နောင်တ အလွန်

မိုးကဖြင့်မလင်းသေးဘူး တဒိုင်းဒိုင်းနဲ့  တံခါးထုသံကြားတော့ နိုးထခြင်းအသိနဲ့ အတူ စိတ်ထဲထင့်ကနဲ ဖြစ်သွားတယ်..
အသိစိတ်ထဲမှာလဲ ချက်ချင်း”အမေ ”လို့  ရေရွတ်မိနေတယ်…ညနေက အမေတော်တော်ဖျားနေတာကိုသိထားတယ်လေ..
ဘာကြောင့်ဖျားလဲဆိုတာမသိပေမယ့် အမေတော်တော်ဖျားနေတယ်ဆိုတော့စိတ်ထဲက ညကတည်းက တထင့်ထင့်ရယ်…အခုလဲညီမလုပ်သူက
” ကိုကြီး ကိုကြီး.… အမေအမောဖောက်နေလို့ လာခဲ့ပါအုံးဆို ”တဲ့ စကားကို လဲ ကြားလိုက်ရော..
အိပ်ယာကနေ လူးလဲထပြီး အမေ့ဆီကိုပြေးသွားမိတယ်.အမေ့အိမ် နဲ့ ကျနော်အိမ် က သုံးအိမ်ကျော်..နီးနီးလေး.
အမေက အငယ်ဆုံးညီမနဲ့ နေတယ်..အိမ်ချင်းသာနီးတယ်..နှလုံးသားချင်းဝေးတာကြာလှပေါ့..
မျက်နှာချင်းဆိုင်ရင်တောင် တင်းမာနေတဲ့ အမေ နဲ့  မှန်တယ်ထင်ရင်ဝန်ချမတောင်းပန်ချင်တဲ့ကျနော် နေ့ တိုင်းလို
တွေ့ နေပေမယ့် စကားတစ်ခွန်းတလေမှမဆိုဘူးရယ်.. သူဖျားနာနေတာ သူဆေးခန်းသွားနေတာတွေ့ နေပေမယ့်
ကျနော်လဲ ကျနော့်မာန နဲ့ အမေကို လှည့်မကြည့်ခဲ့ဘူးလေ..(ပြန်ကောင်းလာမယ်ဆိုတဲ့အတွေးကလဲရှိနေတာပါ)
သူ့ သမီးအကြီး ရှိတာပဲ..
သူဒီလောက်ချစ်တာ ကြည့်ပါစေပေါ့ဆိုတဲ့ စိတ် နဲ့ အမေကိုပြစ်ထားခဲ့တယ်..
တစ်ခါတစ်လေ လစာထုတ်လို့  အိမ်အတွက်မုန့် ဝယ်ရင် အမေကိုသတိရလို့ ဝယ်မယ်ကြံတိုင်း အနောက်က ကပ်ပါလာတဲ့ အမေ့ရဲ့ သမီးကြီး မျက်နှာနဲ့ ဘာဖြစ်ဖြစ်သမီးကို ဦးစာပေးတတ်တဲ့ အမေ့ ကိုပြန်မြင်ရင်
မနာလိုစိတ်က အမေ့အတွက်ဘာမှမဝယ်ဖြစ်အောင် အကြောင်းကဖန်လာတယ်ပေါ့..
သမီးနှစ်ယောက် သားတစ်ယောက်ရှိတယ်..ဦးစားပေးချင်းပေး သားလုပ်သူကိုဦးစားပေးရမှာပေါ့…
အခုတော့ ယောကျားင်္ရှိတဲ့သမီးကိုဖို့ တယ်..အဆင်ပြေနေရက်နဲ့  ပေးနေကမ်းနေတယ်..မပြီးဆုံးတော့ဘူး..
သားလုပ်သူ က နည်းနည်းပါးပါးလို လို့ ချေးငှားရင် တရပ်လုံးသိအောင်ကြေငြာချင်နေတာ..ငြိုငြင်ချင်နေတာ..
