သူတို့ရောက်ပြီ.... (၁)

မနေ့ (၂၅.၁၁.၁၁) မှာ အဖေတို့ ရောက်မယ်ဆိုတော့ အလုပ်ကနေ ၃ နာရီ ရုံးဆင်းပြီး လေဆိပ်ကို အရောက်သွားကြိုခဲ့တယ်.။ ကိုယ်နဲ့ အတူ မောင်ဆောင်းရယ်.. ကိုဘိုရယ်.. သင်္ကြန်ညီမလေးရယ်.. လေးယောက်ပေါ့။ လေယာဉ်ဆိုက်ချိန်ရောက်တော့ ကိုယ်က နဂိုကတည်းက စိုးရိမ်စိတ်ကြီးတတ်တော့ လေယာဉ်ဆိုက်တယ် ဆိုရင်ပဲ ဟိုလျှောက် ဒီလျှောက်နဲ့ ဂဏာ မငြိမ်ဖြစ်နေတော့တာပါပဲ။ ဒီလိုနဲ့ အလျှိုလျှို ထွက်လာကြတဲ့ လူတွေကို ငေးရင်း.. ခြေဖျားထောက်လှမ်းကြည့်ရင်းနဲ့ နာရီဝက်လောက်ကုန်သွားတယ်။ ကိုယ့်လူတွေ တယောက်မှာ မမြင်ရသေးဘူး။ ခေါင်းက ဒသဂီရိ ခေါင်းဆယ်လုံးထက်မကကြီးသွားတယ်.။ စိတ်ထဲမှာလဲ ကိုယ်စိတ်ပူတဲ့ အတိုင်းဖြစ်နေပြီးလားလို့ တွေးနေရင်း ကိုယ့် အဖေရယ်. အမေရယ်. ညီမရယ် သုံးယောက်ကို တွေ့လိုက်ရတော့ ဟင်းကနဲ့ သက်ပျင်းချ... ပျော်သွားတယ်။ သူတို့ မျက်နှာကိုကြည့်တော့ ယောင်လည်လည်နဲ့ မမပြာကို လိုက်ရှာနေတဲ့ပုံ..။



ကိုယ်ကတော့ အလိုလို သိလိုက်တယ်.. မမတစ်ယောက်မှာလိုက်တဲ့ အရက်ဝယ်နေလောက်ပြီးလို့..။ ဒီလိုနဲ့ မမကို စောင့်နေရင်း ဆယ်မိနစ်.. ဆယ့်ငါးမိနစ်..။ တချို့တွေက ထွက်လာကြပြီးဆိုတော့ မမက ဘာလို့ အရက်ဝယ်တာ ဒီလောက်ကြာနေလဲလို့ တွေးရင်း စိုးရိမ်စိတ်က ဝင်မိပြန်တယ်။ အထုတ်တွေကို ဒီအတိုင်းဆွဲချထားတဲ့ ကိုယ့်အဖေနဲ့ အမေက ခဏကြာတော့ ကော့ကော့နဲ့ ဆိုင်ထဲဝင်ပြီး အရက်တလုံးဝယ်နေတာကို မြင်နေရတယ်။ ကိုယ်ကတော့.. အဲလဲ့...ဟုတ်ပေသားပဲပေါ့လို့ စိတ်ထဲက တွေးရင် မမကို မျှော်နေမိတယ်။ ဒီလိုနဲ့ အထုတ်တွေ ဒီအတိုင်းဆွဲချထားတာကို မြင်တော့ အထဲက ရဲ ကို အကူအညီတောင်းပြီး သူတို့ လှည်းမဆွဲတတ်ဘူး။ ဆွဲပေးလိုက်ပါ။ သူတို့ အီးလိုလဲ မရဘူးလို့ ပြောတော့ ရဲ ကကူညီရှာတယ်။ လှမ်းကြည့်နေတဲ့ အဖေ့ကိုလဲ လက်ဟန်ခြေဟန်နဲ့ လှည်းပေါ်ကို ပစ္စည်းတင်လိုက်ဖို့ ပြောပါတယ်။ အဖေလှည်းပေါ်ပစ္စည်းတင်ပြီးတော့ သူက လာရာလမ်းကြောင်းလှည့်ပြီး မမကိုသွားရှာလို့ စိုင်းပြင်နေတာကို ကိုယ်သိလိုက်တယ်။ ဒီလိုနဲ့ အဖေ့ကို လက်ဟန်ခြေဟန်ပြပြီး မသွားဖို့တား။ ပြီးတော့ အထုတ်တွေကုန်ရင် ထွက်လာလိုက်လို့ မှန်ကြားထဲကနေကြားအောင် ပြောတော့ အထုတ်လှည်းလေးကို တွန်းပြီးထွက်လာပါတယ်။



