ကျူးကျော်ရပ်ကွက်ထဲမှာဗျာ

လင်းအာရုဏ်ကိုပင် မဆောင်ကျင်းနိုင်လောက်အောင် မိုးက တစိမ့်စိမ့်နိုင်လှသည်။ တဝေါဝေါ မြည်ဟည်းနေသည့် ရထားသံ၊ တုန်ခါမှုဒဏ်ကို ထီမထင်ဟန်ပြုနေသော ဖရိုဖရဲ ထရံကာ ဓနိမိုး ကျူးကျော်ရပ်ကွက်လေးမှာ မိုးစက်များအောက်တွင် အိပ်မောကျနေသည်။ ထိုရပ်ကွက်ကို စင်ကာပူ ကျူးကျော်ရပ်ကွက်ဟု သမုတ်ကြ၏်။ ထိုကျူးကျော်ရပ်ကွက်တွင် နာမည်ကြီး အိမ်ယာမဲ့ မိသားစု တစု ရှိသည်။ လောင်းကျော်သည်။ မျောက်ရှုံးသည်။


ကျူးကျော်ရပ်ကွက်ထဲက မောင်နှမများတဲ့ မိသားစုဝင် မိန်းမသား များက အလုပ်မရှိ အလုပ်ရှာလုပ်ကြသည်။ ဈေးရောင်း၊ပွဲစား၊ ခြံစိုက် စသည့် အလုပ်များအဓိကလုပ်သည်။ ယောကျားလေးများက ဘောပွဲလောင်းသည်။ အသည်းကွဲရင် အရက်ဆိုင်ထိုင်သည်။ လက်ဖက်ရည်ဆိုင်ထိုင်ပြီး သိသမျှ ကမ္ဘာ့ရေးရာကို မှန်မှန် မမှန်မှန် မျက်စိမှိတ် လေကန်သည်။ ပွားသည်။ ငြင်းသည်။ ေလေပွားသဖြင့် တံတွေးစင်သည်။ သို့သော် တယောက်ကို တယောက်လည်း အကာအကွယ်ပေးကြပြန်သည်။ တနေ့လုပ် တနေ့စားများဖြစ်ခြင်းကြောင့် ပြဿနာကလည်း မကင်း ၊ အော်ကြီးဟစ်ကျယ် ရန်ဖြစ်သည်။ တော်ကြာ ပြန်ချစ်ကြပြန်သည်။ ရပ်ကွက်သူ၊ ရပ်ကွက်သားများက ဗေဒင် အရမ်းယုံကြည်သည်။


ကျူးကျော်ရပ်ကွက်တွင် ဗေဒင်ဆရာ သိဒ္ဒိဆရာစိန် ဆို မသိသူ မရှိ။ ဗေဒင်တွက်သည်။ ရုပ်ကြည့် လဏ္ခာဟောသည်။ မမှန်သည် ဟူ၍ မရှိစေရ။ သွေးထွက် သေးထွက်အောင် မှန်သည်။ လာတွက်သည့် သူတိုင်း ပါးစပ်လေး တဟဟ ၊ လက်လေးတဖျဖျနဲ့ ပုတ်သင်ညို ထက် မက အချက်ပေါင်းများစွာ ခေါင်းညိတ်ထောက်ခံသည်။ များသောအားဖြင့် ရပ်ကွက်ထဲမှ အလုပ်ကြီး အကိုင်ကြီး လုပ်သူမိန်းမများ ခဏခဏ လဏ္ခာကြည့်သည်။ လာကြည့်တိုင်း မှန်သည် ပြောသည်။ ဗေဒင်ဆရာ နာမည်ကြီးသည်။ ဆရာစိန် ဆို မသိသူမရှိ။ တွက်မည့်သူများ တန်းစီနေသည်။


ဗေဒင်ဆရာတွင် ညီမတယောက်ရှိသည်။ နာမည်က မိအေး။ ရပ်ကွက်ထဲတွင် အတိုးချေးစားသည်။ ရပ်ကွက်တကာ လှည့် သိသမျှ မှတ်သမျှ အတင်းကို တအိမ်တက် တအိမ်ဆင်း ဖောက်သည်ချသည်။ ရယ်စရာတွေ ပြောသည်။ လူချစ်လူခင်ပေါသည်။ မိအေးထံမှ ပိုက်ဆံချေးကြသည်။ အတိုးပေးခါနီး ကြမှ မိအေးကို ရှောင်ကြသည်။ မိအေးက မရ တွေ့ရာသချိုင်း ဓားမဆိုင်း၊ အတိုးမရလျှင် ပိုက်ဆံချေးသော အိမ်ပေါ်ကနေမဆင်း။ တနေကုန် တနေခန်း ထိုင်တောင်းသည်။ နောက်ဆုံးမရလျှင် ထိုအိမ်မှ သုံးစရာ ပစ္စည်းတခု မလာတတ်သည်။ ညရောက်လျှင် အကိုဖြစ်သူကို ရပ်ကွက်သတင်း ကုန်စင်အောင် ပြောသည်။ ထိုရရှိသောသတင်းများဖြင့် ဆရာစိန် တယောက် ဗေဒင်ဟောလျှင် သေးထွက်အောင် မှန်လေသတည်း။


