Friday, 29 May 2009

နောင် အနှစ် (၂၀) ကြာသော်...

နောင်လာမည့် အနှစ် (၂၀)တဲ့….
အနှစ် (၂၀) ဆိုတာကို စဉ်းစားမိရုံ နဲ့ ကျနော်သက်ပျင်း ဖြေးဖြေးချလို့ နှုတ်ခမ်းကွေးရုံ ပြုံးမိတယ်… နှစ်(၂၀)ကို ကြိုမပြောနဲ့ နောင်လာမယ့် နှစ်နှစ်အတွင်း မှာတောင် အရာအားလုံးက ဘယ်အရာမှ မသေချာ… မမြဲသော ဘဘောတရား… အသက်ရှိထင်ရှား ရှိနေရင်တောင် ကံကောင်းတယ်မှတ်… ကျနော် လက်ရှိ ခံစားနေရတဲ့ ခေါင်းကိုက်ဝေဒနာကို နှစ်နှစ်ဆယ်ထိ (သို့) အသက်ရှင်နေ သမျှကာလပတ်လုံး သယ်ဆောင်သွား ရအုံးမယ် ဆိုတဲ့ အတွေးက ခေါင်းထဲဝင်လာမိတယ်…

အသက်ရှည်သော်လည်း မကျန်းမာ ကျန်းမာသော်လည်း ပူပင်သောက ရောက်နေရတဲ့ ဘဝကို မလိုချင်တာတော့မမှန်.. စိတ်စွဲတာတစ်ခုက ငယ်ငယ်က မေးဖူးတဲ့ ဗေဒင်က အသက်(၃၅)နှစ် ကျရင် သေကိန်းမြင်တယ်တဲ့… ဗေဒင် မယုံကြည်ပေမယ့် ဒါကိုခေါင်းထဲမှာ စွဲနေမိတယ်… နဂိုကလည်း ငယ်ငယ်လေး ကတည်းက ခေါင်းကိုက်ဝေဒနာ ခံစားနေရတော့ ဝေဒနာ ခံစားရတဲ့ အချိန်တိုင်းက သေချင်နေခဲ့တာ… ခုတော့လဲ ဖြစ်ရိုးဖြစ်စဉ်မို့ နေသားပဲကျနေ သလိုလို… အဖေပြောသလို မကောင်းတာ တွေလုပ်ပြီး ကြီးပွားချမ်းသာ အသက်ရှည်နေတဲ့ လူ့တစ်ဘဝစံ လဲမဖြစ်ချင်ဘူး… နောင်သံသရာမှာ လူထပ်မဖြစ်တော့ဘဲ ငရဲကို အကြိမ်ကြိမ် ခံရတာထက်စာရင် ခုဘဝမှာ စောစောစီးစီး သေခွင့်ရတာမှ မြတ်ဦးမယ်ထင်တယ်… ဒါကြောင့် အသက်မရှည်လဲ ဝမ်းမနည်းမိ… သေရမှာကိုလဲ မကြောက်မိ… သေရင်တောင် ခေါင်းကိုက်ဝေဒနာ သက်သာဦးမယ်ပေါ့… ဒါက ဖြစ်နေတဲ့ အတွေး…

ထားပါတော့ အသက်ရှင်ခွင့် ရလို့ နောင်နှစ်နှစ်ဆယ်ကို သွားကြည့်မယ် အဲဒီအချိန်ကျရင် ကျနော်က အသက်(၅၀) ပြည့်နေပြီး… မိဘတွေ သက်ရှိထင်ရှား ရှိနေသေးမယ်ဆိုရင် မိဘအသက်က (၇၀)ကျော် (၈၀)ဝန်းကျင် အိုမင်းမစွမ်းတော့မယ့် အရွယ်… ကျနော် အသက်(၃၀)ကျော်မှ အိမ်ထောင်ကျ သားသမီးမွေးတယ်ထား သားသမီးတွေ အသက်က အလွန်ဆုံးရှိ (၁၅)(၁၆)နှစ်… သေချာတယ် “အဖေခါးကုန်း သားစားတုန်း” အဖြစ်မျိုး…

မိဘကြည့်တော့ အိုမင်းမစွမ်း… မိဘက သားသမီး လုပ်သူကို အားကိုးရှာမိမယ့် အချိန်… သူတို့ရဲ့ ဘဝနဲ့စိတ် တစ်ထပ်တည်း မဖြစ်တော့မယ့် အချိန်… အရာရာကို ရှုံးနိမ့်သူ အနေနဲ့ စိတ်ကျနေမဲ့ အချိန်… ဒီလိုအချိန် မျိုးမှာ အားအင်ချိနဲ့ ခိုကိုးရာမဲ့ နေမယ့် အဖြစ်ကို မိဘတွေကို မရောက်စေချင်တဲ့ စိတ်တွေ ကျနော့်မှာ ရှိနေလိမ့်မယ်…

သားသမီး ကြည့်တော့ အရွယ်ကောင်းတုန်း လှချင်ဝတ်ချင် စားချင်တဲ့အရွယ်… ကိုယ်ဘဝမှာ ရခဲ့ဘူးတဲ့ ဆိုးရွားခါးသီတဲ့ ဘဝမျိုး မဖြစ်စေလိုတဲ့စိတ် သားသမီးကို မိဘကြောင့် မသိမ်ငယ် လိုတဲ့ ကိုယ်ချင်းစားစိတ် ထားပြီး ကိုယ့်သားသမီးတွေရဲ့ လိုအပ်ချက် တွေကို တတ်နိုင်သမျှ ဖြည့်ဆည်း ဖို့ဆိုတဲ့စိတ်တွေကျနော့်မှာ ရှိနေလိမ့်မယ်… ဒါအပြင် ကျနော့်ရဲ့ ညီ ညီမလုပ်သူတွေ အခြေကျ အဆင်ပြေစေဖို့ ဆိုတဲ့ မောင်နှမစိတ်တွေ သနားစိတ်တွေ ရှိနေလိမ့်မယ့်… ဒီစိတ်တွေ ဒီခွန်အားတွေ အကောင်အထည် ဖော်ဖို့အတွက် အဲဒီ လာမယ့် နှစ်နှစ်ဆယ်ဆိုတဲ့ အသက်(၅၀)မှာ ခိုင်မာတဲ့ စီးပွားရေးတစ်ခု အပြင် ကျမ်းမာရေးကောင်း စိတ်ကောင်းစေတနာ နဲ့ ကိုယ်ချင်းစာတတ်တဲ့ ကြင်သူသက်ထား ဇနီးမယား ရှိဖို့လိုတယ်… “စီးတဲ့ရေ ဆည်တဲ့ကန်သင်း” ဆိုတဲ့ တူညီတဲ့စိတ်နဲ့ ဘဝကို လျှောက်လှမ်းနိုင်မယ့် ကြင်ဖော်ကောင်းက အနားကနေ ဖေးမကူညီမယ်ပေါ့… ဒီလို ဇနီးကောင်း တစ်ယောက် အနားမှ ရှိနေတဲ့ အတွက်လည်း သူ့ရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ အဆင်သင့် ဖြစ်နေချင်တယ်…

ဒီလိုအေးချမ်း ပျော်ရွှင်ရတဲ့ မိသားစုလေး တစ်ခုတော့ နောင်လာမယ့် နှစ်(၂၀)ကျရင် ရချင်ပါတယ်… အချမ်းသာဆုံး စာရင်းမဝင်ချင်နေပါ မပူပင် မကြောက်ကြရပဲ သူတပါး ဖြစ်ချင်တဲ့ ဆန္ဒလေးတွေကို တတ်နိုင်သလောက် ဖြည့်ဆည်းပေးပြီး အလှူအတန်းလုပ် ဘဝကိုအေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ် နေနိုင်ရင်ကျေနပ်ပါတယ်… ကိုယ်တိုင်ကလဲ စိတ်ကျမ်းမာရေး ကိုယ်ကျမ်းမာရေး ကောင်းမှ ဒီလိုမိသားစု ဘဝကို လှလှပပ ထူထောင်နိုင်မှာ… ဒါကြောင့် ဒီလိုအသက်မှာ ဒီလိုဘဝတစ်ခုကို ပိုင်ဆိုင်ဖို့ အတွက် ခုချိန်ကနေပြီး ကံစန်း ဥာဏ်စန်း ရှိသလောက် အားကုန်းလွှတ် ကြိုးစားထားရမှာ… ဒါတောင် ကျမ်းမာရေးကောင်းလို့ အသက်မသေဘူး ဆိုရင်ပေါ့…

ကံကုန်လို့ အသက်မရှိတော့ရင်လဲ ကျန်ခဲ့မယ့် မိသားစုကို မပူပင်ရအောင် ဒီနှစ်နှစ်ဆယ် မတိုင်ခင် ကြိုးစားလုပ်ထားဖို့က အရေးကြီးတယ် ကိုယ်က စောစောစီးစီးသေလို့ ဝဋ်ကျွတ် သွားပြီးဆိုပြီး နောင်ကျန်ခဲ့တဲ့ မိသားစု အရူးမီးဝိုင်းနေတဲ့ အဖြစ်မျိုး ဖြစ်နေရင် သေရင်တောင် မတရားတဲ့ အပြင် ဒီစိတ်နဲ့ သံသရာက နေကျွတ်လွတ်မှာ မဟုတ်…

ဒါကြောင့် သက်ရှိထင်ရှား ရှိနေတဲ့အချိန်ထိ ကိုယ်ချစ်ခင် တွယ်တာတဲ့ မိသားစုကို တစ်ခုခု ဖြစ်အောင် လုပ်ပေးရမယ့် တာဝန်… ဒီတာဝန်ကို နှစ်နှစ်ဆယ်အတွင်း ဒါမှမဟုတ် ဒီထက်ပိုလာမယ့် အသက်ရှင်နေသမျှ ကာလပတ်လုံး လုပ်ဆောင်နေရမှာ… ဒါက ဖြစ်ချင်တဲ့ စိတ်…

ဒါကြောင့် နှစ်နှစ်ဆယ်အတွင်း သက်ရှိထင်ရှား ကျမ်းမာနေပါလျှက်နှင့် ကိုယ့်မိဘ အတွက်သော်လည်းကောင်း၊ ကိုယ်ပိုင် မိသားစု အတွက်သော်လည်းကောင်း၊ ကိုယ့်နိုင်ငံ အတွက်သော်လည်းကောင်း၊ ယုတ်စွအဆုံး ရသင့်ရထိုက်တဲ့ လောကီ လောကုတ္တရာ တရားကိုသော်လည်းကောင်း တစ်ခုခုကိုမှ မလုပ်ဆောင်နိုင်ခဲ့ရင်တော့ အဲဒီအချိန်မှာ သေနတ်တစ်လက်ကိုဝယ် မိဘရှေ့မှာ ဒူးထောက်လို့ “လောကကြီးအတွက် နိုင်ငံအတွက် မိသားစု အတွက် ဘာမှ အသုံးမဝင်တဲ့သူ ဆန်ကုန်မြေလေးကို လူပြည့်မှာ မထားဘူး” ပြောခိုင်းပြီး ငယ်ထိပ်တည့်တည့်ကို အဲဒီသေနတ်နဲ့ ပြစ်ခိုင်းပြီး အသေခံသင့်တယ်… ဘာကြောင့်လဲဆိုတော့ အဖေ ကျနော်တို့ ငယ်ငယ်လေး ကတည်းက သင်ပေးပြောပြဖူးတယ် “သားတို့ လူရယ်လို့ ဖြစ်လာမယ့် ဘဝမှာ သက်ရှိ ထင်ရှားရှိနေမယ့် ကာလ တစ်လျှောက်လုံး အဖေခုဆိုပြတဲ့ စာပိုဒ်လေးကို ဆိုပြီး အသိစိတ်နဲ့ နှလုံးသွင်းပါ”တဲ့…

“သူတပါး သားမယားကို ပြစ်မှားကြည့်ရှု့ ရသောထက် မျက်လုံးနှစ်ဖက် ကန်းရခြင်းသည် (ပရမံ)မြတ်၏။

သူတပါး မကောင်းကြောင်းကို စောင်းမြောင်း အပုပ်ချ ပြောဆို ရသောထက် ဆွံအ နေရခြင်းသည် (ပရမံ)မြတ်၏။


သူတပါး ရှာမှီးသော ပစ္စည်းဥစ္စာ ရတနာများစွာကို ခိုးယူရသောထက် လက်နှစ်ဖက် ပြတ်ရချင်သည် (ပရမံ)မြတ်၏။


သက်ရှိထင်ရှား ကျမ်းမာနေပါလျှက် လောကီလောကုတ္တရာ နှစ်ဖြာသော အကျိုးစီးပွားကို မထမ်းဆောင် နိုင်ခြင်းထက် သေရခြင်းသည် (ပရမံ)မြတ်၏။”



ဒါကြောင့် ကျမ်းမာ၍ ချမ်းသာပျော်ရွင်သော ဘဝကို အဓိပါယ်ရှိရှိ အကျိုးရှိရှိ ပိုင်ဆိုင်ပြီး လာမည့် နောက်နှစ်နှစ်ဆီသို့ ချီတက်ကြစို့….။

တကယ်တမ်း အသက်ရှင်နေဦးမယ် ဆိုရင်လည်း အခုဖြစ်နေတဲ့ စိတ်တစ်ခုက ကိုယ့်ထက်ကြီးတဲ့ ဘလောဂါ အကိုတွေ အမတွေကို ခေါ်ပြီး လေးစားသမှုနဲ့ ကန်တော့ပွဲလေးလုပ် ညီတွေ ညီမတွေ သူငယ်ချင်းတွေနဲ့ တွေ့ဆုံစားပွဲလေး တစ်ခုလောက်လုပ်ပြီး နောင်အနှစ်နှစ်ဆယ်မှာ ကျန်ခဲ့မယ့် ယခုလက်ရှိဘဝရဲ့ ကောင်းကျိုး ဆိုးကျိုးတွေကို အားရပါးရ ဝေဖန်ပြောဆို စနောက်ရမယ့် နေ့လေးတစ်နေ့ကိုတော့ လိုချင်ပါသေးတယ်…
မကြီးဝါ ရေးထားတဲ့ ပိုစ့်လေးလို ဖြစ်လာရင်လည်း ဘယ်လောက်များ ကြည်နူး ပျော်ရွှင်စရာ ကောင်းလိုက်မလဲနော်…


မကြီးဝါ(ဝါဝါခိုင်မင်း) ရေ…. ကျနော့်ပိုစ့်လေးကို ကျေနပ်လိမ့်မယ်လို့ ထင်ပါတယ်….။


ကိုနေညို(နေညိုရင့်) ရေ ….(သေခါနီးကြီး)လို့ ခေါ်မယ့် မဒီကို မြန်မြန်တွေ့ပါစေလို့ ဆုတောင်းရင်း ဒီပိုစ့်လေးကို ကျေနပ်လိမ့်မယ်လို့  မျှော်လင့်ပါတယ်ဗျာ….။


ထပ်တိုး။………………။ ညီလေးခွက်ခွက် (အဆိပ်ခွက်) ရေ ညီလေးရဲ့ တက်ဂ်ပိုစ့် လေးကိုလဲ အကိုရေးပေးမယ်… တော်ကြာ အငယ်ဆုံးလေးကို မလေးမစား လုပ်ရာကြမှာ ညီလေးထင်မှာ စိုးလို့ ကြိုတင် လျှောက်တင်ထားတယ်… ရေးပေးပါ့မယ်ဗျာ..

ခင်မင်လေးစားစွာဖြင့်

ဖိုးစိန်

Thursday, 28 May 2009

ဖိုးစိန် ရဲ့ ပိုက်ဆံအိတ်

ကျနော့် အကျင့်တစ်ခုပါ… အပြင်တစ်နေ ရာရာကို သွားတော့မယ်ပေါ့… မှန်ရှေ့မှာ စိတ်တိုင်းကျ ခေါင်းဖြီး (ထွက်လာတော့လဲ ဒီပုံဘဲ) ရေမွှေးဆွတ် (ပြီးရင် ကိုယ့်အနံ့နဲ့ကိုယ် မူးနေတာ)… ကြိုက်ရာ ရောင်စုံ လက်ပတ်ကြိုးလေးတွေကို ဝတ်ထားတဲ့ အဝတ်အစားနဲ့ လိုက်အောင် ရွေးဝတ်ပြီး သကာလ (ရွေးဝတ်တယ်ဆိုလို့ အထင်မကြီးနဲ့ ရှိတာက သုံးခုနဲ့ အဝတ်က သုံးထည်ထဲ) အလုပ်စရှုပ်ပါတယ်… ပထမဆုံး (Memory stick) ကိုလည်ပင်းမှာဆွဲ… (Memory stick ) ကိုယူတယ် ဆိုတာက သူများနိုင်ငံမှာ နေတဲ့အတွက် မတော်တဆများ ဆိုတဲ့အတွေးနဲ့ အဲဒီထဲမှာ ကျနော့်နဲ့သက်ဆိုင်သော အရေးကြီးတဲ့ စာရွက်စာတမ်း(ပတ်စပိုစ့် + ကျောင်းသားကဒ်+ အသက်အာမခံ) စသဖြင့် အကုန်လုံးကို (Scan)ဖတ်ပြီး ကူးထားတာ မတော်တဆ ပျောက်သွားရင်(သို့) အခိုးခံရ ပျက်စီးသွားတာ တို့ဆိုရင် ဒီထဲကနေ ပြန်ယူလို့ လွယ်ကူအောင်ဆိုတဲ့ ရည်ရွှယ်ချက်ပါ… လည်ပင်းမှာ ဆွဲထားတော့ မေ့တတ်တဲ့ ကျနော် မပျောက်တော့ဘူးပေါ့ (စတိုင်တစ်ခုလဲဖြစ်သေး ) တစ်ခုခု ဖြစ်ခဲ့ရင် ဆိုတဲ့ အတွေးနဲ့ ကျနော်နဲ့ ပတ်သက်သမျှ အချက်အလက်တွေကို ကူးပြီး တစ်ခုကို စားသောက်ဆိုင်မှာ ထားတယ်… တစ်ခုကို ကျနော်အပြင်သွား တိုင်းအမြဲဆွဲ ထားတယ်… အဲဒီလောက်ထိ ရှေးကို ကြိုတွေး ထားတာနော်(ပိုင်ဆိုင်တာ တွေများနေတယ်ဆိုတော့)

နောက်တစ်ခုက ဘောပင်တစ်ချောင်းနဲ့ မပါမဖြစ် ကင်မရာကိုယူ… “အကျည်းတန် မှန်ကြိုက် မလှမှန်းသိရက် ဓာတ်ပုံရိုက်” ဆိုတဲ့ အတိုင်း သွားလေရာ ရိုက်တယ်… အမှတ်တရပေါ့လေ(ထင်လား..ဒီပိုးက မသေးဘူး)… ကြိုက်လဲကြိုက်တာကို… ကျောင်းတက်တုန်းကတော့ မြဝတီကျော်ဝင်းကို သောကြာနေ့တိုင်း ပိုက်ဆံသွားပေး နေကျ (ကျောင်းလဲပြီးရော ပုံတွေက ပြန်ရောင်းစားလို့ ရရင် အဖေကားနောက်တစ်စီး ဝယ်နိုင်မလားပဲ)(မော်ဒယ်မဟုတ်တော့လဲ ရေစုံမျှောပေါ့ ကိုယ့်ညီမကို ပေးတောင် ဒီမျက်နှာကြည့် အိပ်မပျော်လို့ ဆိုတော့ တခြားသူဆို မစဉ်းစားနဲ့ပေါ့)… ပြီးရင် ရေဗူးသေးသေး လေးတစ်လုံးကို ရေခဲသေတ္တာ ထဲကနေထုတ်… ခံတွင်း အနံအသက် ပျောက် ငုံဆေးပြားဗူးကို ဘောင်းဘီထဲထည့်… မျက်နှာသုတ် လို့ရတဲ့ လက်ကိုင်ပဝါ လေးတစ်ထည်ကို လက်မှာချည်… နောက်ဆုံး ပိုက်ဆံအိတ်နဲ့ ဖုန်းကို ဘောင်းဘီအိတ်ထဲထည့်… ကဲဒါဆိုရင် ဖိုးစိန် အပြင်ထွက်ဖို့ အသင့်ဖြစ်ပြီး…

ကျနော်နဲ့ တူတူအပြင်ထွက်မယ့် သူငယ်ချင်းဆို ကျနော်သွားခါနီး ယူသွားမယ့် ပစ္စည်းတွေကို လိုက်ရှာနေရတာ ကြည့်နေရင်းနဲ့ “ဖိုးစိန်ရာ မင်းကိုကြည့်ရတာ မျောက်အုန်းသီး လိုက်ကောက် သလိုပဲ ဟိုကယူလိုက် ဒီကယူနှိုက်လိုက် မျက်စိကိုနောက်နေတာပဲ မူးတယ်” လို့အမြဲပြောပေမယ့် ဒီအကျင့်ကမပျောက်…

ကျနော် နိုင်ငံခြား ဘာသာတက္ကသိုလ် စတက်ကတည်းက ကိုင်ခဲ့တဲ့အိတ်လေး(၂၀၀၀-၂၀၀၉)






အရေးကြီးဆုံး မပါမဖြစ်ကတော့ ပိုက်ဆံအိတ်…. ငယ်ငယ်လေး ကတည်းက ပိုက်ဆံအိတ် ကိုင်ရတာကို သဘောကျတယ်… ကျနော်လေးတန်း စတက်တဲ့အချိန် အမေက မွေးနေ့လက်ဆောင် ဝယ်ပေးမယ် ပြောတော့ ပိုက်ဆံအိတ်ကို ပူဆာခဲ့တယ်… အမေက ဝယ်ပေးပြီး ပိုက်ဆံတစ်ကျပ်ပါ ထည့်ပေးတယ်… ပျော်လိုက်တယ် ဆိုတာ ပြောမနေနဲ့… ငယ်ငယ်ကတည်းက အကြွားသန်တဲ့ ကျနော် အပြင်ထွက်တော့မယ် ဆိုရင် ပိုက်ဆံအိတ် ကို လူမြင်အောင်ကိုင်တယ်… အမေလုပ်သူက “စိန်ရယ် သူများမြင်ရင် သားပိုက်ဆံအိတ် ယူသွားပါအုံးမယ် ဖွက်ထား” လို့ဘယ်လောက် ပြောပြော လူကြားထဲမှာ ပိုက်ဆံအိတ်ကို လူမြင်အောင်ကို ကိုင်တတ်တဲ့ အကျင့်…

အိမ်ကိုအမျိုးတွေ မလာလိုက်နဲ့ လာလိုက်ရင် ပိုက်ဆံအိတ်ထဲ ထည့်ဖို့ ပိုက်ဆံလိုက်တောင်းတာ… လာတဲ့သူတွေကလည်း တစ်ကျပ်နှပ်ကျပ်စသဖြင့်ပေါ့… ညအိပ်ယာဝင်ရင် ပိုက်ဆံအိတ်ကို ခြင်ထောင်ထဲ မှာဖွင့် ပိုက်ဆံဘယ်လောက်ရှိလဲ ဆိုတာရေ ပြီးရင်ခေါင်းအုံးအောက်ထည့်အိပ်ပေါ့… တစ်ခါတစ်လေ မိဘတွေနဲ့ အပြင်ထွက်ရင် အမေလုပ်သူက “စိန်ရယ် အမေတို့ပါတယ် သားပိုက်ဆံအိတ် ကိုထားခဲ့စမ်းပါ ပျောက်မှာစိုးလို့” လို့ဘယ်လောက်ပဲပြောပြော မိဘတွေရှေ့မှာ ထားခဲ့သလိုလို လုပ်ပြီး ခိုးယူလာတာပဲ… ပျောက်ပေါင်းလဲ မနည်း… ပျောက်တိုင်းစိတ်ဆင်းရဲ ဝမ်းနည်းလို့ ငိုရပေါင်းလည်း မနည်း … အငယ်နှစ်ကောင် ခိုးပေါင်းလဲ များပြီး… ဒါလဲ စိတ်မှတ်မရှိ သွားလေရာ မျက်စိနောက်အောင် ပိုက်ဆံအိတ် တစ်လုံးက ပါတယ်… သွားလေရာ ပိုက်ဆံအိတ်တကားကားနဲ့ ကြွားချင်တုန်း…

အရွယ်ရောက်လို့ ဆယ်တန်း ရောက်တော့ အပြင်သွားရင် အမေ့ဆီက ပိုက်ဆံချေးပြီး ပိုက်ဆံအိတ်ကြီး ဖောင်းနေအောင် ထည့်တတ်သေးတယ်.. တစ်ခါမှ ပြန်မရတဲ့ အမေလဲ စိတ်မှတ်မရှိ ချေးတာပဲ… အပြင်ထွက်ရင်ကို ပိုက်ဆံအိတ်ဖောင်းနေ ပိုက်ဆံပြည့်နေမှ အပြင်ထွက်ချင်တာ… နောက်မဟုတ်ရင် အပြင်ထွက်ရမှာကို ပဲကြောက်သလိုလို ရွံ့ သလိုလို…

ရန်ကုန်ကို တစ်ယောက်တည်း ပြောင်းလာတော့ အမေလုပ်သူက ပိုက်ဆံကို ဘဏ်ကနေ လွှဲပေးတယ်… အဲဒီတော့ ရှိသမျှ ပိုက်ဆံကို ဘဏ်မှာမထား တစ်လစာကို သွားလေရာ ပိုက်ဆံအိတ်ထဲ တကားကားပေါ့… (ဘဏ်တွေက မယုံရတာ လက်တွေ့ပဲလေ) ကျနော့်အပြစ်မဟုတ်… ဒါကြောင့် အပြင်ထွက်ရင် ပိုက်ဆံအိတ် မှာပိုက်ဆံတွေ အများကြီးနဲ့ ရန်ကုန်ရောက် တောသူဌေးလေးပေါ့… ပိုက်ဆံဆိုတာလဲ လက်ထဲမှာ ရှိရင်သုံးမိသလို မရှိရင်လည်း မသုံးဖြစ်ဖူးပေါ့… ပိုက်ဆံရှိလို့ ပိုက်ဆံအိတ် ဖောင်းနေတဲ့အချိန်များ သွားလိုက်တဲ့ယုဇန ပလာဇာ နဲ့ ရန်ကင်းစင်တာ… ဖင်ပူအောင် ထိုင်နိုင်လွန်းတဲ့ (J’donut) နဲ့ (AROMA) ကော်ဖီဆိုင်… မရိုးအောင် သွားနိုင်လွန်းတဲ့ အင်းယားကန်… ညဘက် ပျင်းပျင်းနဲ့ လျှောက်သွားနေတဲ့ (CLUB) ပေါင်းများစွာ…