ဒါပေမယ့် မမ ရဲ့အရိပ်အယောင်ကိုတောင် မမြင်ရသေးပါဘူး။ အဖေတို့ကို မေးတော့ အဖေက ပထမ ညီမလေးကို ခေါ်တယ်. ပြီးတော့ပြန်လွှတ်ပြီး မမကို ခေါ်သွားတယ်ပြောတော့ ကိုယ်တော်တော်စိတ်ပူသွားတယ်။ ဘုရား..ဘုရား.. မမကိုများ ခဏခဏလာလွန်းလို့ ဖမ်းထားပြီး ပြန်ပို့လိုက်ရင် ဒုက္ခလို့ တွေးရင် ဟိုလျှောက်ဒီလျှောက်.. ကိုဘိုရော.. မောင်ဆောင်းရော.. မျက်စိပျက် မျက်နှာပျက်.. ။ ကိုယ်က ရုံးကိုဖုန်းခေါ်... ငါ့ကို ရုံးက ကြိုတင်လုပ်ထားတဲ့ ထောက်ခံစာ (စိတ်ပူစွာနဲ့ လုပ်ထားတာ) ကို မေးလ်ထဲလှမ်းပို့ခိုင်းရတယ်။ ပြီးတော့ မှန်အဝမှာကိုနေပြီး မမကို မျှော်နေတာ..။ နာရီဝက်... လေးဆယ့်ငါးမိနစ်.. ကိုယ့်မိဘကိုတောင် ဖက်လှဲတကင်း မနှုတ်ဆက်နိုင်ပဲ ထိုင်ခိုင်းထားပြီး မမအတွက် စိတ်ပူနေတာ ခေါင်းထဲမှာ အထွက်အထိတ်..။ တနာရီ ကျော်ကျော်လောက်စောင့်ပြီးမှ.. မင်းသမီးချော နဝရတ်ပြာပြာက ကော့ကော့ နဲ့ ထွက်လာတာ ကိုယ် ထီဆုပေါက်တာထက်တောင် ဝမ်းသာပြီး ဟင်းကနဲ သက်ပြင်းချ..။ ကိုယ့်မိဘ အနားပြန်ကပ်နိုင်တော့တယ်။



အိမ်ကိုတက်စီနဲ့ အိမ်ပြန်လာတော့ တလမ်းလုံး အမေက လေယာဉ် စီးမဝသေးဘူး. ထပ်စီးချင်သေးတယ်ပဲ တဖွဖွပြောနေတယ်။ အဖေကတော့ သူလေယာဉ်ပေါ်မှာ ဘီယာတောင်းသောက်တာ ထမင်း စားပြီးမှ ဘီယာလာပေးတယ်။ ဘီယာလဲ ပေးရော.. လေယာဉ်ဆိုက်ရောဆိုပြီး မခဲမကျေစွာ တောက်တခေါက်ခေါက်နဲ့ ဖြစ်နေတာကို ကြည့်ပြီး သဘောကျမိပါတယ်။



