ့ ဘယ်ခွဲချင်ကြပါမလဲနော်...
ဒါပေမယ့်ပေါ့ မောင်လေးဖိုးစိန်ရေ....
အစ်မတို့တွေတောင်မှ မနက်ဖြန်ဆိုတာ မသေခြာနိုင်
ကြသေးတာပဲလေ.....

ဖိုးစိန်ချစ်တဲ့ အမေဆွေ ကောင်းရာသုဂတိလားပါစေ.

သီဟသစ် said...

စိန်စိန်ရေ..
အန်တီဆွေ ကောင်းရာ သုဂတိလားပါစေ လို့ ဆုတောင်းပေးသွားပါတယ်..

မဇနိ said...

ဖိုးစိန်ရဲ့ကျေးဇူးရှင် အမေဆွေတယောက် ကောင်းရာဘုံဘဝရောက်ပါစေ။

Rita said...

ခံစားရပါတယ်

reenoemann said...

ဪ တစ်နေ့ ကျွန်နော်တို့ လည်းသွားရမဲ့
လမ်းပါ။
အန်တီ အတွက် အလှူအတန်း များများ လုပ်ပြီး
ကျေးဇူး ဆပ်လို့ရပါသေးတယ်။

အန်တီ ကောင်းရာဘုံဘဝ ရောက်ရှိပါစေ...........

ခင်တဲ့
Ree Noe

အိမ် said...

စိတ်မကောင်းပါဘူးဗျာ... ဒီလိုပါပဲ လူ့ဘ၀ဆိုတာ တွေ့ဆုံကြုံကွဲကြတာ ထုံစံဆိုတော့ ဘာများတတ်နိုင်မှာလဲနော်....။

khin oo may said...

စိတ်မကောင်းပါဘူး