ပိုက်ဆံအိတ်ထဲ ငွေစငွေန လေးများ မရှိလို့ကတော့ အိမ်ရှေ့မှာ ဖျာလေးခင်း ခေါင်းအုံးတစ်လုံးနဲ့ (City FM)ကို ကြိတ်မှိတ်နားထောင်လို့ မျက်စိလည်လမ်းမှား ရောက်လာပြီး လက်ဖက်ရည်တိုက်မယ့် သူငယ်ချင်းကို မျှော်ရတဲ့ဘဝ… တစ်ခါတစ်လေ ပိုက်ဆံမရှိတော့ အမေဆင်ထားတဲ့ ဆွဲကြိုးတွေ ဟန်းချိန်တွေကို မောင်နှမ နှစ်ယောက်တည်း နေတာကိုသိတဲ့ တစ်ယောက်ယောက် ကများ ကျနော့်အိမ်ပေါ်ကိုတက် ဒမြလာတိုက်မှာ ကြောက်လို့ဆိုတဲ့ အတွေးနဲ့ အပေါင်ဆိုင်မှာ လက်မှတ်တစ်ခုယူ စိတ်ချစွာအပ်နှံ ထားပြီး ပိုက်ဆံအိတ်ကို အသက်သွင်းတတ် သေးတယ်လေ… လက်မှတ်ရှိနေ သမျှ ပစ္စည်းရှိတယ်လေ… အမေ့ပစ္စည်းတွေ ဆုံးရှုံးမှာ ကြောက်လို့ပါ…

တက္ကသိုလ်စတက်တော့ အမေတောင် မလုပ်ဖူးတဲ့ အလုပ်ကို ချစ်သူလို့ အမည်တပ် ရတဲ့သူက ကျနော်မြတ်နိုး လှပါတယ် ဆိုတဲ့ပိုက်ဆံအိတ် ကိုသိမ်း တနေ့ကို နေ့စားနှုန်းနဲ့ သူဆီက ထုတ်သုံးရတဲ့ ဘဝကိုရောက်ရော… အဲဒီအခါကျမှ ပိုက်ဆံအိတ် လဲမရှိ ကျောင်းလာရင် အိပ်ကပ်လေးထဲမှာ နှစ်ရာတန် တစ်ရွက်နဲ့ ကျောင်းထဲဝင်ရတဲ့ဘဝ… တစ်ခါတစ်လေ ကိုယ့်ပိုက်ဆံအိတ်ကို သတိရလို့ သူဆီကနေ ပြန်ပြီး အလွမ်းပြေ ကြည့်ရတဲ့ဘဝ… ဒါပေမယ့် လကုန်ရင် သူပြန်ဆပ်ရတဲ့ တခြားလူဆီက ကျနော်ယူထားတဲ့ အကြွေးက ကျနော့်ပိုက်ဆံအိတ် ထဲရှိတာနဲ့ မလောက်ပဲ အမြဲစိုက်ရတဲ့ သူ့ဘဝ… ဒါပေမယ့် ကျနော့်ပိုက်ဆံအိတ် လေးကတော့ သူ့ကြောင့် အမြဲ ငွေရှိတတ်တာပဲလေ… တစ်ခါတစ်လေ ကိုယ့်ပိုက်ဆံအိတ်ကို သူဆီက ပြန်ခိုးရ တဲ့ဘဝပေါ့… သူ့ကြောင့်လဲ အသုံးလျော့ သွားတာပါ မယ်ထင်တယ်… (သူဆိုတဲ့ မမက ဘယ်သူလဲ သိချင်လား… မပြောပြဘူး.. သတ်ရဲရင် သေရဲတယ်)



နောက်လ တစ်လလုံး ဒီပိုက်ဆံကို လောက်အောင်သုံးရမှာ (အိမ်လခမပါ)


အခုဒီနိုင်ငံရောက်တော့ ပိုက်ဆံအိတ်ဆိုတာ အစောင့်အနေ ပဲရှိတော့တယ်… လမ်းသွားတိုင် မရှိမဖြစ် ပါရတဲ့ အတွက်သာ လူမြင်ကောင်းအောင် တစ်ဆယ်နှစ်ဆယ်ထည့်… (ကြွားချင်တဲ့ စိတ်မပျောက် သေးလို့သာ) ကျန်တာကို ပျောက်မှာကြောက်လို့ ဘယ်တော့မှ ပြန်ရကိန်းမမြင်တဲ့ ကျောင်းမှာ လကုန်တိုင်း သွားသိမ်းရတာအမော… လမကုန်ခင် ငွေလေးတွေကို မြင်ရပြီး လကုန်ရင်တော့ ကျောင်းလခ ရေခမီးခ ဓာတ်ဆီဖိုးတွေလာရော ဈေးများသွား လိုက်မယ်ဆိုရင် ပိုက်ဆံအိတ်ကိုတောင် ပြန်အားနာ နေရတဲ့ဘဝ… နောက်ဆုံးတော့လဲ “သြော် ရှိရင်ပူသေး ကုန်မှအေး” ဆိုတဲ့စကားကို လက်ကိုင်ထားပြီး ပိုက်ဆံအိတ်ကို အစောင့်လေးများ ချထားပြီး သကာလ ဖိုးစိန်က ရေစက်ခွက်လေးကိုကိုင် ပိုက်ဆံအိတ်လေး ခါးကြားထိုးပြီး ရေစက်ချ ပြောချင်တာကတော့……

“ နိဗ္ဗာနသ ပစ္စယောဟောတု ”

ကိုကိုသန်(ဝသန်မိုး)ရေ…. ညီလေး ကျေနပ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်…

Tuesday, 26 May 2009

အောက်လွှတ်တော်ကအသံများ

တစ်ခါတစ်လေ ဘဝမှာ မဖြစ်စလောက်လေး တစ်ခုက စိတ်ထဲမှာ စွဲကျန်နေတတ်တာ မျိုးတွေရှိတဲ့ အဲဒီအထဲမှာ အဖြစ်အပျက်လေးတစ်ခု နဲ့အတူ ကောင်မလေးတစ်ယောက်ပါတယ်… ကောင်မလေး ပြောလို့ ကျနော့် ချစ်သူ ကောင်မလေး တော့မဟုတ်ဘူး… ကျနော်ပြောမယ့် ကောင်မလေးကလဲ ကျနော့်နဲ့မသိဘူး… မသိဘူးဆိုပေမယ့် သူ့ကိုကျနော် ၅ရက်နဲ့ နှစ်ခါ ဆုံဖူးတယ်… ဒါပေမယ့် အဲဒီကောင်မလေး ကိုကျနော် တိုက်ဆိုင်မှု ရှိတိုင်း သတိရနေတယ်… သတိရတိုင်းလည်း ပြုံးနေမိတယ် ဆိုရင် ကျနော်လွန်မလား သူ့ရဲ့အလှကိုမဟုတ်… သူရဲ့ အသံကိုပါ… သူရဲ့အသံ ဆိုတာက……….
ကျနော်တို့ တက္ကသိုလ်ဝင်တန်း စာမေးပွဲ တွေဖြေကြတော့ ကျောင်းပေါင်းစုံက ဆယ်တန်းကျောင်းသား ကျောင်းသူတွေ ရောပြီးဖြေရတယ်… ဆယ်တန်းစာမေးပွဲ ဖြေတော့ ကျနော်နေတဲ့ အ.ထ.က(၆)က အ.ထ.က(၉) နဲ့ အ.ထ.က(၃) ကျောင်းသုံးကျောင်း ရောဖြေရတယ်… အ.ထ.က(၃)ဆိုတာက မိန်းကလေးတွေ ကြီးပဲနေတဲ့ကျောင်း… စာမေးပွဲ ဖြေတော့ ကျနော် သွားဖြေရတဲ့ ကျောင်းက အထက(၉)မှာ…အထက(၉)က ကျောင်းကြီးက အင်္ဂလိပ် ခေတ် ကတည်းက ဆောက်ထားတယ် ဆိုတော့ ခိုင်ခန့်တဲ့ ကျွန်း ပျဉ်းကတိုး နဲ့ဆောက်ထားတဲ့ သစ်သားကျောင်းကြီး… ရှာထိုးပြားတွေ ခင်းထားပြီး အပေါ်ထပ်နဲ့ အောက်ထပ် မျက်နှာကျက်မရှိတဲ့ကျောင်း… အဲလိုကျောင်းမှာ ကျနော်စာမေးပွဲ သွားဖြေရတယ်… ဖြေရတဲ့ အခန်း နေရာက အပေါ်ထပ် … ကျောင်းသားတွေ ရောထားတဲ့ အတွက် ကိုယ်ခင်တဲ့မင်တဲ့ ကျောင်းသားတွေ နည်းတယ်… ကျနော့်ခုံက ထောင့်စွန်းက အလယ်ခုံမှာ အရှေ့မှာ ကျနော်ပြောတဲ့ ကောင်မလေး… ကျနော့်ရဲ့ ရှေ့တည့်တည့်မှာထိုင်တယ် ဖဲပြား အစိမ်းကို စီးထားတဲ့အတွက် မိန်းခလေး ကျောင်းဖြစ်တဲ့ အ.ထ.က(၃)က ဆိုတာ မပြောပဲနဲ့သိတယ်… ပိုပြီးထင်ရှားစေတာက သူမခေါင်းမှာ ပန်ထားတဲ့ ပန်းမဟုတ်တဲ့ ဇီးကိုင်းကြောင့် သူမကို သတိထားမိတာ… စာမေးပွဲ ဖြေနိုင်အောင် ယတြာချေတယ် လို့စိတ်ထဲမှာ ကြိတ်ပြုံးမိသေးတယ်… ကျနော်ကိုယ်တိုင်က အမေ လုပ်ပေးတဲ့ ယတြာ ပါတယ်… ထန်းမြစ်ကို လုံချည်ခါးပုံစ နားထည့်ရတယ်… ပြုတ်ကျမှာ ကြောက်လို့ အမေက အတွင်းခံ ဘောင်းဘီထဲ ထည့်ခိုင်းတယ်( စဉ်းစားကြည့်တော့ ) စားမေးပွဲ ခန်းထဲထိုင်လိုက်ရင် စိတ်ကမလုံ ထန်းမြစ်က လုံချည်ကြားကနေ ထောင်ထွက်နေတယ် တော်သေးတယ်…ပေးတတ်တဲ့ ယတြာက ထန်းမြစ်ဖြစ်နေလို့… မုန်လာဥသာဆို ကျနော့်ဘဝမတွေးရဲဘူး ဘယ်ဆရာ ဆရာမမှ အနားကပ်ဖို့ကိန်းမမြင် အမေစိတ်ချမ်းသာအောင် ထည့်ပေမယ့် ဗေဒင်ဆရာကို စိတ်ထဲက မေတ္တာတွေ အထပ်ထပ် ပေးနေမိတယ် ပထမဆုံး မြန်မာစာဖြေတဲ့နေ့က သတိရတိုင်း ကိုယ့်လုံချည် ကိုယ် ငုံ့ကြည့်မိနေတာ အမော…
ဒါကြောင့်လဲ ဒီကောင်မလေး ဇီးကိုင်းကို ပန်ထားတာ သဘောတကျ ပြုံးမိတယ်… ပထမနေ့ နဲ့ ဒုတိယနေ့ကတော့ မသိသလိုပဲ ပြီးသွားတယ်… ကောင်မလေးကို ယတြာပန်း အာရုံရတာထက် ဖြေရမယ်စာမေးပွဲ ကိုပူနေတာနဲ့ ဒုတိယနေ့ ကောင်မလေး ဘာပန်လာလဲ ဆိုတာ သတိမထားမိတော့ဘူး
စတင်သတိထား မိသွားတာက သချာင်္ဖြေတဲ့နေ… သချာင်္ဖြေတဲ့နေ့ကျတော့ ကောင်မလေးက အုန်းလက်တိုတိုလေး သုံးလက်ကို ပန်လာတာတွေ့တော့ ကျနော်ပြုံးမိသေးတယ်... စချင်တဲ့ စိတ်ကဖြစ်ပေမယ့် ကိုယ်တိုင်က ထန်းမြစ်ထောင်ထွက်နေတော့ သူများကို စဖို့အားမရှိ…
ဒီလိုနဲ့တနာရီအကြာမှာ….သချာင်္ဓမ္မဓိဌာန်မေးခွန်းတွေကို ခေါင်းနောက်အောင် ခါးကြားထောက် စဉ်းစားနေချိန်
တခန်းလုံးက အပ်ကျသံမျှမကြား… ဒါပေမယ့် သက်ပျင်းချသံ ဘောပင်တွေ ခဲတံပေတံ တွေချသံ ခုံ ရွှေ့သံတွေကတော့ မထင်မှတ်ပဲ ခဏခဏ မိနစ်အပိုင်းအခြားလေးတွေမှာ ကြားနေရပေမယ့် တခန်းလုံးက တိတ်ဆိတ်ငြိမ်သက်လို့
ဒီလို မထင်မှတ်ထားတဲ့ အချိန် တိတ်ဆိတ်နေတဲ့ အခန်းထဲကနေ ကျနော်ရှေ့ က အောင်မြင်စွာ တီးတိုးထွက်ပေါ်လာတဲ့ လျှပ်တပြက် အသံလေတစ်ခု…
”ပီ” ဆိုတဲ့အသံလေး
ခုံလေးကြားကနေ အတင်းတိုးထွက်လာတဲ့ အသံတိုးတိုးလေးကို သတိထားမိပေမယ့် စာကို အာရုံပြုထားတဲ့ အတွက် ဘာသံဆိုတာ သိရုံ နှုတ်ခမ်းကွေးရုံ ပြုံးမိသွားတယ် ဒါပေမယ့် ပြုံးနေတဲ့ နှုတ်ခမ်း ကွေးနေရာကနေ သာမန်အနေအထား မဖြစ်ခင် နောက်ထပ်ထွက်လာတဲ့ အောက်ထားရင်းကမှ ခက်ခက်ခဲခဲ ထွက်လာရတဲ့ ခုံကြမ်းကြားနဲ့ လုံချည်ကြားက ရုန်းထွက်လာရသော အတင်းအောက်အင်း ထားရက်နဲ့ မတော်တဆ မထိန်းနိုင်လို့ ထွက်လာတဲ့ ကျနော့် အရှေ့က ရှက်သွေးပါတဲ့ သူမရဲ့ အောက်လွတ်တော်အသံ
”ပိ……………. ပိ….. ပီ…ပီ…ပီ..ပိ”
ဒီအသံတွေကို တိုးတိတ်နေတဲ့ အခန်းထဲကနေ ညင်သာစွာ ပီပီသသ ထွက်ပေါ်လာတော့ ကျနော်မောင်ဖိုးစိန် စိတ်ကိုမထိန်းနိုင်ဘဲ ရေးလက်စ ဘောပင်ကို ပြစ်ချလို့ အော်ရယ် မိတော့ အားလုံးနားစွင့်နေကြတဲ့ အတိုင်း ရယ်လိုက်ကြတာ ဝက်ဝက်ကွဲ… အသံလေးက လဲ ရယ်ချင်သကိုး… ရှက်လို့အောက်ထားပါတယ်ဆိုကာ ထိန်းမရလို့ တိုးတိတ်စွာ ထွက်လာတဲ့ အသံဆိုတော့… ရယ်လိုက်ကြတာ ဆိုတာ တခန်းလုံး ချက်ချင်းရပ်လို့မရ… ကောင်မလေးကတော့ ရှက်လဲရှက် ကျနော်က အရင်ဆုံးစရယ်တာဆိုတော့ ငိုမဲ့မဲ့ မျက်နှာနဲ့ လှည့်ကြည့် မျက်စောင်းထိုးတာပေါ့… အတန်းစောင့် ဆရာက ရပ်တော့လို့အော်မှ အားလုံးကငြိမ်သွားကြတာ… ဒါတောင်ကျနော်က ဓမ္မဓိဌာန်တစ်ပုစ်ဖြေတိုင်း သူ့အကြောင်းဝင်လာလို့ စဉ်းစားလိုက် ခွိခွိနဲ့ရယ်လိုက်ပေါ့..
ပြသနာက ဒီတွင်မပြီးဘူး…. ကျနော်တို့ အပေါ်ထပ်က ရယ်သံကြားပီးလို့ မိနစ်ပိုင်းတောင် မခြားဘူး ရယ်သံက ထွက်ပေါ်လာပြန်ရော… ဖြစ်ပုံက ကျနော်နဲ့ မျက်စောင်းထိုး ကပ်ရက် ဖြေနေတဲ့ ကောင်လေးဘေးနားကို အပေါ်ထပ်က ရေတွေယိုကျလာတာ… ဒါနဲ့သကောင့်သားက သူ့အပေါ်တည့်တည့်မကျတဲ့ ရေကို ခုံရွေ့ရင်တောင် ရရက်သားနဲ့ လက်ခလေးနဲ့ ခံလိုက်သေးတယ်…ဆရာမက အလန့်တကြား ပြေးသွားပြီး “ဘယ်သူ့ရေးဗူးမှောက်တာလဲတဲ့ အောက်က စာမေးပွဲဖြေတဲ့ ကောင်လေးက ရေမှောက်တယ်ပြောတယ်“ ဆိုတော့ ဖြေရင်းတန်းလန်း ရေဗူးမှောက်တဲ့နေရာကို လိုက်ရှာကြတာပေါ့ …အဲဒီအခါကျမှ အပေါ်ထပ်က ကောင်မလေး တစ်ယောက်က ရေယိုသွားတာ… သေချာတာက သချာင်္မေးခွန်း တွေကြည့်ပြီး ကြောက်သွားတာ လားတော့မသိ ရှူးရှူးပေါက်ချတာ ဘယ်သူမှမသိဘူး… ရေတွေက အောက်ကိုရောက်လာတယ်
အဲဒါကို ကံဆိုးချင်တဲ့ သကောင့်သားလေးက ရေဗူးမှောက်တယ်ထင်ပြီး ရေတစ်စက်ချင်း ကျရာလေးကို လက်လေးနဲ့ခံထားတာ အပေါ်က ဆရာမလဲ ဆင်းလာရော သူ့ကိုပြုံးစိစိနဲ့ “ဟဲ့ကောင်လေး လက်သွားဆေး အဲဒါရေမဟုတ်ဘူး” ပြောတာကို သူကရှက်ယောင်ယောင်ပြီး နမ်းကြည့်လိုက်သေးတယ်… သူခံနေတာက ရေမဟုတ်တဲ့ အရေတွေ ဆိုတာလဲသိရော ကောင်လေးခမျာ ငိုမလို ရယ်မလိုမျက်နှာနဲ့ ရှက်လွန်းလို့ ကျောင်းအိမ်သာသွား ချက်ခြင်းလက်ဆေးရတဲ့ ဘဝပေါ့ …
ရယ်လိုက်ရတယ်ဆိုတာ ပြောမနေနဲ့ တခွီခွီနဲ့ ရယ်လိုက် ဓမ္မဓိဌာန်မေးခွန်းဖြေလိုက်နဲ့  စာအပေါ်အာရုံကိုမရဘူး ရယ်ချင်နေတာ စားမေးပွဲ အခန်းကလဲထွက်ရော အားရပါးရ ထွက်ရယ်တာပေါ့… နောက်ရက်တွေကြတော့ ပြုံးစိစိဖြစ်နေတဲ့ ကျနော့်ကို ကောင်မလေးက “ဟိတ် ဒီတစ်ခါပြောင်ရင် နင့်မျက်နှာ တည့်တည့် ပေါက်ပစ်မယ် ဘာမှတ်လဲ”ဆိုပြီးလာစွာတော့မှ ကျနော်လဲ ရီချင်သွားတဲ့ မျက်နှာကို မျက်နှာပိုးသတ်ရတယ်…
ဒါပေမယ့် ကျနော့်အရှေ့မှာ ထိုင်တော့ သတိရတိုင်း ရယ်နေမိတာ... ဘေးကြည့်လိုက်ရင် သကောင့်သား အရှေ့ကြည့်လိုက်ရင် ဒီကောင်မလေး…
ဒီလိုနဲ့ စာမေးပွဲ ပြီးလို့ ၆နှစ်အကြာ သူမနဲ့မထင်မှတ်ပဲ ကျနော့်အမ ဖွင့်ထားတဲ့ လုံချည်ဆိုင်မှာ သူ့ယောင်္ကျားအတွက် လုံချည်လာဝယ်တာနဲ့ ထပ်ဆုံဖြစ်တယ် ပထမ သူမကို မြင်တော့ စိတ်ထဲမှာ ရေးရေးလေး မြင်ဖူးသလိုရှိပေမယ် သူက ကျနော့်ကိုမြင်တော့ ဝမ်းသာအားရ လူကြားထဲမှာ တန်းပြီး နှုတ်ဆက်တယ်
သူကျနော့်ကိုမြင်လို့ ဝမ်းသာအားရတဲ့ ပြောလိုက်တာက
“ဟယ် နင်ငါတို့ဆယ်တန်း စာမေးပွဲ ဖြေတုန်းက ငါ့နောက်မှာထိုင်ပြီး ငါ့အီးကို ရှုတဲ့အကောင် မဟုတ်လား”တဲ့
ကဲ ကျနော့်မျက်နှာ အဲအချိန်တုန်းက ဘယ်လိုဖြစ်သွားမလဲဆိုတာ စဉ်းစားကြပါတော့….
သေချာတာက
ပိ…. ပီ….. ပီ…ပီ…..ပီးးးးး….

ခင်မင်လေးစားစွာဖြင့်
ဖိုးစိန်

Sunday, 24 May 2009

ဖိုးစိန် ရဲ့ ညည်းချင်း

ဘဝတစ်ခု ပြောင်းလဲလာဖို့ အတွက် နိုင်ငံခြားထွက်ပြီး အလုပ်လုပ် ကျောင်းတက်မယ်ဆိုတဲ့ အတွေးလေးက နိုင်ငံခြား ဘာသာတက္ကသိုလ် နောက်ဆုံးနှစ်မှာ ဝင်လာခဲ့တယ်… ဆိုးခဲ့ ဖြုန်းခဲ့သုံးခဲ့တဲ့ အချိန်တန်လို့ မိဘလုပ်သူကို တစ်လှည့်ပြန် လုပ်ကျွေးမယ်ဆိုတဲ့ အသိခေါင်းထဲကပ်မိတယ်… အဖေ့ကိုလဲ နားစေချင်တယ် အမေလဲ အသက်ကြီး ပြီးဆိုတော့ အကြီးတစ်ယောက်ပီပီ မိသားစု တာဝန်ထမ်းချင်တဲ့ စိတ်ဝင်လာတယ်လေ

အတိုက်အခံ တွေကြား အတားအဆီး အခက်အခဲ တွေကြားက ကံကောင်းချင် တာလား ကံဆိုးသွားတာ လားမသိပဲ ဆိုက်ပရပ်စ်ကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာတယ်… “တစ်နာရီ(၅)ပေါင် ပြေးမလွတ်ဘူး အလုပ်မရွေးဘူးဆိုရင် ပိုတောင်ရတယ် အင်္ဂလန်ကို ကူးဖို့လား… (၆)လပြည့်ရင် အော်တိုရောက်မယ် ကျောင်းပြီးသွားရင်လား… ဟိုမှာအလုပ်တွေများလို့ အလုပ်ရှင်ကို ခေါင်းခေါက်လုပ်လို့ရတယ် အခုကျောင်းလခက တစ်နှစ်စာ အင်္ဂလန်ကူးသွားရင် ပေးစရာမလိုဘူး… ဒီကဘွဲ့လား… နေရာမရွေးဘူး အလုပ်မရှားဘူး ” ဒီအပြော ဒီအဟောတွေနဲ့ မိဘကို ချွေးသိပ် နိုင်မယ်ထင်ခဲ့တယ် တွေးပျော်ခဲ့တယ် ငါလုပ်မယ် ငါကြိုးစားမယ် ငါဖြစ်ရမယ် ဆိုတဲ့ ရည်ရွယ်ချက် တွေနဲ့ အားမာန်တွေ တက်ပြီး ရောက်လာခဲ့တယ်

ဆိုက်တာနဲ့ဖလပ် ဖလပ်ဖြစ်တယ်လို့ ပြောလို့ရအောင်ပဲ… ကျောင်းက တက်ချင်တဲ့ ကျောင်းမျိုးမဟုတ်… ကျောင်းသားဆို အလုပ်လုပ်ခွင့်မရှိ ပေးခဲ့တဲ့ ကျောင်းလခက (၆)လစာ အင်္ဂလန်ကူးဖို့ဆို ပြပါအုံး နောက်ထပ်ရှိုးမန်းနီး… နှစ်လနေပြီးရင် နောက်ထပ်(၆)လစာ ထပ်သွင်းရမယ် အခုပေးထားတဲ့ငွေက (၆)လ အတွက်ပဲ အကျုံးဝင်တယ် ဒါကြောင့် ဆက်နေချင်ရင် ကျောင်းလခသွင်း ဒါမှမင်းတို့ဗီဇာထပ်ရမယ် ဒီလိုအဖြစ် အပျက်တွေကြားမှာ ရောက်လာတဲ့ သူတွေက ကျောင်းမတက်ဘဲ ပေးခဲ့တဲ့ ကျောင်းလခက တစ်ဝက်ကိုပြန်ယူပြီး ပြန်မယ် အလုပ်မရှိတဲ့ အတွက် နောက်ထပ်ကျောင်းလခကို မပေးနိုင်ဘူးဆိုတော့ (၁၀) ယောက်လောက်က တညီတညွတ်တည်း ပြန်သွားကြတယ်
ကျနော့်ပြန်စဉ်းစားကြည့်တယ်... ငါသာပြန်သွားရင် ငါ့အပေါ်ထားခဲ့တဲ့ ငါ့မိဘရဲ့ ယုံကြည်အားကိုးမှု ငါ့မိဘရဲ့မျက်နှာ ငါ့မိဘကုန်ခဲ့တဲ့ အရင်းအနှီး ပြန်သွားရင် ခဏတာ အနာဂတ်မဲ့ စိတ်ဓာတ်ကျနေမယ့် ငါ့ ပြန်ခဲ့ရင် ဘာဆက်လုပ် ရမလဲမသိသေးတဲ့ ငါ့အနာဂတ်… ပြန်မထူနိုင်မယ့် စိတ်ဓာတ်တွေ ရှိမယ့်အတူတူ မထူးပါဘူး ကြိုးစားနေ ကြည့်မယ် ဆိုပြီး အားတင်းကာ မျက်စိမှိတ်ပြီး ဘုရင့်နောင် ဖောင်ဖျက် နေခဲ့ရတဲ့ဘဝ…