အိမ်ပြန်ရောက်တော့မှ အင်မီဂရေးရှင်း အတွေ့အကြုံကို မေးရတယ်။ ဖြစ်ပုံက အရင်ဆုံးဝင်တဲ့ ညီမကို ရဲ ကခေါ်သွားတယ်။ အဲဒါကို မမပြာက အနောက်ကနေလိုက်ရှင်းဖို့ သွားတာကို ရဲမ ကို မောင်းထုတ်တယ်။ မမကလဲ မသွားပဲ ပေကပ်ကပ်နဲ့.. ညီမက အင်္ဂလိပ်လိုမရတော့ အဆင်မပြေမှာကို စိုးရိမ်ပြီး အတင်းပေကပ်ကပ်သွားရပ်နေတော့ ရဲမ က မောင်းထုတ်ပါတယ်။ အဲဒီအချိန်မှာ သမီးအတွက် စိတ်ပူရှာတဲ့ အဖေက ရဲ တယောက်အနားသွားပြီး သူ့ သမီးကို ပြန်လွှတ်ဖို့ ပြောပါတယ်တဲ့။ ကိုယ်က အဖေအဲဒီရဲ ကိုဘယ်လိုပြောသလဲဆိုတာ ပြန်ပြောပြဆိုတော့.. အဖေက ရဲ အနားသွားပြီး.." ဆရာ.. ဆရာ.." လို့ ခေါ်တော့ ရဲ က လှည့်ကြည့်ပါတယ်တဲ့..။ ပြီးတော့ အဖေက " This My Wife " ဆိုပြီး သူ့ မိန်းမကို အရင်မိတ်ဆက်ပေးလိုက်ပါတယ်။ ပြီးတော့ မိုင် ဒေါတာ... လို့ပြောပြီး ဖမ်းသွားတာကို အီးလို မပြောတတ်တော့ လက်နှစ်ဖက်ကို ပူးပြလိုက်ပါတယ်။ ရဲ က အင်္ဂလိပ်လိုပြောဆိုတော့ သူက အားရပါးရပဲ ဖမ်းသွားတာလို့ ပြောလိုက်ပါတယ်တဲ့။ အဲဒီအခါ ရဲ က သဘောပေါက်ပြီး သူ့ကို လက်ဟန်ခြေဟန်နဲ့ မပူပါနဲ့ လက်ဗွေနှိပ်ပြီး ပြန်လွှတ်ပေးမှာပါလို့ လက်ဟန်ခြေဟန်နဲ့ ပြန်ပြောပါတယ်။ အဲဒီအခါကျမှ အဖေက အောင်နိုင်သူကြီး အထာနဲ့ သူပြောလိုက်လို့ သူ့ သမီးထွက်လာရတယ်ပေါ့။ အဲဒီအချိန်မှာ ညီမ ကထွက်လာပြီး မမအလှည့်ကျမှ မမကို ဆွဲစိပြီး တမင် အမြင်ကတ်ပုဒ်မနဲ့ အခန်းထဲ တနာရီကြာ ခေါ်ထားလိုက်တာပါပဲလေ.။ အိမ်မှာ အဖေက သူရဲ ကို ဘယ်လိုပြောခဲ့လဲဆိုတာ ပြန်ပြောရင်း တဝါးဝါးနဲ့ ရယ်ရပါလေရော..။



အဲဒီညက ပင်ပန်းလို့ သူဝယ်လာတဲ့ ဘလက်လေဗယ်လေးသောက်ဖို့ အမြည်းလုပ်ပေးလိုက်ပါတယ်။ တနေကုန်ကိုက်ထားတဲ့ခေါင်းကို အဖေ့ကို နှိပ်ခိုင်းပါတယ်။ အမေက ခေါင်းအမြဲကိုက်တတ်တဲ့သားအတွက် ဆေးဝယ်လာပါတယ်။ သောက်ဆေးမဟုတ်ပါဘူး။ ဒုံးကျဉ်ဆေးတဲ့..။ အဲဒါ ဟိုမစင်ဝထဲကို ထဲ့ရတယ်ဆိုပဲ။ အမေက ရောက်ကတည်းက အဲဒါကို ထည့်ပေးမယ်ဆိုလို့ ပတ်ပြေးနေရတာ အမောပါပဲလေ။ သူမထည့်ခင်ကတည်းက ကိုယ်က ကြိမ်းနှင့်နေသူပါ. :P