လိုတာရှိရင်သာလာမယ် ..မလိုရင် အမေကို အမေမှန်းမသိတဲ့ သမီးကိုကျတော့ အမြဲစေတနာပိုတယ်
သားလုပ်တဲ့သူကိုကြ အိမ်ချင်းကပ်နေတာ ဒုက္ခရောက်နေတာကို
မြင်ရက် ကြားရက်သားနဲ့ ငါ့သား အဆင်ပြေလား..
နေကောင်းလားလို့ မမေးတဲ့အပြင် ယောကျာ်းဆိုတာ ဒေါင်ကျကျပြားကျကျနေတတ်ရတယ်… မိန်းကလေးကျတော့
ဒီလိုမဟုတ်ဘူး..ဒါကြောင့် သမီးမိန်းကလေးကိုဦးစားပေးရမယ်တဲ့.. ကြားဖူးတာတော့ အမေဆိုတာ သားကိုချစ်တယ်..
သားအတွက်ဆိုလိုတာအကုန် ဖြစ်စေဆို တဲ့အမေမျိုးတွေ..ကျနော့်အမေကျတော့တခါတလေ ငါ့ကိုသူ မွေးထုတ်ထားတာမှ
ဟုတ်ရဲ့ လားလို့ စိတ်ထဲကထင်နေမိတယ်..
မွေးထားတာခြင်းအတူတူပဲ..ဒီလိုစကားကြားရတော့သားတစ်ယောက်အနေနဲ့  စိတ်မကောင်းဘူးပေါ့…
ပြီးတော့သမီးလုပ်သူက အမေကောင်းသလို ပြန်ကောင်းရင်တော်သေးတယ်လိုချင်တဲ့အချိန်ကြတော့
အမေရယ် ကယ်ပါအုံး..လုပ်ပါအုံး..နဲ့ 
အဆင်ပြေနေလို့ များ အမေ့ကိုမုန့် တစ်ခုနဲ့ တင်မဟုတ်ဘူး..
ခါကြီးရက်ကြီးမှာတောင် မအားလို့ ယောက်ခမ အိမ်မှာ ဘာရှိလို့ ညာရှိလို့ ဆိုပြီး လာတာမဟုတ်..
ဒါကိုအမေ က ကြံဖန်ပြီး ”ငါ့သမီးတွေက မအားပေမယ့် အမေကို ကန်တော့ဖို့ သတိရတယ်..
ဆိုပြီး ဂုဏ်ယူနေတတ်တာ…
ကျနော့်ကိုကျတော့ နင် က နင့်ယောက်ခမနဲ့ နင့်မယားဘဲမြင်တယ် အမေကိုခေါင်းထဲထည့်တာမဟုတ်ဘူးလို့ ပြောတတ်သူ..
ကြာတော့လဲ အမေ့ကိုဒီလိုစကားတွေနဲ့  စိတ်ထဲမှာမကျေမချမ်းဖြစ်လာတာတွေများလာတယ်
သားသမီးချင်းတူတူပဲဟိုလူကောင်းတယ်..ဒီလူကောင်းတယ်..
ဆိုတဲ့စကားကအမေတစ်ယောက်အနေနဲ့ ပြောစရာလား
အမေ့အတွက်ငရဲ တော့ရမှာပဲ… မခံချင်စိတ်တွေက လဲ အပြည့်..ဝမ်းနည်းနာကျည်းစိတ်တွေက ရင်ထဲအမျှပေါ့..
ဒါပေမယ့် သြော်…အမေ..ဟာ..အမေပါပဲလို့ ဖြည့်တွေးခဲ့ပါတယ်..
မိန်းမလုပ်သူ က တစ်နေ့ တော့ သားနဲ့ အမေ ပြေလည်မှာပါတဲ့..
”ကျမကတော့ဘာမှဝင်မပါချင်ဘူး..အခုကျမမှာလည်းသားသမီးရှိတော့
တချိန်ကျမအသက်ကြီး လို့ အခုချိန်များပြောမှားဆိုမှားရှိခဲ့ရင်ဝဋ်လည်မှာကြောက်လို”့ဆိုပြီး ဘာဖြစ်ဖြစ်ရေငုံ နှုတ်ပိတ်နေတယ်..
ကျနော်ကသာ ဖြေသိမ့်မရ..
