အိပ်မရခြင်းများ
ခုရက်ပိုင်းအတွင်း စိတ်တွေ အရမ်းလှုပ်ရှားတယ်။ တနေကုန်တွေးတယ်။ ညအိပ်လဲ အိပ်မက်တွေမက်တယ်။ အိပ်မက်ထဲမှာ ခရီးတွေထွက်တယ်။ မရောက်ဖူးတဲ့ နေရာတွေသွားတယ်။ ကိုယ်မကြားဖူးတဲ့ စကားတွေ ကြားရတယ်။ မိုးလင်းတော့လဲ တွေးရင်း အလုပ်သွား၊ အလုပ်နားတဲ့ အချိန်တွေးတယ်။ လမ်းမှာလဲ ဖုန်းလေးနဲ့ ဂူဂယ်တယ်။ ရှာတယ် ဖွေတယ်။ မေးတယ်။ မြန်းတယ်။ နေ့နဲ့ ညနဲ့ ညနဲ့ နေ့နဲ့ စိတ်မအား စိတ်မနားရပါဘူး။
အဓိက အကြောင်းအရင်းက ကိုယ့်မိဘတွေ ဒီကိုလာမှာဖြစ်လို့ပဲ။ တခြားလူတွေ အတွက်တော့ မသိဘူး။ တခြားလူတွေ သူတို့ မိဘတွေကို ခေါ်တုန်းကတော့ ဘယ်လို နေမလဲ မသိဘူး။ ကိုယ်ကတော့ ရင်ခုန်တယ်။ ဒီကိုရောက်လာရင် သူတို့ကို ဘယ်လိုထား၊ ဘယ်ကိုပို့ ရမလဲ ဆိုတာ အမြဲတွေးတယ်။ ခေါ်မယ်လို့ လုပ်ပြီးတဲ့ အချိန်က စပြီး ခေါင်းထဲမှာ ဘယ်ကိုခေါ်သွားမလဲ။ ဘာလုပ်ရမလဲ ဆိုတာ မျိုး အမြဲတွေးတယ်။ သူတို့ကိုဘယ်လို ပျော်နိုင်ထားရမလဲ ဆိုတာတွေးတယ်။ ရောက်နေတဲ့ ခဏလေးမှာ သားကို စိတ်ကောက် စိတ်ဆိုးပြီး မပြန်သွားစေချင်ဘူး။ သူတို့ မရောက်ဘူးတဲ့ နေရာတွေ လိုက်ပို့ပေးချင်တယ်။ ကိုယ်က ဒေါသကြီး စိတ်ဆတ်၊ ခေါင်းကိုက်ရင် စိတ်က မထိန်းနိုင် ဘူး ဆိုတာ မိဘတွေ က နားလည်ထားပေးမယ့် သူတို့ ရှိနေတဲ့ အချိန် သူတို့ စိတ်မကောင်း ဖြစ်မယ့် စကား မျိုး ၊ ဒေါသထွက်မိတာမျိုး မဖြစ်ဖို့ ခုကတည်းက လေ့ကျင့်ရတယ်။ စိတ်မကောင်း ဖြစ်ပြီး ပြန်သွားရင် အကုန်လုံးက သဲထဲရေသွန်။ ကိုယ့် လဲ နောင်တ ရလို့ ဆုံးမှာ မဟုတ်။ ခေါင်းမကိုက်၊ ဒေါသမထွက်ဖို့ ဆုတောင်းတယ်။ မဖြစ်နိုင်ပေမယ့် ဒီလိုမျိုးက အစ ကြိုတွေ မိတယ်။ စိတ်မောတယ်။
ကိုယ့် အမေက တောသူမ၊ အဖေက ဆင်းရဲသား ဘဝကနေတက်လာတဲ့သူဆိုတော့ အင်္ဂလိပ်စကား ကို Yes No ခေါင်းညိတ်ပဲ တတ်လိမ့်မယ်။ ခရီးစဉ်တလျှောက်လုံး ကိုယ့် အမ ပြာပြာ လိုက်ပါ အကုန်စီစဉ်ထားပေမယ့် ငါ့အမေကိုများ တယောက်ယောက် က အင်္ဂလိပ်လို မေးလိုက်ရင် ကြောက်ပြီး မျက်ရည်ဝဲ သွားမလား၊ မတော်လို့ ငါ့အဖေကို မေးရင် သူမျက်နှာငယ်သွားမလား...တွေးမိတယ်။ ကိုယ်ကိုယ်တိုင် သွားမကြိုနိုင်ဘူး။ အလုပ်တွေက ပိနေတုန်း။ ဒါပေမယ့် သူတို့ အဆင်ပြေနိုင်ပါတယ် စဉ်းစားပြီး စိတ်ဖြေတယ်။ စိန်ရယ် ဖြစ်သွားမှာပါလို့ မမပြာ ပြောပေမယ့် စိတ်ထဲ စိုးရိမ်စိတ်က အလိုလို ဝင်တာပါပဲ။