ဒီနေ့ မနက်ရောက်တော့ အရင် ကတည်းက စီစဉ်ထားတဲ့အတိုင်း တရိစ္ဆာန်ရုံကိုသွားဖို့ ပြင်ဆင်ပါတယ်။ အဲဒီတော့ အဖေတို့ကို လိုင်းကားစီးတတ်အောင် ဆိုပြီး ကဒ်တွေပေးပြီး ဘယ်လို စီးရလဲ ဆိုတာ ပြပါတယ်။ အတက်တုန်းကတော့ ပြထားပေးတော့ အဖေက မှန်ပါတယ်။ ကားပေါ်ကလဲ ဆင်းရော.. သူက သူ့ကဒ်နဲ့ ဖြတ်ပြီး ဆင်းလာပါတယ်။ အဲဒါကို ကားသမားက အဖေ့ကို လှမ်းခေါ်တော့ အဖေက ခပ်တည်တည်နဲ့ သူ့ကဒ်ကို ဖြတ်ပြီးကြောင်း ကားသမားကို ဝင့်ဝင့်ကြွားကြွားလှမ်းပြပါတယ်။ အသံလဲ မြည်ပါတယ်ဆိုတာ လှမ်းပြောလိုက်ပါသေးတယ်။ တကယ်တော့ သူဖြတ်ခဲ့တဲ့ကဒ်က မနေ့ညက အိမ်ကိုဖုန်းဆက်တဲ့ 1818 ကဒ်ပါ.။ကိုယ်က အဲဒီကဒ်မဟုတ်ဘူး ဆိုမှ ဘောင်းဘီအိတ်ကို ပြူးပြူးပြာပြာ ပြန်နှိုက်ပြီး သွားပြန်ဖြတ်ပါတယ်။ အဖေပြောတော့ ဘယ်နဲ့ ညာ ဘောင်းဘီအိတ် အနှိုက်မှားသွားလို့ပါတဲ့လေ.။ ဖြစ်ရလေ.. အဖေရယ်..။ :D



ဒီလိုနဲ့ ဘလော့ဂါ ညီ(တောင်ပေါ်)ရဲ့ အချိန်းအဆက်နဲ့ တရိစ္ဆာန် ရုံနဲ့ နီးတဲ့ ဝုလန်း ကို ရထားစီးသွားပါတယ်။ သိပ်နီးပါတယ်။ :D ညီ(သက်နိုင်)က အာမိုကီယိုမှာ ဆင်းပြီး အဲဒီကို ရောက်တဲ့ တစီးတည်းသောကားကို စီးပါဆိုပေမယ့် ဝုလန်းကို အားသန်ပြီး ဝုလန်းမှာလူစုကြပါတယ်။ အဲဒီက တစီးတည်းသော ကားကို လေးဆယ့်ငါးမိနစ်လောက်စောင့်ပြီး သကာလ အဲဒီကားက တနင်္ဂနွေမှ ထွက်တယ်ဆိုတာကို သိရပါတယ်။ ဒီလိုနဲ့ တခြားကားပြောင်းစီးမယ်ပြောပြီး မှတ်တိုင်တွေကို တွေ့ပါတယ်။ အနီးဆုံး ၉၆၀ ဆိုတာလဲ တွေ့ရော.. အဲဒီကားကို လှမ်းမြင်တဲ့ ညီတောင်ပေါ်က ရှေ့ကနေပြေးလိုက်တော့ နောက်က အားလုံးလဲ ဘာမှန်းမသိ ညာမှန်းမသိ ပြေးလိုက်ကြပါတယ်။ ကဲ.. လိုက်လေ ဝေးလေ.. ကားက မရပ်ပါဘူး။ မရပ်ဘူးဆိုတာက အဲဒီကားကလဲ သူ့ဂိတ်မဟုတ်တော့ ကိုယ်တွေ ပြေးလဲ မရပ်ပေးပါဘူး။ ကိုယ့်အမေနဲ့ အဖေလဲ ပြေးလိုက်ရပါတယ်။ဝေးသထက်ဝေးသွားတဲ့ ကားကို ကြည့်ပြီး အရှက်ပြေ ရပ်.. ပြီးတော့ ဆရာတောင်ပေါ်ရဲ့ အစီအစဉ်နဲ့ နောက်ဆုံး ၉၅၀ ကိုပဲစီးတော့မယ်ဆိုပြီး အဲဒီမှတ်တိုင်ကို ပြန်သွားပြန်တယ်။ မိနစ် ၂၀ လောက်စောင့်ပြီး ဆရာ တောင်ပေါ်က တက်စီ စီးဖို့ ဆုံးဖြတ်ပြန်တော့ ကိုယ့်အမေနဲ့ အဖေလည်း ယောင်လည်လည်နဲ့ အနောက်ကလိုက်ပြန်လေရော.။ တက်စီ စီးမယ့်နေရာရောက်တော့လဲ ထမင်းစားချိန် မို့ ဘယ်တက်စီမှ မရပါဘူး။ မိုးတွေကလဲ သဲသဲမဲမဲ..။