အမေနဲ့ ကျနော် စကားမပြောဖြစ်တော့တဲ့ အဓိက အကြောင်းကအမေ အိမ်ကို ပေါင်မယ်ဆိုတာကစတာပဲ..
အမေက အခုညီမ လုပ်သူနဲ့ နေနေတဲ့အိမ်ဂရမ်ကိုပေါင်မလို့ ဆိုပြီး
ညီမလုပ်သူက ငိုကြီးချက်မနဲ့ လာပြောတယ်…
ညီမက ကျနော်ရယ် အမကြီးရယ် အမေရယ်ကြားမှာအမြဲတမ်း တစာခံဖြစ်ရတယ်..
အမေကို ရိုသေတယ်..ပြုစုတယ်..အကိုနဲ့ အမကိုလေးစားတယ်..
ဘာဖြစ်ဖြစ်တစ်ခွန်းသဘာသမှကောင်းတယ် ဆိုးတယ် နဲ့ ဘက်မလိုက်ဘူး..
အမေမရှိတဲ့တနေ့ သာသူကို့  သီလရှင်ဝတ်ခွင့်ပြုဖို့ တောင်းဆိုထားတယ်..
ညီမလုပ်သူကိုတော့ကျနော် ချစ်တယ်..
အခုလည်း တစ်ခါဖူးမှဝင် မပြောဖူးတဲ့ညီမက အကိုလုပ်သူကို ပထမဆုံး အနေနဲ့ လာပြောတာ
ဆိုတော့ ကျနော်လဲကြားကြားချင်းဒေါသထွက်တယ်..
အမေ့ အနေနဲ့ အိမ်ပေါင်ရလောက်အောင်စီးပွားရေးကျဆင်းစရာမရှိ…
အဖေ ကအမေ့အတွက်ထားခဲ့တာအမေ့အတွက်လုံးဝလောက်တယ်.
နောက်ပြီး အမေ့မှာ ဘာအကြွေးရယ်မှဆပ်စရာရှိတာမဟုတ်..
သေချာတာက ဒါသူ့ သမီးကြီးအတွက်
ဆိုတဲ့အသိက ခေါင်းထဲရောက်လာတယ်..ညီမလုပ်သူကိုမေးတော့လဲ..
အမေနဲ့  အမနဲ့ တွတ်တွတ်နဲ့ ပြောနေတာပဲတဲ့…ဘာလဲတော့မသိဘူးတဲ့..
ညီမတို့ အိမ်ပေါင်ပြီး ပြန်မရွေးနိုင်ရင် ဘယ်မှာသွားနေရမလဲ
ဆိုတဲ့ စကားက ကျနော်ခေါင်းထဲကိုဒေါသနဲ့ အတူ တန်းခနဲ ဝင်လာတယ်..
အမေနဲ့ အမ မဟုတ်တော့ဘူး..အမကိုယ်တိုင်က သူ့ ယောကျာင်္းရှိရက်နဲ့ အလုပ်မရှိတဲ့
အမေအိုနဲ့  ညီမဆီကနေ လိုသလောက်ဖျစ်ညစ်ယူနေတာ သဘာဝလုံးဝမကျဘူး..
ကျနော်လည်းလုံးဝသည်းမခံနိုင်တဲ့အဆုံး အမေ့အိမ် ပေါ်တက်ပြီး..
”အမေက အိမ်ပေါင်မလို့ ဆို”
”အေး..ဟုတ်တယ်.. ငါပိုက်ဆံနည်းနည်းလို လို့ ”
”ဘာအတွက်လည်း ..နည်းနည်းလိုတာနဲ့ အိမ်ပေါင်စရာလား..
ကျနော်ရှာပေးမယ်..အိမ်တော့မပေါင်နဲ့ ..”

”နင်မသိပါဘူးအကြီးကောင်ရယ်..အသာနေစမ်းပါ..
နင့်အလုပ်အဆင်ပြေအောင်သာလုပ်
ငါဘာသာငါဖြေရှင်းမယ်”
”အမေ..ဒီကိစ္စက မပါလို့ မဖြစ်ဘူးလေ..အမေ ကဘာအတွက်ပေါင်တယ်ဆိုတာမသိဘူး..