ဒီနှစ် နှစ်လပိုင်းက မြန်မာပြည်ပြန်လည်တုန်းက အမေ့ကို စကာၤပူ ခေါ်လည်မယ် ပြောလိုက်တော့ အမေက နေ့ရော ညရော အနောက်တကောက်ကောက်လိုက်ပြီး သားပြောတာ သေချာလား၊ အမေတို့ကို ခေါ်မှာလား၊ အမေတို့က တကယ်သွားရမှာလားဆိုတာ.. သတိရတိုင်းမေးတော့တာပဲ။ ပြီးတော့ သူတို့ကို အိပ်မက်ပေးပြီး ဆိုက်ပရပ်စ် ပြန်သွားမှာကိုက စိုးရိမ်သေးတယ်။ သူတို့သားဆိုတော့ စိတ်မထင်ရင် မထင်တဲ့နေရာမှာ စတည်းချတတ်တဲ့ အကျင့်ကို သိပြီးသား။ အမေကတော့ ကိုယ်ပြောထားတဲ့ စကား တခွန်းနဲ့ ကိုယ်မခေါ်မချင်း နေ့နေ့ ညည လည်တဆန့်ဆန့် နဲ့ ကိုယ့်ခေါ်မိန့်ကို စောင့်နေမယ်ဆိုတာ ကိုယ့်ရင်ထဲက သိပြီးသား။
ကိုယ့်အဖေကတော့ ကိုယ်စကာၤပူကို ခေါ်လည်မယ်ပြောတော့ ဘာမပြော ညာမပြောပဲ ဆိုင်ကယ်နဲ့ အပြင်ထွက်သွားတယ်။ ကိုယ်စိတ်မကောင်း ဖြစ်သွားတယ်။ ကိုယ့်အဖေ လုံး၀ စိတ်မဝင်စားဘူးပေါ့။ ကိုယ်က ခေါ်မယ်ဆိုပြီး မခေါ်ဖြစ်ဘူးဆိုတဲ့ စိတ်ဝင်နေလို့လားပေါ့။ ကိုယ် စိတ်မကောင်း ဖြစ်သွားတယ်။ ညနေစောင်း ပြန်လာတော့ အားရဝမ်းသားပဲ သားစိန်.. အဖေစုံစမ်းပြီးသွားပြီး.. ဒီကနေ စကာၤပူကို သဘောၤနဲ့ သွားလို့ရတယ်။ မင်တို့ ငါ့ပတ်စပိုစ့်ယူသွား ငါ့ကိုစကာၤပူ သဘောၤဆိပ်ကနေစောင့်တဲ့။ ကိုယ်ကလဲ ဘာဖြစ်လို့လဲ လို့ သေချာမေးတော့ မှ အဖေက လေယာဉ်ပံျ ကြီး စီးရမှာ ကြောက်သတဲ့။ အဖေရယ် အဖေ့ကိုယ်လုံးကြီးမှ အားမနာ. အသည်းငယ်တတ်လိုက်တာ...။ အမေကတော့ အောင်နိုင်သူ အပြုံးနဲ့ ဟားးဟားး ညီမတောင် စီးရဲ သေးတာ အကိုက ငကြောက်လုပ်နေတယ် ဆိုပြီး အဖေ့ကိုတောင် မျက်စပစ် စနေတာ။ မျက်စိထဲမှာ အဖေ အားရဝမ်းသာနဲ့ သဘောၤစီးမယ် ဆိုတဲ့ ပုံစံကို ခုထိ မျက်စိထဲ မြင်ယောင်တုန်း။
ခုချိန်မှာတော့ အဖေရော အမေပါ ပျော်နေကြမယ်ထင်ရဲ့။ ကိုယ် သူတို့ အတွက် ပတ်စပိုစ့် လုပ်ပြီးကတည်းက အမေကို ဖုန်းဆက်တော့ သူ့ ယောကျားအကြောင်းကို အတင်းအုပ်သေးတယ်။ ညည်းအဖေက ပတ်စပိုစ့် ရတာနဲ့ သူယူသွားမယ် အကျီတွေ စုနေပြီးတဲ့။ ကိုယ်က ဒါဆို အမေက မထည့်သေးဘူးလားမေးတော့...အိုး.... သားခေါ်မယ် ပြောထားကတည်းက အမေအထုတ်က ခရီးထွက်ဖို့ အဆင်သင့် ဆိုပဲ...။ ခုလောက်ဆို အမေရော အဖေပါ စိတ်လှုပ်ရှာနေရောပေါ့။ ကိုယ်တိုင်တောင် ပထမဆုံး နိုင်ငံခြားထွက်တုန်းက ဒီလောက်စိတ်လှုပ်ရှားနေရင် ရန်ကုန်မြို့တောင် အသစ်အဆန်းဖြစ်နေတဲ့ သူတို့ အဖို့ ပိုပြီးစိတ်လှုပ်ရှားမှာပဲ။