ရပ်ကွက်ထိပ် ညောင်ပင်အောက်တွင် ကွမ်းယာဆိုင် တဆိုင်ရှိသည်။ ရှိသမျှ လူပျို ၊ လူအို များ ထို ကွမ်းယာဆိုင်နှင့်မကင်း။ သတင်းလိုချင်လား၊ ကွမ်းယာဆိုင်သွား။ ပြိုင်ငြင်းမလား ၊ ကွမ်းယာဆိုင်သွား။ ကွမ်းယာတဗူးဝယ်ရင် ရှိသမျှ ရပ်ကွက် အကြောင်းကို မေးမေး ၊ မမေးမေး အာပေါင် အာရင်းသန်သန် ပြောမည့် ကွမ်းစား မိပြာ ရှိသည်။ ကွမ်းစားမိပြာကတော့ ဗေဒင်ဆရာစိန် နဲ့ မိအေးတို့ရဲ့ အမအကြီးဆုံး။ မျိုးနှင့် ရိုးနှင့်လာသည်။ ရပ်ကွက်ထဲတွင် သိချင်သမျှ မိပြာကိုမေး။ မိပြာမသိတာမရှိ။ ဒါပေမယ့်ကွမ်း တော့ဝယ်ရသည်။ အကြွေးစားရင် မိအေးလက်နဲ့ လွတ်အောင်ပြေး။ မိသားစု အဲလို  စည်းလုံးသည်။


ဒါပဲလား။ မဟုတ်သေးဘူး မိပြာ နဲ့ နှစ်ကြီးနှစ်ငယ် အကိုတယောက်ရှိသေးတယ်။ ရိုးတယ်။ အတယ်။ လက်ထိုးပေး မကိုက်ဘူး။ သွား မကောင်းလို့။ မဆိုစလောက်လေး ထိပ်ပြောင်တယ်။ ဘာလုပ်လုပ် အဆင်မပြေတော့ များလှတဲ့ မောင်နှမတွေကို ဒိုင်ခံထိန်းတယ်။ ငယ်ငယ်ကတော့ ဝါသနာပါတဲ့ စာတိုပေစရေးတယ်။ အရွယ်နဲ့ မလိုက်အောင် စာတွေက နုတယ်။ မောင်နှမတွေက ဝိုင်းအားပေးတယ်။ မရေးပါနဲ့ ပေါ့။ နောက်ဆုံးတော့ ရှိသမျှ မောင်နှမတွေကို ပတ်ထိန်းရတော့တယ်။ တခုတော့ရှိတယ်။ အပြင်ထွက်တာ ဝါသနာကြီးတယ်။ အငယ်တွေ လစ်ရင် လစ်သလို အပြင်ခိုးထွက်တယ်။ အပေါင်းအသင်းမက်တယ်။ ညီဖြစ်သူ ဗေဒင်ဆရာကို ကြောက်ရတယ်။ မကြောက်ရင် အိမ်ပြန်အိပ်မှာတောင်မဟုတ်။


လူပျိုကြီးပိုးနေတာက နှစ်အိမ်ကျော်က အပျိုကြီး ဒေါ်မိုး။ တုတ်တုတ်ခိုင်ခိုင် အချောအလှလေး။ ဇီဇာကြောင်လွန်းလို့သာ အပျိုကြီး ဖြစ်နေတာ။ အပျိုကြီးဒေါ်မိုးက ပေါက်ဖော်မ ဖွေးဖွေးတို့နဲ့ သူငယ်ချင်း။ စီးပွားဖက်။ ဒေါ်မိုးက အမျိုးသမီးအဝတ်အထည်တွေ ရောင်းတယ်။ ဒေါ်မိုးကြိုက်တဲ့ ပုံစံက ကိုးရီးယားမင်းသာ စပိုင်လို ရုပ်မျိုး။ ဒါပေမယ့် အရွေးလွန်တော့ ခုထိအပျိုကြီး ဖြစ်နေဆဲ။ လူပျိုကြီးကိုတော့ အကိုတယောက်လို အရေးပေးဆက်ဆံတော့ အကိုကြီးက ဟက်ကော့ကြီး ဖြစ်နေတယ်။