ကဲ.ပြီးရင်ဘယ်လိုပြန်ရွေးမလဲ..ဘယ်သူရွေးမလဲ…
ဒီလောက်များတဲ့ငွေကိုအမေဘာလုပ်မလို့ လဲ
ပြီးရင်အမေကိုယ်တိုင်က ပြန်မရွေးနိုင်ဘူးဆိုတာသိပြီးသား..ဘယ်သူမှမရွေးနိုင်ဘူး..
ဒါအမေ့သမီးအတွက်ပဲမဟုတ်လား.. အမေက မျက်နှာလိုက်လွန်းပါတယ်.. အမေကို
အမေ လို့ မမြင်ချင်ဘူးဗျာ..စိတ်နာချင်တယ်.. ပေး…အိမ်ဂရမ်..ကျနော်သိမ်းထားမယ်..
ဘာကိစ္စဖြစ်ဖြစ်အမေမပေါင်ရဘူး..”

”သြော်..နင်က နောက်ဆုံးတော့ အိမ်ဂရမ်ကိုလာသိမ်းတာပေါ့လေ.. မက်မောလှချေလားသားကြီး
သားတစ်ယောက်လုပ်ပြီး..အမေဖြစ်သူကိုအပြစ်မြင်..အမလုပ်သူကိုအပြစ်မြင်..အမေပြောရင်နားထဲမဝင်
အိမ်ဂရမ်ကျတော့လို ချင်တယ်ပေါ့…အိမ်ပေါ်တက်လာတယ်..အမေနေကောင်းလားမမေးပဲ..အမေနဲ့ 
အမကို အပြစ်တင်ပြီးအိမ်ဂရမ်လာတောင်းတယ်..အံ့ပါရဲ့ တော်”
ကျနော် အမေ့စကားကြားရချိန်မှာ ကိုယ့်နားတောင်ကိုယ်မယုံ ဘူး..ပြောရက်လိုက်တာအမေရယ်..
သားကမက်မောလို့ လာတာမဟုတ်ဘူး..
တစ်ချိန်ချိန်မှာ အမေတို့ နေစရာပျောက်ရင် ဒုက္ခရောက်ရင်ဆိုတဲ့အတွေးနဲ့ 
ကြိုမြင်လို့ မဖြစ်သင့်တာမဖြစ်ရအောင် လာတားတာပါ.. လို့ စိတ်ထဲကသာပြောဖြစ်တယ်
အမေ့စကားတွေက သံရည်ပူလို ပူပြင်းပါတယ်..
အမေ့ကို ဝမ်းနည်းကျေကွဲစွာ..ဒေါသမျက်လုံးများနဲ့  ဘာမှပြန်မပြောပဲ အံကိုကြိတ်ပြီး အမေ့မျက်နှာကိုစေ့စေ့ကြည့်ခဲ့တယ်…
နောက်ဆုံးအမေ့ကိုစိုက်ကြည့်ခဲ့ချင်းလားတော့မသိ… နောက်တွေတော့တစ်ယောက်ကိုတစ်ယောက် တမင်ရှောင်နေကြတယ်..
အခုမှ ညီမလာခေါ်လို့ အိပ်ယာထဲလဲနေတဲ့အမေ့ကိုသေချာကြည့်မိတယ်..
သွေးသာခန်းခြောက်ပြီး.. ဖျော့တော့တော့ မျက်နှာလေး မျက်ရည်ဝဲနေတဲ့မျက်လုံးများ..
ကြင်နာတဲ့မျက်လုံးများနဲ့ ကျနော့်ကိုလှမ်းကြည့်နေတယ်
အမေအရင်က ဘာလို့ ဒီလိုမကြည့်ခဲ့တာပါလိမ့်လို့ စိတ်ထဲကတွေးပြီး အမေ့လက်ဖမိုးကို
ဖွဖွကိုင်ပြီး ကျနော့်ပါးပြင်ကိုအပ်ထားမိတယ်…ကျဆင်းနေတဲ့မျက်ရည်ကို အမေအဓိပါယ်ဖော်နိုင်မှာပါ..
