အပြောင်းအလဲများစွာနဲ့ ကျနော်
စကာပူက လူတွေ ၊ အထူးသဖြင့် သထေးတို့လို ၊ နေရာ တနေရာ ရထားတဲ့သူတွေက ဖုန်းလေးပြော လက်မှတ်လေးထိုး ရင်ဖြင့် ပင်ပန်းလိုက်တာ၊ အရမ်းပင်ပန်းတဲ့ အလုပ်ကို တာဝန်ယူထားရတာ ဆိုပြီး ညည်းလေ့ရှိတယ်။ ကျနော်လိုများ သူတို့ ဘဝအစုံစုံ နေရာ အစုံစုံ အလုပ်လုပ်ခဲ့ရမယ်ဆို ရင် ဘယ်လိုများနေလဲ ။
ကျနော် (၁၉၉၇) မှာ ဆယ်တန်းစာမေးပွဲ အောင်တယ်။ ဆယ်တန်းစာမေးပွဲ ဖြေပြီးကတည်းက ရန်ကုန်ကို ခြေချဖြစ်တယ်။ ဘဝအတွက် ရည်ရွယ်ချက် ကြီးကြီးမားမားထားလို့ပေါ့။ ကွန်ပြူတာသင်တန်းတွေတက်တယ်။ စာရင်းကိုင် သင်တန်းတွေ တက်တယ်။ အင်္ဂလိပ်စကားပြော သင်တန်းတွေ တက်တယ်။ အဲဒီတုန်းက ရေပန်းစားတဲ့ သင်တန်းမှန်သမျှ မတက်ဖူးတဲ့ သင်တန်းရယ်လို့ မရှိဘူး။ သိမ်ကြီးဈေး က MCC ကို အလုပ်အကျွေးပြုတယ်။ ရိုသေသမှုနဲ့ အသစ်မှန်သမျှ သင်တန်းကို မရိုးတန်းတက်တယ်။
သင်တန်းတွေ ပြီးလို့ ဘာတတ်လဲ မေးရင်တော့ အားရစရာပဲ။ ဘာမှ မယ်မယ်ရရ မဟုတ်ဘူးလို့ ပြောရမလိုပဲ။ ကြိုတင် နှာခေါင်းမရှုံ့ပါနဲ့။ စကား ပလင်ခံတာပါ။ အခုမှ စကြွားပါတော့မယ်။
LCCI level 3 ကို Accounting နဲ့ ဒီပလိုမာ ရပါတယ်။ IDCS အောင်ပါတယ်။ IELTS ဖြေတာ overall 6 ရပါတယ်။ အနုပညာ ကွန်ပြူတာ ဒီပလိုမာ ရပါတယ်။ သိပ်များသွားသလား။ လျှော့လိုက်ပ့ါမယ်။ (၁၉၉၇)နှစ်မှာ မြန်မာ တနိုင်ငံ လုံး မြန်မာစာ ဘာသာမှာ ဒုတိယဆု ရခဲ့တာကိုတော့ အရေးတယူ ထည့်မရေးတော့ပါဘူး။
ဒီလိုနဲ့ တက္ကသိုလ်ကျောင်းတွေ စဖွင့်တော့ နိုင်ငံခြား ဘာသာ တက္ကသိုလ်မှာ အင်္ဂလိပ်စာ မေဂျာရပါတယ်။ ဒါပေမယ့် ကျောင်းစတက်တဲ့နေမှာ အငန်းလွန်ပြီး ပြင်သစ်မေဂျာ ကို သွားတက်ကြည့်မိတာ ပြင်သစ်စာပဲ သင်တော့ မယ်ဆိုတဲ့ စိတ်ဖြစ်သွားပြီး ပြင်သစ်စာကို သုံးနှစ်စာ သင်ယူပြီး အမိမြန်မာပြည်က ဘွဲ့ ကို ဂုဏ်ယူစွာ ရယူခဲ့ပါတယ်။