ဆုံးဖြတ်ချက် ချပြီးလို့ နေခဲ့တဲ့ပထဆုံးသော ရက်စွဲတွေမှာ ဆန်တစ်ထုတ်ဝယ် နွားနို့ဗူးလေးနဲ့ လချီပြီးဆန်ပြုတ် သောက်ခဲ့ရတယ်…လက်ထဲရှိတာ (၅)ဒေါ်လာတောင် မပြည့်တဲ့အတွက် မြိုချခက်တဲ့ ပါမုန့်ကြမ်းကို ဗိုက်ပြည့်အောင် အတင်းသွတ်သွင်း လည်ပင်းနင်အောင် စားခဲ့ရတယ်… ပိုက်ဆံမရှိဘဲ ဆက်နေဖို့ ကြိုးစားတဲ့ ကျနော့်ကို အထင်သေးမှု စွတ်စွဲမှုတွေနဲ့ မျက်ရည်ကို အားဖြေ့ခဲ့ရတယ်… လမ်းတကာလှည့် ပြီးချွေးပေါက်ပေါက်ကျအောင် အလုပ်လိုက်ရှာခဲ့ရတယ်… (၅)မိုင်ဝေးတဲ့ ခရီးကိုအသွားအပြန် သွားပြီး လုပ်ရတဲ့စားသောက်ဆိုင်မှာ နာရီပေါင်းများစွာ ရပ် စားပွဲထိုးလုပ်ခဲ့ရတယ်… သချိုင်းမှာ အုတ်ဂူရှင်းခဲ့ရတယ်… မြင်းတွေမွေးထားတဲ့ ခြံသွားပြီး အသက်ရှူမဝစွာ မြင်းချီးကောက်ခဲ့ရတယ်… ပန်းခြံမှာ (၂၅)ကီလိုရှိတဲ့ မြေသြဇာ အိတ်တွေကို ထမ်းခဲ့ရတယ်… လာသမျှ ကွန်တိန်နာက ကုန်တွေကို ပေါ့ပေါ့လေးလေး သွားထမ်းခဲ့ရတယ်... အပင်အမြင့်တွေကို မကြောက်တမ်း ခုတ်ခဲ့ရတယ်… သံလွင်သီး လိမ္မောသီးတွေ ခူးပြီး ဆေးသုတ် အိမ်ရှင်းခြံရှင်း လုပ်ခဲ့ရတယ်… (၂၄)နာရီမှာ အိပ်ချိန်နားချိန် စုစုပေါင်း (၄)ပဲရှိခဲ့ရတယ်… (ဒါတောင်အဲဒီအချိန်က ခိုင်းမယ်သူမရှိ အလုပ်မရှိလို့ ရှိရင်လုပ်မိမှာ သေချာသလောက်ပဲလေ)…
ဒီကရတဲ့ငွေနဲ့ မတက်ရတဲ့ကျောင်းကို ဆက်နေခွင့်ရဖို့အတွက် နစ်နစ်နဲနဲ ပေးဆပ်ခဲ့ရတယ်… ဒါကြောင့် ကုန်ထားတဲ့ငွေကို ပြန်ကာမိဖို့က အလုပ်များများလုပ်နိုင်မှပဲ တော်ကာကြမှာပေါ့… “ဖိုးစိန်တစ်ယောက် အလုပ်ကိုလောဘကြီးတယ် ကပ်စည်းနဲတယ် နှပ်ချီးငါးပိလုပ်စားတယ်”တဲ့… “ဒီလောက်တောင် ရှာနေတာ သေသွားရင် ဘယ်သူစားမလဲတဲ့” သေသွားမှတော့ မိဘတွေ ကျန်သေးတယ်လေ မိဘတွေရရင် သေရကျိုးနပ်ပါတယ်… ဘယ်လောက်ပဲ ဝေဖန်ပါစေ အလုပ်ကို ဆက်လုပ်ခဲ့တယ် မိဘတွေ ရင်းနှီးပေးခဲ့ရတဲ့ အရင်းအနှီးကို ရအောင် ပြန်ကြိုးစားခဲ့တယ်…

ဒီနိုင်ငံ ရောက်တော့ ရူးရူးမိုက်မိုက် တစ်ခါ စဉ်းစားဖူးတယ် အိမ်ကို ပိုက်ဆံပို့ချင်တာ တစ်ပိုင်းသေနေတဲ့ အချိန် ဒီမှာက အသက် အာမခံ လုပ်ထားတော့ ငါသာကားတိုက်သေရင် ရမယ့်လျှော်ကြေးနဲ့ အာမခံနဲ့ ပေါင်းရင် ငါ့မိဘကို ပေးနိုင်မှာပဲလို့…အဲဒီတုန်းက တကယ်ကို ဘဝကိုတုံးချင်ခဲ့တာ… ဒါပေမယ့် ယူကြုံးမရ ဖြစ်မယ့် မိဘမျက်နှာကို မြင်ပြီး အားပြန်တင်းခဲ့တယ်… တစ်ခါတစ်လေလဲ တစ်ခုခုကို စားချင်တာများ တပိုင်းကိုသေလို့… ဒါနဲ့ဆိုင်သွား ဝယ်စားပြစ်လိုက်မယ်ပေါ့... ဆိုင်ဝရောက်တော့ ချိတုန် ချတုန် စိတ်ထဲက “ဖိုးစိန် နင်ဒါမစားရလို့ သေသွားနိုင်လား သေနိုင်ရင်စား မသေနိုင်သေးရင် အောက်ထား”ဆိုတော့ ပိုက်ဆံလေးကိုင် ငိုင်တိုင်တိုင်နဲ့ အိမ်ပြန်လာတာပေါ့… ငါမစားလိုက်ရတဲ့ ပိုက်ဆံက တစ်ခုခု အသုံးဝင်နိုင်တယ် ဆိုတဲ့ အသိက လုံးဝကပ်နေတာ… ဒီလိုမျိုသိပ် ကြိတ်မှိတ် ခံစားရတဲ့ဘဝ… ဒါခဏတာပါဆိုတဲ့ ကိုယ့်ကိုယ်ကိုယ် အားပေးမှု ငါလုပ်တာ ငါ့မိဘစားနေရတာပဲဆိုတဲ့ ပီတိအတွေးတွေနဲ့ မျက်ရည်တစ်စက် အပြုံးတစ်ဝက်နဲ့ အံကြိတ်နေလာခဲ့တာပါ… ဒီနေ့အထိ စိတ်ထဲမှာ ရှိနေသေးတာက ကျနော့်မိဘ အတွက် တစ်ခုခု လုပ်ပေးနိုင်ဖို့ ဆိုတဲ့စိတ်ကလေးနဲ့ လက်ရှိနေရတဲ့ ဘဝလေးမှာ မလှုပ်မယှက် ငြိမ်နေပါသေးတယ်… ဘဝကို စိတ်နာချင်ပေမယ့် မိဘအတွက် ဆိုတဲ့စိတ်ကလေး ခံနေတော့ အားမာန်တွေ ကျန်ပါသေးတယ်...
မနှစ်က အမေ့ မွေးနေ့မှာ အမေက သားဆင်ရင် ဝတ်ချင်ပါတယ်ဆိုတဲ့ စိန်နားကပ်ကို အမေ့အတွက် မွေးနေ့လက်ဆောင် ပေးတော့ သားဆင်ပေးလို့ ဝမ်းသာတဲ့ အမေ့ရဲ့ ပီတိအပြုံးတွေ ကြားက သားကိုသနားလို့ မဝတ်ရက် မလိုချင်ဖြစ်သွားပြီး မျက်ရည်ပေါက်ပေါက် ကျဆင်းနေတဲ့ အမေရဲ့ ဝမ်းနည်း မျက်နှာ… အနားမှာ ကြင်နာမှု အပြည့်နဲ့ “မငိုပါနဲ့ မိန်းမရာ မင်းသားက ယောကျာ်းပါ… ယောက်ျားဆိုတာ ဒေါင်ကျကျ ပြားကျကျ နေတတ်ရမယ်… ငါတို့ကျွေးထားတာကို သူပြန်သိတတ်တာ ဒါကြောင့် ငါမျက်ရည်မကျဘူး” လို့ပြောတဲ့ အဖေ့ မျက်ဝန်းထဲက လျှံတက်လာတဲ့ အဖေ့ရဲ့ မကျအောင်ထိန်းထားတဲ့ မျက်ရည်နဲ နဲ့“ငါ့သားရယ် အဖေအရမ်း ခံစားရပါတယ်”ဆိုတဲ့ မပြောပဲ သားအဖချင်း နားလည်နိုင်တဲ့ ကြင်နာသနားတဲ့ အကြည့်တွေ ကိုတွေ့ရတော့ ကျနော်ကြိုးစားပင်ပန်း ခဲ့ရသမျှ တန်တယ်လို့ထင်ပြီး အဖေနဲ့ အမေကိုငေးရင် ကျခဲ့ရတဲ့ပီတိမျက်ရည် ... ဒီမျက်ရည်တွေ ကကျနော့်ကိုအားဖြစ်စေပြီး ဒီမျက်ရည်ကြောင့် ကျနော်ဒီမှာ ကြံ့ကြံ့ခံ နေသေးတယ် ဆိုရင်မှားမယ်မထင်ဘူး… ဒါကြောင့် နိုင်ငံခြားကို လာရကျိုးနပ် မနပ် စဉ်းစားနေတာ အခုချိန်ထိ ရေရေလည်လည် အဖြေမထွက်….

အခုချိန်ထိတော့ “ဟုတ်တာလဲမလုပ်….
မဟုတ်တာလဲမလုပ်…
လုပ်တာတွေလဲ တစ်ခုမှ မဟုတ်” တဲ့ ကျနော်မောင်ဖိုးစိန် ရှိထားခဲ့တဲ့ ဆပ်မကုန်သော ကြွေးမည်းဟောင်း အတွက် အလုပ်လုပ်ရင်း ကျောင်းခတွေ သွင်းရင်း မမြင်နိုင်သော အနာဂတ် တစ်ခုကို မျှော်လင့်ချက် တစ်ခုဖြစ် စောင့်ရင်း….
မုန့်လုံးကို စက္ကူကပ် ဂျာအေးကို သူ့အမေရိုက်တဲ့ ဖိုးစိန်ဘဝက ဒုံရင်း ကနေ ဒုံရင်း…

ဒါပေမယ့် အနာဂတ် အတွက်အားကိုတင်း……


ဒါကြောင့် ကျနော်ချစ်ခင် လေးစားရပါသော ဘလော့စာမျက်နှာပေါ်က အကို အမ ညီညီမ သူငယ်ချင်းတို့ရေ…
မညည်းချင်ပဲ ညည်းခွင့်ရတဲ့ ကျနော် ဖိုးစိန် ညည်းချင်းလေးကို ဖတ်ပြီး ဖိုးစိန်ကို သနား ချစ်ခင်စိတ်လေးများ ဝင်ရင် အောက်ပါ လိပ်စာအတိုင်း ဖိုးစိန် ဖွင့်ထားတဲ့ ဘဏ်ကို ငွေလွှဲနိုင်ပါတယ်

အမည် ............................ ဖိုးစိန်



လက်ခံမည့် ဘဏ်နာမည် ...... ပီတိဘဏ်



ဘဏ်နံပတ် ....................... xxx၅၂၈xxx



လက်ခံမည့် ငွေအမျိုးအစားများ ...................
စေတနာ (စတာလင်ပေါင်)


မေတ္တာ(အမေရိကန်ဒေါ်လာ)



ကရုဏာ (သြစတြေးလျဒေါ်လာ)



ချစ်ခင်မှု(စကာင်္ပူဒေါ်လာ)



သံယောဇဉ် (ဂျပန်ယန်း)


မုဒိတာ(တရုတ်ယွမ်)

ငွေသား တစ်မျိုးတည်း မဟုတ်ဘဲ အကုန်လက်ခံတဲ့ ဘဏ်ပါ… ဘယ်နိုင်ငံကပဲလွှဲလွဲ ဖိုးစိန်က ဘဏ်ထဲရောက်ရင် ပီတိ(ယူရို) အဖြစ် ပြောင်းလဲယူမှာဖြစ်ပါတယ်
ဒီကရတဲ့ ငွေတွေနဲ့ ဖိုးစိန် တစ်ဘဝလုံး နေထိုင်ခွင့် ရရင် အသက်ရှင်ရ ကျိုးနပ်ပါတယ် ပျော်ရွှင်ပါတယ် ကျေနပ်ပါတယ်
မကြီးဝါရေ….. ကျေနပ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်

ငွေလွှဲပေးဖို့လဲ မမေ့နဲ့နော်
ခံစားချက် တစ်ခုကိုချရေးလိုက်လို့ ပေါ့သွားပေမယ့် ပြန်ဖတ်ရင်တော့ မျက်ရည်ဝဲတယ်ဗျ

ခင်မင်လေးစားစွာဖြင့်
ဖိုးစိန်

Friday, 22 May 2009

အမှတ်တရ ဖိုးစိန် ဖြစ်တည်ရာ

ဖိုးစိန်ဆိုတဲ့ ကျနော့်ရဲ့ ဖြစ်တည်ရာ မြစ်ဖျားကို သွားမယ်ဆိုရင်......

ငယ်ငယ်က ကျနော် ကျန်းမာရေး ချုချာတဲ့အတွက် မွေးပြီးစကတည်းက ဆေးရုံမှာ အမေနဲ့အတူ ကန်ထရိုက်ဆွဲပြီး ပျော်ပွဲစား(၂)လ ထွက်ရတယ်... သေမလား ရှင်မလားမသိတဲ့ ကျနော့်ကို အဖွားလုပ်သူက ဝိုင်းစောင့်တယ်... သေမလို ရှင်မလို ကျနော်က သတိရတဲ့ အချိန်ကျ လူသံကြားရင် ကိုယ်လေးလှုပ် ခေါင်းလေးလှုပ်တဲ့ အကျင့်လဲရှိလို့ ကျမ်းမာအောင်ဆိုပြီး “ဖိုးထောင်”လို့ နာမည်ပေးခဲ့တယ်... (မွေးကင်းစ ကတည်းက လူသံကြား ခေါင်းထောင်တဲ့သူ ဆိုတော့ နေရာတကာ စပ်စပ်စပ်စပ် ပါချင်တဲ့စိတ်က အဲဒီကတည်းက ရှိတာနေမှာ... တော်သေးတာက ငယ်သေးတော့ ခေါင်းပဲထောင်နိုင်လို့ ဖိုးထောင်လို့ပဲခေါ်တာ... မတွေးရဲစရာ)


ဒီလိုနဲ့ သုံးလပြည့်လို့ ပျော်ပွဲစားကနေ ပါမစ်နဲ့ အိမ်ပြန်တော့ အဖေက နာမည်ပေးဖို့လုပ်တယ်... ဖြစ်ချင်တော့ ကျနော်မွေးတဲ့အချိန် အဖေက ပြည်တွင်း ရေကြောင်းလိုင်းမှာ သဘောင်္သားလုပ်နေတာ... ကျနော့်ကိုလဲ မွေးပြီး တစ်လအတွင်းမှာ စက်ခန်းအုပ် ရာထူးတက်ပြီး သဘောင်္ပြောင်းစီးရတယ်... စီးတဲ့သဘောင်္ နာမည်က “စိန်လျှံ”ဒါနဲ့ အင်္ဂါသား ဖြစ်တဲ့ ကျနော့်ကို သူရာထူးတက်လို့ ပြောင်းစီးတဲ့နာမည်နဲ့ အမှတ်တရ အဖြစ် အဖေ့နာမည်ပါအောင် “စိန်လျှံထွန်း” လို့ပေးခဲ့ပါတယ်... အမေကလဲ သူနာမည်ပါချင်သေးတယ်တဲ့ ပါများပါရင် “စိန်လျှံထွန်းကြူ” များဖြစ်မလားဘဲ... နောက်တစ်ခုက အဖေသဘောင်္ပြောင်းတာကို ကျေးဇူးတင်ရမယ်... ပထမစီးတာက “စိန်ပန်းပြာ”တဲ့... ကံကောင်းတယ်မှတ် နောက်မဟုတ်ရင် အဖွားကြိုက်တဲ့ “ဖိုးထောင်”နာမည်နဲ့ပေါင်းပြီး “စိန်ပန်းထောင်ထွန်းကြူ” ဖြစ်မလားထင်ရတယ်...


နောက်ဆုံတော့ “စိန်လျှံထွန်း” ဆိုတဲ့နာမည်တွင်လာတယ် ဒါပေမယ့် နှစ်ငယ်တဲ့ ဝမ်းကွဲညီ ညီမတွေက စိန်လျှံဆိုတဲ့ နာမည်ခေါ်မထိတော့ “ကိုကြီးစိန်နံနံ” “ကိုကြီးစိန်နီလာ” ဖြစ်လာတယ်ပေါ့...


ဒါပေမယ့် မျောက်ရှုံးအောင် မျက်စိနောက်လွန်းတဲ့ ကျနော့်ကို အဖေကတော့ “မျောက်ဖိုးစိန်” လို့ချစ်စနိုးခေါ်တယ်လေ... များသေားအားဖြင့် “သားစိန်” လို့ခေါ်ပါတယ် အမေလုပ်သူကတော့ ခေါ်လိုက်တိုင်း ရင်ထဲအေးတယ်ဆိုတဲ့ “စိန်” တစ်လုံးထဲကို ခေါ်တယ်လေ... အမေခေါ်တဲ့ “စိန်” ကလည်း ကျနော့်ရင်ကို အေးမြစေပါတယ်... အဖေကအိမ်ပြန်ရောက်ရင် “မိန်းမရေ မျောက်ကြီးဖိုးစိန် နွားထုံမီလေး ဝက်ပေါက်သီရိ ဘယ်မှာပုန်းနေလဲ အဖေတုတ်ပါတယ်” လို့ အိမ်ပြန်ရောက်တိုင်းမေးတဲ့အကျင့်... အိမ်ကညီ ညီမတွေ ကျနော့်ကို စိတ်ဆိုးရင်လဲ အဖေ့သား “မျောက်လောင်းကြီးဖိုးစိန်” ဘာဖြစ်တယ် ညာဖြစ်တယ်ပေါ့... အဲဒီကတည်းက “ဖိုးစိန်” ဆိုတာခေါ်နေခဲ့တာ...


နိုင်ငံခြားဘာသာ တက္ကသိုလ် စတက်တဲ့ အချိန်ကျတော့ ကျနော့်ကို သူငယ်ချင်းတွေက “ဗိုလ်စိန်” ဆိုပြီး နှစ်ဆုံးလို့ ကျောင်းပြီးတဲ့ အထိခေါ်ခဲ့ကြတယ်... ပထမနှစ် အတန်းထဲမှာ အမှတ်တရ စုထုတ်ဖြစ်တဲ့ ကဗျာစာအုပ်အတွက် ကလောင် နာမည်ရွေးတော့ ကျနော် “ဖိုးလျှံ” ဆိုပြီးရေးခဲ့တယ်... ဒါပေမယ့် ကျနော့်ညီမလေးက သူရေးတဲ့ ကဗျာတို စာတိုတွေမှာ “မလျှံ”(မရှန်လို့ထွက်ကြတယ်)ဆိုပြီး နာမည်တပ် ဆိုင်းထိုးတာမြင်တော့ ညီမလေးနဲ့ ဒီနာမည်လေး လိုက်တယ်ဆိုပြီး ညီမလေးမူပိုင် ဖြစ်စေချင်တာနဲ့ ကျနော်လဲ ဒုတိယနှစ် အရောက်မှာ “ဖိုးကြံ” ဆိုပြီးပြောင်းခဲ့တယ် (အကြံအစည်သမားပေါ့) ဒါပေမယ့် သူငယ်ချင်းတွေက “ဖိုးကျန်”(ကျန်ရစ်သူကြီး) ဆိုပြီးစကြတော့ နံမိတ် မကောင်းပါဘူး ဆိုပြီး နာမည် ပြောင်းမလို့လုပ်တယ်... ဒါနဲ့ အဖေ ချစ်လို့စနောက်ပြီး ခေါ်တဲ့ “ဖိုးစိန်” ကိုသဘောကျသွားတယ်...


“ဖိုးစိန်”လို့ ကြားလိုက်မြင်လိုက်ရင် လူတော်တော်များများက “ဇာတ်မင်းသားကြီး ဦးဖိုးစိန်” လို့မြင်မှာဖြစ်သလို တချို့ကြတော့လဲ “မျောက်ဖိုးစိန်” လို့အလိုလိုနေရင်း သိနေကြမှာပါ... ဒါကြောင့် “ဖိုးစိန်” ဆိုတဲ့နာမည်က အားလုံးတွက် အရင်က ဇာတ်မင်းသားကြီးကို သတိတရ ဖြစ်စေမှာဖြစ်သလို ငယ်ငယ်ကတည်းက မျောက်ရှုံးအောင်ဆော့တဲ့ ကျနော်ကို မျောက်လို့နောက်ပြောင် ခေါ်တာလဲ စိတ်ထဲမှာ(ပျော်နေသေးတယ်ထင်တယ်) ဘယ်လိုမှ မနေတဲ့အတွက် ကျနော့် ဂျီမေးလ်ကနေစလို့ “ဖိုးစိန်” လို့နာမည်ပေးခဲ့တယ်... ပထမဆုံး မြန်မာလိုရိုက်တတ်လို့ စရေးတဲ့ပိုစ့်က အဖေ ကျနော်တို့ ညီအကိုကို ငယ်ငယ်လေးကတည်းက အသဲစွဲအောင် ပြောခဲ့တဲ့ ပုံပြင်လေး ဖြစ်သလို အဖေအမြဲတမ်း ပြောစရာဖြစ်တဲ့ ပုံပြင်လေးကို “အဖေပြောသော မျောက်ပုံပြင်” ဆိုပြီးကျနော် “ဖိုးစိန်” ဆိုတဲ့နာမည်နဲ့ စတင်ရေးခဲ့တယ်... ပထမဆုံးရေးတဲ့ ပိုစ့်ကို ပထမဆုံး ကျနော့်ရဲ့ စာဖတ်ပရိတ်သတ် ကဖေဖေနဲ့မေမေ... ဖတ်ပြီးတော့ အမေက ပြုံးလို့ပျော်လို့ အဖေကတော့ ဝမ်းသာတဲ့လေသံနဲ့ မျက်ရည်ဝဲလို့ ဘယ်သူတွေ ဘာပြောပြော ငါ့သားလေးရဲ့ “ဖိုးစိန်” ဆိုတဲ့နာမည်ကို အဖေ အဓိပါယ် ဖွင့်ပေးမယ် ဒီနာမည်လေးနဲ့ အဖေ့သား တသက်လုံး ပျော်ရွင်ပါစေတဲ့...
အဖေဖွင့်ပေးခဲ့တဲ့ အဓိပါယ်က
“ဖိုးစိန်= အဖိုးအနန္တ ထိုက်တန်သော တန်ဖိုးကြီးမားသော လောကဓံကို ကြံကြံခံ နိုင်သော စိန် လို့ခေါ်တဲ့ အဖေ့ရဲ့ချစ်သား”

ကျနော်အရမ်းကို ကျေနပ် သဘောကျ ပီတိဖြစ်ခဲ့ရပါတယ်... အရမ်းကိုလဲပျော်ခဲ့ပါတယ်... အဖေ့ဖွင့်ပေးခဲ့တဲ့ အဓိပါယ်ကြောင့် “ဖိုးစိန်”ဆိုတဲ့ နာမည်လေးကို ပိုမြတ်နိုးလို့ သံယောဇဉ် ဖြစ်ခဲ့ပါတယ်... အမေခေါ်ခေါ်နေတဲ့“စိန်” အဖေခေါ်နေတဲ့“သားစိန်” လို စိတ်ထဲမှာ မြတ်နိုးမိသွားပါတယ်....


အခုဆို ကျနော့်ကိုချစ်တဲ့ ဘလော့ပေါ်က အကိုတွေ အမတွေ ညီတွေ ညီမတွေ သူငယ်ချင်းတွေက

“ဖိုးစိန်လေး”

“ဖိုးစိန်”

“စိန်”

“စိန်စိန်”

“စိန်မျောက်မျောက်လေး”

“မျောက်လေးဖိုးစိန်”

“စိန်ဖိုးရှုပ်လေး”

“ဖိုးရှုပ်”

“ကဖိုးစိန်” (အပျိုကြီးမငုံ)

“ဖွတ်ချိန်”

“ဦးဦးဖွတ်ချိန်” (မက်မက်ပေးခဲ့တဲ့နာမည်)

“ငစိန်လေး”

“ကိုဖိုးစိန်”

“ကိုစိန်”

“ကိုကိုစိန်” (ကိုကိုပိုင် =သက်ပိုင်သူ)

“ကိုကိုဖိုးစိန်”


“ဖိုးသင်းမျောက်” (ချစ်ကိုကြီးထွေးသတိပေးလို့ထပ်ထည့်ထားသည်)


“ဖိုးစိန်လျှံ” (အလျှံအပယ်ချစ်သော ချစ်ကိုကြီးထွေးခေါ်သည်)


“တူစိန်” (ချစ်ကိုကြီးရင်နော် ပေးထားသောနာမည်သစ်)


“ကိုစိန်ကြီး”

“ကိုကြီးစိန်”

ကိုကြီးဖိုးစိန်”

“မောင်” (ဖြူဆိုတဲ့ ကျနော့်ရဲ့ဘလော့ပေါ်ကချစ်သူက လာငိုလို့ ထည့်လိုက်ပါတယ် )


“မိုင်လပ်ဖ်လီးဘရာသား” “ငါ့အစ်ကိုရေ..” တစ်ဦးတည်းသောညီလေးအရဲခေါ်တာ (မိုင်လပ်ဖ်ခေါ်ပြီး မရပ်ဖို့ တဆက်တည်းခေါ်ဖို့ကပြောရသေးတယ် ချစ်ညီကို)




“ဖိုးချစ်” ချစ်သယ်ရင်းကိုကိုနို


“ကိုကြီး ဖိုးပိန်” (ညီလေးပြာ(ခ) ဆရာပြာ(ခ) မောင်မျိုး(ခ) ပျိုသာ ခေါ်ချင်သောနာမည်)

“ကိုစိန်ဖိုးတုတ်” ( ချစ်ညီလေး ကိုကိုပေါ်ပေါ် )

“ကိုစိန်တလုံး” (ညီလေးဝသန်ခေါ်သည်)

“ချစ်ကိုကြီးယောက်ဖ” (ချစ်ညီလေးယောက်ဖ ခွန်ဖ)

ဘယ်လိုခေါ်ခေါ်ပေါ့... ခေါ်လိုက်တဲ့ အခါတိုင်းမှာ ကျနော်ပြန်ထူးနေကြ “ဗျာ” နဲ့အတူ မျက်စိထဲ မိဘနှစ်ပါးကို မြင်ယောင်ပြီး ကျနော်ရင်ထဲက ကြည်နူးပျော်ရွင်မှု ကဘာနဲ့မှ လဲလို့မရအောင် ကျေနပ်ပီတိဖြစ်ရပါတယ်....
ဘဝတစ်သက်စာ အမှတ်တရ ဖြစ်ကျန်နေမှာပါဗျာ...