ဘာဖြစ်တာလဲလို့ ညီမလုပ်သူကိုမေးတော့ အမေ က သားအိမ် ကင်ဆာတဲ့..ကျနော်
စိတ်မကောင်းဖြစ်မှာစိုးလို့ မပြောဖို့ ညီမလုပ်သူကိုမှာထားလေရဲ့  ညီမသိတာလဲ လွန်မှသိတာလေ..
ဖြစ်မှဖြစ်ရလေအမေရယ်…ကျနော်ကိုဘာလို့ မပြောတာလဲ..ကျနော်ပျောက်အောင်ကုမှာပေါ့..
ဝမ်းနည်းနေရုံမှတပါး ဘာမှမတတ်နိုင်ပဲ မျက်ရည်သာတသွင်သွင်..
အမရောက်လာတော့ ကျနော့ကိုတချက်ကြည့်ပီး အမေ့ကို
”အမေတရားကိုသာမှတ်..ဘာမှစိတ်ထဲမထားနဲ့ 
အခုချိန်မှာ အမေဖြစ်ချင်သလို အမေ့သားရောအမေ့သမီးတွေရောအနားမှာ..
အမေပျော်တယ်မဟုတ်လား ”
လို့  ပြောတော့.
အမေက ခေါင်းလေးညိတ် လို့ မျက်ရည်လေးတွေကျဆင်းလာတယ်..
ကျနော်ဘာဖြစ်တယ်မသိဘူး.. တအင့်အင်းနဲ့ ငိုလိုက်တာ မျက်ရည်တွေထိမ်းမရ..
ဘယ်တော့မှနောင်တမရဘူးလို့ ဆုံးဖြတ်ထားပေမယ့် အခုတော့ အမေမျက်နှာကိုကြည့်ပြီး
စိတ်ထဲမှာ ဝမ်းနည်းနေမိတယ်..ဘာမှန်းမသိတဲ့ ခံစားချက်တချို့ ဆို့ နစ်စွာရင်ထဲရှိနေခဲ့တယ်..
နာရီဝက်လောက်အမေ သတိရတချက် မရတချက်နဲ့ 
နောက်ဆုံး ကျနော်တို့ ကို စွန့် ခွာသွားတယ်..
အမေ့ ရုပ်အလောင်းကို ပြင်ဆင်ဖို့ အမေ့ ကို သူအိပ်တဲ့အိပ်ယာကနေဖယ်တော့
ကျနော့်ဓာတ်ပုံရယ်.. အိမ်ဂရမ်စာချုပ်ရယ်.. ပဝါလေးနဲ့ ထုတ်ထားတဲ့
ကျနော့်ငယ်သွားတစ်ခုရယ် ထွက်လာတာတွေ့ တော့မှ အမလုပ်သူက ကျနော့်ကို ဖက်ပြီးငိုပါလေရော…
”မောင်လေးမိုက်တယ်ဟယ်..ကြည့်စမ်းအမေနင့်ကိုဘယ်လောက်ချစ်တယ်ဆိုတာ.. နင့်ကိုချစ်လို့  နင်ပြောသလို အိမ်ဂရမ်ကို သူဆေးကုဖို့ မပေါင်ခဲ့ဘူး..နင်ကသာ အမေလုပ်သူကိုနားလည်မပေးနိုင်တာ…သူဆေးခန်းကိုသွားခဲ့တုန်းကငါလိုက်ပို့ လို့ 
ငါက သူဘာဖြစ်လဲဆိုတာသိခဲ့တာ..နင့်ကိုပြောရင်စိတ်ပူနေမှာကြောက်တယ်
အငယ်မကိုလဲ အားငယ်နေမှာကြောက်လို့ နင့်နဲ့ အငယ်မကိုမပြောပဲ ငါနဲ့ တိုင်ပင်ပြီး အိမ်ပေါင်ဆေးကုမလို့  လုပ်တာ..နင်ကဘာဖြစ်ဖြစ်မပေါင်ရဘူးဆိုလို့ 
သူ့ ခမျာ ငါအတင်းတိုက်တွန်းတာတောင်မလုပ်ရှာဘူး.. အမေက ငါ့ကိုနင်ကဘာပြောပြောဗွေမယူရဘူး..ခွင့်လွှတ်ရမယ်တဲ့
ငါမပြေလည်တာအမေဖြေရှင်းပေးတယ်ဆိုတာမှန်ပေမယ့်
နင်ကိုယ်တိုင်က အမေနဲ့ ငါ့အပေါ်အမြင်စောင်းနေတော့
ငါတို့ လဲနင်ငရဲ ကြီးမှာကြောက်လို့ လွတ်ထားပေးတယ်.. အခုတော့ဟယ်… အမေရယ်….