ကျောင်းတွေ ပြီးတော့ အင်္ဂလန်နိုင်ငံ သွားဖို့ အပတ်တကုတ်ကြိုးစားခဲ့ပါတယ်။ အင်္ဂလန် နိုင်ငံမှာ စီးပွားရေး ပညာဘွဲ့ သင်မယ် ဆိုတဲ့ ရည်ရွယ်ချက်ပေါ့။ အင်္ဂလန် ဗီဇာဝင်လို့ reject ဖြစ်ပြီးတော့ တခါမှ မကြားဖူး၊ မြေပုံထဲမှာတောင် မတွေ့ဖူးတဲ့ Cyprus နိုင်ငံကို မျက်စိလည် လမ်းမှား ပြီး ရောက်သွားတာပါပဲ။ လမ်းမှာတယ် ဆိုပေမယ့် လမ်းမှန်မယ် ထင်ပြီး ရွေးခဲ့တာပါပဲ။ ကံအကျိုးပေးက ဒီလို ဖြစ်လာတော့ မတတ်နိုင်ဘူးပေါ့။ ဒီအပြင် Cyprus မှာ သင်ရတဲ့ ကောလိပ်မှာ စီးပွားရေးပညာ မရှိပဲ Design နဲ့ ပတ်သက်တာတွေပဲ ရှိတော့ စိတ်ဝင်တစား ရှိနိုင်မယ့် Graphic Design ကိုပဲ ရွေးခဲ့ပါတယ်။
Cyprus နိုင်ငံမှာ ရပ်တည်မှု တခု အတွက် ဝမ်းစာရေးဖြေရှင်းဖို့ အတွက် လုပ်ရတဲ့ အလုပ်ကတော့ စားသောက်ဆိုင်၊ ခြံရှင်း၊ အိမ်ရှင်းနဲ့ ဆေးသုတ်တဲ့ အလုပ်ပါပဲ။ ဒီလိုနဲ့ Cyprus မှာ ၂၀၀၄ကတည်းက ဘဝစခဲ့တာ ၂၀၀၉ နှစ်ကုန်တဲ့ အထိပေါ့။
ဘဝက ထပ်ပြီးပြောင်းလဲချင်ပြန်တော့ ၂၀၀၉ မှာစကာၤပူကို သုံးပတ် တလ အလည်လာပါတယ်။ သုံးပတ် တလကနေ အလည်လွန်ပြီး စကာၤပူမှာ နေဖြစ်ခဲ့ပါတယ်။ အစတော့ အလုပ်ရှာ မရရင် ပြန်မယ် ဆုံး ဖြတ်ပြီးကာမှ မပြန်စေချင်တဲ့သူတွေနဲ့ ၊ မပြန်ချင်သေးတဲ့ စိတ်တွေနဲ့ ကျောင်းအပ်ခဲ့ပါတယ်။ Cypurs မှာ သင်ခဲ့တာနဲ့ နည်းနည်းနီးစပ်တဲ့ Design ပညာကိုပဲ ထပ်သင်ခဲ့ပါတယ်။ တနှစ်ပြည်လို့ ကျောင်းပြီးခါနီးမှာ အလုပ်ထပ်ရှာပါတယ်။ အလုပ်မရရင် ဆိုက်ပရပ်စ် ပြန်တော့မယ် ဆိုပြီး ဆုံး ဖြတ်ပြီးကာမှာ ကောက်ကာငင်ကာ အလုပ်အင်တာဗြူးရပါတယ်။
ဆိုက်ပရပ်စ်မှာ ပင်ပန်းပေမယ့် ပိုက်ဆံရတယ်။ နေရထိုင်ရတာ ဒီထက်သာတယ်လို့ သာသာလေး ပိုတွေးချင်ပါတယ်။ ဒီမှာတော့ အဲယားကွန်းခန်းမှာ ထိုင်ပြီး စိတ်ဖိစီးမှုတွေနဲ့ ပေါင်းမှ ပိုက်ဆံရပါတယ်။ ဆိုက်ပရပ်စ်မှာကျ ကာယအားနဲ့ ရင်းပြီးမှ ပိုက်ဆံရပါတယ်။ စိတ်ဖိစီးမှု မရှိပဲ ပိုက်ဆံပိုရပါတယ်။ အထီးကျန်ပါတယ်။ ဘယ်အရာမဆိုတော့ အကောင်းနဲ့ အဆိုး ရှိတာပါပဲ။
ကျောင်းတက်နေစဉ်တုန်းက အလုပ်အင်တာဗြူးတွေ သုံးလေး ငါးခု ရလို့ သွားခဲ့ပေမယ့် သထေးနဲ့ စကားများခဲ့တာရယ်၊ ကျနော်က သဘောမကျတာရယ်၊ သူတို့ဘက်က မကြိုက်တာရယ် အဆင်မပြေခဲ့ပါဘူး။ နောက်ဆုံး သွားခဲ့တဲ့ အင်တာဗြူးက ဘာမှ မမေးပဲ အလုပ်တန်းခန့်ခဲ့ပါတယ်။