နောက်ဆုံး တက်စီတစီးလာလို့ ကိုယ်တို့မိသားစု အရင်သွားနှင့်ပါတယ်။ မိုးတွေက သည်းနေတော့ ZOO အဝမှာ ငုတ်တုတ်လေး နောက်က လူတွေကို ထိုင်စောင့်ပါတယ်။ နောက်ကလူတွေလဲ ရောက်ရော.. မိုးတွေကလဲ သဲရော..။ အဲဒီတော့ တခုခုစားမယ်ဆိုပြီး KFC မှာ မှာစားကြပါတယ်။ မိုးတွေက မတိတ်ပါဘူး။ အဲဒီတော့ ဆုံးဖြတ်ချက် ချပြီး လှည့်ပြန်ပါတယ်။ အဖေတို့ စိတ်ချမ်းသာအောင် အဝင်အဝမှာ ဓာတ်ပုံရိုက်ပေးခဲ့ပါတယ်။ အမေ့ကို သကြားမုန့် တခုဝယ်ကျွေးလိုက်ပါတယ်။ ဒီလိုနဲ့ အောင်မြင်စွာနဲ့ တပ်ဆုတ်ပြီး သကာလ ကားဂိတ်ဆီသို့ လမ်းလျှောက်လာပါတယ်။ အမေကတော့ နောက်တခါတော့ ပို့ပေးဦးနော်.. ဆိုပြီး ကတိတွေ အထပ်ထပ်တောင်းနေပါတယ်။ ကားဂိတ်လဲ ပြန်ရောက်ရော... နေပူလိုက်တာမှ ခြစ်ခြစ်ကို တောက်လို့..။



ညီတွေက ဦး အထဲပြန်ဝင်မလာမေးတော့ အဖေ စိတ်နာစွာနဲ့ ပဲ.. တော်ပြီးငါ့ကောင်... စိတ်လုံး၀ နာသွားပြီးလို့ ပြန်ပြောပါတယ်။ အမေကတော့ ပြန်သွားမယ် တကဲကဲ လုပ်နေတော့ မနည်း အိမ်ပြန်ရောက်အောင် ပြန်ဆွဲခေါ်ခဲ့ပါတယ်။ အဖေတို့ကို ပထမဆုံး ပို့ပေးတဲ့ zoo လည်း မထူးစွားနဲ့ လှည့်ပြန်ခဲ့ရပါတယ်။ အော် .. ရယ်.... အဖေနဲ့ အမေရယ်... ကြက်ရိုးပြုတ်ပြီး နားလေပေးပါ... .. :P





အဖေနဲ့ အမေက တော်တော် တက်ကြွနေပါသေးတယ်။ ကိုယ် အလုပ်ပြန်တက်တဲ့ နေ့ကို မျှော်နေတယ်။ အခန်းထဲမှ အမေနဲ့ တိုင်ပင်နေတာ ကြားရတယ်။ သားရုံးတက်တဲ့နေ့ ဘယ်သူမှ မရှိတဲ့နေ့ကျရင် အဖေက အမေ့ကို ခေါ်ပြီး ရထား အစအဆုံး လိုက်ကြည့်မယ် လို့ ညှိနေပါတယ်။ အမေကတော့ ရဲ ဖမ်း ခံရမှာ ကြောက်လို့ မသွားဘူးချည်းပြောနေတာပါတယ်။ အဖေကတော့ ဒီနေ့ တရက်နဲ့တင် သူလမ်းတွေ အကုန်မှတ်မိသွားပြီးလို့ ပြောပါတယ်။ သူတို့ ပြောနေတာနဲ့ တင် ကိုယ် ရုံးပြန်တက်ရမှာတောင် ခပ်လန့်လန့်ရယ်လေ..။ အော်...ရယ်..။



