ဒီလိုအကျင့်တွေ ရှိတယ်
ညနေက Boonlay ကို MRT စီးပြီး သွားတယ်။ ရထားပေါ်မှာ နေရာမရတော့ မတ်တပ်ရပ်နေတုန်း ကျနော့် မျက်စိက အရှေ့တည့်တည့် ခုံမှာ ကလေးနှစ်ယောက်နဲ့ အတူ အလုပ်ရှုပ်နေတဲ့ မိန်းမကြီးဆီ မျက်စိရောက်သွားတယ်။ သူတို့ကို ငေးကြည့်ရင်း သဘောတကျ ပြုံးမိတယ်။ အမေဖြစ်ဟန်တူတဲ့ မိန်းမကြီးက ပေါင်ပေါ်က နှစ်နှစ်သား အရွယ်သမီးလေးကို ပါးလေးပွတ်ပြီး ချော့နေတဲ့ကြားက မတ်တတ်ရပ်နေတဲ့ သုံး လေး နှစ်အရွယ် သားလေးကို ပါးစပ်က တတွတ်တွတ် ပြောပြီး တဖက်လက်နဲ့ ဆွဲထားရတယ်။
ကောင်ကလေး မျက်နှာက ပြောင်စပ်စပ်နဲ့ သူ့ညီမလေးကို ဆံပင်ဆွဲလိုက် နားကို လက်နဲ့ထိုးလိုက်လုပ်နေတော့ ကောင်မလေးက သူ့အမေကို မော့ကြည့်ရင်းနဲ့ ငိုမဲ့ငိုမဲ့ တိုင်နေတာကို တပြုံးပြုံးနဲ့ ကြည့်နေမိတယ်။ အမေက သားကို ခြောက်လှန့်တားနေပေမယ့် ကောင်လေးမျက်နှာက အပိုးမကျိုးဘူး။ သူတို့ကို မြင်တော့ ကျနော်တို့မောင်နှမတွေ တစ်ယောက်ကို တစ်ယောက် စနောက်တာကို သတိရမိတယ်။
ကျနော်ငယ်ငယ်ကတည်းက အကျင့်တစ်ခုရှိတယ်။ အခုထိပေါ့…။ အချိန်ရရင် ရသလို နှပ်ချေး ကလော်တာ။ တစ်ခုခု စဉ်းစားပြီးဆို ညာဘက်လက်က အလိုလို နှာခေါင်းဆီကို ရောက်ပြီး နှပ်ချီးကလော်လို့ ရလာတဲ့ နှပ်ချေးဖတ်ကို လက်လေးနဲ့ လုံးလိုက် ပြီးရင် ထပ်ကလော်လိုက်နဲ့ ကစားနေတာ။ တခါတလေ နှပ်ချေးဖတ်က များတော့ အလုံးလေးက နည်းနည်းကြီးလာတယ်။ အဲဒီအခါကျရင် အနားမှာ ရှိတဲ့ ညီနဲ့ ညီမ ကို “လက်ကလေး ခဏပြပါ၊ ကိုကြီး ဗေဒင်တွက်ပေးမယ်” လို့ ပြောပြီး နှပ်ချေးဖတ်ကို လက်ထဲ ထည့်ပေးတဲ့ အကျင့်ပေါ့။ သူတို့လက်ထဲ နှပ်ချေးဖတ် ရောက်ပြီးဆိုရင် ညီနဲ့ ညီမက အရမ်းစိတ်ဆိုးပြီး အဲဒီနှပ်ချေးဖတ်နဲ့ ပြန်ပေါက်လေ့ ရှိတယ်။ သူတို့ နှစ်ယောက်ကလည်း အမှတ်မရှိဘူးလေ။ လစ်ရင်လစ်သလို သူတို့ နှစ်ယောက်လက်ထဲ ကိုထည့်တယ်။ သူတို့ကလဲ ခံရတိုင်း ဒေါသတကြီးစိတ်ဆိုးလေ့ရှိတယ်။