ရတဲ့ အလုပ်က Charity Organization ပါ။ မိဘမဲ့ ကလေးတွေနဲ့ ကျောင်းမတက်နိုင်တဲ့ ကလေးတွေကို ကျောင်းစရိတ် ထောက်ပံ့ပေး၊ ဆိုးတဲ့ကလေးတွေကို ထိန်းသိမ်းပေးတဲ့ လုပ်ငန်းတခုပါ။ ကျနော် တက်ခဲ့တဲ့ Design ပညာနဲ့ ဘာမှ သိပ်မဆက်စပ်ပါဘူး။ ဒါပေမယ့် ဒီအလုပ်မှာ Website လေးခုကို ထိန်းသိမ်းဖို့နဲ့ တလ တခါ ရှိတတ်တဲ့ Event လေးတွေကို ပိုစတာထုတ်ဖို့ အတွက်ခေါ်တာပါပဲ။ ဘာမှ သိပ်လုပ်စရာမလိုတဲ့ အလုပ်တခုပါ။ ကျနော်သင်ခဲ့တဲ့ ဒီဇိုင်းပညာကို အပြည့်အ၀ အသုံးချလို့ မရတဲ့ နေရာပေါ့။ နောက်ပြီး ကျနော်နဲ့ သိပ်ဆက်စပ်မှု မရှိတဲ့ (သိပ်ပြီးလဲ မသင်ချင်ခဲ့တဲ့) website တွေကို လုပ်ရတာပါပဲ။
သိပ်ပြီး အလုပ်မများတတ်တဲ့ကျနော့်ကို သထေးက Finance ရာထူးကိုပါ တိုးပေးလိုက်ပါတယ်။ Organization ကိုဝင်သမျှ အလှူငွေတွေ ၊ တွက်သမျှ အသုံးစရိတ်တွေကို မှတ်၊တွက်၊ရတဲ့ စာရင်းအလုပ်ပေါ့။ ဒါကလဲ အရင်က ရခဲ့ဖူးတဲ့ ဒီပလိုမာကြောင့်ပေါ့။ နောက်မဟုတ်ရင် အလုပ်ပြုတ်နိုင်ပါသေးတယ်။
အဓိက ပြောချင်တာကတော့ ဘ၀ ဆိုတာ မထင်မှတ်ပဲနဲ့ ပြောင်းလဲလွန်းတယ်။ တခြားလူတွေ အတွက် မဟုတ်ပေမယ့် ကျနော့်အတွက်တော့ အမြဲပြောင်းလဲနေတယ်။ မှန်းချက်နဲ့ နှမ်းထွက် ကိုက်တယ်ဆိုတာ နည်းလွန်းတယ်။ ဒါလုပ်ပေမယ့် တခြား အရာ ဖြစ်သွားတာက များတယ်။ ဒီတော့ နောက်ပိုင်း သိပ်ပြီး မျှော်လင့်ချက် မထားမိတော့ဘူး။ ကျတဲ့နေရာမှာ ကျသလို သရုပ်ဆောင်လိုက်တာပဲ။ ဒါပေမယ့် သိပ်ပျော်နေလားမေးရင်တော့ မှားမယ်။
လမ်းတခုကို သေချာ လိုက်ပါလားလို့ မေးရင် တလမ်းတည်းကို သိပ်သွားချင်ပါတယ်။ ငယ်ငယ်က အင်ဂျင်နီယာ ဖြစ်ချင်ပေမယ့် သီသီလေးလွဲလို့ အီမေဂျာ ရောက်ခဲ့ရသလိုပေါ့။ အင်္ဂလန်သွားချင်ပေမယ့်လည်း ဆိုက်ပရပ်စ် ရောက်ခဲ့သလိုပေါ့။ တခုခုကို စူးစိုက်ပြီး အာရုံထားလုပ်ရင် ရပါတယ်လို့ ပြောကြမှာပါ။ ဒါပေမယ့် တခါတလေ အခြေအနေနဲ့ အချိန်အခါက ပြောင်းလဲသွားပြန်ရော။ ကိုယ့်အမှားလဲ ပါသလို ဘဝပေး ကုသိုလ် လဲပါတာပဲလေ။ မလုပ်မဖြစ်တဲ့ အခြေအနေကျ လုပ်လိုက်ရတာပဲ။ ဒါကို အမှားလို့ ပြောရင်လဲ ခံရုံပေါ့။