ကိုယ်လဲ စိတ်လှုပ်ရှားတာပဲ.။ ခရီးစဉ်တလျှောက်လုံးမှာ မမပြာ ပါလာပေမယ့် အဖေနဲ့ အမေ ဘယ်လို အလွဲလွဲ အချော်ချော် ဖြစ်နိုင်မလဲ၊ ဒီရောက်ရင် ဘာတွေ လွဲနိုင်မလဲ ဆိုတာ စဉ်းစားရင်း တွေးပျော်သလို ရင်လဲခုန်ရဲ့..။ ကိုယ့်မိဘတွေ မျက်နှာကို မြင်ရဦးမှာ ဖြစ်တဲ့ အတွက်လည်း ကြည်နူးမိပါရဲ့။
ဘာပဲ ဖြစ်ဖြစ် အစစအရာရာ အဆင်ပြေပါစေလို့ ဆုတောင်းနေပါတယ်။ ညညလဲ အိပ်မပျော်ပါဘူး။ သူတို့ ရောက်မှပဲ စိတ်အေးရမယ်။ နောက်မဟုတ်ရင် နေ့တိုင်း သွားလဲ ဒီစိတ်၊ စားလဲ ဒီစိတ်..။
ဒီလိုနဲ့ပဲ ကိုယ်လဲ စကာၤပူရောက်တာ ဒီဇင်ဘာဆို နှစ်နှစ် ပြည့်ပါပြီး။ အလည်သဘောနဲ့ လာလိုက်တာ. အလုပ်ကောင်း အကိုင်ကောင်း အပေါင်းအသင်းကောင်းတွေ တွေ့ပြီး တရွာတကျီ ဆောက်ဖြစ်ခဲ့တယ်။ ကိုယ်နှစ်နှစ် ပြည့်တဲ့ အချိန်မှာ ကိုယ်ချစ်တဲ့ မိဘနဲ့အတူ ကိုယ်ချစ်တဲ့ ညီအကို မောင်နှမတွေ စုံစုံ ညီညီ ပြန်တွေ့ရမှာ ဖြစ်တဲ့ အတွက်လည်း ပိုစိတ်လှုပ်ရှားပါတယ်။ မကြာခင် အိမ်ရဲ့ BBC ကောင်းကင်ပြာ ပြန်လာတော့မယ်။ ပြီးတော့ ကိုယ်ချစ်တဲ့ ပေါက်ပေါက်လဲ ပြန်လာတော့မယ်။ ကိုယ်ချစ်တဲ့သူတွေကို တနေရာတည်းမှာ တချိန်တည်း ပြန်တွေ့ ရတော့မယ်။ အတွေးနဲ့တင် ပျော်မိတယ်။ စိတ်လှုပ်ရှားတယ်။ အကြောင်းအရင်းခံတော့ ညညက အိပ်မရဘူး။ အနားမှာ ချစ်သူလေးရှိရင်တော့ သူချော့သိပ့်မှာပဲ (ဟမ်.. ဘာမှလဲ မဆိုင်ဘူး :D)
ဒီဇင်ဘာမှာ ကိုယ် အရမ်းချစ် အရမ်းလေးစား လို့ ကိုယ့် bully လုပ်လုပ်မိတဲ့ ကိုယ့်ချစ်အမနှစ်ယောက်မွေးနေ့ရှိတယ်။ ကိုယ့်အတွက် နွေးထွေးမယ့် ဒီဇင်ဘာ တခုဖြစ်မယ်။
ချစ်ခင်လေးစားစွာဖြင့်
ဖိုးစိန်
Comments
မငံု
ပျော်စရာကြီးဗျာနော်...........
(လီယို)
ရောက်တဲ့အချိန်မှာပဲ ပျော်ရွှင်စရာမင်္ဂလာသတင်းလေး ကြားလိုက်ရလို့ ကြည်နူးမိပါတယ်
မိသားစုတွေပျော်ရွှင်စွာပြန်လည်ဆုံဆည်းနိုင်ကြပါစေ
ခင်မင်လျှက်
်