ချစ်သူငယ်ချင်းကိုနို(ရီနိုမာန်)ရေ ကျေနပ်လိမ့်မယ်လို့ထင်ပါတယ်ဗျာ... ချစ်သူငယ်ချင်းတက်ဂ် တက်တာကို တလေးတစားရေးပေးတယ်နော့်...


ဒီပိုစ့်လေးနဲ့အတူ ကျနော် ခင်မင်လေးစားရသော မကြီးနော် (မနော်ဟရီ ) ဖြစ်တည်ရာလေးကို သိချင်ပါသေးတယ်
မကြီးနော်ရေ ..မကြီးမအားမှန်း သိပါတယ်.. ဒါပေမယ့် ကျနော် မကြီးရဲ့ နာမည်လေးကို အရမ်းသိချင်ပါတယ်... အခုမကြီးကိုယ်တိုင် ရေးပေးမယ် လို့ဆိုလာတဲ့အတွက် ကျနော် မကြီးနော်ကို ရိုသေလေးစားစွာ တောင်းဆိုပါတယ်
ကျနော် တက်ဂ်တာမဟုတ်ဘူးနော်... ကျနော် သိချင်လို့ပါ ... တက်ဂ်ပို့စ်က သက်သက်ပါဗျ

ခင်မင်လေးစားစွာဖြင့်
ဖိုးစိန်

Wednesday, 20 May 2009

ပထမရတဲ့နှစ်သိမ့်ဆု

မှတ်မိတာ တစ်ခုကို ပြောပြမလို့ပါ
အရွယ်အားဖြင့် ကျနော်နှစ်တန်း တက်နေတဲ့အချိန် အဲဒီတုန်းကတော့ ကျနော့်ကို အဖေတို့က စိတ်ပူလို့(ကျမ်းမာရေးချုချာတဲ့အတွက်) အိမ်နဲ့နီးတဲ့ ရပ်ကွက်က မူလတန်း ကျောင်းမှာထားတယ် အဲဒီအချိန် အဖေက ရပ်ကွက်မှာ လူကြီးဖြစ်နေပြီး ရပ်ကွက်လူကြီး ကတော်ဖြစ်တဲ့အမေလဲ အလိုလိုနေရင်း ကျောင်းသားမိဘ ဆရာအသင်းမှာ ဥက္ကဌရာထူး ခန့်ခြင်းခံရတာပေါ့


တစ်နေ့တော့ ဆရာမလုပ်သူက အိမ်စာစာအုပ်မှာ အိမ်စာတွေ ပေးရင်းနဲ့ မိဘများသိစေရန်ဆိုပြီး မနက်ဖြန်နေ့လည် (၁၁)နာရီတိတိမှာ ကျောင်းသားမိဘ အစည်းအဝေး ရှိသည်ဆိုပြီး ကျောက်သင်ပုန်းမှာ ရေးပေးတာကို ကူးပြီး အမေ့ကိုပြဖို့ မှာပါတယ်... နောက်တစ်နေ့မှာ အမေလဲ ကျောင်းသားမိဘ အစည်းအဝေးကို သွားပြီး ကျောင်းကပြန်ရောက်လာတဲ့ ကျနော့်ကို“သားစိန်လေး ကျောင်းမှာ ကဗျာပြိုင်ပွဲ ကျောင်းကပွဲလုပ်မယ်.. အဲဒါသားစိန်လေးကို ကဗျာဆိုပြိုင်ခိုင်းမယ်”ပြောတော့ ကျနော်ကငြင်းတယ် မပြိုင်ချင်ဘူးပေါ့ အမေက ”သားစိန်ရယ်ဝင်ပြိုင်ပါ သားစိန်ကို ပထမပေးဖို့ ဆရာမကို ပြောထားပြီးပြီး ကိုယ့်အဖေက လူကြီးပဲ ငါ့သားပထမရမှာပေါ့” လို့ပြောတော့ ကျနော်စိတ်ဝင်စား သွားတယ်လေ ပထမရရင် မဆိုးဘူးပေါ့ တကယ်တော့ အမေက ကျနော်အမြှောက်ကြိုက်မှန်းသိလို့ ပထမရမယ် ဘာမယ်နဲ့ ညာပြောတာလေ ကျနော်လဲအားတွေတက် စိတ်တွေမာန်တွေ တက်ပြီး ကဗျာပြိုင်မယ် ပြောလိုက်တာ
အမေ ကိုယ်တိုင် ရွေးပေးတဲ့ကဗျာလေးက “တို့ပြည်ထောင်စုအလံ”တဲ့ အဲဒီတုန်းက တေဇစာအုပ်မှာ ပါတဲ့ကဗျာလေး ကဗျာပြိုင်ဖို့ အတွက်လုံချည် တိုက်ပုံအကျီင်္ မောက်ကျက်သရေ ခေါင်းပေါင်းနဲ့ အလံတစ်ခုကို အမေက စီစဉ်ရတယ် မောက်ကျက်သရေ ခေါင်းပေါင်းက အဖေကိုယ်တိုင် ကြိမ်နဲ့ခေါင်းပုံစံ တိုင်းလုပ်ပေးတာ ဒါပေမယ့် ကျနော့်ခေါင်းနဲ့ နည်းနည်းကြီး နေတော့ ချောင်ကျိကျိ ဖြစ်နေတာ ပုဆိုးကတော့ အဖေရဲ့ ဘန်ကောက်ပုဆိုးကို ဖြတ်ချုပ်တယ်ဆိုလားပဲ (ကျနော်တော့မမှတ်မိဘူးလေ) တိုက်ပုံနဲ့ ဆိုတာတော့ မှတ်မိနေတယ်
အဲဒီကဗျာမှာ သရုပ်ဆောင်ကွက် တွေပါတယ်
မှတ်မိသလောက်ပေါ့
စင်ပေါ်ရောက်ရင် နာမည်ကိုမိတ်ဆက်မယ် ဘယ်အတန်းမှာ ပညာသင်နေလဲပြောမယ် အခုရွတ်ဆိုပြမယ့် ကဗျာနာမည် ကိုပြောမယ်ပေါ့...ပြီးရင် ညာဘက်ကို ခြေလှမ်းသုံးလှမ်းလှမ်း ဘယ်ဘက်လက်သီးကိုဆုပ် ညာဘက်လက်နဲ့ အလံကိုကိုင်မြှောက်ပြီး ဒါငါတို့အလံ ခေါင်လေးမော့ပြီး မာန်ပါပါ အော်ရမယ်...ပြီးရင် ဘယ်ဘက်ကို သုံးလှမ်းလှမ်း ညာလက်သီးကိုဆုပ် ဘယ်ဘက်လက်ကနေ အလံကိုကိုင်မြှောက် ”ဒါငါတို့ပြည်ထောင်စုရဲ့အလံ”
ပြီးရင်အလယ်လာ ဆိုသမျှ တိုင်းကို ခြေဆောက်ပြီး အားမာန်ပါပါဆိုရတဲ့ကဗျာ
မှတ်မိသလောက်ကဗျာက
ဒါငါတို့ အလံ
ဒါငါတို့ပြည်ထောင်စုအလံ
စပါးနှံစက်သွား ဒါငါတို့ရဲ့အား
အရွယ်တူကြယ်ဖြူ၁၄လုံးဝန်းရံထား
ပြည်နယ်နှင့်တိုင်းကိုယ်စား
ရဲ့ရင့်တဲ့ငါတို့ သွေး
ဖြူစင်တဲ့စိတ်ဓာတ်နဲ့
ငြိမ်းချမ်းတဲ့နံမိတ်ပုံဆောင်
ငါတို့ရဲ့အလံကိုထောင်
ကမ္ဘာတည်သရွေ့မပျက်ပေါင်
(ကဗျာက ကျန်သေးမယ်ထင်တယ်... ကျနော်စိတ်ထဲစွဲကျန်သလောက်ပါ)
ဒီလိုနဲ့ နေတိုင်းအမေက သေချာစနစ်တကျ လေ့ကျင့်ပေးပါတယ် အဖေရော အမေရောက “ငါ့သားတော်တယ် သေချာတယ် ငါသားက ပထမရမှာ အသံကလဲကောင်း မာန်ကလဲပါ”ဆိုပြီး အားတွေပေးတာ.. နဂိုက မြှောက်ရင် တက်အောင် ကတဲ့သူဆိုတော့ ပီတိတွေဖြစ်ပြီး နေ့ရောညရော ဒီကဗျာဆိုနေတာပဲ ဘယ်သူလာလာဆိုပြ သရုပ်ဆောင် ပြရတာအမော
ဒါနဲ့ ကဗျာပြိုင်ပွဲ ညနေရောက်လာတယ်ပေါ့ ပျော်ပွဲရွှင်ပွဲ ကျောင်းသားမိဘ တွေ့ဆုံပွဲဆိုတော့ လူတွေအများကြီး လာကြတယ် ကျောင်းရှေ့မှာ ပွဲစင်ထိုးပြီး အောက်မှာလူကြီးတွေက ထိုင်ခုံတွေနဲ့ထိုင် ဘေးကနေ ကြည့်နေတဲ့ သူတွေကလဲ များသားလား...
ပွဲစခါနည်းတော့ ကျနော် လူအုပ်တွေကို ကြည့်ပြီး မျက်စိကလည်ကလည် လုပ်နေတော့ အဖေလုပ်သူက ”သားစိန်လေး မကြောက်နဲ့ ဒီကောင်တွေအားလုံးက အဖေ့တပည့်တွေ သူတို့ကို ကြောက်စရာမလိုဘူး ကိုယ့်ကဗျာကို ကိုယ်ဆို သူတို့မိုက်ရင် အဖေ့လက်သီးစား ကျွေးမယ်တဲ့လေ”... အမေလုပ်သူကတော့ ”သားပထမရမှာ အမေတို့ ဒိုင်လူကြီးကို ပြောထားပြီးပြီး စင်ပေါ်ရောက်ရင် မမေ့နဲ့သင်ထားတာ အကုန်လုပ်”ပေါ့ ကျနော်လဲ ခေါင်းတညိတ်ညိတ်နဲ့..ဒါနဲ့ ကျနော့်အလှည့် ရောက်တယ်... ကဗျာဆိုဖို့ စင်ပေါ်ကြွပါဆိုတော့ ကျနော်လဲ စင်ပေါ်ကို တက်သွားတယ်... ပထမတော့ကြောက်တယ် စင်အောက်မှာ အဖေတို့ မျက်နှာကိုမြင်တော့ အားလုံးက အဖေ့တပည့်တွေ လို့စိတ်ထဲမှာမှတ်ပြီး မိတ်ဆက်စကား ပြောတယ် မာန်တွေ မုတွေလဲဝင်သွားတယ်လေ... ကိုယ်ကိုယ်ကိုလဲ ငါတော်ပါလားပေါ့...


ကဗျာလဲ စဆိုမယ်လုပ်လို့ ညာဘက်ကို ခြေလှမ်းအလှမ်းမှာ လေကအတိုက် မောက်ကျက်သရေ ခေါင်းပေါင်းက သုံးလေးပြန်လောက်လွင့်သွားတာ အဲဒါကိုကောက် မလို့အသွား ပုဆိုးစကိုနင်းပြီးတော့ ပုဆိုးက ကျွတ်သွားပါလေရော ဒါနဲ့ပုဆိုးကို ပြန်ဝတ်မတတ်လို့ပုဆိုးစကိုဆွဲပြီး ခေါင်းပေါင်းကို ရှက်ရှက်နဲ့ သွားကောက်တော့ အောက်ကနေ တဝါးဝါး ဆိုပြီးပွဲကျတာပေါ့ ကျနော်ရှက်ရှက်နဲ့ “နင်တို့ ငါ့အဖေတပည့်တွေ ဘယ်သူမှမရီကြနဲ့ ငါ့အဖေ လက်သီးစားမိလို့ သေသွားမယ် ဘာမှတ်လဲ” ဆိုပြီး ငိုပြီးပြော ပြီးတော့ ရှက်ရှက်နဲ့ ကိုင်ထားတဲ့ ပုဆိုးကိုချွတ် ပုဆိုးတွေ အလံတွေ ခေါင်းပေါင်းတွေနဲ့ ရှေ့ကဒိုင်လူကြီး ဆရာမတွေကို ကောက်ပေါက်တာပေါ့ အဲအခါမှပိုရယ်ကြတာ... ဒါနဲ့ အမေလဲစင်ပေါ် တက်လာပြီး ပုဆိုးကို တောင်းပြီးပြန်ဝတ်ပေး ပြီးတော့ အစကနေ ပြန်စခိုင်းတယ် “ငါ့သား လုံးဝမရှက်နဲ့ ပြီးအောင်ဆို” ဆိုလို့ အငိုတိတ်ပြီး ရှိုက်သံနဲ့ နှပ်သံနဲ့ ဆိုရတာပေါ့ လေ့ကျင့်ထား သလောက်တော့ ဘယ်ကောင်းမလဲ ပြီးတော့ အောက်က ရယ်တဲ့သူတွေကို ကဗျာဆိုလို့ ခြေထောက် ဆောက်တိုင်း မျက်စောင်းကလည်း ထိုးသေးဗျ ဒီလိုနဲ့ပဲ ကဗျာလေးပြီးသွားပါတယ် ရယ်တာကတော့ မရပ်ကြဘူးလေ
ဆုလဲပေးရော ကျနော့်နာမည်ကိုခေါ်ပြီး နှစ်သိမ့်ဆုပါတဲ့ဗျာ
ကျနော်လဲ အဲဒီအခါကျမှ ဝမ်းနည်းပြီး အော်ငိုပါလေရော အမေ့ကိုလဲ ကန်ကျောက်ပြီး “အမေပြောတော့ ပထမရမယ်ဆို ဆရာမကို ပြောထားပြီးပြီးဆို အဖေလူကြီးကို ကြောက်ကြတယ်ဆို အမေတို့က လူလိမ်တွေ ဆရာမတို့လူလိမ်တွေ ပထမပဲ ယူမယ် ပထမ ကိုပေးဆိုပြီး” ငိုတာ အဲဒီအခါကျမှ တကယ်ဝမ်းနည်းပက်လက် တကယ့်အကြီးအကျယ် ပဲတဲ့လေ ဘေးက လူတွေကလည်း အရယ်မတိတ်ဘူး တဝါးဝါးနဲ့ ကျနော်ငိုပြီး ဖော်ကောင် လုပ်နေတာကို သဘောကျနေတာ အဲဒါနဲ့အမေ့ အကူအညီနဲ့ ဆုကိုပြန်ကြေငြာ ပေးရတယ်
“မောင်ဖိုးစိန် ပထမ နှစ်သိမ့်ဆုကို ယူရန်စင်မြင့် ပေါ်သို့ကြွပါ” ဆိုမှမကျေမနပ် နဲ့ဆုတက်ယူခဲ့တာ
အမှတ်တရပေါ့... အဖေကတော့ သတိရတိုင်း ပြောလို့မဆုံးပါဘူး အိမ်လာသမျှ လူကိုလဲ ပြောလိုက်တာ... အဲတုန်းက ရိုက်ထားတဲ့ငိုမဲ့မဲ့ မကျေမနပ် မျက်နှာကိုထုတ်ကြွားရတာအမော
ပုံကဟောင်းနွမ်း နေပေမယ့် အမေကသိမ်းထားတုန်း အခုချိန် အိမ်သွားလည်း အဖေပြောပြပါလိမ့်မယ်
အဖေက ပြောပါတယ် သားစိန်ရေ..မင်းမွေးလာမယ့် သားသမီးတွေကို မင်းဆိုးကြောင်း မင်းဗရုပ်ကျကြောင်း မင်းခေါင်းမာကြောင်းတွေ မင်းမကောင်းကြောင်းတွေကို ပြောခွင့်ရချင် ပါသေးတယ် အဲလိုအားရပါးရ ပြောရမယ့်အချိန်ကို စောင့်နေတယ်တဲ့လေ
အဖေ့ ဆုတောင်းလေးပြည့်မှာပါဗျာ...
ရခဲ့ဖူးတဲ့ပထမနှစ်သိမ့်ဆု ကတော့ အမှတ်တရပေါ့လေ

Sunday, 17 May 2009

ရှိုက်သံ

တစ်ခါတစ်လေ ကျနော် စဉ်းစားမိတယ်.. ကိုယ်တိုင်ကပဲ ခက်နေအောင် လုပ်နေတာလား.. ဒါမှမဟုတ် ကိုယ်ကဘဲ ဒီအခက်အခဲတွေနဲ့ ကြုံနေရတာလားလို့.. တွေးမိတိုင်းလဲ အဖြေမထွက်ဘူး တစ်ခါတစ်လေ မျက်ရည်ကျမိတယ် တစ်ခါတစ်လေ ဝမ်းနည်းမိတယ် တစ်ခါတစ်လေ အားငယ်မိတယ်.. ဒါပေမယ့် အားတင်းပြီးတော့ လျှောက်နေဆဲပေါ့..


ကျနော် ပြန်စဉ်းစားမိတယ်.. ဆိုက်ပရပ်စ်ကို ရောက်ခါစတုန်းက အခက်အခဲတွေက မှအများကြီး.. ကျောင်းသားဆိုရင် အလုပ်လုပ်ခွင့်မရှိဘူးတဲ့.. ရောက်ပြီးမှသိရတာ (အေဂျင့်ပြောတုန်းကတော့ တစ်နာရီ(၅)ပေါင် ပြေးမလွတ်ဘူးတဲ့လေ)အလုပ်လုပ်ရင်း ပညာလဲသင် ပိုက်ဆံလဲစုမယ်ပေါ့.. ခဲလေသမျှ စဉ်းစားထားသမျှက ပြောင်းပြန်လေ.. အလုပ်ကလဲရှားတယ် သူတို့ပြောနေတဲ့ ဂရိစကားကလည်းမတတ် အင်္ဂလိပ်လိုကလည်း မလည်မဝယ်ဆိုတော့ ရုံးတွေကုမ္မဏီကြီးတွေ မပြောနဲ့ စူပါမားကက်လို နေရာမျိုးမှာတောင် ကျနော်တို့အတွက် အလုပ်မရှိ.. ရှိလဲသူတို့ကအလုပ်မပေး ဘာကြောင့်လဲဆိုတော့ အလုပ်ခန့်ရင် ရဲလာဖမ်းမယ် သူထေးရောကျနော်တို့ပါ ဖမ်းခံထိမယ်ဆိုတော့ ဘယ်သူမှအလုပ်မပေးချင်ဘူး.. ဒါကြောင့်ရောက်ခါစက အလုပ်အတွက် အရမ်းကိုခက်ခဲတယ် စိတ်ဓာတ်တွေလဲ အဖျန်းဖျန်း ဖြတ်ရိုက်ခံရသလိုကျရတယ်လေ.. နောက်ဆုံးမရတော့လဲ မရှိကြံ ကြံရတော့တာပဲ.. စာရွက်အဖြူလေးပေါ်မှာ နာမည်နဲ့ ဖုန်းနံပတ်နဲ့ရေး ခြံရှင်း အိမ်ရှင်း ဘာရရ အလုပ်လိုချင်ပါတယ် ဖုန်းခေါ်ပါဆိုပြီးတော့ရေး.. ပြီးရင်ရွာရိုးကိုးပေါက် နေပူကြဲကြဲ ထဲမှာ ခြေတိုအောင်လျှောက်ပြီး အိမ်စေ့စာလိုက်ထည့်ရတယ် ဒီနေ့ဒီရပ်ကွက်ဆိုရင် နောက်နေ့ တခြားရပ်ကွက် မြို့ပြင်ကလွဲလို့ ကျနော်နေတဲ့ တမြို့လုံး ကျနော်စာမထည့်ဖူးတဲ့ အိမ်မရှိဘူး.. ညနေပြန်လာရင် လူကဖတ်ဖတ်ကိုမောလို့..ဆုတောင်းလိုက်ရတာလဲ အမော ပြန်စဉ်းစားလိုက် ဘွဲ့ရတစ်ယောက် ရှာနေတဲ့အလုပ်နဲ့ တောင်းနေတဲ့ဆုက “မနက်ဖြန် တစ်ယောက်ယောက်ကများ ခြံရှင်းဖို့ အိမ်ရှင်းဖို့ခေါ်ပါစေ”တဲ့ သေချင်လောက်အောင် ကိုယ့်ကိုယ်ကိုယ် စိတ်ပျက်မိပေမယ့် ငါသာတစ်ခုခုမှားလို့ကတော့ ယူကြုံးမရ ဖြစ်မယ့် မိဘနှစ်ပါးမျက်နှာလေးကို မြင်ပြီးကျခဲ့ရတဲ့ လူမသိ သူမသိမျက်ရည်တွေ..


ဒီလိုနဲ့ အချိန်တော်တော်ကြာမှ ဖုန်းခေါ်ပြီးအိမ်ရှင်းဖို့ ခြံရှင်းဖို့ စိတ်ဝင်စားလို့ ဖုန်းခေါ်တဲ့သူတွေနဲ့ တွေ့ရတော့ ကျနော့်မှာအားတက်လို့မဆုံး ပျော်လို့မဆုံး ကိုယ်မမြင်ဖူးသေးပဲ အသံလေးကြားပြီး အလုပ်ပေးတဲ့သူကို ဖင်ထောင်အောင် ကန်တော့လိုက်ရတာ.. ဒီလိုခြံရှင်း မြက်နှုတ်မှန်သုတ် အလုပ်ပေးတဲ့သူ တချို့ကလည်း ကျောင်းသားအလုပ်လုပ်ခွင့် မရှိတာကို သိထားတဲ့အတွက် အလုပ်တော့ပေးပါရဲ့ ပေါချောင်ကောင်းလေးလိုချင်တယ် ခိုင်းချင်တာခိုင်းမယ် အပိုခိုင်းမယ် ပေးတော့လဲ လုပ်ခနဲ့ တန်ရာတန်ကြေး မပေးချင်ပြန်ဖူး.. ပေးရင်တောင် ပြောတဲ့စကားက “မင်းဘဝမှာ ဒီလောက်လေးလုပ်လို့ ဒီလောက်ပိုက်ဆံများများ ရဖူးလား”တဲ့.. ရင်ထဲကို အောက်သွားတာပဲ ဒါပေမယ့် မျက်ရည်လေးဝဲပြီးတော့ ပြုံးပြခဲ့ပါတယ်.. တစ်ချို့ကြတော့လဲ ခိုင်းချင်တာခိုင်း ခိုင်းပြီးသွားရင် စသလိုနောက်သလို “ငါရဲခေါ်လိုက်ရင် နင်ဘာဖြစ်သွားမလဲတဲ့လေ” သနားလို့ခိုင်းတာ ပေးသလောက်ယူ ဆိုတဲ့မျက်နှာပေးနဲ့.. လုပ်ရတဲ့သူက နေပူထဲမှာ ပေါက်တူးပေါက်လိုက် အပင်ခုတ်လိုက် အမြင့်ကြီးတွေ လှေခါးထောင်တက် မှန်သုတ်လိုက် (မတော်တဆများ ပြုတ်ကျရင် ရင်ကျိုးမှာက မိဘတွေ) သူတို့ကတော့ စိတ်ပူပေးပါတယ်.. ကြည့်တက်ပါ ဂရုစိုက်ပါ နောက်ကပြဿနာတွေက မရှင်းနိုင်ဘူးတဲ့လေ.. စဉ်းစားမိရင် ရင်ထဲမှာဆစ်ခနဲ နာကျင်မိတယ်.. ထားလိုက်ပါ.. တစ်ခါတစ်လေ ဘဝဆိုတာကြီးက ကိုယ့်ကို ခံနိုင်ရည်ရှိ မရှိစမ်းတယ်လို့ပဲ သတ်မှတ်ထားလိုက်ပါတယ်.. အလုပ်လုပ်ခါစက ဒီကောင်ဘာကောင်လဲ ဆိုပြီး မသင်္ကာတဲ့မျက်လုံးတွေနဲ့ ကြည့်တာခံရသလို ကိုယ့်ထက်အငယ်လို့ ထင်ရတဲ့သူတွေက ခြေထောက်နဲ့ထောက်ပြ ခိုင်းတာကိုလဲ ရင်နစ်အောင်ခံရပါတယ်.. တစ်ခါတစ်လေ ကိုယ့်နဲ့ရွယ်တူတွေ ရှိတဲ့အိမ်မျိုးမှာ အလုပ်လုပ်မိတဲ့အခါမျိုး သူတို့မိသားစုတွေ အအေးခန်းထဲမှာ ထမင်းစုစားနေတဲ့ အခါမျိုး နဲ့များဆုံရင် ကျနော်မှာ အပြင်ဖက်လှေခါး ပေါ်ကနေ မှန်သုတ်ရင်း သူတို့ရဲ့ထမင်းပွဲလေးကိုကြည့်ပြီး မငိုပဲ တတောက်တောက်ကျတဲ့မျက်ရည်.. အဲလိုအခါမျိုးမှာ ဝမ်းနည်းစိတ် အားငယ်စိတ် သိမ်ငယ်စိတ်တွေနဲ့ အိမ်ပြန် အခန်းအောင်းပြီး တစ်ယောက်တည်း တွေးလိုက်မျက်ရည်ကျလိုက် ဟိုဘက်လှည့်လိုက် ဒီဘက်လှည့်လိုက် မိုးလင်းခဲ့တဲ့နေရက်တွေက နှစ်ချီခဲ့တယ် ဒါပေမယ့် မညံ့မခံ အရှုံးမပေးချင်တဲ့စိတ်နဲ့ ကြံ့ကြံ့ခံနေရတာလေ.. ကိုယ်တစ်ခုခုဖြစ်မယ် ကြံတိုင်းမိဘမျက်နှာ ကိုမြင်နေတော့လဲ ခက်တယ်လေ..