များလှတဲ့ ပဒေသာပင် မောင်နှမတွေ။ ေဗေဒင်ဆရာအောက်မှာ နောက်ထပ်လေးယောက် ကျန်သေးတယ်။ နှစ်ယောက် က တနှစ်ကြီး တနှစ်ငယ် အငယ်မ နှစ်ယောက်။ ပေါက်ဖော်မနဲ့ ဖွေးဖွေး။ အရွယ်နဲ့ မလိုက်အောင် နှစ်ယောက်လုံးက စီးပွားရေးလုပ်ချင်တယ်။ နှစ်ယောက်ပေါင်း ဈေးရောင်းချင်တယ်။ ဈေးရောင်းကောင်းအောင် အကို ဗေဒင်ဆရာကို ယတြာ ခဏခဏ ချေခိုင်းတယ်။ အကြောင်းသိမို့ထင်တယ်။ ယတြာက မကျေဘူး။


ရုပ်ကလေးကလဲ ရှိ ဈေးရောင်းတတ်ဆိုတော့ ပေါက်ဖော်မနဲ့ ဖွေးဖွေးက စွံတယ်။ ပေါက်ဖော်မကို လမ်းထိပ်က ငပေါ်ဆိုတဲ့ကောင်က ပိုးတယ်။


ငပေါ်ဆိုတဲ့ကောင်က ရပ်ကွက်ထဲမှာ ဘောလုံးပွဲလောင်းတယ်။ လောင်းတိုင်း (၁)ကျပ် ထက်မပိုဘူး။ ဒါပေမယ့် (၅၀၀) ဖိုးလောက် ဘောပွဲ အကြောင်းပြောတယ်။ အငြင်းသန်တယ်။ ပြောရင်တော့ ငပေါ်လုပ်တဲ့ အလုပ်က အီလက်ထောနစ် အင်ဂျင်နီယာ။ ဘယ်ထရီအားသွင်းတဲ့ အလုပ်။ ပေါက်ဖော်မ အကိုလတ် ငဆောင်းနဲ့က ချိန်းပြီး သတ်နေကြ။ မလန့်ပါနဲ့။ ပုစဉ်းနှစ်ကောင်ကို ကို ကြိုးချည်ပြီး သတ်ခိုင်းတာ။ ညီမကို ပိုးတော့ အကိုကိုတော့ ရအောင်ပေါင်းတတ်တဲ့ အီလက်ထရောနစ်ပညာရှင်ငပေါ်။


ဖွေးဖွေးကို ကြိတ်ပိုးတာကတော့ နောက်ဖေးလမ်းက ညစောင့် ငမျိုး။ မပွင့်တပွင့် ငမျိုးကို ဖွေးဖွေးက ရီးစားစကားပြန်ပြောရတယ်။


ဖွေးဖွေးနဲ့ ပေါက်ဖော်မတို့ မှာ နောက်ထပ် အကိုနှစ်ယောက်ရှိသေးတယ်။


ငထိုက်ဆိုတဲ့ ငပျင်း။ လုပ်တဲ့ အလုပ်က မိုးပျံဗူဗောင်းရောင်းတယ်။ ရောင်းတဲ့ နေရာက သူ့အမကွမ်းယာဆိုင်ဘေးမှာ။ မိုးပျံဗူဗောင်းကိုတော့ တိုင်တတိုင်မှာ ချည်ပြီး ကွမ်းတမြုံမြုံ နဲ့ စာအုပ်တအုပ်ယူပြီး နှပ်တယ်။ တနေ့တလုံး ကုန်တယ်။ ကုန်တယ်ဆိုတာ ကြိုးလွတ်သွားတာမျိုး၊ လေလျှော့သွားတာမျိုး။


အလတ်ကောင် ငဆောင်းက သာတယ်။ ဗလအားကိုးနဲ့ အမကွမ်းယာဆိုင်ဘေးမှာ ဆိုက်ကားဂိတ်ထိုးတယ်။ စိတ်ပါရင် နင်းတယ်။ စိတ်မပါရင် ခွေခေါက်ပြီး ဆိုက်ကားပေါ်မှာ ခွေအိပ်နေတတ်တယ်။ စိတ်ကြည်တဲ့ ညဆို ရပ်ကွက်လှည့် ဂစ်တာတီးတတ်ပြီး စိတ်ညစ်တဲ့နေဆို လမ်းထိပ်က လူပြိုကြီး ကိုစိုင်း အရက်ဆိုင်မှာ ကန်ထရိုက်ဆွဲပြီး အရက်သောက်တယ်။ ကိုစိုင်း အရက်ဆိုင်က နာမည်ကြီးတယ်။ အရက်နဲ့ မြည်းဖို့ ရှမ်းချဉ်တွေ ချပေးတတ်တဲ့ ရှမ်းတိုင်းရင်းသားကြီးပေါ့။