အိမ်မှာ လူစုံ တက်စုံနဲ့ အမြဲ ဆူညံစွာနေတတ်တဲ့ ညီတွေ ညီမတွေ အမတွေကို မြင်တော့ သူတို့ ပိုပျော်ပါတယ်။ လူစည်တဲ့ ကိုယ့်အိမ်လေးကို အရမ်းသဘောကျနေပါတယ်။ ကိုယ့်ညီအရင်း ညီမအရင်းလို ချစ်ရတဲ့ (ဘလော့ဂါ) ညီတွေ ညီမတွေက ကိုယ့်အဖေအမေကို အရေးတယူနဲ့ သူတို့ မိဘတွေ လို သဘောထားပြီး ပျော်ပျော်ပါးပါး လိုက်ပို့ပေးတာကို မြင်တော့ အရမ်းဝမ်းသာမိတယ်။ ဒီအတွက် ဒီညီတွေ .. ညီမတွေ ရှိရတာ ဂုဏ်ယူပါတယ်။ ကျေးဇူးလဲ တင်ပါတယ်။ ဒီလူတွေ ကြောင့်လဲ အဖေတို့ ဒီလို လာနိုင်တယ်။ ဒီလူတွေ ကြောင့်လဲ အဖေတို့ ကားဂိတ် မှာ ပြေးလိုက်လွှားလိုက် ကားစီးလိုက်ရပါတယ်။ ဒီညတော့ ZOO တခုလုံးကို အပြင်ကနေ ကြည့်ခွင့်ရလိုက်တာ ပင်းပန်းပြီး အိပ်ပျော်သွားပါပြီးခင်ဗျာ..။ နောက်ရက်တွေမှာ..ဘယ်သူတွေ.. ဘယ်ကိုပို့ပြီး ဘာဖြစ်ဦးမလဲ ဆိုတာ.. တွေးရင်းးးး





ချစ်ခင်လေးစားစွာဖြင့်



ဖိုးစိန်

Comments

khin oo may said…
တို့နဲ့ထည့်လိုက်.
ရုံလေး said…
ဓါတ်ပုံတွေတင် ဒီတိုင်းဆိုယုံဖူးရယ် ;P
mstint said…
မောင်ဖိုးစိန် ဘယ်လောက်ပျော်ရွှင်နေမယ်ဆိုတာ တီတင့်မှန်းဆနိုင်ပါတယ်း)
ခေါင်းကိုက်တတ်တယ်ဆိုတာ ရိုးရိုးကိုက်တာလား ခေါင်းကြီးကိုက် (migraine) လား။ တီတင့်က ငယ်ငယ်ကရှိဘူးတော့ ကိုယ်ချင်းစာတယ်။ အရမ်းခံရခက်တဲ့ ရောဂါလေ။
မိဘတွေရှိသခိုက် အစွမ်းကုန်ပျော်လိုက်အုံးနော်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်
သက်ဝေ said…
ပျော်စရာ... မိဘ မောင်နှမတွေနဲ့  အတူနေရတဲ့ဆုက
နာရီတို့  ရုပ်ရှင်လက်မှတ်တို့ ထက် ကောင်းတယ်ဟုတ်... :P
Anonymous said…
ပျော်ရွှင်ပါစေဗျားးးးး


မငုံ
Anonymous said…
Let your parents go round sa lone with our beloved KOM:P.......I believe that she offered you willingly:D..(away hma achun hnin ma thu)
Gyidaw
PhyoPhyo said…
ပျော်စရာကြီးရယ်။ ကုသိုလ်ကောင်းလိုက်တာ။ မိဘနှစ်ပါးရော ညီမလေးရော အစ်မရော၊
ဖတ်ပြီး ရောယောင်ပျော်သွားပါတယ်။
rose of sharon said…
ပျော်စရာကြီးနော်..မိသားစုတွေဆုံကြရတာ... စကာင်္ပူအင်မီဂရေးရှင်းကအဲလိုဘဲနော်... အမလဲ လွန်ခဲ့တဲ့၎နှစ်လောက်တုန်းက အိမ်အကူပါခေါ်ပြီးလာလည်တာ အဲဒီကောင်မလေးကို အင်မီဂရေးရှင်းကရဲခေါ်သွားလို့လေ... ကိုယ့်စာအုပ်ကိုအမြန်တုံးထုခိုင်းပြီး ငါခေါ်လာတဲ့သူကိုရဲခေါ်သွားလို့ပါ ဆိုပြီး ပြေးလိုက်ပြီးတော့ သူ့ကိုငါတာဝန်ယူပြီးခေါ်လာတာပါဆိုတာလိုက် ပြောပြရတယ်း((
Anonymous said…
enjoy your time with family.

i like this very much.


agkyeemyint
Really enjoy ur post! Thz :)

Popular Posts