အခုတော့လဲ နေသားကျနေပါပြီး.. ဒီအလုပ်တွေ ဆက်လုပ်နေပေမယ့် တစ်ခါတစ်လေ ဝမ်းနည်းမိတာက လွဲလို့ပေါ့.. သူငယ်ချင်းတစ်ယောက် ကပြောဖူးတယ် “မင်းဒီအလုပ်တွေမှာ ပျော်နေပြီးလား.. ငါတို့လို တိုးတက်ဖို့ မကြိုးစားဖူးလားတဲ့”.. ကဲ ဘယ်သူကများ ဒီလိုအလုပ်ကို လုပ်ချင်မှာလဲ မတိုးတက်ဘဲ နေချင်မလဲ မကြိုးစားပဲ အိပ်နေတာမှ မဟုတ်တာ.. သူ့စကားက စေတနာ စကားပါ ကျနော်အပြည့်အဝ နားလည်ပါတယ်.. ဒါပေမယ့် တစ်ခါတစ်လေ ဘဝဆိုတာ လက်သိပ်ထိုးပေးသမျှ ကိုတော့ယူတတ် ရမယ်ထင်တာပဲ.. လုပ်နေတာပဲလေ.. သူမေးတဲ့ မေးခွန်အတွက် ကျနော့်အဖြေက ပြုံးမိတာတစ်ခုပဲရှိတယ် အဲဒီအပြုံးရဲ့နောက်ကွယ်က သက်ပျင်းရှည်ရှည်တစ်ချက် ကိုတော့ သူတွေ့မယ် ကြားမယ်မထင်ဘူး..

ဘာရယ်မဟုတ်ဘူး မွန်းကြပ်နေလို့ ချရေးမိတယ်ထင်တာပဲ
အကြောင်းတိုက်ဆိုင်တဲ့ ညီအကိုတွေ ညီမ အမတွေရှိရင်လဲ စိတ်မပျက်ကြနဲ့ပေါ့ ဘဝကိုပေးသမျှကိုသာ လက်ခံလိုက်ပါ သူဘယ်လောက် ကျီစားနိုင်မလဲလေ.. အရှုံးတော့ ရှိမယ်မထင်ဘူး မမြတ်ရင်တောင် အရင်းတော့ ပြန်ရမှာပါ
ဒီလိုစိတ်ညစ်တဲ့ အခါမျိုးမှာ လေးဖြူရဲ့ “ခရီးများဆုံးထိလျှောက်”
ဝိုင်းဝိုင်းရဲ့ “ဖြေသိမ့်လိုက်” ဆိုတဲ့သီချင်းတွေကို နားထောင်မိရင် အားတက်ပါရဲ့..
ဒါပေမယ့် ထူးအိမ်သင်ရဲ့ “မေမေချစ်တဲ့ သားကြီး”နဲ့ လွှမ်းမိုးဆိုတဲ့ “ပျောက်ဆုံးသွားသော နိဗာန်ဘုံ” ကိုနားထောင်မိရင်တော့
ဝန်ခံပါတယ် အခုထိ မျက်ရည်ကတောက်တောက်ကျဆဲပဲ... ရင်ထဲနာကျင်အောင် ရှိုက်မိနေဆဲပဲ..


ခင်မင်လေးစားစွာဖြင့်
ဖိုးစိန်

Friday, 15 May 2009

ထား ခဲ့ဘူးသေားရီးစားဆိုတာ

သြော် ရီးစား...ရီးစားးး
“ရီးစားလေး ထားရတာလဲ..ဇီးပြားလေး စားရသလိုပဲ နံပတ်(၁)ချစ်ချစ်ကလဲ နံပတ်(၂) ချစ်ချစ်လိုပဲ....”
မရှိမကောင်း ရှိမကောင်း ရှိတော့ပျော် မရှိတော့မျှော်တဲ့လေ... တကယ်တမ်းကျတော့ ကျနော် ရီးစားနဲ့ချစ်သူ ကိုမသဲကွဲခင်မှာပဲ ကောင်မလေးတစ်ယောက် ကိုစိတ်ဝင်စားတယ် ပုတုတုလေးနဲ့အမပုတုလို့ခေါ်တယ် အဲဒီတုန်းက သူက(၆)တန်း ကျနော်က ခုနှစ်တန်း ကျနော်ကလဲ အမပုတုလို့ခေါ်တော့ ကျနော့်ကိုမြင်ရင် မျက်စောင်းလေးထိုးပြီး ထွက်ထွက်ပြေး တတ်လို့ ချစ်သွားတယ် (ရ)တန်းစာမေးပွဲ ဖြေခါနီးအဖြေရတယ် သူ့အိမ်ကိုစက်ဘီးစီးပြီး သွားချောင်းရတာအမော သူ့အိမ်ကသိမှာကြောက်လို့ အပြင်မှာ မတွေ့ရဲဖူးလေ (ကျနော်မဟုတ်ဘူး) အမပုတုလေး ကျနော့်ကိုကြောက်လို့နေမှာသေချာတယ် သူ(၈)တန်းရောက်တော့ ရန်ကုန်ပြောင်း သွားတော့ ကျနော့်မှာဆွေးရတယ် (၃)ရက်လောက်ထိ.. စာပုံမှန်ရေးကြမယ် ရန်ကုန်လိုက်လာမယ်ပေါ့ ရည်ရွယ်ချက်ကြီးပါတယ် ရေးခဲ့ပါတယ် စာတစ်စောင် အခုထိအမေက သိမ်းထားပေးတယ် ရီရလို့တဲ့ (ခံစားချက်တွေကို အမေမသိဘူးဗျ)အခုတော့ ဘယ်မှာမှန်းကို မသိ

ဆယ်တန်းရောက်တော့ အခန်းထဲကို မုဒုံကနေပြောင်းလာတဲ့ မွန်မချောချောလေးကို တွေ့တယ် သူကစကားပြောရင်ဝဲတယ် ကျနော့်ထက်ဝဲတယ် နားသံသီးလေးနဲ့ ထိုင်တော့ ကျနော့်အရှေ့မှာ.. အရှေ့မှာ ဆရာမက စာသင်ရင် သူကခေါင်း တညိတ်ညိတ်နဲ့ ထောက်ခံတယ် ကျနော်ကတော့ ဒီမွန်မလေး စာတော်တယ် ဆရာမရှင်းပြတာ အကုန်နားလည်တယ်ပေါ့ ဘယ်ဟုတ်မလဲ သူကခေါင်းညိတ်တာ အကျင့်ကပါနေတာကိုး သူ့ကိုကျနော် “ပေါက်သင်ညှိနားသံသီး” လို့ခေါ်တာ ရီးစားစာလိုက်ပေးတော့ မယူဘူးငြင်းတာ မသိဘူးလေ ခေါင်းကညိတ်နေတယ် ဆိုတော့လက်ခံတယ်ပေါ့ အတင်းလွယ်အိပ်ထဲ ထည့်ပေးခဲ့တာ နောက်နေ့ကျတော့ ကျနော်ကသူ့ကို ”ချစ်လား” လို့ ပါးစပ်လှုပ်ပြီးမေးတာ သူကတော့ရှက်ပြီးခေါင်းငုံ့နေတာ ခေါင်းညိတ်တဲ့ အကျင့်ကလည်း ရှိတော့ ကျနော့်စိတ်ထင် သူကချစ်တယ်ပေါ့ ညနေကျောင်းဆင်းတော့ အားလုံးကို ကြွားလိုက်တာ သူ့ဆီက အဖြေရပြီးပေါ့လေ သူကသိတောင်မသိဘူးတဲ့ အဲလိုနဲ့ ကျနော့်ကို သနားလို့ အဖြေပေးတာ ရီးစားထပ်ရရော ပြောသမျှ ခေါင်းညိတ်လွန်းလို့ အသည်းတွေ အူတွေ ယားတာမှ ခဏခဏ ဒါနဲ့ တစ်နေ့သူ့နဲ့ စကားများတယ်လေ အမှန်မှာ ကျနော်ကပြဿနာ ရှာတာလေ (သူခေါင်းညိတ်တာကိုသိလို့) နင်ငါ့ကိုမချစ်ဘူးဟုတ်လားလို့ မေးတော့ သူကခေါင်းပဲညိတ်တတ်တော့ ကျနော်တို့ပြတ်သွားတယ် (ညီမလေးကောင်းမှူ အကိုတွေရဲ့အကြံပေးအရာရှိမလေး)


ဆယ်တန်းအောင်ပြီးတော့ မိုးကိုတွေ့တယ် “မိုး”ကိုတော့ ရီးစားစာရင်းထဲ မထည့်ချင်ဘူး ရင်ထဲမှာ တကယ်ခံစားပြီးတော့ ချစ်ခဲ့တာ အခုတော့ ပြီးသွားပြီး ဆိုပေမယ့် တိုက်ဆိုင်မှု ရှိတိုင်း သတိရနေသေးတယ်

မိုးပြီးတော့ ကျနော်ငြိမ်သွားလိုက်တာ တက္ကသိုလ် ပထမနှစ်ထိ အဲဒီမှာ ရီးစားချစ်သူ တစ်ယောက်ရပြန်တယ် သူမကို ရီးစားသက်သက် ပြောလို့မရဘူး ချစ်သူလိုလဲ ချစ်ဖို့ကောင်းတယ် သူမကတော့ မသက်ထွေး(မသက်ထွေးဆီသို့ လွမ်းချင်းပိုစ့်ကိုရေးဖူးတယ်)အရမ်းချစ်စရာကောင်း စလို့ကောင်း ဒါပေမယ့် ကျနော့်ကိုအရမ်းချစ်တော့ အရမ်းသဝန်တိုတယ် သူမကြောင့် (သူမစွတ်စွဲတာများလို့) သူမရှေ့မှာ ရီးစားတစ်ယောက် ထပ်ထားတယ် တရုတ်မလေး ချစ်စရာကောင်းတယ် သူလဲပုတုတုလေး (ခေါက်ဆွဲချဉ်စပ်နာမည်) မကြာဖူး ပြတ်သွားတာပဲ ပြီးတော့လဲ မသက်ထွေးဘူတာ ကိုပဲဆိုက်တယ်ပေါ့


မသက်ထွေးနဲ့ ချဉ်စပ်ခေါက်ဆွဲ ကြားမှာ သူငယ်ချင်းတစ်ယောက် ရှိသေးတယ် သူငယ်ချင်းလဲမက ရီးစားလဲမကျ ချစ်သူထက်ပိုမယ် ထင်တယ် သူနဲ့ကျနော်နဲ့က အမြဲတတွဲတွဲ သူ့ဆိုကျနော် ရီးစားထက် ဦးစားပေး တတ်တယ်တဲ့လေ(ဘေးအမြင်ပါ) ကျနော်ကတော့ သူပဲတိုင်ပင်ဖော် သူလဲကျနော့်ကိုပဲရင်ဖွင့်တယ် သူနဲ့ကျနော် သမီးရည်းစားမဟုတ် သူ့ကြောင့်ကျနော့်ရီးစားတွေနဲ့ ပြတ်ခဲ့ရသလို ကျနော့်ကြောင့် သူမ ကိုကိုထားခဲ့ခြင်းခံရတယ် ကဲဒါကိုဘယ်လို ခေါ်မလဲ အကြံပေးခဲ့ကြပါအုံး ကျနော်ဘယ်သူ့ကို ရွေးရမလဲ အချစ်ကြီးတဲ့ မသက်ထွေးကိုလား သူငယ်ချင်းမမကိုလား ကဲဗျာ ရှုတ်ပါတယ် နောက်တစ်ယောက် ပဲထပ်ရှာတော့မယ် မကြီး ကိုကြီးတို့ရေ ညီလေးအတွက် စီစဉ်ထားတာများ ရှိရင် လုပ်ပါဦးနော် အားကိုးပါတယ် ညီ ညီမလေးတို့ရဲ့ သူငယ်ချင်းတွေနဲ့လဲ အကိုမငြင်းချင်ပါဘူး အကိုဂျီးမများပါဘူး
(၁)ရုပ်ရည်ချောမောပြေပြစ်လှပကျော့ရှင်းရမည်
(၂)အတန်းပညာထက်ဥာဏ်အမြော်အမြင်ကြီးသောမိန်းကလေးဖြစ်ရမည်(အခုခေတ်ကအားလုံးဘွဲ့ရ ဒါကြောင့်မို့)
(၃)စိတ်သဘောထားဖြူစင်ပြီး ချစ်သူအပေါ်အလိုလိုက်ထိန်းသိမ်းပြောဆိုနိုင်သော မိန်းခလေးဖြစ်ရမည်
(၄)အရာရာကို သိတတ်နားလည်စာနာကိုယ်ချင်းစာပြီးအလှူအတန်း ရက်ရောသူဖြစ်ရမည်
(၅)ထမင်းချက် ဟင်းချက် ကောင်းပြီးချစ်သူဖိုးစိန်ကို မညီးမညူထမင်းခွံကျွေးမွေးပြုစုစောင့်ရှောက်ချင်သူဖြစ်ရမည်
(၆)နှစ်ဖက်သောမိဘများကို မျှမျှတတ သိတတ်ပြီး ချွေတာစုဆောင်းထိန်းသိမ်းနိုင်သောမိန်းခလေးဖြစ်ရမည်
(၇)အဓိက က ဖိုးစိန်ကိုနားလည်ပြီး ကိုယ်ချင်းစာပြီးတစ်သက်လုံးချစ်နိုင်မည့် မိန်းခလေးဖြစ်ရမည်
ကျနော် ဂျီးမများပါခင်ဗျ
နောက်ဆုံးမရရင်တော့ မသက်ထွေး နဲ့ သူငယ်ချင်းမမကိုပဲစဉ်းစားတော့မယ်လေ အဲဒီအချက်ထဲက ကျနော်ဖြစ်စေချင်တာ သူတို့မှာရှိပါရဲ့ နှစ်ယောက်ပေါင်းရင်ပြည့်တယ်ဆိုတော့ နှစ်ယောက်လုံးဆိုတော့လဲ သူတို့သတ်နေမှာတင် ကျနော်သေရချည်ရဲ့
ကဲကဲ မစဉ်းစားတော့ဘူး အကိုတွေ ညီတွေ ညီမတွေ အမတွေပဲ ရွေးပေးကြတော့
ပြောသာပြောရတယ် ကျနော်ကိလေသာ တော်တော်ကုန်နေပြီး ကျန်နေတာက တဏှာရယ်
ကိုကိုနိုရေ..
ကျေနပ်လိမ့်မယ်လို့ထင်ပါတယ်ဗျာ

ခင်မင်လေးစားစွာဖြင့်
ဖိုးစိန်

Thursday, 14 May 2009

ကြည့်ခဲ့သမျှစုခဲ့ဖူးသောရုပ်ရှင်ကားများ

အခုလာမယ့် စနေတနင်္ဂနွေဆိုရင် အလုပ်မလုပ်ပဲနားမယ်လို့ စိတ်ကူးထားတယ် ပူတာလဲပါတယ် ခြံရှင်းတဲ့အလုပ်လဲ မရှိလောက်သေးဘူး ဆိုတော့ ခွေတွေပြန်ကြည့်မယ်လို့စိတ်ကူးမိတယ် အဲဒီတော့ ဝယ်ထားခဲ့ဖူးတဲ့ထဲက ပြန်ကြည့်ချင်တဲ့ ခွေတွေကိုရှာမိတယ် ထွက်လာတဲ့ ပထမဆုံးခွေ ကျနော်အရမ်းသဘောကျတဲ့ ရုပ်ရှင် တခြားသူတွေကတော့ ကြိုက်ချင်မှကြိုက်မယ် ပေါတောတော နိုင်တယ်ထင်ပြီး ဒါပေမယ့် ကျနော်အရမ်းကြိုက်တယ် အထူးသဖြင့်(Chris Tucker) ကိုအရမ်းသဘောကျတယ် ၁၉၉ရခုနှစ်လောက်တုန်းက ရုပ်ရှင်ပါ ကြည့်ဖြစ်တော့ ၂၀၀၀လောက်မှပါ ဒါပေမယ့် အရမ်းကိုကြိုက်တယ် ဘယ်အချိန်ကြည့်ကြည့် နောက်ဆုံးပြီးခါနီးကို အူတက်မတတ်ရယ်မိတယ် သရုပ်ဆောင်တွေက ကျနော့်အကြိုက်ဆုံး မင်းသားထဲမှာပါတဲ့ Bruce Willis ပါ ကျန်တဲ့သရုပ်ဆောင်တွေ ကတော့ Gary Oldman, Milla Jovovich, Ian Holm, and Chris Tucker ပါ ကားနာမည်ကတော့ “The Fifth Element”



နောက်တစ်ကား ထပ်ရှာတယ် တွေ့ပါတယ် ၁၉၉၂ ခုနှစ်လောက်တုန်းကပေါ့ ကြည့်ဖြစ်တာက အဖေကြိုက်လို့ ၂၀၀၀ နှစ်ကုန်လောက်မှ ကြည့်ဖြစ်တယ် အိန္ဒယန်း(Red indian)နဲ့ ပြင်သစ်စစ်အတွင်းက အခြေခံပြီးရိုက်ထားတဲ့ ကားကောင်းတစ်ကားပါပဲ မင်းသားကတော့ Daniel Day-Lewis ပါ သူလဲ ကားကောင်း တော်တော်များများရိုက်တယ် သူအော်စကာရတဲ့ ကားလည်းကြိုက်ပါတယ် အခုဒီကားနာမည်ကတော့“ The Last of the Mohicans ”ပါ


နောက်တစ်ကား ကတော့ မင်းသားကိုယ်တိုင် ဒါရိုက်တာလုပ်ပြီး ရိုက်ထားတဲ့ ကားကောင်းတစ်ကား ၁၉၉၅ ခုနှစ်တုန်းက ကား သမိုင်းဝင် အက်ရှင် ဒရမ်မာ အော်စကာဆု(၅)ရတဲ့ကား ဒါရိုက်တာလဲ ရတာပေါ့ ကျနော်ကြိုက်တဲ့မင်းသားပါပဲ မင်းသားက Mel Gibson သူရိုက်ခဲ့တဲ့ကားက“ Braveheart”

နောက်တစ်ကားလဲ သမိုင်းဝင်စစ်ကားပါပဲ ရှေးကျတဲ့ကားပါ ၂၀၀၀ပြည့်နှစ်က ရိုက်ခဲ့တဲ့ကား ဒီကားက Russell Crowe ကိုနာမည်ကြီးစေခဲ့တယ်လို့ ထင်တာပဲ သူလဲမင်းသားကောင်းတစ်လက်ပါပဲ ကားနာမည်ကတော့ “Gladiator” ဒီကားကိုတော့ ကျနော် တော်တော်လေး ကြိုက်မိပါတယ်

နောက်ဆုံးတစ်ကား ကတော့ ကျနော့်အကြိုက်ဆုံး အကြိုက်ဆုံးထဲက အကြိုက်ဆုံးတစ်ကားပါ အပိုင်း(၁)ကနေ(၃)ထိဆွဲဆောင်အားကောင်းတဲ့ မိသားစု မာဖီးရားကဂိုဏ်း အကြောင်းကို ရိုက်ထားတဲ့ Mario Puzo ရဲ့ ပြစ်မှုဆိုင်ရာ ဒရမ်မာဇာတ်လမ်းကောင်း ပါဝင်တဲ့မင်းသားတွေကတော့ Marlon Brando, Al Pacino, James Caan, Richard S. Castellano, Robert Duvall, Sterling Hayden, John Marley, Richard Conte and Diane Keaton, John Cazale နဲ့ Abe Vigoda. ၁၉၇၂ ခုနှစ်က ရုပ်ရှင်ဖြစ်ပြီး အီတလီ-အမေရိကန် ကိုလီယွန် မိသားစုရဲ့ အကြောင်းကို စိတ်ဝင်စားဖို့ ကောင်းအောင်ရိုက်ပြထားတာပါ အပိုင်း(၁)က ၁၉၇၂ အပိုင်း(၂)ကို ၁၉၇၄ မှာထုတ်ခဲ့ပြီး အပိုင်း(၃)ကိုတော့ ၁၉၉၀ပြည့်နှစ်မှာ ထုတ်ခဲ့ပါတယ် အော်စကာတွေ ဆွတ်ခူးခဲ့တဲ့ ကားကောင်းတစ်ကား လဲဖြစ်ပါတယ် အဓိက သရုပ်ဆောင် ဖြစ်တဲ့Al Pacino ရဲ့အေးဆေးတည်ငြိမ်တဲ့ သရုပ်ဆောင်ချက် တွေကိုသဘောကျတယ် ကားနာမည်က “The Godfather”


ဒီတစ်ပတ်တော့ စိတ်ညစ်နေတယ်ဆိုတော့ တိုက်တဲ့ခိုက်တဲ့ ကားတွေပဲကြည့်တော့မယ်လေ ဒီငါးကားပဲ ကြည့်နိုင်မယ် ထင်တာပဲ စိတ်ပြေလက်ပျောက်ပေါ့ စိတ်ဝင်စားတဲ့ဆိုရင် နောက်တစ်ပတ်ကျရင် တခြားကားတွေကို ရှာကြည့်မယ် ရုပ်ရှင်ကြိုက်တဲ့ သူတွေလဲ ကြိုက်တဲ့ကားတွေ ကြည့်စေချင်တဲ့ကားတွေ ရှိရင်ဝေမျှသွားကြပါလို့

လွယ်ကူအောင် ပုံတွေကို အင်တာနက်ကနေ ရှာပါတယ်ဗျာ
ခင်မင်လေးစားစွာဖြင့်
ဖိုးစိန်

Wednesday, 13 May 2009

အချစ်ပါရမီ


မျက်စိကိုမှိတ် အသက်ကိုအောက်ပြီး နေရာတစ်ရပ်စာရဖို့ ပါရမီကားပေါ်ကို အတင်းတိုးတက်ရတဲ့ အလေ့အကျင့်ကို ကျွန်မအနေနဲ့ အခုဆို တော်တော်ကျင့်သားရနေပါပြီး. တက္ကသိုလ် စတက်ကတည်းကပင် သူငယ်ချင်းများနှင့် ပါရမီကားကို တိုးဝှေ့စောင့်စီးရတာကို ပျော်ခဲ့သည်မှာ အခုတက္ကသိုလ်မှာ ဆရာမပြန်လုပ်နေချိန်အထိပင်... အခုလည်း ကားပေါ်ကို တွန်းရင်း... တိုက်ရင်းနဲ့ အလိုလို ကားနောက်ပိုင်းကို ရောက်ခဲ့ရသည်

ကျောင်းဆင်းချိန် ရုံးဆင်းချိန် ဖြစ်သောကြောင့် ထိုင်ခုံရဖို့ မမျှော်လင့်ပါ... ရုတ်တရက် ကျွန်မရင်နှီးနေတဲ့ အနံ့အသက်တစ်ခုကို ရလိုက်တော့ ကျွန်မ ပြောမပြ တတ်လောက်အောင် ရင်တွေ ခုန်သွားတာ အမှန်ပင်.. ဟိုဟိုဒီဒီ ရှာပေမယ့် လူတွေ ပိတ်ကျပ်နေတဲ့အတွက် ဘာမှမမြင်...

သေချာတယ်.. ဒါသူ့ရဲ့ရေမွှေးအနံ့.. ကျွန်မတော်တော် ခုန်မင်စွဲလမ်းရတဲ့ သူ့ရဲ့ပင်ကိုအနံ့... နှစ်နှစ်ကျော် သုံးနှစ်နီးပါး ကျွန်မအနားမှ ပျောက်သွားသော သူ့အငွေ့ကို ကျွန်မသိတယ်.. သူအခုဒီကားမှာ ပါလာတာ ကျိန်းသေတယ်.. သူနဲ့ကျွန်မ စတွေ့တာလဲ ဒီပါရမီကားပေါ်မှာ...

အဲဒီနေ့က သူငယ်ချင်းတစ်ယောက်နဲ့ စိတ်ကောက်ပြီး အဖော်မပါဘဲ ကားစီးတာ အနံ့အသက်တစ်ခုကြောင့် သူကို သတိထားမိတာလေ သူက ထိုင်ခုံရလို့ အငြိမ့်သားနဲ့.. သူ့အရှေ့မှာ ရပ်မိတဲ့ ကျွန်မကို ပြုံးတောင်မပြုံးသူ့က ရှပ်လက်ရှည်အဖြူ ကချင်ပုဆိုးနဲ့ဆိုတော့ ကျောင်းသားတော့မဖြစ်နိုင်..ဆရာလို့ပြောရအောင်လဲ ရုပ်ရည်က တက္ကသိုလ်ဆရာပုံမပေါက် သူကိုင်ထားတဲ့ဖိုင်တွဲမှာသူ့နာမည်လို့ထင်ရတဲ့ နာမည်အတိုကောက် (N A) သူကိုယ် လှမ်းကြည့်တော့ ဘယ်သူမျက်နှာမှ မကြည့်ချင် မမြင်ချင်တဲ့ ခပ်တည်တည်မျက်နှာ. ဘယ်လိုဘဲဖြစ်ဖြစ် သူကိုဒီပုံစံလေးနဲ့ စွဲလမ်းခဲ့တာပါ....နောက်နေ့တွေမှာလဲ ကျွန်မစီးတဲ့ ကားပေါ်ပါပါလာတယ်....

ဒီလိုနဲ့ ကျွန်မတို့ မျက်လုံးချင်း ရင်နှီး.. ပြီးတော့ ချစ်သူတွေ ဖြစ်ခဲ့ကြတယ်...နာမည်နဲ့ လိုက်အောင် တည်ငြိမ်အေးဆေးလွန်းတဲ့ ကိုငြိမ်းအေးနဲ့ ကျွန်မက တခြားစီ... ကျွန်မက ပတ်ဝန်းကျင်ကို ဂရုမစိုက်သလောက် “ကို”က ပတ်ဝန်းကျင်ကို သူ့မိဘလို လေးစားသူ အရာရာကို ဒေါသရှေ့ထားပြီး လုပ်တတ်တဲ့ ကျွန်မကို ပညာတတ်နည်းနဲ့ ဥပေက္ခာပြုတတ်သူ... ကျွန်မ“ကို့”ကိုအရမ်းချစ်သော်လည်း သူကျွန်မကိုချစ်မချစ်ကျွန်မ မသိရလောက်အောင် နေတတ်သူ... အလိုလိုက်ဖို့ ချော့ဖို့ မဆိုထားနဲ့ ကျွန်မလုပ်မိခဲ့သော အမှားတစ်ခုခုကို အမြဲ ထောက်ပြတတ်သူ. ယုတ်စွအဆုံး ပါရမီကားပေါ်မှာ သူကနေရာရထားရင် ပတ်ဝန်းကျင်က ပြောမှာကြောက်ပြီး ချစ်သူဖြစ်တဲ့ ကျွန်မကို နေရာမဖယ်ပေးတတ်သူ အဖြူနဲ့အမဲ လိုဖြစ်နေတဲ့ ကျွန်မတို့နှစ်ယောက်.. တစ်နေ့မှာ ကျွန်မကို နှုတ်မဆက်ဘဲ ကျွန်မဘဝကခွဲခွာခဲ့တဲ့ “ကို” .....