အမေနင့်ကိုတကယ်ချစ်တာပါဟယ်…ကြည့်စမ်း နင့်ဓာတ်ပုံနဲ့ နင့်ငယ်သွား…”
ကျနော်
အမေ့ရုပ်အလောင်းနားမှာ ဒူးခေါင်းညွတ်ခွေ မျက်ရည်ဝေလို့ 
ဘာတခွန်းမှမပြောနိုင်ပဲ တရှုံ့ ရှုံ သာငိုနေမိတယ်..
လွန်သွားသောနောင်တ
ယူကြုံးမရသော ကျနော့်အမှား
ပြန်မရနိုင်သော အစားထိုးမှု နဲ့ အတူ..
အမေရယ်....

သားသမီးနဲ့ မိဘ
မိဘနဲ့ မောင်နှမကြားမှာ နားမလည်မှု သံသယတွေ ကင်းဝေးနိုင်ပါစေ

ဖိုးစိန်

Comments

molay88 said…
အရမ်းကောင်းတဲ့ ပို့စ်လေးတစ်ခုဘဲဗျာ..။ မျက်ရည်တောင်ဝဲတယ်..။.. မိဘမေတ္တာဟာ မြင့်မိုရ်တောင် မက ကြီးမားပါတယ် အစ်ကိုရယ်....။
Anonymous said…
သိပ်ကောင်းတဲ့ ပိုစ့်လေးပါ။ မိဘတိုင်း ဘယ်သားသမီးကို မဆို.ကောင်းကောင်းဆိုးဆိုး ချစ်ကြတာပါပဲ။ မိဘကို အထင်မလွဲကြပါနဲ့နော်။
ကိုရဲ said…
ဖတ်ရင်းခံစားမိပါတရ် ။ ဘာလို့လည်းဆိုတော့ ညီကိုယ်တိုင်လည်း ဒီလိုမျိုး သံတူကြောင်းကွဲလေး ကြုံဖူးလို့ပါ ။ ညီကိုယ်တိုင်လည်း မေမေ့ကို ဒီလိုထင်ဖူးခဲ့တရ်လေ ။ ဘာပဲဖြစ်ဖြစ် အမေဟာအမေပါပဲလေ ။

(ကိုရဲ)
နင့်နင့်နဲနဲခံစားရပါတယ်.ဒီလိုအဖြစ်လေးတွေ
တွေ့တွေ့ နေရတယ်.သတိထား စဖွယ်ပါ.. အရေးအသား လည်း သိပ်ကောင်းတယ်။
ချမ်းမြေ့ပါစေ။
MANORHARY said…
သားသမီးနဲ့မိဘကြားမှာ နားလည်မှုတွေတည်တံ့နေပါစေ
လို့ပဲ ဆုတောင်းပေးရတော့မှာပဲ ..မိဘတိုင်းကတော့
သားသမီးကိုသူ့နည်းသူ့ဟန်နဲ့ချစ်ကြတာပါပဲ..
အ၇မ်းကောင်းတဲ့ အေ၇းအသားပဲကိုရေ
မျက်ရည်တောင် ၀ဲတယ်။
Dream said…
အရေးအသား ကောင်းလွန်းလှပါတယ်...
ဖတ်ရင်းနဲ့ ရင်ထဲစို့နစ်သွားရပါတယ်...