မှတ်မှတ်ရရ တည ကျနော် စာလုပ်နေတုန်း အဖေက ကျနော့်အနားမှာ သူ့ရဲ့ ဗီစီဒီစက်ကို ဖြုတ်ဆေးတယ်။ ဝက်အူတွေ ဖြုတ်ပြီး ကျနော် စားပွဲပေါ် လှမ်းလှမ်းတင်တယ်လေ။ ကျနော်က စာလုပ်လိုက်၊ စဉ်းစားလိုက်၊ နှပ်ချေး ကလော်လိုက်ပေါ့။ အဖေ ကသူ့စက်ပြန်တပ်တော့ ကျနော့် ကို ဝက်အူလှမ်းတောင်တယ်။ တစ်ခုပြီးတစ်ခုဆိုတော့ ကျနော်လဲ စိတ်ကမရှည်တော့ဘူး။ ဒါနဲ့ နောက်တခါလှမ်းတောင်းရော ကျနော်လဲ စိတ်ပေါက်ပေါက်နဲ့ ကျနော်ကလော်ထားတဲ့ နှပ်ချေးလုံးကို အလုပ်ထဲ စိတ်ရောက်နေတဲ့ အဖေ့ညာဘက် လက်ထဲ ထည့်ပေးလိုက်တယ်။အဖေက ကျနော်ထည့်ပေးလိုက်တာ ဝက်အူ မဟုတ်မှန်းသိတဲ့အတွက် မျက်မှန်လေးကိုပင့်ပြီး ညာဘက်လက်နဲ့ သေချာကိုင်ကြည့်နေတာ။ ပြီးတော့ မျက်လုံးလေးပင့်ပြီး “သား ဒါကဘာလဲ” မေးတော့မှ ကျနော်က “အဲဒါ အခုသားကလော်လိုက်တဲ့ နှပ်ချေးတွေ” လို့လဲ ပြောပြီး အဖေ့အနားက ထပြေးတာ။ အဖေရဲ့ ရယ်သံတစ်ဝက်နဲ့ ဒေါသသံ နဲ့ ကျနော့် နာမည်ကို အော်ခေါ်တာ ကျနော်က အဖေ့နဲ့ ဝေးရာဆီကို ပြေးတော့တာပါပဲ။
ကျနော့်ညီကျတော့ တမျိုး။ ညညမိသားစု တွေ ရုပ်ရှင်ကြည့်ပြီးဆိုရင် ရုတ်တရက် ရီမု ကွန်ထရိုး က pause ခလုပ်ကလေးကိုနှိပ်လိုက်တယ်။ အားလုံးက သူ့ကို ဘာလုပ်တာလဲ ဆိုပြီး တအံ့တသြ ဝိုင်းကြည့်ရင် ခပ်တည်တည်နဲ့ လက်ညှိုးလေးထောင် “ဟော… နားထောင်” ဆိုပြီး “ဘူ” ကနဲ မြည်အောင် အသံကျယ်ကျယ်နဲ့ လေလည်တယ်။ ပြီးရင် သူက ထွက်ပြေးရော။ အားလုံးက နံနံ မနံနံ နှာခေါင်းတွေ ပိတ်ပြီး ပါးစပ်လေး မဟတဟနဲ့ မေတ္တာထိုင်ပို့ရတာ။ ရယ်လဲရယ်ချင်တယ်။ အသံထွက်ရင်လည်း ပါးစပ်ထဲ ဝင်မှာစိုးတဲ့အတွက် အားလုံးက ပါးစပ်လေးပိတ် အငယ်ကောင်ကို ဒေါသမျက်လုံးနဲ့ လှမ်းကြည့်တာကို အငယ်ကောင်က အဝေးက ကပြနေတာ အသည်းယားစရာပေါ့။