ကျွန်မ”ကို့”ကိုအရမ်းချစ်တယ်...
”ကို့”အတွက် နေ့နေ့ညညအရူးတစ်ယောက်လိုခံစားခဲ့ရတယ်...
ညတိုင်းလိုလိုငိုဖြစ်တဲ့ကျွန်မ...ငိုတိုင်း”ကို့“အတွက်စာတွေရေးဇြစ်တယ်...
”ကို့”အတွက်သောကခံစားရလို့မုန်းမိပေမယ့်...”ကို့”အတွက်အချစ်က ပိုနေတယ်.....


”အမ ဆရာမ” .... ”အမဆရာမ”

ခေါ်သံကြောင့် ကျွန်မအသိတို့ ရုတ်တရက် ပြန်ဝင်လာတယ်...

“အမဆရာမကို ဟိုက အကိုဆရာလေး ခေါ်နေတာကြာပြီး.. အမဆရာမ စိတ်ကူးယဉ် နေတာလား.... ဟီးဟီး.....”ကားစပယ်ရာ ကောင်လေး စကားကြောင့် ပြုံးနေကြတဲ့ သူတွေကိုကြည့်ပြီး ကျွန်မရှက်သွားတယ်.. လှည့်ကြည့်လိုက်တော့ပြုံးစိစိနဲ့ ကျွန်မကို မျက်စနဲ့လှမ်းခေါ်တဲ့ အကြည့်နဲ့“ကို” ကျမပြောမပြ တတ်လောက်အောင် ရင်ထဲကို ချင်သွားလောက်အောင် အရမ်းဝမ်းသာသွားမိတယ်.. ဒီလိုဟိုရွေ့ဒီတိုက်နဲ့ ကို့အနားကို တိုးသွားမိတဲ့ကျမ ”ကို့” အနားရောက်တော့ ထူးထူးဆန်းဆန်း နေရာကထပေးတယ်လေ အံ့သြမင်သက်စွာကြောင် ကြည့်နေတဲ့ကျမကို ”ကို”က အားမလိုအားမရစွာ ကြည့်ရင်း ထိုင်ဖို့ပြောပြန်တယ် ပြီးတော့လဲ “ကို”က ကျွန်မနား တိုးတိုးလေး ကပ်ပြောတော့ ကျွန်မအားရပါးရ ရယ်မောမိတော့တယ်...
“ကို”ပြောလိုက်တာက ”ငါကိုတော်တော် ဒုက္ခပေးတဲ့အချစ်ပါရမီ.... အခုထိ ဒုက္ခကပြီးတယ်လို့ကိုမရှိဘူး”

ကျမပီတိများစွာနဲ့ “ကို့”မျက်နှာလေးကို မျက်ရည်ဝဲသွားလောက်တဲ့ထိ ငေးမောရင်း....


ဖိုးစိန်

Tuesday, 12 May 2009

အမှတ်တရ (၂)

ကဲ ..ကဲ..ကဲ
ဖိုးစိန်ကဲတယ်ဆိုတာသိလောက်ရောပေါ့......(နောက်ဆုံးကဓာတ်ပုံထဲမမသဲစုကကျနော်သီဆိုသောသီချင်းကိုကပေးသောအမကြီးပါ )






ကိုကိုမမညီ ညီင်္မများကြည့်ချင်သေးရင်တော့ ကျနော်သီဆိုထားတဲ့သီချင်းတွေရှိပါတယ်
ဒါပေမယ့် ဘယ်သူမှစိတ်မဝင်စားဘူးထင်ပါသောကြောင့် ဒီနေရာတွင်ပြီးပါပြီး








ခင်မင်လေးစားစွာဖြင့်
ဖိုးစိန်

Monday, 11 May 2009

အမှတ်တရ

ပထမဆုံးအကြိမ်ပြုလုပ်ခဲ့တဲ့ဆိုက်ပရပ်စ်သင်္ကြန်ကတော့ ဆိုက်ပရပ်စ်ကမြန်မာတွေပြောစမှတ်ဖြစ်လောက်အောင် အောင်မြင်ပြီးဆုံးသွားခဲ့ပါတယ် ပျော်လဲပျော်ခဲ့ကြပါတယ် အားလုံးသောကျနော့်ရဲ့ကိုကိုမမ ညီညီမလေးများကကြည့်ချင်တယ်ဆိုပြီးပြောနေကြတာ ပထမတော့ ကျနော်လဲမတင်တော့ဘူးလို့ဆုံးဖြတ်ထားတယ် မတင်ဘူးဆိုတာကလည်း အခုလုပ်ထားတဲ့ဗီဒီယိုကွာလတီကိုအရမ်းစိတ်ပျက်လို့လေ အော်ရီဂျင်နယ်ခွေက ကြည့်လို့ကောင်းပါတယ် ရိုက်ကူးပေးတဲ့အကိုတွေ ကူးပေးတော့တခါတည်း ဒီဗွီဒီနဲ့ကူးတော့ ကျနော်ဖြတ်ဆက်လုပ်ရတာအရမ်းကြာတယ် အစကအဆုံးဆိုတော့ နှစ်နာရီနီးပါးလေ ကျနော်လဲအလုပ်ကတစ်ဖက်ဆိုတော့ အဲဒီအတွက်အချိန်မပေးနိုင်ဘူးဖြစ်နေတယ် ဒါနဲ့အဲဒီအခွေကိုအခန်းလေးတွေစုံအောင် ဗွီဒီယိုပြန်ရိုက်ပြီး တင်ပေးလိုက်တာပါ ကွာလတီအရမ်းညံ့ပေမယ့် အကိုအမတွေ ညီတွေညီမတွေ ကြည့်လို့ရအောင်သာတင်ပေးလိုက်ပါတယ် ကိုနေညိုရင့်(နွေမ)လဲကြည့်ချင်မှာပေါ့ သူလဲမကြည့်ရသေးဘူးလေ ကိုနေညို့ဆီသွားလည်ပြီးပေးမလို့ တနင်္ဂနွေတိုင်းကြိုးစားပေမယ့် မဖြစ်ခဲ့ပါဘူး


(ကြည့်စေချင်လို့ပါဗျာ ကွာလတီမကောင်းတာတော့ခွင့်လွတ်ပေးပါနော် ကျနော့်အသံမကြားချင်လဲနားပိတ်ထားလေ)





ကျနော်တို့ရဲ့အစီအစဉ်လေးကိုမနက် (၁၁)နာရီမှစတယ်လေ
ပထမကသင်္ကြန်အကြောင်းကိုသရုပ်ဖော်ပြပေးတယ် ပြီးတော့အဲဒီက ဖာသာတွေ စစ်စတာတွေကိုမြန်မာ့နည်းမြန်မာ့ဟန်နဲ့လက်အုပ်ချီကန်တော့ခဲ့ကြတယ် ပြီးတော့နီးကိုရှားကသင်္ကြန်မယ်လေးများက သင်္ကြန်မိုးနဲ့ဖွင့်တယ် ပြီးတော့ကျနော်ကရွင်လန်းချမ်းမြေ့ပါစေချင်သီချင်းကိုဆိုပြီး အမတစ်ယောက်ကတယ် ပြီးတော့ရွှေရိုးဒေါ်မိုးအက ညိုမြ ရှာပုံတော်မင်းသားကြီး ကိုနေညို့ဆိုတဲ့နွေမ ကြည်လင်ပါစေသင်္ကြန်ရေ ကျနော်ထပ်ဆိုတဲ့နွေဦးကဗျာ ရေတွေစိုကုန်ပြီးသီချင်းတွေ ပြီးတဲ့နောက်မှာ မြနန္ဒာနဲ့ပိတ်ခဲ့ပါတယ် အဲဒီမှာဖာသာကြီးက နိုင်ငံတော်သီချင်းနားထောင်ချင်တယ်ဆိုလို့ ကျနော့်တိုမြန်မာတော်တော်များများစင်ပေါ်တက်ပြီးကမ္ဘာမကြေကိုဆိုခဲ့ကြတယ် သီချင်းဆုံးတာနဲ့ ကြိုတင်စီစဉ်ထားတဲ့အတိုင်း ကိုကြီးကျော်သီချင်းနဲ့ အကုန်လုံးဒန့်ကြတယ်လေ ဘယ်သူအကဲဆုံးလဲဆိုတာ ကိုနေညို့ကိုမေးလိုက် (ဘယ်သူရှိမလဲ ဖိုးစိန်ပေါ့လို့မျက်နှာနေမျက်နှာထားနဲ့ပြောမှာ)

ပွဲတော်လာသမျှလူအားလုံးကို မြန်မာပြည်ကတကူးတကမှာယူထားတဲ့မုန့်လုံးရေပေါ် လက်ဖက်သုတ် ကြာဇံချက် ဒန်ပေါက် သာကူချက် စုံနေတာပဲ ပြီးတော့ ကာရာအိုကေတွေဆိုကြ စင်ပေါ်မှာဒန့်ကြ မောရင်ရေလိုက်လောင်းနဲ့ဖတ်ဖတ်ကိုမောပြီး ပျော်ရွှင်စွာပြန်လာကြတယ်ပေါ့ အားလုံးလဲမေ့ကြမှာမဟုတ်ပါဘူး

အလုပ်တွေပင်ပန်းနေတဲ့ကြားက ၄ရက်ဆက်တိုက်မအိပ်ပဲလုပ်ပေးခဲ့ရကြိုးနပ်ပါတယ်ဗျာ
ဒီနေရာကနေပြီးအားလုံးအားလုံးသောသူများကိုကျေးဇူးတင်ပါတယ်
(ဓာတ်ပုံတစ်ချို့ကြည့်ချင်ရင်တော့ ကိုနေညို့ဘလော့မှာသွားကြည့်နိုင်ပါတယ်)
ကျနော်ကတော့ (၄)ညဆက်တိုက်မအိပ်ရတဲ့ ကမငှာန်းရုပ်ပေါက်နေတဲ့အတွက် ကိုယ့်ပုံကိုယ်မကြည့်ချင်ဘူး ဒါကြောင့်မတင်ဘူး

စင်ပေါ်မှာဒန့်ကြတာကိုဒုတိယပိုင်းအနေနဲ့ဆက်တင်ပါ့မယ်
ကိုကိုမမ ညီညီမများ ပျော်ရွှင်ပါစေ
ခင်မင်လေးစားစွာဖြင့်
ဖိုးစိန်

Saturday, 9 May 2009

ရင်ကဖြစ်တည်သော

ဒီနေ့စနေနေ့ အလုပ်ပင်ပန်းလို့အနားယူမယ် တကယ်လို့များပိုစ့်ကို အကြံအဖန်လုပ်ပြီး ဆက်ရေးရင်ကောင်းမလားလို့စဉ်းစာနေတာ ဟိုယောင်ဒီယောင်နဲ့ဘယ်ကဘယ်လိုစရေးရမယ်ဆိုတာအစဖော်လို့ကမရ ဒါနဲ့မနက်(၈)နာရီလောက်ကျတော့ဖုန်းတစ်ခုဝင်လာတယ် ကျနော်ရှင်းနေကျမိသားစုအိမ်ကနေခေါ်တာ သူက”စိန်ဒီနေ့အားလား”ဆိုတော့ကျနော်ကလည်းအလုပ်ရှိတယ်ထင်ပြီးမထူးပါဘူး အလုပ်ပဲသွားတော့မယ်ဆိုပြီး အားတယ်လို့ပြောတော့ ”နေလည်(၁)နာရီငါလာခေါ်မယ် ငါ့အမေအိမ်မှာထမင်းသွားစားကြမယ် ငါ့အကိုတွေလဲပါမယ် စောင့်နေ စိန်ကြိုက်တဲ့”ထာဗန်း”(ဂရိအခေါ်) (မြန်မာလိုဆိုရင်တော့သီးစုံဟင်းပေါ့)ဟင်းချက်တယ် ကြက်ကြော်နဲ့ မင်းအတွက်ထမင်းပါပါတယ်”ဆိုတော့ စိတ်ဝင်စားသွားတယ် သူတို့မိသားစုတစ်စုလုံးနဲ့ သူ့အကိုမိသားစုကကျနော်နဲ့မစိမ်းဘူး ကျနော်ဆိုက်ပရပ်စ်ရောက်ကတည်းက ဒီနေ့ထိသူတို့အိမ်မှာ တစ်ပတ်တခါခြံရှင်း မှန်သုတ် ရေကူးကန်ဆေး လုပ်နေကြ ပြီးတော့ကျနော်ကဘယ်လို ဘာကြိုက်တတ်လဲဆိုတာလဲသိနေပြီး အခုကျနော့်ကိုခေါ်တယ်ဆိုတော့ ဆန်ပြုတ်နဲ့ခေါက်ဆွဲပြုတ်နှစ်ပါးသွားနေရတာ တစ်လနီးပါးဆိုတော့အိုက်တင်ခံပြီးမငြင်းတော့ပဲနဲ့လာခေါ်လို့ပဲပြောလိုက်တယ်




နေ့လည်တစ်နာရီမထိုးခင်သူရောက်လာတယ် ကားပေါ်မှာသူ့ မိန်းမမဗိုက်ပါ ပါလာတယ် မဗိုက်ကိုမေးတော့ ယောက်ခမအိမ်မှာသွားစုစားမှာ မစားရတာကြာပြီး တဲ့ သူ့တို့အမေနေတဲ့ရွာလေးက ကျနော်တို့နဲ့ကီလို (၂၀)ကျော်လောက်ဝေးတယ် ကျနော်တစ်ခါမှတော့မရောက်ဖူးဘူး ဒါပေမယ့်အဲဒီရွာမှာသူ့အမေတစ်ယောက်တည်းနေတယ်ဆိုတာတော့ သိတယ် အသက်က(၇၀)ကျော်ပြီး ယောက်ျားဆုံးသွားပြီးဆိုတာသိတယ် အခုသွားစားမှာအဲဒီအဘွားအိမ်မှာ သူချက်တာလို့ပြောတယ်လေ
သြော် အသက်ကြီးပေမယ့် သားသမီးတွေလာမှာဆိုတော့ ချက်နေတုန်း ဘယ်သူကူမလဲ နေရောကောင်းရဲ့လားဆိုပြီး စိတ်ထဲပူမိသေး


အိမ်ရောက်တော့ အဖွားကလမင်းအစင်းတစ်ရာသာတဲ့အပြုံးနဲ့ မီးဖိုချောင်ကနေပြေးထွက် ”ဟေ့ငါ့သားတွေလာပြီး..ငါ့သားတွေလာပြီးဆိုပြီး ”ချိတုန်ချိတုန်နဲ့ပြေးကြိုရှာတယ် ဒါပေမယ့် သန်တုန်းပဲ အားလုံးကဖုန်းဆက်ချိန်းပြီးလာတာဆိုတော့ ရှေ့ဆင့်နောက်ဆင့်လေ ကျနော့်ကိုအားလုံးကနှုတ်ဆက်ကြတော့ အဖွားကလည်း ဘယ်သူလဲဆိုပြီးဂရိလိုမေးပြီးနှုတ်ဆက်တာ ကျနော်ကလဲဂရိလိုပြန်ပြောလိုက်တော့ ဂရိစကားတတ်တယ်ဆိုပြီး ကျနော့်ကိုသဘောတွေကျ စကားတွေများမေးလိုက်တာမှအများကြီး ဟင်းကကျက်ခါနီးဆိုပေမယ့် သားသမီးတွေလာတော့ သူခမျာလုပ်မထိဘူးဖြစ်နေတယ် အိမ်ရှေ့ထွက်လာလိုက် သားတွေအဆင်ပြေလားကြည့်လိုက် နောက်ဖေးဝင်လိုက် ဟင်းအိုးကြည့်လိုက်နဲ့တပြုံးပြုံး အံ့သြတယ် ဒီလောက်များတဲ့ဟင်းတွေကိုသားသမီးတွေစားဖို့ဘယ်အချိန်ကတည်းကထပြီး ဘယ်လိုချက်နေလဲတော့မသိဘူး အိုးကြီးအိုးငယ်အများကြီး ဒါနဲ့သူတို့ညီအကိုတွေစကားလက်ဆုံကျနေတော့ကျနော်နဲ့မဗိုက်က နောက်ဖေးဝင်ပြီးထမင်းပွဲပြင်နေတာ အဖွားကဝမ်းသာအားရမျက်ရည်ဝဲပြီးပြောရှာတယ် ”ငါလဲငါ့မွေးနေ့ကျမှ ငါ့သားသမီးတွေကိုတွေ့ရတယ်တဲ့ ကျနော်လဲအံ့သြသွားတော့ မဗိုက်က”ငါ့တို့မအားဘူး..ဖုန်းလေးပဲဆက်နိုင်တာလေ ကျမ်းမားနေတယ်ဆိုတော့လဲမလာဖြစ်ဖူးပေါ့ မနှစ်ကလဲသူ့မွေးနေ့ငါတို့လာတယ် အခုပြန်တွေ့ရတာ”ဆိုပြီရယ်သလိုမောသလိုပြောတော့စိတ်ထဲကနစ်ကနဲဖြစ်သွားပါလေရော သြော်ဒါပေမယ့်အမေ့မွေးနေ့ကိုတော့သိကြသေးတာပဲဆိုပြီးဖြည့်တွေးလိုက်ပါတယ်



ထမင်းစားကျတော့ အဖွားကမောလို့ဆိုပြီး ဝင်မစားဘူး နောက်မှစားမယ်တဲ့ ငါ့သားတွေစားတာကြည့်မယ်ဆိုပြီးထိုင်ကြည့်နေတာလေ ပြီးတော့လဲ ပါးစပ်ကတတွတ်တွတ် ”အခုမှမြင်ရတယ် ငါ့မှာတော့လွမ်းလိုက်တာ အိမ်မှာဟိုဟာလေးကပျက်နေတယ် ဒါလေးပြင်ချင်တယ်”ပြောနေတာတကယ်ကိုအဆက်မပြတ် သူ့ခမျာတစ်နှစ်စာကိုပြောရတာဆိုတော့ဘယ်ပြောကုန်ပါ့မလဲလေ အကြီးဆုံးလုပ်သူက အမေပါးစပ်ပိတ်ထား ထမင်းကောင်းကောင်းစားပါရစေလို့ပြောတယ် ဒါပေမယ့်အဖွားကဆက်ကာဆက်ကာပြောနေတော့စိတ်မရှည်တဲ့ အလတ်ကောင်က
”လာအမေဧည့်ခန်းမှာသွားနားနေ”ဆိုပြီးလက်ကိုမတွဲပဲနဲ့ဂုတ်ကအကျီကိုဖျတ်ကနဲဆွဲပြီး ဧည့်ခန်းထဲကိုဒရွတ်တိုက်ခေါ်သွားတာ အဖွားကရုတ်တရက်ဆိုတော့မသွားချင်သွားချင်နဲ့ပါသွားတာ သားကဆွဲခေါ်သွားတာဆိုတော့လဲခွန်အားမမျှလို့ပါသွားရရှာတယ် ဒါတောင်ဧည့်ခန်းထဲကနေ နောက်ကိုလှည့်ပြီးကွက်ကြည့်ကွက်ကြည့်နဲ့စကားပြောချင်နေတုန်းလေ ကျနော်ကြည့်ပြီးစားနေတဲ့ထမင်းမျိုမကျတော့ပဲ ဆတ်ခနဲဆို မျက်ရည်စို့တက်သွားတယ် မဗိုက်ကအားနာလို့ကျနော့်ကိုလှည့်ကြည့်ချိန်မှာတော့ ကျနော့်မျက်ရည်ကျပြီးလေ မခံနိုင်ဘူး ရင်ထဲနစ်သွားတယ် အမေလုပ်သူကိုကြောင်တစ်ကောင်ဂုတ်ကဆွဲသလိုဆွဲသွားတာမြင်လိုက်ရတဲ့အဖြစ် ထမင်းစားမဝင်တော့ဘူး ဒါကိုမသိတဲ့သာမန်လိုဖြစ်နေတဲ့သူတို့ညီအကိုတွေက”စိန်ဘာဖြစ်သွားတာလဲ”မေးတော့ ကျနော်က”နင်တို့မိသားစုစုံတော့ငါလဲ ငါ့မိသားစုထမင်းဝိုင်းနဲ့ငါ့အမေ ငါ့အဖေကိုသတိရလို့မျက်ရည်ကျတာပါ”လို့ပြောလိုက်ရတယ် ဒါပေမယ့်ရင်ထဲမှာတော်တော်လေးမကောင်းဘူး ပြန်ခါနီး အဖွားကိုကျနော်ဦးချကန်တော့တော့ ပထမကျနော်ဘာလုပ်မှန်းမသိပေမယ့် ကျနော်ပြောပြာတော့ ကျနော့်ခေါင်းလေးကိုကိုင်ပြီး မျက်ရည်တွေကြတာ ပြီးတော့ကျနော့်ကိုနမ်းလိုက် သူ့သားတွေကိုကြည့်လိုက်နဲ့အဲဒီအချိန်ကျမှ သားတွေကအမေကိုကြင်နာတဲ့အကြည့်တွေနဲ့မျက်ရည်ဝဲနှုတ်ဆက်တာပြန်မြင်ရတယ်လေ


အိမ်ပြန်လာတော့အမေ့အကြောင်းခေါင်းထဲရောက်လာတယ် အခုဆိုအမေကအသက် (၆၀)ကျော်နေပြီး အဖွားကြီးဖြစ်နေပြီးလေ ညီမလေးက” အသက်ကြီးမှ ကိုကြီးမရှိမှအရမ်းစကားများလာတယ် နည်းနည်းပါးပါးပြောအုံးတဲ့ ကိုကြီးပြောမှရတယ်”တဲ့လေ ဟုတ်တယ် အမေကကျနော်ပြောရင်တစ်ခွန်းပဲ နားထောင်တယ် သားကိုချစ်တာရယ် အဝေးရောက်နေတာရယ်ကြောင့် ဖြစ်မှာပါ ညီမလေးနဲ့အမေကအသက်အရမ်းကွာနေတော့ တစ်ခါတစ်လေ အယူအဆမတည့်တာတွေရှိမှာပေါ့လေ ရောဂါသည်ဘဝနဲ့ပဲတစ်သက်လုံးနေလာခဲ့တော့အမေ့မှာတစ်ခါတစ်လေ စိတ်တိုင်းမကျမှုတွေရှိတတ်ပါတယ် အခုချိန်ကျနော်ကိုယ်တိုင် စိတ်ဆိုးရတဲ့အဖြစ်တွေရှိပေမယ့် အမေ့ကိုပြန်ပြန်ပြောရှင်းပြရတယ် ဒါပေမယ့်သိတတ်တဲ့အရွယ်ကစလို့အမေ့ကိုရိုသေလေးစားသနားခဲ့ပါတယ် အမြဲတမ်းဆေးခန်းနဲ့မပြတ်တဲ့အမေ့ကို မိသားစုအားလုံးကသနားချစ်ချစ်ကြပါတယ် အရင်တုန်းကသေမလိုဖြစ်ပေမယ့်အခုချိန်မှာကျမ်းမာရေးချုချာတာကလွဲလို့သွားနိုင်လာနိုင်စားနိုင်တယ် အရင်ကထက်စာရင်ပိုကျန်းမာတယ်လို့ပြောရမှာပဲ



အရင်တုန်းကဆိုကျနော်တို့မောင်နှမတွေအမေ့ကို”အသက်ကြီးလာရင်ဘယ်သူနဲ့နေမလဲ”လို့မေးရင် အမေက ”ငါ့မှာပိုက်ဆံရှိတယ်..ယောကျာ်းရှိတယ် အသက်ကြီးလာရင်ငါတို့နှစ်ယောက်တည်းနေမယ် ဘယ်သားသမီးမှအားမကိုးဘူ”ဆိုပြီး မာနတခွဲသားနဲ့ပြောလေ့ရှိတယ် ကျနော်တက္ကသိုလ်စတက်တဲ့အချိန်ရောက်တော့ အမေ့စကားတွေကတဖြည်းဖြည်းနဲ့ပြောင်းလာပြန်တယ် ”အသက်ကြီးလာရင်ဘယ်သားသမီးနဲ့လိုက်နေရင်ကောင်းမလဲလို့စဉ်းစားအုံးမယ်တဲ့လေ” ကျနော်ကျောင်းလဲပြီးရော အမေတော့ဘာဖြစ်ဖြစ်ငါ့သားစိန်နဲ့ပဲနေမှာ ဘယ်သားသမီးနဲ့မှမနေတော့ဘူး”တဲ့ဗျ ကျနော်အရမ်းဝမ်းသာတာပဲ ကျိတ်ပြီးလဲဂုဏ်ယူနေတတ်တာလေ သားကြီးဆိုတော့လဲအားကိုးတာနေမှာပေါ့ အဖေကတော့”မိန်းမရေ..ကြည့်လုပ်ဦး တော်ကြာငါ့တို့လင်မယားနှစ်ယောက် ကြိုးကြားဥ နဲ့သံပုရာသီး မှားကျွေးလို့စားနေရဦးမယ်”ပြောတော့ အမေကစိတ်မကောင်းဖြစ်တဲ့မျက်နှာငယ်လေးနဲ့ကျနော့်ကို”တကယ်လားသားစိန်”လို့မေးတော့ကျနော်က ”မဟုတ်ပါဘူးမေမေရယ်သံပုရာသီးကျွေးစရာလား ကျွေးချင်းကျွေးရှောက်သီးကျွေးမှာပေါ့”လို့ပြောရင်း သားအမိသားအဖတွေရယ်တာမြင်ယောင်သေးတယ်



တကယ်တမ်းလဲကျနော်ကိုယ်တိုင်အမေနဲ့အဖေ့ကိုအသက်ကြီးလာရင်ပြုစုဖို့ရည်ရွယ်ထားပါတယ် အခုချိန်ထိကျွေးမွေးပြုစုစောက်ရှောက်လာခဲ့တာ အသက်ပဲတစ်ဝက်ကျိုးနေပြီး မညီးမညူဘူး ကိုယ်ကပြန်စောင့်ရှောက်ခွင့်မရရင်ဘယ်တရားမလဲ အတတ်နိုင်ဆုံးတော့ကျေးဇူးဆပ်ချင်ပါတယ်(ဆပ်မကုန်ဖူးဆိုတာသိပေမယ့်တတ်နိုင်သလောက်ပေါ့ဗျာ)
အခုလဲအဖွားကိုကြည့်ပြီးစိတ်ထဲကနေယှဉ်ပြီး အမေ့ကိုအရမ်းသတိရမိတယ် ကျနော်ကတိပေးပါတယ်အမေ အမေဘယ်လောက်အိုအို အမေဘာဖြစ်ဖြစ် အမေ့ဟာကျနော့်ရင်ထဲနှလုံးသားထဲကတန်ဖိုးဖြတ်လို့မရတဲ့မေတ္တာရှင်ပါ စိတ်ချအမေ အမေ့ကိုဘယ်အခြေအနေရောက်ရောက် တစ်ယောက်တည်းအထီးကျန်အောင်ပြစ်မထားပါဘူးအမေ သားအသက်ရှင်နေသမျှ အမေ့အသက်ရှင်နေသမျှ အမေ့ကိုမညည်းမညူပြုစုစောင့်ရှောက်နိုင်အောင်သားကြိုးစားပါမယ့်အမေ အခုချိန်ကစပြီး