ဘယ်လိုပြောရမှန်းမသိဘူး။ မိဘနဲ့သားသမီးကြား
မပွင့်လင်းမှုကြောင့် မဖြစ်သင့်တာတွေ ပိုဆိုးကုန်တာပေါ့။ မိဘက လည်း သားသမီးစိတ်မကောင်း ဖြစ်မှာစိုးတာတစ်ခု ကိုပဲ နားလည်တာကိုး။ ဒီလို သူတို့ထင်လေ တကယ့်အဖြစ်မှန် ကအဝေးဆုံးကို ပြေးလေလေ လို့ထင်မိတယ်။ တကယ်ဆို မိဘက ပြောသင့်တာပြောရမယ်။ ဒါမှ ကိုယ့်သားသမီး မခံစား၇မှာ နောင်တဆိုတာ မိဘက ပေးသွားတာလေ။ သူသာပွင့်လင်းစွာ သားသမီးကို လမ်းမှန်သလို ထိန်းခဲ့မယ်ဆိုရင် ဒီသားဟာ ဘယ်လိုမှ စိတ်ခံစားမှု စိတ်မှာ အနာဖြစ်မှာ မဟုတ်ဘူး။ မိဘရဲ့တွေးခေါ်မှု လိုအပ်ချက်လို့ ပြောရမှာပေါ့နော်။ ဒါကြောင့် ကျန်ခဲ့တဲ့ သားသမီးမှာ နောင်တ အမှားဆိုးကြီး ရခဲ့တယ်။ တကယ်တော့ မသိတဲ့သူကို သိအောင်၊ နားမလည်တဲ့သားကို နားလည်အောင် လုပ်ပေး၇မှာလေ။ နွေးထွေးမှုလိုအပ်တယ်။ မိဘနဲ့ သားသမီးကြား နားလည်မှု လွဲခြင်းနဲ့ ကင်းဝေးပါစေ။
Anonymous said…
ကိုဖိုးစိန်ကြီး...

ရေးလိုက်ရင် post ကောင်းတွေချည်းဘဲ..
မိဘ ဆိုတဲ့ ဘာနဲ့မှ လဲလှယ်လို့မရတဲ့အရာ..

မေတ္တာရနံ့တွေက စက္ကန့်လေး
တစ်ချက်ချက်နဲ့ သွားတိုင်း
မွှေးမြ သင်းပျံ့လို့လေ....

ခင်မင်တဲ့....
Anonymous said…
မိဘဆိုတာ ဘာနဲ့မှ လဲမရတဲ့အရာပါပဲ သာကောရေ .. မိဘနဲ့ ပတ်သက်လာရင် ခံစားတတ်လွန်းတဲ့ ကျနော် လာဖတ်သွားပါတယ်
အစ်ကိုရေးလိုက်ရင် heart ထိသွားစေတာချည်းပဲ...
Anonymous said…
သားသမီးနဲ့ မိဘ
မိဘနဲ့ မောင်နှမကြားမှာ နားမလည်မှု သံသယတွေ ကင်းဝေးနိုင်ပါစေ
မှန်ပါပေတယ်–
နားလည်နိုင်ကြပါစေ–
Moe Cho Thinn said…
ဒီပို့စ်လေး ဖတ်ပြီး စိတ်မကောင်းဘူး။ အဲဒါ အရာရာကို စိတ်လိုက်မာန်ပါ ဒေါသနဲ့ မဆုံးဖြတ်လိုက်ဖို့ အမေက သင်ပြပေးသွားတာပဲလို့ ခံစားလိုက်ရတယ်။
အမေ့ကို ချစ်ရင် အဖေ့ကို ပိုဂရုစိုက်ပေါ့နော်..
khin oo may said…
ရင်နင့်သွား၏
Welcome said…
ဝတ္ထုတို တိုင်း ရသစုံပေးနိုင်တယ်။
ရေးအားကောင်းတာမို့
မနည်းလိုက်ဖတ်နေရတယ်။

အားပေးနေတယ်။
ရင်နင့်စွာဖတ်သွားပါတယ်၊ မိဘတိုင်းဟာ သားသမီးအားလုံး အပေါ် မချစ်တဲ့သူမရှိပါ၊
ဖတ်ပြီး ရင်ထဲမှာ ဆို့နင့်နေပါတယ်... စိတ်ချမ်းသာပျော်ရွှင်ပါစေ မောင်လေးဖိုးစိန်ရေ...