အငယ်ဆုံးကတော့ ရောဂါသည်ငတမာ။အပေါ့သွားရင် အရေတွေပဲထွက်တယ်။ မျက်စိမှိတ်ရင် ဘာမှမမြင်ရတဲ့ ရောဂါဆိုးကပ်နေတာ။ ရောဂါထူလွန်းလို့ ညီအကိုမောင်နှမတွေက ဘုန်းကြီးကျောင်းပို့ထားတယ်။ ဘုန်းကြီးဝေယာဝတ်စလုပ်ရင်း တပိုင်တနိုင် အပင်စိုက်ခိုင်းထားတယ်။


ရပ်ကွက်ထဲမှာ ဦးသီ ဆိုတဲ့ မိန်းမကြောက်တဲ့ လူကြီးတယောက်ရှိသေးတယ်။ မိန်းမကို ကြောက်လို့ အလုပ်နဲ့ အိမ်၊ အိမ်နဲ့ အလုပ်ကလွဲရင် ကျန်တာငရဲ လို့ သတ်မှတ်ထားတယ်။ မောင်နှမ များတဲ့ ဗေဒင်ဆရာ အိမ်မှာ ဖဲဝိုင်းခဏခဏ ရှိတယ်။ ဦးသီ မိန်းမ ရွာပြန်ရင် ဦးသီက ပိုက်ဆံထုတ်ပိုက်ပြီး ဗေဒင်ဆရာ အိမ်မှာ အလှူလာပေးလေ့ရှိတယ်။ မိန်းမရွာက ပြန်ရောက်ရင်တော့ ဦးသီတို့ ဗေဒင်ဆရာအိမ်ကို ခြေဦးတောင်မလှည့်တော့။ လမ်းမှာတွေ့ရင်တောင် အကြွေးရှင်လို ပုန်းနေပြန်ရော။


ဗေဒင်ဆရာစိန်မှာ ငယ်ပေါင်း သူငယ်ချင်းတယောက်ရှိတယ်။ သူငယ်ချင်းဗေဒင်ဆရာကို ယုံပြီး မိန်းမရဖို့ ခဏခဏ ယတြာချေပေမယ့် ခုထိတော့ လူပြိုကြီး ဖြစ်နေတုန်း။ ခုထိလဲ ယတြာ တောင်းနေတုန်း။


ဒီရပ်ကွက်ထဲမှာ ဒီလိုမောင်နှမတှေက ရပ်ကွက်ထိပ်က ဘုန်းကြီးကို ကိုးကွယ်ကြတယ်။ ဘုန်းကြီးက စကားနည်းတယ်။ မေးခွန်းတခုမေးရင် မေ့လောက်မှ ဖြေတယ်။ တရားနာဖို့သွားရင် ဘုန်းကြီး တရားမပေးခင် အိပ်ပျော်ကြတယ်။ ဘုန်းကြီးက ငယ်ဖြူတော့မဟုတ်ဘူး။ အသက်ရလာမှ လောကီကိုစိတ်ကုန်ပြီး ဘုန်းကြီးဝတ်သွားတာ။ ငယ်နာမည် မောင်တီ။ ဘွဲ့တော်က အရှင် အိမ်ဒယိရ..။


ဘာပဲဖြစ်ဖြစ် ရပ်ကွက်ထဲမှာ မောင်နှမတွေများလို့ ရှုပ်ထွေးပွေလီပေမယ့်။ ပျော်ဖို့ကောင်းတယ်။ စိတ်ညစ်စရာကောင်းတယ်။ တနေ့တနေ့တော့ လောကီအလုပ်တွေလုပ်ရင်း မိုးချုပ်ရတယ်။ ပြီးရင်တော့ အာရုဏ်ဦးရောင်ခြည်အောက်မှာ ကျူးကျော်ရပ်ကွက်မှာ သက်ဝင်နိုးထလာရတော့တာပါပဲ။


ချစ်ခင်လေးစားစွာဖြင့်


ဖိုးစိန်

Comments

ma yu said…
ဖတ်လို့ ကောင်းတယ်။:)
ဇာတ်ကောင်တယောက်ချင်းစီကို မျက်လုံးထဲမြင်မိပြီး ရယ်လိုက်ရတာ ကဖိုးစိန်ရယ်.. အဲ့ရပ်ကွက်ထဲ လာလည်ဦးမှပဲ.. ဗေဒင်ဆရာစိန်က ဟင်းချက်လဲကောင်းတယ်ကြားလို့..း)
ဟားဟားဟား
မောင်နှမတွေ တော်တော်စည်းလုံးတယ်နော် .. ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ :D:D အားလုံးက ပြားစွန်းလွတ်နေတယ်ဆိုတာ မပါသေးဘူး .. :P
အရေးကောင်းတော့ ဖတ်လို့ကောင်းမှကောင်းပဲ.. စင်္ကာပူက ကျူးကျော်ရပ်ကွက်ထဲလာပြီး ဗေဒင်မေးအုံးမှ.. :P

Popular Posts