အခုဒီအလုပ်လေးမှာ လုပ်သက်လပိုင်းလေး ရလာတော့ အလုပ်ကနေ ကျောင်းတက်ဖို့ Offer လုပ်ပါတယ်။ ဘွဲ့ ရထားတဲ့ ကျနော့်ကို မာစတာ တခုခုတက်ဖို့ ပြောပါတယ်။ အစိုးရနဲ့ ပေါင်းထားတဲ့ အဖွဲ့ ဆိုတော့ ကျနော်ကျောင်းတက်ရင်လဲ Organization က ပိုက်ဆံမကုန်ပါဘူး။ အစိုးရကနေ ထောက်ပံ့ပေးတာပါတဲ့။ ကျနော်လဲ ဝမ်းသာအားရနဲ့ ကျနော် စိတ်ဝင်စားတဲ့ Course တွေ ရွေးပါတယ်။ ဒီတခါတော့ တလမ်းတည်းလိုက်တော့မယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ Design နဲ့ ပတ်သက်တဲ့ Course တွေ ကျောင်းတွေကို ရှာပါတယ်။
နောက်နေ့ ရုံးတက်လို့ သူထေးကို ကျနော်တက်ချင်တဲ့ Course တွေ ကျောင်းတွေကို ပြပါတယ်။ အဲဒီအခါကျမှ သူထေးက ပြုံးပြုံးနဲ့ ကျနော်က Youth Organization မှာ လုပ်တာ၊ ဒါကို အစိုးရက ထောက်ပံ့ပေးတာ၊ ဒီ Organization မှာ လုပ်တဲ့သူတွေက ဒီအလုပ်ကို အထောက်အပံ့ပေးမယ့် ကျောင်းတွေကိုပဲ တက်ရမယ် ဆိုတဲ့ အကြောင်းပြောပါတယ်။ အစိုးရက ဖွင့်ထားပေးတဲ့ ဒီကျောင်းတွေကို တက်မှ ကျနော်က တက်ရင် ပိုက်ဆံမပေးရမယ့် အကြောင်း၊ ကျနော် တက်ချင်တဲ့ကျောင်းကို တက်ရင် ကျနော်ပိုက်ဆံပေးရမယ့် အကြောင်း ပြောပါတယ်။
သူထေးကိုယ်တိုင် ကျနော့်ကို တက်စေချင်တဲ့ Course ကတော့
(1) Master In Counseling Psychology
(2) Master In Counseling & Guidance
(3) Master In Social Work
(4) Master In Applied Psychology ( For Youth)
ကဲ…. ကျနော် ဒီ Organization မှာ မဖြစ်မနေ အလုပ်ဆက်လုပ်ရတော့မယ် ဆိုရင်တော့ ဒီထဲက Course တခုခုကို ကျနော် သေချာပေါက်တက်ရတော့မယ်လေ။ ဒါမှ မဟုတ် အလုပ်ပဲ ပြောင်းရမလား။ လက်ရှိလုပ်တဲ့ အလုပ်က အမှန်ပြောရရင် ကျနော့် အတွက် က အဆင်ပြေတယ်။ ကျနော်တက်ချင်တဲ့ ကျောင်းတက်ရင်တော့ ကိုယ့်ပိုက်ဆံကိုယ်ပေးတက်ရမှာပဲ။ ဘဝဆိုတာ ဒီလိုပဲ လား …။
အဖေပြောသလိုပဲ…။ ဖြစ်ချင်တော့ အင်ဂျင်နီယာ။ ကျောင်းတက်ခွင့် ရတော့ အင်္ဂလိပ်စာ မေဂျာ။