တခါတလေ သူက ဘူးထဲဖြစ်ဖြစ်၊ ပလပ်စတစ်အိပ်ထဲ ဖြစ်ဖြစ် လေလည်ထားပြီး ရုတ်တရက် မိသားစု စကားဝိုင်းထဲ ဝင်လာပြီး အနားရောက်မှ အဖုံးဖွင့်တာတို့ ပလပ်စတစ်ကို လက်နဲ့ ဖောက်တာတို့လုပ်ပြီး ထွက်ပြေးလေ့ရှိတယ်။သူ့ အပြောကတော့ ရှောင်တခင် အီးဗုံးကျဲ တယ်ပေါ့။ သူ့ရဲ့ ဗုံးကိုလဲ ဘယ်သူမှ မခံနိုင်ဘူးလေ။ သူက အဲဒါကို အခွင့်ကောင်းယူပြီး နောက်လေ့ရှိတယ်။
အငယ်ဆုံး ညီမကတော့ အကိုနှစ်ယောက်ရဲ့ အားနည်းချက်တွေသိထားတယ်။ ကျနော်က အိမ်သာတက်ရင် လူသံကြားရင်တက်လို့ မရတဲ့ အကျင့်ရှိတယ်။ အိမ်သာတက်ဖို့ အိမ်သာထဲဝင်လို့ လူသံကြားရင် ဘယ်လောက်အိမ်သာ တက်ချင်ချင် ပြန်ထွက်လာတယ်။ အိမ်သာတက်လို့မရဘူးပေါ့။ လူကမရှက် ..င် ကရှက် ဆိုတာ ကျနော်လို လူမျိုးနေမှာပါ။ အဲဒါကြောင့် ကျနော့်ညီမက ကျနော့်ကိုကြည့်မရတဲ့ အခါမျိုးမှာ ကျနော်အိမ်သာ တက်တဲ့အချိန်ကို စောင့်နေတတ်တယ်။ ကျနော်အိမ်သာထဲဝင်လို့ နှစ်မိနစ် သုံးမိနစ်ဆိုရင် အပြင်ကနေ အိမ်သာတံခါး လာခေါက်ရင်း “ကိုကြီးရေ၊ မြန်မြန်လုပ်၊ ညီမလဲ အိမ်သာတက်ချင်လို့ ” ဆိုပြီးပြောလိုက်၊ အပြင်ကနေ “ကိုကြီးရေ.. ဝေ… ကိုကြီးလား.. ဝါးးးး” ဆိုပြီး စလိုက်နဲ့ ကျနော် အိမ်သာ တက်လို့မရအောင် အပြင်ကနေ အမျိုးမျိုးနှောက်ယှက်တယ်။ ကျနော် စိတ်တိုတိုနဲ့ အပြင်ပြန်ထွက်လာရင်တော့ သူမ မရှိတော့ဘူး။ လစ်ပြေးပြီးလေ။
အငယ်ကောင်အကျင့်က အိမ်သာတက်ချင်ပြီးဆိုရင် ပြေးဝင်ထိုင်တတ်တယ်။ တခါခါလဲ တံခါးဂျက်ကို ချဖို့ မေ့နေတတ်တယ်။ အိမ်က အိမ်သာက တံခါးဂျက်ကလဲ သေချာ ထိုးမှ ကျတယ်။ ဒါကို သိနေတဲ့ ညီမက အငယ်ကောင် အရှိန်ကောင်းတုန်းဆိုရင် တံခါးလှစ်ခနဲ ဖွင့်ပြီး ထွက်ပြေးတတ်တာ။ ဟိုက တံခါးပွင့်တော့ ရှက်ရှက်နဲ့ အရှိန်လေး ကောင်းတုန်း ကုန်းကုန်းထ ပြီး တံခါးကို ပြန်ပိတ်ရတာအမော။ အထဲကနေ ဒေါသသံနဲ့ “နင်တော့လား ငါနဲ့မိရင် အသေပဲ” ဆိုပြီး ကြိမ်းမောင်သံ ကြားရင် ကျနော်တို့ ရယ်ပြီး။ ဒါလဲ တစ်ယောက်နဲ့ တစ်ယောက် အမှတ်မရှိဘူး။ လစ်ရင် လစ်သလို စတယ်။ အငိုက်မိတဲ့သူက ခံရတယ်။ အဖေရော အမေရောပေါ့။