အမေသားကြောင့်ဝမ်းမနည်းစေရဘူး

သားကြောင့်မျက်နှာမငယ်စေရဘူး

သားကြောင့်သောကမရောက်စေရဘူး

သားကြောင့်အထီးကျန်မဆန်စေရဘူး

သားကြောင့်မျက်ရည်မကျစေရဘူး

သားကြောင့်သာအမေစိတ်ချမ်းသာစေရပါမယ်အမေ

ဒါသားရဲ့အမေ့အပေါ်ထားတဲ့မေတ္တာနဲ့အချစ်ပါ

ဘာဖြစ်ဖြစ်ကြိုးစားမှာပါအမေ

သားအခုချိန်အမေနဲ့ဝေးတဲ့နေရာမှာရှိနေပေမယ့် အမေပုံသွင်းခဲ့တဲ့ဟောဒီရင်ဘတ်ထဲကနေဆုတောင်းပါတယ်
အမေနေကောင်းကျမ်းမာပျော်ရွင်နေပါစေ
အမေရှိသူများ အမေချစ်သူများအားလုံးကျနော့်လိုပဲတထပ်တည်းခံစားနိုင်ကြပါစေ
ဒီနေရာကနေပြီးအမေ့နဲ့အတူရှိရှိသမျှအမေများအားလုံးကိုလက်ဆယ်ဖြာထိပ်မှာမိုးလို့ရှိခိုးဦးချကန်တော့လိုက်ပါတယ်
ခင်မင်လေးစားချစ်ခင်စွာဖြင့်

ဖိုးစိန်

Friday, 8 May 2009

ဒါက..ဒီလိုရှိတယ်( သို့ )မပြင်နိုင်သောစိတ်လေးများ

”ဒါက..ဒီလိုရှိတယ်တဲ့ ”
တစ်ည ကန္တာရကအပျိုကြီးမငုံကအိမ်မှာ လာအော်သွားတယ် ”ကံထူးရှင်သိချင်ရင်လာခဲ့”ဆိုလို့အပျိုကြီးအိမ်လိုက်သွားတာ မထင်မှတ်ပဲအပျိုကြီးတက်တာခံလိုက်ရတယ် (အပျိုကြီး အပျိုကြီးနဲ့ခေါ်ရတာအရတာရှိလိုက်တာ မငုံ မကြိုက်မှန်းသိတော့ ခေါ်ရတာတယ်ပျော်တာပဲ တကယ်တော့ကျနော်ကသူ့ထက်လပိုင်းပဲငယ်တာ)


ဒါနဲ့အပျိုကြီးမငုံရေးထားတဲ့တက်ဂ်ပိုစ့်လေးကို စိတ်ဝင်တစားဖတ်ကြည့်ပါတယ် ရေးထားတာက မှားမှန်သိရက်ပြင်လို့မရသေးတဲ့အချက်(ပြင်သင့်နေတဲ့အချက်လေးတွေ).. ဖတ်ပြီးတော့ရယ်မိတယ် ပြီးတော့ကောက်ချက်ချမိတယ် ဒါကြောင့်လဲအခုထိအပျိုကြီးဖြစ်နေတာဆိုပြီး
အပျိုကြီးမငုံရေ..စိတ်မဆိုးနဲ့နော် မောင်လေးကစတာပါ
တက်ဂ်ခြင်းခံရတဲ့ကျန်တဲ့အပျိုကြီးမကြီးရောင်ပြန်ပိုစ့်ကိုဖတ်လိုက်တော့လဲ ကွက်တိဗျ ဘာကြောင့်အခုထိမရောင်အပျိုကြီးဖြစ်နေတာလဲဆိုတာလေ သြော် တရားဝင်ထုတ်ဖော်တယ်ဆိုတော့လဲ အပျိုကြီးတွေဘဝကလွတ်မြောက်ဖို့ရှိပါ့မလား လို့ကြိုတင်တွေးပူမိပြန်ရဲ့ (မောင်လေးဖိုးစိန်စေတနာပါ)(မယုံရင်သူတို့ရဲ့အပျိုကြီးဖြစ်စေတဲ့အချက်တွေကိုသွားဖတ်ကြည့်)
အပျိုကြီးမကီကတော့ဘယ်လိုကြောင့်အပျိုကြီးဖြစ်ရတယ်ဆိုတာမသိရသေး လောလောဆယ်တော့ကျနော့်ကိုလူပျိုစစ်မစစ်စမ်းမလို့ဆေးထိုးအပ်ကိုင်စောင့်နေတာ ပတ်ပြေးနေရတယ်(တကယ်လို့များပိုစ့်ကမောင့်ကိုကျနော်ထင်လို့တဲ့.လက်ဆော့ရေးမိတဲ့မဟာအမှား.အဟီးး)
ကိုပေါ်ပေါ် နဲ့ ညီမလေးဇော်တို့ရဲ့အကျင့်လေးတွေတော့ကျနော့်နဲ့ခပ်ဆင်ဆင် (ကျနော်ကပိုဆိုးမှာ)



တကယ်တမ်းကြတော့ကျနော်လဲ ရေးပေးမယ်ဆိုပြီးပတ်ပြေးနေတာ အဲဒါကိုအပျိုကြီးမငုံကအိမ်ကိုခဲနဲ့ထုမယ်ချည်းလာအော်နေတယ်လေ အပျိုကြီးတွေဒေါသထွက်လာရင်ကြောက်ရတယ်ဆိုတော့ကာ ရေးမယ်လို့အမြန်ဆုံးဖြတ်ရတယ်လေ ရေးမယ်လုပ်တော့လဲ ပြင်လို့မရနိုင်သေးတဲ့အချက်တွေတိုင်းကိုချရေးမယ်ဆိုရင် အခန်းဆက်ဝတ္တုရှည်ဖြစ်သွားနိုင်ရဲ့လေ ဒါကြောင့် ကျနော့်ကြောင့်လူကသိကအောက်ဖြစ်စေတဲ့ပြင်မရနိုင်သေးတဲ့အကျင့်ဆိုးထဲကအများအမြင်ကတ်တာ တွေကိုရွေးထုတ်ရတော့တယ်လေ(ဒီအကျင့်တွေကကျနော်ဆိုက်ပရပ်စ်မလာခင်လို့ပြောရင်ပိုမှန်မယ်ထင်တယ်……
အခုတော့ဘယ်ဆီကိုရောက်ရောက်ဆိုသလို ခဏတာပျောက်နေတယ်ထင်ပါရဲ့)



ကျနော့်ရဲ့ပြင်မရတဲ့အကျင့်ဆိုးတစ်ခုက အရွဲ့တိုက်လွန်းခြင်းပဲ ကျနော်အရွဲ့တိုက်တာက ကျနော်မမှားခဲ့မလုပ်ခဲ့ပဲနဲ့ မင်းမှားပါတယ် မင်းလုပ်ပါတယ်လို့ အတင်းငြင်းတဲ့သူတွေကို လက်တွေ့ကျအောင် မှားပြလိုက်ခြင်း လုပ်ပြလိုက်ခြင်းပါ ကျနော့်စိတ်ထဲထင်တာက ကျနော်မလုပ်ပေမယ့် သူတို့ကျနော့်ကိုလုပ်တယ်လို့တထစ်ချယုံကြည်နေပြီး မလုပ်ပဲနဲ့လုပ်တယ်လို့တော့အပြောမခံနိုင်ဘူးလေ သူတို့ရဲ့ယုံကြည်ချက်ကိုအကောင်အထည်ဖော်ပေးတဲ့အနေနဲ့ မဖြစ်ဖြစ်အောင်ကိုလုပ်လိုက်တယ်(ကဲအဲဒီမှာပွဲသိမ်းဆိုသလိုပေါ့) ကျနော် ၅တန်းနှစ်ရောက်တဲ့အချိန် အဖေကအရမ်းကိုရှေးကျတဲ့ဓာတ်ပြားစက်တစ်လုံးဝယ်လာတယ်လေ ပိုက်ဆံလဲအများကြီးပေးရတယ်တဲ့ ရှေးကျတယ်ဆိုတော့အဖေက အမြတ်တနိုး ကျနော်တို့မောင်နှမလဲစိတ်ဝင်စားတော့ အဖေ့နားထိုင်ပြီး အဖေကလိသမျှကိုကြည့်နေတတ်တယ်လေ အဖေမရှိရင်လဲကလိနေကြပေါ့ တစ်နေ့အဖေအိမ်ပြန်ရောက်တော့ ဓာတ်ပြားစက်လေးကဖွင့်မရတော့ဘူး အဲဒါအဖေကစိတ်ဆိုးဆိုးနဲ့ ကျနော့်ကို”သားကြီး မင်းလုပ်တာမဟုတ်လား အခုသုံးမရတော့ဘူးဒီစက်က”လို့ပြောတော့ ကျနော်”မလုပ်ဘူး”လို့ဖြေတာအဖေက မကျေနပ်ဘူး ”မင်းမလုပ်ရင်ဘယ်သူလုပ်မလဲ”ဆိုတာထပ်ပြောတော့ အဖေ့ကိုကျနော်မေးတယ် ”အဖေ့စိတ်ထဲမှာသားလုပ်တယ်လို့ယုံကြည်နေလား အဲလိုယုံကြည်နေတယ်ဆိုရင်တော့ အပြောခံရမယ့်တူတူ အခုဖျက်တယ”်ဆိုပြီး အဲဒီစက်ကိုကိုင်ထုလိုက်တယ် အေးရော အဖေလဲဘာပြောရမှန်းမသိ ကသိကအောက်ဖြစ်မှာတော့အမှန်ပင် ဒါပေမယ့်အဖေဘာမှမပြော ကျနော်မလုပ်ဘူးဆိုတာကိုအဲဒီအချိန်ကျမှယုံသွားခြင်းဖြစ်လို့လေ အဲလိုကိုပေစောင်းစောင်းနဲ့ရွဲ့တာဆိုတော့ အိမ်မှာတော်ရုံမသေချာရင် ကျနော့်ကိုမပြောရဲဘူးလေ တော်ကြာလုပ်မိမှာကြောက်ကြလို့ ရည်းစားတွေနဲ့ပြဿနာတက်ပြီးကွဲရတာလဲအဲလိုအရွဲ့တိုက်ကောင်းလို့ အခုထိမယုံကြည်သူများရှေ့မှာ မယုံကြည်အောင်နေတုန်း ပြင်မရတော့ဘူးထင်တာပဲလေ မှန်နေတာကိုမှားတယ်ထင်တာကို အထင်ခံရမယ့်တူတူ လုပ်လိုက်တာကမှတန်ဦးမယ်ဆိုတဲ့စိတ်မျိုး..ရှေးရှေးဝေးဝေးရှင်းမပြချင်တာပါ ရှင်းပြနေရတာကိုကစိတ်နောက်တယ် ထင်ချင်သလိုထင်ဆိုတဲ့စိတ်မျိုး




နောက်ပြီးကျနော်ခေါင်းမာတယ် ကျနော့်စိတ်ထဲမှာမှန်တယ်ထင်နေတဲ့အရာတစ်ခုကိုဘယ်တော့မှအလျော့မပေးသလို အရှုံးလဲမပေးဘူး မှားမှားမှန်မှန်ဆက်လုပ်တယ် တခြားလူတွေကမင်းမှားနေတယ် တော်သင့်ပြီးရပ်တော့လို့ပြောနေပေမယ့် ကျနော့်စိတ်ထဲမှာအဲဒီလိုပြောမှပိုလုပ်ချင်တဲ့စိတ်ကပြင်းပြလာတယ် ဆက်လုပ်တယ် မှန်တဲ့အခါကြတော့ငါကွပေါ့ ရှုံးတဲ့အခါကြတော့လဲ နောင်တမရဘူးလေ ဘာရစရာလိုလဲပေါ့ အဆုံးထိတွက်ထားပြီးမှလုပ်တာဆိုတော့ ဝေးဝေးမကြည့်နဲ့ ဆိုက်ပရပ်စ်မှာကျနော်သောင်တင်နေတာကိုသာကြည့်လိုက် ခေါင်းမာလားမမာလားဆိုတာသိသာတယ် ပြင်မလို့ကြိုးစားမိပါတယ် စိတ်ကူးနဲ့ပဲလေ



ကျနော်တော်ရုံတန်ရုံဆို စကားမပြောဘူး အရမ်းအေးတယ် အခန်းအောင်းတဲ့ကောင်လေးလို့ပြောကြတယ် အဲကျနော်နဲ့ဓာတ်ကျတဲ့လူများရှိလို့ကတော့ သာလိကာတို့ စာကလေးတို့အရှုံးပေးရလောက်အောင်ပေါက်ပေါက်ဖောက်လေ့ရှိတယ် တဖက်ကိုအလွန်အကျွံဖြစ်တတ်တဲ့စိတ်ပေါ့ အဲဒီလိုတစ်ဖတ်သတ်ဆန်တဲ့အလွန်အကျွံကိုပြင်လို့မဘူး



အငေးလွန်ရောဂါ..လူမိန်းခလေးယောကျာ်းလေးဖြစ်ဖြစ် အရာဝတ္တုပစ္စည်းဖြစ်ဖြစ် မျက်စိရှေ့ရောက်လာလို့ သဘောများကြပြီးဆိုရင် အငမ်းမရထိန်းမနိုင်သိမ်းမနိုင် ဟန်မဆောင်နိုင်ပဲငေးတာ အကြည့်ကမလွှဲပေးမယ့် စိတ်ကတခြားဆီရှိနေတတ်တယ် ဒါကြောင့်ငယ်ငယ်ကဆို အငေးလွန်လို့ပြဿနာခဏခဏတက်တယ် အရွယ်ရောက်တော့လဲ အငေးလွန်လို့ပြဿနာဖြစ်ရရော ရှစ်တန်းလောက်တုန်းက အဖေ့သူငယ်ချင်းရဲ့သမီး ပါးကွက်လေးကွက်ပြီးဆံပင်နှစ်ခွစီးထားတာကြည့်ကောင်းလို့ငေးမိတယ် ငေးနေရင်စိတ်ကတခြားဆီရောက်နေပေမယ့် မျက်လုံးကမခွာမိဘူးဖြစ်တော့ ”ဟဲ့ကောင်နှာဘူးကြည့်မကြည့်နဲ့”ဆိုပြီး အပြောခံလိုက်ရတယ် ကြည့်တုန်းကတော့နှာဘူးအကြည့်မဟုတ်ဘူး လှလို့ကြည့်တာဆိုတော့ စိတ်ကထောင်းကနဲဖြစ်ပြီး ရွှတ်ကနဲ ကောင်မလေးပါးကိုတမင်နမ်းလိုက်တာ ပြဿနာကအိမ်ထိပါလာရော အဲလိုအကြာကြီးငေးပြီး အကြည့်မလွှဲတတ်တာ တစ်ခုခုကို စူးစိုက်ကြည့်တတ်တာ(စိတ်ဝင်စားရင်)



အမေကျနော့်ကိုပြောဖူးတယ် သားစိန်ကလူတစ်ယောက်ကိုချစ်သွားပြီးဆိုရင် ခြေဖဝါးလေးပဲနမ်းရနမ်းရ ခြေမှုန့်လေးပဲရှူရရှူရ အရမ်းချစ်တတ်တယ်တဲ့ လူတစ်ယောက်ကိုမုန်းသွားပြီးဆိုရင်တော့ အဲဒီလူရဲ့အနံ့အသက်မပြောနဲ့ အရိပ်တူရင်တောင်ဓားနဲ့ခုတ်မယ့်ကလေးတဲ့လေ အဲလိုအစွဲအလန်းကြီးသလို ဒေါသလဲကြီးတတ်တယ်လေ ကျနော်တကယ်ချစ်သွားပြီးဆိုရင်တော့ အဆုံးထိပဲ ဘယ်လောက်ပဲအပြစ်လုပ်လုပ် ဘယ်လိုပဲဖြစ်နေနေ ကျနော်ဘယ်တော့မှစိတ်မပြောင်းတာပဲ အရမ်းကိုအစွဲကြီးတာ အသေးစိတ်ကျတာ အမြဲဖြည့်ဆည်းပေးချင်တာ တော်တော်ထိန်းရတယ် တစ်ခုခုကိုမချစ်မိအောင်မနည်းကြိုးစားထိန်းရတယ် လွတ်သွားလို့ကတော့သေရာပါပဲ အစွဲအလန်းကြီးတာ…ဒါလဲစိတ်ရောဂါတစ်မျိုး..ကြည့်မရတဲ့သူ မုန်းတဲ့သူဆိုရင်တော့ မြင်တာနဲ့ဒေါသဖြစ်နေပြီး စကားမမှားနဲ့ လက်ကပါပြီးသားဖြစ်နေတယ် တစ်ခါတုန်းက အမေ့ညီမဝမ်းကွဲယောက်ျားအိမ်မှာလာတည်းတုန်းက ကျနော့်ကို”မိမနိုင်ဖမနိုင်ကောင်”ခေါ်လို့ဓားနဲ့ခုတ်တာလက်မတင်လေးလွတ်သွားလို့ ပေါင်မှာလေးချက်လောက်ပဲချုပ်ရတယ်လေ အဲလောက်ထိစိတ်ကထောင်းကနဲဆိုဒေါသနောက်လက်ကပါသွားတာ ဆယ်တန်းတုန်းကတော့ ကျနော့်ကောင်မလေးကိုကြိုက်နေတဲ့ကောင်လေးတစ်ယောက်က ကျနော့်ကိုမကျေနပ်လို့လူစုပြီးမိုက်တာ လက်ဖက်ရည်ဆိုင်မှာ ”မင်းလားကွဘိုစိန်”ဆိုပြီးဆွဲထိုးဖို့ပခုံးလှမ်းအလှည့် လက်ကရေနွေးချမ်းခွက်နဲ့သူ့နှာရိုးကိုရောက်ပြီးသားဖြစ်သွားလို့ ရော်လိုက်ရသေးတယ် (အဲဒီလိုဖြစ်ပြီးသွားရင်လဲ စိတ်ထဲမှာတော်တော်လေးမကောင်းဘူး အားနာသနားနေတတ်တယ် ဝမ်းနည်းနေတတ်တယ် အစွဲတစ်ခုလိုဖြစ်နေပြန်ရော အမေတို့က အဲလိုဖြစ်ရင်ပြင်ပေါ့သားရယ် လို့ပြောပေမယ့် ဒေါသထွက်တဲ့အချိန်ကတော့ဘာမှမမြင် ဘယ်လိုမှပြင်လို့မရသေးတာပဲ)



ကျနော်တစ်ခုခုကိုကြိုက်သွားပြီး လိုချင်သွားပြီးဆိုရင်တော့ စားလဲဒီစိတ် သွားလဲဒီစိတ် မအိပ်နိုင်တမှိုင်မှိုင်နဲ့ မရရအောင်လိုချင်နေခဲ့တာလေ မရမချင်းလဲဇွဲကောင်းကောင်းနဲ့ကို မရရအောင်ကြိုးစားတတ်တဲ့တရားလွန်အကျင့်ဆိုး ဒါပေမဲ့လိုချင်တဲ့အရာတစ်ခုကို အပြည့်အဝပဲရချင်တယ်(၁၀၀)ရာခိုင်းနှုန်းပေါ့ စိတ်ပြေပါစေကြောင်း(၅၀)ရာခိုင်းနှုန်းလောက်ပေးမယ်ဆိုရင်တော့ ဝမ်းနည်းပါတယ် မယူပါဘူးပေါ့လေ ပေးချင်ရင်တော့အပြည့်ပဲလိုချင် ရချင်ပါတယ် မရရင် တစ်ပြားဘိုးတောင်မယူဘူး လုံးဝကိုမလိုချင်တာ ရမယ်ဆိုရင်တော့ အပြည့်အဝပဲလိုချင်တယ် အဆစ်အနေနဲ့အပိုလဲမလိုချင်ဘူး ဒါကလဲတခြားလူတစ်ယောက်ကို ကသိကအောက်ဖြစ်စေတာပါပဲလေ ပစ္စည်းတစ်ခုခုပဲဖြစ်ဖြစ် အဝတ်အစားပဲဖြစ်ဖြစ် မိဘမောင်နှမတွေနဲ့ သူငယ်ချင်းတွေကိုပြောထားလေ့ရှိတယ် မပေးချင်ရင်နေ ရတယ်စိတ်မဆိုးဘူး ဒါပေမယ့်ပေးမယ်လို့ဆုံးဖြတ်ထားရင်တော့ လိုအပ်တာနဲ့ ကောင်းတာပဲဝယ်ပေးလို့ တော်ရုံတန်ရုံမလိုအပ်တဲ့ဟာကိုတော့မလိုချင်ဘူး အောက်သက်သက်နဲ့တော့မယူချင်ဘူး ယူပြီးအသုံးမဝင်ပဲချောင်ထိုးထားရမှာကို ဝါသနာမပါဘူး လိုအပ်တာကိုသုံးပြီး စိတ်ထဲမှာတကယ်အမြတ်တနိုးနဲ့အမှတ်တရယုယုယယသိမ်းထားချင်တဲ့စိတ်ပါ ဒါကြောင့်ပေးချင်ရင်ဒီမှာဆိုပြီး ကျနော်လိုအပ်တာကိုစာရင်းလုပ်ထားလေ့ရှိတယ် အဲဒီထဲကဝယ်ပေးလို့ပြောတယ် ကဲစဉ်းစားကြည့်တော့လေ ပေးတဲ့သူရဲ့စေတနာကို ဘယ်လိုသဘောထားရမယ်ဆိုတာကိုသိပေမယ့် အသိအမှတ်ပြုစေချင်တယ်ဆိုရင် ကျနော်အမှန်တကယ်လိုအပ်နေတာ ကျနော်အသုံးဝင်တာမှ မကောင်းဘူးလား နှစ်ဖက်လုံးအကျိုးရှိမယ်ထင်တဲ့စိတ်လေ(စိတ်ကအဲလို..အဲလိုလေ) ဒါပေမယ့် တခြားလူအတွက်တော့ကသိကအောက်ရယ်



နောက်ဆုံးတစ်ခုပဲပြောတော့မယ်ဗျာ…
အစားအသောက်ဂျေးများတာ ကျနော့်နဲ့ပတ်သက်လာရင် ကျနော်ကိုအားလုံးကလက်လန်တယ် အမေချက်တာအရမ်းကောင်းပေမယ့် ကျနော်အမြဲဂျီကျလေ့ရှိတယ် အခုထိဘယ်ဟင်းကိုဘယ်လိုချက်မှ ဘာအသားကိုဘာနဲ့မှ ကော်ဖီကိုဘယ်လိုဖျော် လက်ဖက်ရည်ကိုဘယ်လို စသည်ဖြင့်ပေါ့ အပြင်မှာစားရင်လဲဆိုင်ကရွှေးတုန်း သူငယ်ချင်းတွေနဲ့အပြင်ထွက်စားရင်အဲဒီဆိုင်ရွေးတဲ့ဒုက္ခကမသေးဘူးလေ ထမင်းကမာရင်လုံးဝမစားဘူး မကြိုက်တဲ့ဟင်းကိုထမင်းဝိုင်းမှာမြင်လို့ကတော့ လူသိရှင်ကြားပွစိပွစိ ဒီထက်ပိုဆိုးတာတွေရှိသေးတယ် ဘယ်အိမ်မှာထမင်းစားစားမကြိုက်ရင်ဟန်ဆောင်ပြီးမစားသလို ကြိုက်လို့ကတော့ ဟန်မဆောင်တမ်းအမုန်းဆွဲပဲလေ အခုထိကျနော့်အကြိုက်နဲ့ကျနော့်အထာကိုမသိကြသေးဘူးလေ အမေဆိုပြောတယ် အရုးထမင်းခေါ်ကျွေးတာကမှစိတ်ချမ်းသာအုံးမယ်တဲ့ (ကဲဒီလောက်ဆိုဘယ်လောက် ဂျေးများလဲဆိုတောပြောစရာမလိုတော့ဘူးထင်တာပဲ)


ရေးမယ်ဆိုကျန်သေးတယ်အများကြီး
အဖေကတော့ကျနော့်ကိုပြောတယ်လေ ”စိန်လေးတဲ့ သားစိတ်က ဖယောင်းနဲ့သံကိုအဆတူရောကျိုထားတဲ့စိတ်တဲ့” အဖေအမြဲတမ်းပြောနေကျစကား



ဒါပေမယ့် အခုချိန်ဒီနိုင်ငံမှာ ဒီစိတ်တွေလာပါလည်ပါ ခဏလောက်လာနေပေးပါဆိုတာတောင်ခေါ်မရတော့ဘူး ဒါပေမယ့်ကျနော်ကိုယ်တိုင်မသိဘူး အပြီးပျောက်သွားတာလား ခဏလားဆိုတာ ကျနော့်အဲဒီစိတ်တွေမရှိတော့ပါဘူးဆိုတာအာမမခံနိုင်ဘူးဗျာ အခုထိတော့ တစ်ခါတစ်လေ သည်းသီးခံသလောက် ဒေါသကကြီးတုန်း အကောင်းကြိုက်တုန်း အစားအသောက်ရွေးတုန်း အစွဲအလန်းကြီးတုန်း (အဲဘာကျန်သေးလဲမသိ)



ခင်မင်လေးစားစွာဖြင့်
ဖိုးစိန်


ပထမတော့ဒီပိုစ့်လေးနဲ့ ကျနော်ခင်တဲ့ချစ်မကြီးတွေ ချစ်ညီမတွေ ချစ်ညီတွေ ချစ်ကိုကြီးတွေ ချစ်သူငယ်ချင်းတွေကိုတက်ဂ်မလို့ ဒါပေမယ့်အားလုံးက နေမကောင်းကြတာ စိတ်မပျော်တာ စာမေးပွဲတွေနဲ့အလုပ်ဒဏ်တွေပိနေကြတာဆိုတော့ အားနာသွားတယ် ဒါကြောင့်ပျော်စရာကောင်းတဲ့တက်ဂ်ပိုစ့်လေးကိုပဲ ရှာကြံပြီး ညီအကိုမောင်နှမတွေအားလုံး အဆင်ပြေစိတ်ချမ်းသာလို့စာမေးပွဲပြီးတဲ့အချိန်ကျမှာပထမဆုံးအနေနဲ့တက်ဂ်တော့မယ်လို့ဆုံးဖြတ်လိုက်ပါတယ်ဗျာ..