Anonymous said…
အလွန်ကောင်းတဲ့ ပို့စ်လေးတစ်ပုဒ်ပါ.. တကယ်တော့ အမေဟာ အမေပါပဲ... တုနိုင်းမရဘူးလေ.... ပို့စ်လေးကို ဖတ်ပြီး ကိုယ့်အမေကို သတိရသွားတယ်..
လူတိုင်းမှာ အမေဆိုတာရှိကြတာပဲလေ.. ဒါပေမယ့် လူ့လောကမှာ ရှိသေးတာနဲ့ မရှိကြတော့တာပဲ ကွာကြမှာပါ... ဒါပေမယ့် လူတိုင်းရဲ့ ရင်ထဲမှာတော့
အမေဟာ ထာဝရရှိနေကြမယ်လို့ ယုံကြည်ပါတယ်...
သီချင်းလေးနဲ့ အတူ ပို့စ်လေးကို ထပ်တူထပ်မျှ ခံစားသွားပါတယ်..။
WWKM said…
ကော်နက်ရှင်မကောင်းလို့ သူများတွေချီးမွမ်းသွားကြ
တာနဲ့ အစ်မက ချီးမွမ်းဘို့ နောက်ကျသွားပြီ..တော်ပြီ မချီးမွမ်းတော့ဘူးရယ်...
ပို့စ်လေးဖတ်ပြီး ရင်ထဲနင့်စွာ မျက်ရည်ဝဲမိတယ်...
Anonymous said…
ပိုစ့်လေးဖတ်ပြီး အရမ်းဝမ်းနည်းသွားမိတယ်။ ဖိုးစိန်ပြောလိုပဲ မိဘနဲ့သားသမီ၊မောင်နှမကြားက သံသယတွေက နောင်တအဖြစ် မကျန်ခဲ့စေချင်ပါဘူး။
kiki said…
ဒီလို အထင်လွဲမှု ၊ သံသယတွေ ဆိုတာ ဘယ်တဦးတယောက်ကြားမှာမှ မရှိတာ အကောင်းဆုံးပါဘဲ ။ ပွင့်ပွင့်လင်းလင်းတိုင်တိုင်ပင်ပင်ရှိသင့်ကြတယ်လေ။
ခုတော့ နောင်တ တွေတသီကြီးနဲ့  ...ရင်နင့်စရာလေးတွေ ပေါ့။
ကိုဖိုးစိန်ကြီး အရေးအသား က ငိုချင်လောက်အောင်ကောင်းလို့ ..ဘာဆက်ပြောရမှန်းတောင် မသိတော့ဘူး ရယ်...
ကိုကြီးစိန်ရေ ဖတ်သွားတယ်ဗျ ....
အမေ အပေါ် ငယ်ငယ်က ဆိုးဖူးတာပဲ ရှိတယ် ...
အခုလိုတော့ တွေးဖူးဘူးဗျ ...
မိခင် မေတ္တာကို ထင်းကနဲ့ နေတာပဲဗျာ
အမေ့ကို ချက်ချင်း လွမ်းသွားတယ် ...
အကိုဖိုးစိန်ရေ ဖြစ်ရပ်မှန်လားဟင် အမှန်အကန်ဆိုရင်တော့ ကြေကွဲစရာဖြစ်ရပ်ပဲ တကယ်စိတ်မကောင်းဖြစ်မိပါရဲ့ အကြံအဖန်ဆိုရင်တော့ ဇတ်လမ်းကောင်းလေးတစ်ပုဒ်ပေါ့ ဘာပဲဖြစ်ဖြစ်ပါ ရင်ထဲရောက်သွားတာကိုတော့ ငြင်းလို့မရဘူးပေါ့လေ မိဘနဲ့သားသမီးကြားဗျာများစရာတွေပါလားးးး
ဒီစာကိုဖတ်ပြီးသားသမီးတိုင်း
မိဘကျေးဇူးကို
မသေခင်မှာ
ဆပ်နိုင်ကြပါစေလို့
ဆန္ဒပြုတယ်

Popular Posts