ခုထိလဲ ကျနော် နှပ်ချေးကလော်ပြီး အနားမှာရှိတဲ့ တစ်ယောက်ယောက် လက်ထဲကို ထည့်ပြီး စနောက်တတ်တုန်း။
အခုတော့ ကျနော့်ညီက ကျနော်တို့ မောင်နှမတွေ အပြင် သူ့မိန်းမကိုပါ ရှောင်တခင် အီးဗုံးကျဲ တုန်း။
ကျနော့် ညီမကတော့………း)
ဘာဖြစ်ဖြစ် အိမ်ကိုလွမ်းသွားတယ်။

ချစ်ခင်လေးစားစွာဖြင့်
ဖိုးစိန်
Comments
အဲ့ အကျင့်တွေ ကို တော့ ခု သိနေပါပီ....ခံရတဲ့ သူတွေလဲ ခံရပီးပါပီလေ....ကိုယ့် အလှည့် ရောက်ရင် သာ...ဟိဟိ
every bodyyyyyyyyyy....home....ဆို သဘောပေါက်တော့...:P
ခင်မင်တဲ့
ဂျပန်ကောင်လေး
လေးစားလျက်
တောင်ပေါ်သား
ပိုစ့်လေး ကောင်းတယ်..
စလုံးရောက်နေတာနဲ့ လည်လိုက်ပတ်လိုက်လုပ်နေတယ်ထင်တယ် ရေးအားတွေ အတော်ကျနေတယ်နော်.. သတိထားမိနေတယ်.. ဒီလိုပိုစ့်လေးတွေ များများရေးပါ.. စာဖတ်သူကို ပြုံးစရာ တစ်ခုခုပေးနိုင်ရင်ကို အောင်မြင်မှုတစ်ခုပါပဲ..
း)
ချစ်ခင်စွာဖြင့်
ဦးနော်
ပြန်နှိပ်စက်စရာ နည်းလမ်းလေးက အလွယ်လေး....
နှပ်ချေးလုံးစာ မိလို့ကတော့ တစ်ပါတ်လုံးလုံး အိမ်သာတက်မရအောင် ဝိုင်းနှိပ်စက်ကြတာပေါ့လေ...
ပျော်စရာ မိသားစု ဘဝလေးကို မြင်ယောက်မိရင်း ပြုံးလဲ ပြုံးမိသလို...
အလွမ်းတွေလဲ ကူးစက်သွားပါတယ်
မျောက်ငို
ချစ်တဲ့
ကိုမောင်ဟန်
ဗေဒင် မမေးသေးပါဘူးရှင်...
း)))))))))))
တွန့် တောင်တွန့် တယ်.......
=(
ရွံစရာကြီး
သာယာတဲ့ မိသားစုလေးနဲ့ အတူနေရတာလည်း
ကံကောင်းခြင်းတစ်မျိုးပါပဲ
သာယာချမ်းမြေ့ပါစေ။
မိုး
ညစ်ပတ်လိုက်တာ ...
တွေ့ရင် ဝေးဝေးကနေပဲ
စကားပြောတော့မယ် .... !
အကိုတို့မောင်၊နှမတွေ ကတော်တော်ပျော်ဖို့ကောင်းမှာနော်
ခင်မင်လျက်
ပိုင်ဖြိုးကို
ဒါပေမယ့် မိသားစု စည်းစည်းလုံးလုံးနဲ့ ပျော်ဖို့တော့ အကောင်းသား...
ဖိုးစိန်လွမ်းမယ်ဆိုလည်း လွမ်းလောက်ပါရဲ့...
ကဲ.. မျက်စိမှိတ်... နားထောင်.....
ဘူ
းဝ)
ညီမလေးအစ်ကိုလည်း အဲလိုမျိုးဘဲ