ရွေးချယ်ခွင့် ၊ ရွေးချယ်မှု
အလုပ်စဝင်တဲ့ နေကနေစပြီး နေ့တိုင်း လိုလိုပဲ ထမင်းစားချိန်ရောက်တိုင်း ဖုကောက်ကိုသွားတယ်။ ဖုကောက်ရောက်ပြီးဆိုရင်တော့ ထုံးစံအတိုင်း ရှိသမျှ ဆိုင်တခုချင်းစီက Menu တွေကိုဖတ်၊ ဈေးနှုန်းတွေကို လိုက်ကြည့်တယ်။ နေ့တိုင်း သွားလဲ နေ့တိုင်းပြန်ဖတ်ဖြစ်တယ်။ ဖတ်ပြီးတိုင်း စိတ်ထဲက အလိုလို ခေါင်းခါတယ်။ အဆင်မပြေဘူး။ တခါတလေကြတော့လဲ ဆိုင်တဆိုင်ရှေ့မှာ အကြာကြီး မတ်တပ်ရပ်ပြီး ဘာစားရမလဲ ဆိုတာ စဉ်းစားမိပြန်တယ်။ ရွေးစရာတွေ များနေတော့လဲ ခေါင်းထဲမှာ ဘာစားရင်ကောင်းမလဲ ဆိုတာ ဖြစ်ပြန်ရော။
ဒီလိုနဲ့ ဘေးပတ်ဝန်းကျင်က လူတွေ ဘာစားနေသလဲ ဆိုတာ မသိမသာ တပတ်လည့်ပြီး လိုက်ကြည့်တယ်။ အားလုံးနီးပါးကတော့ ကိုယ်မှာထားတဲ့ ဟင်းလျာတွေကို ကြိုက်ကြိုက် မကြိုက်ကြိုက် စားနေကြတဲ့ပုံပါပဲ။ သူတို့စားနေတဲ့ ထဲကမှ ဘယ်ဟင်းကို အများဆုံးမှာစားလဲ။ ဘယ်ဟင်းက ကောင်းမယ့်ပုံရှိလဲ ဆိုတာ ရှာကြည့်မိတယ်။ ပြီးတော့ ဆိုင်က Menu တွေကို ပြန်ဖတ်တယ်။ သက်ပြင်းရှည်ရှည် တချက်ချပြီး ဆုံးဖြတ်ချက်တခုကို ပိုင်ပိုင်နိုင်နိုင်ချတယ်။ ဘေးနားကဖြတ်သွားတဲ့ အဖွားအိုကို ခေါ်ပြီး အအေးတလုံးမှာလိုက်တယ်။ ၂ကျပ်တန်ပေးလိုက်တယ်။ ပိုတာအဖွားအတွက်လို့ ပြောလိုက်ပြီး နေ့လည်စာ အအေးကို မိန်ရည်ရှက်ရည် စားသုံးခဲ့တယ်။ ကျနော်မကြိုက်တဲ့ ထမင်းမာမာနဲ့ ဟင်းကိုစားလိုက်ရတာထက် အအေးသောက်လိုက်ရတာက ကိုယ့်ကိုယ်ကိုယ် ကျေနပ်မိတာပဲ။ ဒါကနေ့တိုင်းလိုလိုဖြစ်တယ်။
ကျနော့်လို လူမျိုးတွေ ရှိသေးရဲ့လားလို့ သိချင်တယ်။ ပြီးတော့စဉ်းစားမိတယ်။
တခါတလေ အမြဲတမ်းလိုလို ပဲ လူတွေက ကိုယ့်ဘဝကို အလိုမကျတဲ့ အခါကျရင် တခြားလူတွေရဲ့ ဘဝတွေကို လှမ်းမျှော်ကြည့်တတ်ကြတယ်။ ပြီးတော့ သူတို့ တွေဆီက လှပတဲ့ဘဝလေးကို လိုချင်တက်မက်ပြီး ငါသာဒီလိုဘဝသာရရင် ကောင်းမှာပဲလို့ တွေးတောတတ်ကြတယ်။ အဲဒီအခါကျရင် ကိုယ့်ကိုယ်ကိုယ် ဒေါသတွေထွက်ပြီး ငါကျတော့ ဒါတွေဘာလို့ မပိုင်ရတာလဲ၊ ငါ့အလှည့်ကျတော့ ဒါမျိုးတွေ ဘယ်ရောက်သွားတာလဲ ၊ ငါဒါမျိုးမလုပ်နိုင်တာလဲ လို့ တွေးမိကြပြန်တယ်။
ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ကြည့်တယ်။ ကိုယ်ကိုယ့်ကိုယ် တောင်းဆိုတာတွေ ဘယ်လောက်တောင်များနေလဲ။ ကိုယ့်အတွက် ဘာတွေမျှော်လင့်ချက်တွေရှိနေလဲဆိုတာတွေပေါ့။ အထူးသဖြင့် ကိုယ့်ပတ်ဝန်းကျင်မှာ ရှိနေတဲ့သူတွေ ရယ် သူတို့မှာ ရှိသင့်သလောက်ရှိပြီးကိုယ့်မှာ မရှိတဲ့အခါတွေမှာ ကိုယ့်ကိုယ်ကိုယ် တောင်းဆိုမှုတွေ ပိုများတတ်လာတယ်။ ကိုယ့်ထက်ပိုတော်တဲ့သူ၊ ကိုယ့်ထက်ပိုလုပ်နိုင်တဲ့သူ၊ ကိုယ့်ထက်ပိုအောင်မြင်တဲ့သူ၊ ကိုယ်ထက် ပိုလှူနိုင်တဲ့သူ တယောက်ယောက် အမြဲ ရှိနေဦးမယ်ဆိုတော့ ကိုတော့ မေ့ထားလိုက်ကြတယ်။ သူတို့တွေက ဘဝစာမျက်နှာတွေမှာ အမြဲရှိနေဦးမှာပဲ။
ကျနော်မျှော်လင့်မိတာကတော့ ကိုယ့်မှာရှိတဲ့ အရေအချင်းတွေကို ကိုယ်ကိုယ်တိုင်သိဖို့နဲ့ ကိုယ်မှာရှိတဲ့ကိုယ်ပိုင်အရည်အချင်းနဲ့ ကိုယ်ဘယ်သူဆို တာ ကိုယ်တတ်နိုင်သလောက် ပြသဖို့ပါပဲ။ ကိုယ့်အရည်အချင်းကို ထုတ်ပြချင်းက ကြွားဝါးတယ်လို့ မထင်မိပါဘူး။ ကိုယ်ကသာ တခြားလူတယောက်ရဲ့ ဘဝထဲကို ထိုးဝင်ကြည့်ပြီး မနာလို ဝန်တိုစိတ် မဖြစ်ဖို့သာ အဓိကပါ။ သူတို့ဆီက သင်ယူပြီး ကိုယ့်အတွက် ရိုးရှင်းစွာ အသုံးချတတ်ဖို့ပါပဲ။ ကိုယ့်ဘဝကိုယ် ကျေနပ်စွာနဲ့ အောင်ပွဲခံလိုက်ပါ။
ကျနော့်အနေနဲ့ကတော့ ဘေးပတ်ဝန်းကျင်မှာ စားနေတဲ့သူတွေကို ကြည့်ပြီး သူတို့စားတာလိုက်စားမယ်ဆိုပြီး တခါမှ မတွေးခဲ့ဖူး။ သူတို့စားပေမယ့် ကိုယ်မကြိုက်တာကို အတင်းကြိတ်မှိတ်ပြီး မစားနိုင်ဘူး။ လုံးဝမကြိုက်ရင် လုံး၀ မစားဘူးပေါ့။ အဟာရ မဖြစ်ရင်နေပါစေ။ နောက်ဆုံး စိတ်မတိုင်းမကျစွာနဲ့ ရွေးလိုက်ရတဲ့ အအေးတခွက်က ကျနော့်ရင်ကိုတော့ အနည်းဆုံး အေးမြသွားပါတယ်။
ဘဝမှာစိတ်တိုင်းမကျတာတွေ များစွာထဲက ကိုယ်တိုင်စိတ်တိုင်းကျတဲ့ အရာတခုကို ရွေးချယ်နိုင်ပါစေ။
ချစ်ခင်လေးစားစွာဖြင့်
ဖိုးစိန်
Comments
Mon Petit Avatar
အဲ့ဒါလေး ကြိုက်တယ်။