တကယ်တမ်း သင်တော့ ပြင်သစ်စာ၊ သွားချင်တာက အင်္ဂလန်၊ ရောက်ခဲ့တာ ဂရိနိုင်ငံ။
ကျောင်းတက်ပြန်တော့ ဒီဇိုင်းပညာ၊ အလုပ်ရတော့ Charity Organization မှာ။
တကယ်အများဆုံး တာဝန်ယူ လုပ်ရတာ Finance အပိုင်းမှာ။
အခု ကျောင်းတက်ခွင့် လေးရပြန်တော့ Counseling for youth တဲ့။
တကယ် စိတ်ထဲမှာ လုပ်ချင်တာက စားသောက်ဆိုင်လေး ဖွင့်ချင်တာ။
အခုတော့ တခုပြီး တခု ပြောင်းလဲနေတာပဲ။ နောင်လဲ ဘာတွေ ပြောင်းလဲပြီး ဘာအလုပ်တွေလုပ်၊ ဘယ်နိုင်ငံရောက်မလဲ ဆိုတာ မသိသေးတာပဲ။ သေခြာတာက မြန်မာပြန်မှာ အခြေမချဘူး ဆိုတာပဲ။ ကျနော့်အိမ်က ဘယ်မှာရှိလဲမေးရင် ဆိုက်ပရပ်စ်မှာ လို့ပဲ ပြောမယ်။ အချိန်တန်လို့ ပြန်ရမယ်ဆိုရင် ဆိုက်ပရပ်စ် ကိုပဲ ပြန်မယ်။
အခုတော့ လူဘ၀ ဇာတ်ခုံကြီးမှာ ကျရာနေရာက ဆက်ကလိုက်ပါဦးမယ်။
ချစ်ခင်လေးစားစွာဖြင့်
ဖိုးစိန်
Comments
အစီအစဉ်မချပဲကို အစီအစဉ်တကျဖြစ်နေတာ ဘ၀လား ..း)
Mon Petit Avatar
Merci beaucoup pour votre courage!
ဖိုးစိန်သာ အဲဒီ မာစတာဝင်ခွင့်ရမယ် ဆိုရင် ကျွန်တော် သိပ်ပျော်မိပါမယ်။ ဘာဆိုင်လို့ ကြားထဲက ပျော်ရသလဲပေါ့။ ဘာဖြစ်လို့လဲ ဆိုတော့ မြန်မာပြည်အတွက် မြန်မာပြည်သူ ပြည်သားတွေ အတွက် တကယ်လိုအပ်နေတဲ့ ကွက်လပ်တခုကို ဖြည့်သွားနိုင်မယ် လို့ မျှော်လင့်မိလို့ပါ။
Social Work ထဲမှာ လုပ်နေတဲ့သူ အများစုမှာ ဒေါ်လာစား ဆိုတဲ့ မက်လုံးလေးနဲ့ လုပ်နေတဲ့သူတွေ များလာတာကို တွေ့နေရပါမယ်။ အများအကျိုးအတွက် စေတနာထား လုပ်နေတဲ့သူတွေလည်း ရှိနေပါတယ်။ အဲဒီ လုပ်ငန်းတွေမှာ စနစ်တကျ ဖြစ်ဖို့ လိုသေးတဲ့ နေရာတွေ အများကြီးပါ။ တကယ်ကို ထိထိရောက်ရောက် သင်ယူ တက်မြောက်ထားတဲ့ ဆရာကြီးတွေ မြင်ဖူးပါတယ်။ ဒါပေမယ့် ဝန်နဲ့ အားနဲ့ မမျှတဲ့အတွက် ခါချဉ်ကောင် မာန်ကြီးပြီး တောင်ကြီး ဖြိုဖို့ လုပ်နေရတာမျိုး ဖြစ်နေပါတယ်။
ကွက်လပ်လေးတွေ ဖြည့်ပေးပါ။ နိုင်သလောက် ကြယ်ငါးလေးတွေ ကောက်ပေးပါ။ ဒီမှာ ရထားတဲ့ အတွေ့အကြုံတွေက ကျွန်တော်တို့ ရွှေနိုင်ငံမှာ တချိန်ချိန် အသုံးချနိုင်မှာပါလို့ အကောင်းဘက်ကနေ မျှော်လင့်ပါတယ်။