ဖိုးစိန်

Wednesday, 6 May 2009

အချက်ရယ် ပိုင်ပိုင်



အခုတစ်လော အုတ်ကျင်းအပိုင် ရပ်ကွက်ထဲမှာရှိတဲ့ လက္ဘရည်ဆိုင်တွေ မနက်ဈေးတွေမှာ လူတွေစိတ်ဝင်တစားနဲ့  ပြောနေကြတာ က

” ပွဲစားမမထား”အကြောင်း

နာမည်အရင်းက” ထားထားနွယ်”

လွန်ခဲ့တဲ့ တစ်လ ကျော်ကျော်လောက်ကမှ အုတ်ကျင်းမာလာမြိုင် (၄)လမ်းထဲ မှာရှိတဲ့တိုက်ပုလေးကို ဝယ်ပြီး အဖော်ကောင်မလေး တစ်ယောက်နဲ့ပြောင်းလာ တာ..

သူ့ အလုပ်က ပွဲစား

စိန်၊ကျောက်၊အိမ်၊ကားအကုန်လုံးကိုပွဲစားလုပ်တယ်..အထူးသဖြင့်လူပွဲစား....လူပွဲစားဆိုတာကလည်းယဉ်ယဉ်ကျေးကျေးပြောရင်

အောင်သွယ်တော်..

မစွံသော သားရှင် သမီးရှင်တွေ ရဲ့ မိဘများ အားထားယုံကြည်အားကိုးရတဲ့မမထား

အသက်ကဖြင့် ရှိလှ (၃၅) (၃၆)

အသားဖြူတယ်..ကိုယ်လုံးကိုယ်ပေါက်ကတင်းတင်းရင်းရင်းပြည့်ပြည့်ဖူးဖူးကျစ်ကျစ်လစ်လစ်...

မိန်းမတစ်ယောက်မှာရှိသင့်ရှိအပ်တဲ့အရည်အချင်းနဲ့ပြည့်စုံသူ....

ကာလသားကိုကိုများရဲ့လက္ဘရည်ဝိုင်းအရက်ဝိုင်းတွေမှာမမထားအကြောင်းမပါ မပီးလောက်အောင် ဆွဲဆောင်နိုင်သူ

စကားကလဲချို....နှုတ်ကလဲသွက်....အလုပ်လုပ်ရာမှာလဲတိကျမှန်ကန်ပြတ်သားသေချာသူ...

မမထားလက်ထဲရောက်ရင် ကြေးတောင်ရွှေဖြစ်အောင်ပြောနိုင်သူဆိုတော့နာမည်ကြီးတာမဆန်းလှ..

ဒါပေမယ့်မမထားကတစ်ခုလပ်လိုလိုအပျိုကြီးလိုလိုနဲ့ဒီအချက်ကိုဘယ်သူမှသေသေချာချာမသိကြဘူး..

လောလောဆယ်မှာတော့အဖော်ကောင်မလေးတစ်ယောက်ဘဲပါလာတာဆိုတော့အများကတော့အပျိုကြီး မမထားပေါ့.....

တစ်နေ့ မမထားတို့ အိမ်ကို မာလာမြိုင်(၇)လမ်းက ဒေါ်တင်မဆိုသူရောက်လာတယ်..

” ထားရှိလား......ဟဲလို.... ထားရှိလား”

”မမထားရှိတယ် ဒေါ်ဒေါ် ဝင်ခဲ့ပါ”

အိမ်ဖော်ကောင်မလေးရဲ့ ခေါ်ဆောင်မှု့  ကြောင့် အိမ်ထဲ ရောက်လာတဲ့ဒေါ်တင်မေက

” ထားကိုအလုပ်အပ်ချင်လို့...အားကိုးပါရစေ..ပြီးတော့ထားကိုယုံကြည်စိတ်ချတာလဲပါတယ်လေး...ဟင်း..ဟင်း....အဲဒါ...”

”ပြောပါအမ ထားလုပ်ပေးနိုင်တာဆို လုပ်ပေးပါမယ်..ဈေးကတော့ အမတို့ သိတဲ့အတိုင်း နည်းနည်းတော့ပွဲခများမယ်..ကျွန်မက

အာမခံနဲ့ လုပ်တာဆိုတော့....”

” ရပါတယ်ထားရဲ့ ..အမကပစ္စည်းဝယ်ဖို့ရောင်းဖို့တော့မဟုတ်ဘူးကွဲ့..သမီးကိစ္စ...သမီးကိုယောက်ျားပေးစားချင်လို့..အဲဒါ...”

”သြော်...”

ဒေါ်တင်မက သမီးကို အစွံထုတ် ဝယ်သူလက်ထဲ အပ်ဖို့ ရာ ပွဲစားကို သမီးရဲ့အရည်အချင်းတွေ ချီးမွမ်းခန်းဖွင့်တာပေါ့...

”ဒီလိုထားရဲ့...အမသမီးအရင်ကနည်းနည်းဆိုးတယ်...ကျွန်မတိုဆုံးမလို့ကိုမရဘူး...အခုတော့သူနောင်တရနေပြီးလေ..နောင်တ နဲ့ အတူ အပိုဆု ကိုယ်ဝန်က(၂)လ ရှိနေပြီး..ခက်တာက ဘယ်သူနဲ့ ရလဲဆိုတာ သူကိုယ်တိုင်မသိတာဘဲ...အဲဒါ ဒီကလေးကို မွေးလို့ ရအောင် ..ယောက်ျားပေးစားမလို့..ကူညီဘာဦးထားရယ်...ထားမို့လို့သာ ယုံကြည်ပြီးအကူအညီတောင်းရဲတာ..ထားက လူသိများတယ်လေ... လူကိုတော့ ချမ်းသာတာ ဆင်းရဲတာ ကြီးတာ ငယ်တာ အဓိက မထားဘူး...ထုံထုံအအ ရိုးရိုးအေးအေးနဲ့မိန်းမစကားနားထောင်ပြီး မိန်းမကြောက်တတ်တဲ့သူမျိုးဆိုဖြစ်ပါတယ်...

နောက်ပြဿနာက နောက်မှ ရှင်းလို့ ရတယ်..အခုလောလောဆယ်သာ...

မျိုးရိုးတော့သန့်ပါစေနော်..ဟင်း..ဟင်း.....ဖြစ်နိုင်ရင်ဒီလအတွင်းပေါ့..ထားကျေးဇူးကိုမမေ့ပါဘူး...ဟင်း...ဟင်း..ဖြစ်အောင်တော့လုပ်ပေးပါရှင်....”

” စိတ်ချအမ ထားစီစဉ်ပေးမယ်...ပွဲခသာ ရှာထား”

ထားရဲ့ အရည်အချင်းကြောင့် ဒေါ်တင်မသမီးတစ်လအတွင်း မင်္ဂလာဆောင်လေပြီ..

ကောင်လေးကအသက်ကြီးပေမယ့်ရိုးရိုးအေးအေးရုံစာရေးကြီးပေါ့...

တနေ့ ..........

”ဟဲ့ မိအေး..ဈေးပြန်နောက်ကျလှချေလား...မျက်နှာကလဲမကောင်းဘူး.ဘာဖြစ်လာလဲမမထားကိုပြောစမ်း”..

”မပြောချင်ဘာဘူးမမထားရယ်....ဟိုဒေါ်တင်မလေ...မမထားအကြောင်းကို ဈေးထဲမှာအတင်းချနေတာ....သူပြောတာက

အဲဒီကောင်မကညံ့ကိုညံ့တယ်တဲ့....

သု့ သမီးလိုယောက်ျားမျိုး မမထား ရှာပေးပြီး မမထားမရနိုင်တာ

မမထားရဲ့ မဟာအမှားတဲ့..ဒီလိုတုံးတဲ့မမထား ယောက်ျားကောင်းရဖို့မလွယ်ဘူးတဲ့လေ..

ဒါကြောင့်အခုလိုနေရတာတို့ဘာတို့နဲ့စုံနေတာဘဲမမထားရယ်”

”နေပါစေမိအေးရယ်....သူငါ့ကို သူ့သမီးအတွက်ယောက်ျားရှာခိုင်းတုန်းက ဘယ်လိုလူမျိုးရှာခိုင်းလဲ”

”ရိုးရိုးအေးအေး တုံးတုံးအအနဲ့မိန်းမစကားနားထောင် မိန်းမကြောက်တဲ့သူမျိုးလေ”

”အေး...အဲဒီယောက်ျားကတုံးလွန်းအလွန်းငါဘာမသုံးစားလို့မရလို့ ငါကွဲလိုက်တဲ့

ငါ့အရင်ယောက်ျား...အခုသူငါ့စကားနားထောင်းပြီး အဲဒီဒေါ်တင်မသမီးကို ယူလိုက်တာ...ကဲ သိပြီးလား.......”


ဖိုးစိန်

Tuesday, 5 May 2009

တကယ်လို့များ

ပတ်ဝန်းကျင်တစ်ခုလုံးအသံဗလံများဖြစ်ဆူညံနေပေမယ့်တိတ်ဆိတ်နေတဲ့ကျနော်တို့နှစ်ယောက်ကြားကိုဝင်လာတာက”မောင်ပြောမယ်ဆိုတဲ့ စကားကိုအခုထိမပြောသေးဘူးဘာလဲမောင်မပြောချင်တော့ဘူးလား”လို့နှင်းမေးလိုက်မှကျနော်သက်ပြင်းရှည်ရှည်တစ်ခုကိုလေးတွဲ့စွာချမိပါရဲ့ ”မဟုတ်ပါဘူးနှင်းရယ်မောင်ပြောချင်လိုပဲ နှင်းကိုချိန်းခဲ့တာလေ”
”ဒါဆိုလဲပြောကောင်းကောင်းဆိုးဆိုးမောင်ပြောတာကိုနားထောင်ပေးမယ်လေ”
ကျနော့်ကိုဒီလိုစကားမျိုးတွေနဲ့အမြဲနှစ်သိမ့်အားပေးတတ်တဲ့နှင်းကိုကျေးဇူးတင်အားနာတဲ့အကြည့်နဲ့ကြည့်မိတော့နှင်းကပြုံးပြုံးလေနေလေရဲ့
”နှင်း”
”ရှင်..ပြောလေမောင်”
ကျနော်နှင်းကိုကြေကွဲစွာအားနာနာနဲ့တစ်ချက်ကြည့်ပြီးမှ မျက်နှာလွှဲကာ
”စန္ဒာ့မှာကိုယ်ဝန်ရှိနေပြီးတဲ့”
ကျနော်စကားစကိုဖြတ်လိုက်တော့ နှင်းက
”ဆက်ပြောလေအဲဒီတော့ဘာဖြစ်လဲ..မောင်ကစန္ဒာကိုသံယောဇဉ်မပြတ်သေးတာလားဘယ်သူနဲ့ရတာလဲ”
”မဟုတ်ဘူးနှင်း..မောင်ပြောတာကိုဆုံးအောင်နားထောင်အုံး..အခုရတဲ့ကိုယ်ဝန်ကမောင်နဲ့တဲ့” ကျနော်သက်ပျင်းတစ်ခုကိုကြေကွဲစွာထပ်ချမိတယ် ပြီးတော့နှင်းကိုလှည့်ကြည့်မိတယ်
နှင်းမုန်းမှာနှင်းဒေါသထွက်မှာနှင်းကျနော့်ကိုနာနာကြည်းကြည်းမုန်းတီးစကားတွေပြောတော့မှာကိုကျနော်တွက်ဆပြီးသားပါ ဒါပေမယ့်ကျနော်မထင်မှတ်ထားရလောက်အောင်ကိုနှင်းမျက်နှာကတည်ငြိမ်အေးဆေးပြီး ကျနော့်ကိုဂရုဏာအကြည့်နဲ့ကြည့်နေတာကိုတွေ့လိုက်ရတော့ ကျနော့်ရင်တစ်ခုလုံးထူပိန်းသွားပါတယ်
”ဆက်ပြောလေမောင်..နှင်းနားထောင်နေတယ်..အဲဒီမောင်နဲ့ရတဲ့ကိုယ်ဝန်ကတကယ်လားဆိုတာသိချင်တယ်လေ” ”အမှန်တိုင်းပြောရရင်မောင်လဲမသိဘူး..ဒါပေမယ့်မောင့်ကိုယ်တိုင်မသေချာဘူးနှင်း..မောင်ဘာလုပ်ရမလဲမသိတော့ဘူး နှင်းကိုအရမ်းအားနာတာပဲ..ဒါပေမယ့်” ကျနော်စကားမဆက်နိုင်တော့..မျက်ရည်ဝဲမိသည် အတိတ်ဆီကိုနောင်တရစွာမတွေ့ခဲ့ရင်ကောင်းသားဆိုတဲ့အတွေးနဲ့

ကျနော်နဲ့နှင်းချစ်သူတွေဖြစ်ပြီးလို့သက်တမ်းသုံးနှစ်ပြည့်တဲ့နှစ်မှာ စန္ဒာဆိုတဲ့ကောင်မလေးကို စတွေ့ခဲ့တာ စန္ဒာက နှင်းသူငယ်ချင်းသီတာရဲ့ညီမ သီတာတို့အိမ်ရဲ့အိမ်တက်ဆွမ်းကျွေးကို နှင်းနဲ့တူတူသွားပြီးတော့စန္ဒာဆိုတဲ့ကောင်မလေးနဲ့ခင်ခဲ့တာ ကောင်မလေးကကျနော့်ထက် ၆နှစ်ကျော်ကျော်ငယ်တယ် အိမ်မှာလဲအငယ်ဆုံးဆိုတော့ မိဘတွေရဲ့အလိုလိုက်ချင်းကိုခံရသူလေးပေါ့ စန္ဒာမိဘတွေကလဲ ကျနော်နဲ့နှင်းကိုခင်တဲ့အတွက် စန္ဒာကိုညီမလေးကိုစောက်ရှောက်ဖို့တာဝန်ပေးတယ်လေ ဒီလိုနဲ့စန္ဒာက ကျနော့်ရဲ့အချိန်တစ်ချို့ကိုဖဲ့ယူလာခဲ့တယ် ဘယ်သွားသွားကျနော့်ကိုခေါ်သလို ညဖက်လဲဖုန်းတွေဆက်တယ် ကျနော်ကတော့ညီမလေး တစ်ယောက်လိုခင်ပေမယ့် စန္ဒာကစိတ်ထားလေးတွေပြောင်းလာတယ် ငယ်သေးတယ်ဆိုတော့ စိတ်ကစားမှာပဲဆိုပြီး ထိန်းသိမ်းစကားပြောခဲ့တယ် နှင်းကိုပြောပြပေမယ့် နှင်းကပြုံးရုံသားပြုံပြီးနားထောင်နေခဲ့တာ တခါဘူးမှဝင်မပြောခဲ့ဖူးဘူးလေ
နောက်ပိုင်းတွေမှာ နှင်းရဲ့အလုပ်တစ်ဖက်နဲ့တက်နေတဲ့စာရင်းကိုင်သင်တန်းကြောင့် နှင်းနဲ့မတွေ့ဖြစ်တော့ပဲ စန္ဒာနဲ့သွားနေရတဲ့အချိန်ကသာများလာတယ်လေ နှင်းနဲ့မတွေဖြစ်ပေမယ့်နှင်းကို အမြဲသတိရနေတယ် ကျနော်ချစ်တယ် မြတ်နိုးတယ် နှင်းလောက်ကျနော့်အပေါ်နားလည်နိုင်မယ့်သူမရှိတော့ဘူးလို့ ကျနော်ထင်ပါတယ်
ကျနော့်ထက် အသက်အများကြီးငယ်တဲ့စန္ဒာကိုလည်း သနားတယ်လေဘယ်သွားသွားအနောက်ကနေလိုက်ရတော့ သူဆိုးတဲ့နွဲတဲ့ဒဏ်တွေကြားသံယောဇဉ်ဖြစ်လာခဲ့တယ် ဒါပေမယ့် စန္ဒာကိုချစ်သူဖြစ်လာဖို့ထက် ညီမတစ်ယောက်ထက်တောင်သံယောဇဉ်မပိုခဲ့ဘူး လွန်ခဲ့တဲ့သုံးလလောက်ကမှ ချောင်းသားကိုသူငယ်ချင်းတွေနဲ့တူတူသွားတော့ စန္ဒာကမရောက်ဖူးလို့လိုက်ချင်တယ်ပူဇာတော့ စန္ဒာ့မိဘတွေက ကျနော့်ကိုစိတ်ချပြီးသူ့သူငယ်ချင်းတစ်ချို့နဲ့ထည့်ပေးလိုက်တယ် ချောင်းသာကပြန်လာပြီးကတည်းက စန္ဒာနဲ့ကျနော်အဆက်အသွယ်ပြတ်သွားခဲ့တာ ကျနော်ကတောင်”ဒီကောင်မလေးငြိမ်ချက်သားကောင်းနေပါလားဆိုပြီး အံ့သြနေတာ” အခုတော့မထင်မှတ်ပဲ ပြီးခဲ့တဲ့နှစ်ရက်ကျော်ကျော်က ညကြီးသန်းခေါင်းဖုန်းဆက်ပြီး မထင်မှတ်တဲ့စကားကိုပြောတယ်လေ ပထမတော့အိပ်ချင်မူးတူးနဲ့မနက်ကျမှပြန်ခေါ်ပါလို့ကျနော်ပြောမိသေးတယ် နောက်တော့ စန္ဒာဘက်ကရှိုက်သံလိုလိုကြားမှ ကျနော်မျက်လုံးပြူးပြီး ဘာဖြစ်လဲဆိုတာအတင်းမေးရတယ် အဲဒီအခါကျမှ စန္ဒာက” ကိုကြီးကိုပြောရမှာတော့အားလဲနာတယ် ကြောက်လဲကြောက်တယ် ဒါပေမယ့်ပြောသင့်တယ်ထင်လို့ပြောရတော့မယ် စန္ဒာမှာအခုကိုယ်ဝန်ရှိနေတယ် အဲဒီကိုယ်ဝန်က ကိုကြီးနဲ့ရတဲ့ကိုယ်ဝန်ပါ” ဆိုပြီး ရှိုက်ကြီးတငင်ငိုပါလေရောဗျာ ကြားသာကြားရတယ် နားဝမှာမသက်သာ ကိုယ့်နားကိုယ်မယုံချင်ဘူး ဘယ်တုန်းက ဘယ်လိုဖြစ်လို့ဘယ်ကိုယ်ဝန်ရခဲ့တာလဲ အခုရတဲ့ကိုယ်ဝန်ကကျနော်နဲ့တဲ့လေ ကျနော်စဉ်းစားနေရင်းနဲ့မှကြက်သီးတွေအဖျန်းဖျန်းထလို့မိနစ်တော်တော်ကြာအောင် စကားမပြောနိုင်ပဲဆွံ့အံ့တိတ်ဆိတ်နေမိတာလေ စိတ်ထဲမှာလဲ နှင်းကိုပြေးမြင်မိပါရဲ့ ”ကိုကြီးပြောလေ အဲဒါဘယ်လိုလုပ်ကြမလဲ စန္ဒာသေသာသေလိုက်ချင်တယ်”ဆိုပြီးဆက်ငိုနေပါလေရော ဒီလိုကျတော့ ကျနော်ဘယ်လိုပြန်ချော့ရမယ် ဘာပြောရမယ်ဆိုတာတကယ်မပြောတတ်ပါ ဆုံးဖြတ်ချက်ကိုတပြိုင်နက်ထဲချပြီး ကိုကြီးတာဝန်ယူပါတယ်ဆိုတဲ့စကားကိုလဲမပြောချင် ကျနော်နှင်းကလွဲပြီး ဘယ်မိန်းကလေးကိုမှလက်မထပ်ချင် ပြီးတော့ ကျနော့်နဲ့ရတဲ့ကိုယ်ဝန်တဲ့ ကျနော်တောင်ဘာမှန်းမသိလိုက်ဘူး ကျနော်မဟုတ်ဘူးလို့ငြင်းလိုက်ပြန်ရင်လဲ တစ်ဖက်ကကောင်မလေးကိုအားနာသနားမိပြန် ကျနော်စိတ်တွေရှုပ်ထွေးပြီး မနက်ကျမှ ကျနော်တို့အေးဆေးတွေမယ့် ညနေ ၃ နာရီဆိုပြီးချိန်းလိုက်တယ် ပြီးတော့ညတွင်းချင်း နှင်းကိုဖုန်းဆက်ပြီး မနက် ၉နာရီအရေးတကြီးကိစ္စဆိုပြီးချိန်းရတယ် ကျနော့်မှာနှင်းကလွဲပြီးဖြေဆေးမရှိ နှင်းကလဲ ဘာအကြောင်းအရာမှမသိပဲ လာမယ်ပြောပြီးဖုန်းချသွားခဲ့တယ် ကျနော်တစ်ညလုံးအိပ်လို့မရ ပြန်စဉ်းစားတော့ စန္ဒာကိုစတွေ့ကတည်းကနောက်ဆုံးတွေ့တဲ့ချောင်းသာထိ ဘာမှလွန်လွန်ကျူးကျူးမဖြစ်ခဲ့ ဒါဆိုဘယ်လိုဖြစ်နိုင်လဲ ဘာဖြစ်ဖြစ် ကျနော်စန္ဒာကိုလက်မထပ်နိုင်ဘူး ကျနော်နှင်းနဲ့လွဲပြီးဘယ်သူ့ကိုမှမယူနိုင်ဘူး
”မောင် ..မောင်..ပြောလေ ..မောင်ဘာလုပ်ချင်လဲဆိုတာ” နှင်းစကားကြောင့်ကျနော်အသက်ပြန်ဝင်လာသလို သက်ပြင်းရှည်ရှည်ထပ်ချမိပြန်တယ် ”မောင်တကယ်မသိတော့ဘူးနှင်းရယ် ” ”မောင်နှင်းမျက်နှာကိုကြည့်စမ်းပါ မောင့်ကိုနှင့်အပြည့်အဝယုံကြည်တယ် မောင်ဘာဖြစ်ဖြစ် နှင်းမောင့်ဘက်ရပ်တည်မယ် မောင်တကယ့်အဖြစ်မှန်သာပြောပါ နှင်းကိုအားမနာနဲ့” နှင်းမျက်နှာကိုကျနော်ကြည့်လိုက်တော့ပကတိကင်းစင်နေတဲ့ကြည်လင်တဲ့မျက်နှာနဲ့အတူကျနော့်ကိုဂရုဏာအကြည့်နဲ့ ယုံကြည်မှုရှိနေတာကိုကျနော်ဖတ်လိုက်ရတယ်
”မောင်အမှန်အတိုင်းဝန်ခံရရင် ဒီကိစ္စမောင်တကယ်မသိဘူးနှင်း ဒါနှင်းကိုအပွင့်လင်းဆုံးနဲ့အရိုးသားဆုံးပါ မောင့်ဘက်ကဘာမှမဖြစ်ခဲ့ဘူးဆိုတာသေချာတယ် ဒါမောင့်ဘက်ကပြောနိုင်တာဒါပဲ ပြီးတော့မောင်စန္ဒာကိုမယူချင်ဘူးနှင်း မောင်ဘာလုပ်သင့်လဲ”
”မောင့်ရဲ့ အကျင့်နဲ့သိက္ခာကိုတော့နှင်းကမောင့်ချစ်သူဖြစ်ခဲ့တဲ့အတွက်ယုံကြည်ပါတယ် ဒါပေမယ့်မယုံကြည်ရတာက ကံကြမ္မာမောင် နှင်းကိုလဲညကစန္ဒာဖုန်းဆက်တယ်မောင်”
”ဟင်..သူ..သူကဘာပြောလဲ”
”မောင်ပြောတဲ့အတိုင်းပဲလေ သူ့မှာကိုယ်ဝန်ရှိနေပြီးဆိုတာကိုပေါ့ သူကပြောတယ် ချောင်းသာသွားတုန်းကမှားတယ်ဆိုပဲ သူလဲမူး မောင်လဲမူး အားလုံးမူးနေကြတာတဲ့ အဲဒီမှာဘာဖြစ်လဲဆိုတာမသိတော့ဘူးတဲ့လေ”
”နှင်း အဲဒီနေ့ကမောင်မမူးဘူး မောင်ကိုယုံပါ”
”မောင်ရယ် ယုံကြည်လို့ပဲအကြောင်းစုံသိပြီးတာတောင် မောင်ချိန်းတဲ့နေရာကိုလာခဲ့သေးတာပဲ အဲဒီလောက်တုံးနေလို့အားမရတာ”
”ဒါဆိုမောင်ဘာလုပ်ရမလဲ”
”ဒါကတော့မောင်ဆုံးဖြတ်ရမယ်လေ မောင့်ကိုနှင်းကယုံကြည်ပြီးသားလေ ဘာလုပ်လုပ်နှင်းမောင့်ဖက်ကနေအမြဲရပ်တည်မယ်လေနော်”
”မောင်တကယ်မသိတော့ဘူးနှင်းရယ် ဒီညနေမောင်စန္ဒာနဲ့ချိန်းထားတယ် စန္ဒာကိုအဖြေပေးရတော့မယ်”
”ကဲပါမောင်ရယ် စိတ်မပူပါနဲ့ မောင်မှန်တယ်ဆိုရင် မောင်နှင်းအပေါ်သစ္စာစောင့်သိတယ်ဆိုတာမှန်ရင်မောင်ဖြစ်ချင်တာဖြစ်လာမှာပါ မပူပါနဲ့ ဒီနေ့တော့စန္ဒာနဲ့ချိန်းထားတာကိုဖျက်လိုက် တစ်ခုခုစားပြီးအိမ်ပြန်မယ် နောက်တစ်ခါစန္ဒာဖုန်းဆက်ရင်သာ နှင်းကိုအကြောင်းကြားလေနော်..မောင်ကလိမ္မာပါတယ် လာ..ထ..သွားမယ်..နေပူနေပြီး..နှင်းလဲဗိုက်ဆာတယ်”
လေးပင်ချိနဲ့စွာခေါင်းငိုက်စိုက်လို့ ကျမအရှေ့ကနေထွက်သွားတဲ့မောင့်ကိုကြည့်ပြီး ကျမစိတ်မကောင်းဖြစ်မိတယ် မောင်မပူပါနဲ့ မောင့်ရဲ့သိက္ခာနဲ့အကျင့်သစ္စာကိုကျမရဲရဲကြီးယုံကြည်ပါတယ်မောင် ဒီနေ့ညနေစန္ဒာကို ကျမအသိဆရာဝန်ကြီးဆီခေါ်ပြီးသွေးစစ်ပေးမယ်လေ


တကယ်လို့များပေါ့ တစ်ခုခုမှားယွင်းခဲ့ရင်..


တကယ်လို့များတစ်ခုခုစွန်းထင်းခဲ့ရင်…

တကယ်လို့များ…

ဖိုးစိန်