Social Work ကို အပြည့်အဝ အသုံးချနိုင်တဲ့ ဝန်ကြီးဌာန တခု ရှိပါတယ်။ အဲဒါက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနပါ။ အခုတော့ ဘယ်လို ခေါ်လဲ ကျွန်တော် မသိတော့ပါ။ ဒါပေမယ့် အဲဒီ ဝန်ကြီးဌာနက တကယ်ကို လုပ်ပိုင်ခွင့် နည်းပါးလွန်းပါတယ်။
ညွန်မှုးအဆင့်တွေ ရောက်နေတဲ့ ဆရာ့ ဆရာကြီးတွေ ရှိပါတယ်။ သူတို့တတွေ လုပ်သင့်တာတွေကို သိပေမယ့် မလုပ်နိုင် ရှာသေးပါဘူး။ Social Work က နယ်ပယ် ပိုကျယ်ပါတယ်။ လုပ်စရာတွေ အရမ်းများပါတယ်။ ကိုယ်တဦးတည်းနဲ့ လုပ်လို့ရမယ့် အလုပ်မျိုးထဲမှာ မပါဘူးလို့ ကျွန်တော် မြင်မိတယ်။ ဖြတ်သန်းခဲ့တဲ့ ဘဝ အတွေ့အကြုံ လူမှုရေး လုပ်ငန်းတွေပေါ် အခြေခံထားတဲ့ ကျွန်တော့် အမြင်ဖြစ်တဲ့အတွက် မှားကောင်း မှားနိုင်ပါတယ်။
Master In Counseling Psychology ကတော့ တနိုင်တပိုင် လုပ်နိုင်တဲ့ အလုပ်မျိုးပါ။ ကိုယ်တယောက်တည်းနဲ့ စ လုပ်လို့ ရပါတယ်။ မြန်မာပြည်အတွက် အချိန် အပြည့် မပေးနိုင်တဲ့ ကာလမှာတောင် မြန်မာပြည် ပြန်တဲ့ အလည်ခဏ အချိန်တိုအတွင်းမှာ ဟောပြောပွဲလေးတွေ၊ ကလေးတွေနဲ့ တွေ့ဆုံပွဲလေးတွေ၊ ဆရာ ဆရာမတွေနဲ့ အမြင် ဖလှယ်တဲ့ ပွဲလေးတွေ လုပ်နိုင်ပါတယ်။ တနိုင်ငံလုံးကို အမြင် ပြောင်းဖို့ အကျင့် ပြောင်းဖို့ဆိုတာ အရမ်း ခက်ပါတယ်။ အဲဒါကြောင့် နိုင်သလောက်လေးနဲ့ ကိုယ့်ပတ်ဝန်းကျင် ကိုယ်နေခဲ့တဲ့ ကျောင်း၊ ကိုယ့် အိမ်နီးနားချင်းက ကလေးတွေကို တွေ့ဆုံ ဆွေးနွေး နှစ်သိမ့် ပညာပေး လမ်းပြနိုင်ရင်ပဲ ရေမျောကမ်းတင်နေတဲ့ ကြယ်ငါးလေး တချို့ ပင်လယ်ပြင်မှာ ရဲရဲဝင့်ဝင့် ကူးခတ် နိုင်ပြီပေါ့ဗျာ။
ကြိုးစားသွားပါ့မယ်။
ပြင်လိုက်ဦးး
တော်ရာမှာ နေရ ဆိုသလိုပေါ့
ဘ၀ဟာ chaotic ပဲ။ လောကဓံဟာလည်း chaotic။ အဲဒါကို စနစ်တကျဖြစ်ချင်နေတဲ့စိတ်တွေကြောင့်ပဲ ကျွန်တော်တို့တွေ အပြောင်းအလဲကို နည်းနည်းမသတီသလိုဖြစ်ကြတာနေမယ်။
အလုပ်လုပ်ရင်းကုသိုလ် အလုံးလိုက်အရင်းလိုက်ရတာကောင်းပါတယ်။
ပိုပြီးကောင်းတဲ့အပြောင်းအလဲဖြစ်ပါစေဗျာ။ ။