Tuesday, 7 September 2010

ပွဲကြိုက်မောင်


ကျနော် ငယ်ငယ်ကဆို သီတင်းကျွတ်တော့ မယ်ဆိုရင် ပျော်တယ်။ ရပ်ကွက်ထဲမှာ ဇာတ်စင်တွေ မြင်ရတော့မယ်။ ဇာတ်ပွဲတွေ တပွဲပြီးတပွဲ ရုံသွင်းပြတာနဲ့ ဘုရားပွဲအတွက် ဗလာပွဲ ပြတာနဲ့ တပေါင်းလ ကျော်သွားတဲ့ အထိ ပွဲစဉ်တွေက မပြတ်ဘူး။ ကျနော့်တို့ အပိုင် ဒိုင်းဝန်ကွင်းမှာ အပြိုင်အဆိုင် ဇာတ်ပွဲတွေကို ငှားကြပြီး ဆီမီးထွန်းပွဲတွေ၊ နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲတွေ လုပ်ကျတော့ လတိုင်းလိုလို ဇာတ်သံ၊ ဗုံသံတွေက ကြားနေရတယ်။

ကျနော်က ဇာတ်သံ၊ ဗုံသံ မပြောနဲ့ ဇာတ်စင်မြင်နေရင်တောင် ပျော်နေတာ။ ထမင်းစားမဝင်တော့ဘူး။ အားအားရှိ ဇာတ်စင်ကို ပြေးပြေးကြည့် ပြီး ဒီနှစ်ကမယ့် ဇာတ်အဖွဲ့ပိုစတာကို အလွတ်ရမတတ် သွားဖတ်ရတာ အမော။ ပြန်လာရင် အငယ်နှစ်ယောက်ကို ဇာတ်စင်ဆောက်တာ ဘယ်လောက်ထိ ပြီးသွားပြီ ၊ ဒီနှစ် ဘယ်လူရွှင်တော်က ဘယ်သူ ၊ပြဇာတ်မင်းသားက ဘယ်သူ ဆိုပြီး ပြန်ပြောရတာ နဲ့ကျနော့် တစ်ယောက်တည်း အလုပ်ကို ရှုပ်လို့။ အချိန်တန်လို့ ဇာတ်ကတဲ့ အဖွဲ့ပါတဲ့ ကားကြီး ဝင်လာပြီးဆိုရင် သူတို့ ပစ္စည်းတင်ချ တာကို တမော့ တမော သွားငေးတတ်တာပဲ။ ပြီးရင် ပိုစတာမှာ မြင်ထားတဲ့ ဓာတ်ပုံထဲကလူတွေနဲ့ အပြင်မှာ ရှိတဲ့လူတွေကို ဘယ်သူက မင်းသား၊ ဘယ်သူက မင်းသမီး ဆိုပြီး လိုက်ရှာ ရတာအမော။

ဖေဖေကဆို မေမေ့ကို ပြောလေ့ရှိတယ်။”ညီမသားကို ဒီလိုပဲ လွှတ်ထား။တော်ကြာ ဇာတ်နောက်ပါသွားမယ်တဲ့” ။ ဖေဖေပြောလဲ ပြောစရာပါ။ ဖိုးစိန်တို့ မဟုတ်တဲ့နေရာမှာ ဆို မှတ်ဥာဏ်က ဘာကောင်းသလဲ မမေးနဲ့။ ပွဲတည ကြည့်ပြီးရင် နောက်နေ့ လူပျက်တွေ ပေါက်ကရပြောတာ၊ မင်းသား ဘယ်လိုပြောပြီး မူးတာ၊ မင်းသမီးဘယ်လို ပါးရိုက်လိုက်တာက အစ တလုံးမကျန်ပြန်ပြောနိုင်တာ။ (စာကိုသာ အဲလို မှတ်မိနေရင် ခုလောက်ဆို ဆရာဝန်ချီးတို့ အင်ချင်နီယာချီးတို့ ဖြစ်နေလောက်ပါတယ်)။ ဇာတ်ပွဲကြည့်ရင်လဲ ညလုံးပေါက် မိုးစင်စင်လင်းတဲ့အထိ ကြည့်တာပဲ။တခါတလေ ကိုယ့်ဘေးနားမှာ အဖွားကြီးတွေ တစ်ယောက်စ နှစ်ယောက်စ ပဲ ကျန်တာလဲ ကျနော်ကတော့ အပြုံးမပျက် ဆက်ကြည့်တာပဲ။ အဲလို ဆိုရင် နောက်နေ့တွေမှာ လူပျက်တွေက ကျနော့်ကို အပျော်သဘောနဲ့ ပျက်လေ့ရှိတယ်။” တို့ပွဲကို ငှားတဲ့ ရပ်ကွက်လူကြီးက သူငှားထားတာ တန်အောင်လို့ သူ့သားကိုတောင် မိုးလင်းထိ အစောင့်ချ ကြည့်ခိုင်းတယ်။” လို့ ပျက်ရင် တဝါးဝါးနဲ့ ပွဲကျ။ အဲဒီတုန်းက ရှက်ရကောင်းမှန်းလဲ မသိဘူး။ သူတို့ ပျက်တာကို တဟားဟားနဲ့ ရယ်လို့ မောလို့။ ရက်ဆက်လို့ အိပ်ငိုက်တယ်မထင်နဲ့။ တခါတခါ ကြည့်ပြီးသား ဇာတ်ကိုတောင် အားပါးတရ ကြည့်တာပဲ။ ငယ်ငယ်တုန်းက ရုပ်ရှင်ထက် မျက်မြင်ကိုယ်တွေ့ မြင်ရ၊တွေ့ရတဲ့ ဇာတ်ပွဲကို ပိုသဘောကျတယ်။

ဇာတ်ပွဲစရင် အပျိုတော်နတ်ယိမ်းနဲ့စထွက်ပြီး ရှေးဟောင်သံစဉ် သီချင်း၊ ပြီးရင် ခေတ်ပေါ်တေးဂီတတွေကို မင်းသား၊ မင်းသမီးတွေက အလှည့်ကျဆိုတယ်။ ပြီးရင် ကျနော်ကြိုက်တဲ့ အငြိမ့်ကဏ္ဍ လာပြီ။ အငြိမ့်ပြီးရင် အော်ပရာဆိုတဲ့ ရှေးဇာတ်ထုပ်အတိုလေးတွေ။(ပုံဂံခေတ် အခြေခံ) ဇာတ်လမ်းတိုတွေပါ။ ပြီးရင် ပြဇာတ်ရှည်။ နောက်နှစ်ပါးသွား။ နောက်ဆုံးက နောက်ပိုင်းလို့ ခေါ်တဲ့ ငိုချင်း၊ ညည်းချင်း(၃၇) မင်းနတ် ဇာတ်ထုပ်တွေ ကတယ်။ ကျနော်က အငြိမ့်ရယ်၊ အော်ပရာရယ်၊ နောက်ပိုင်းရယ်ကိုကြိုက်တယ်။ အငြိမ့်က ရယ်ရတယ်။ အော်ပရာနဲ့ နောက်ပိုင်းက ကိုယ်မသိတဲ့ နတ်ဇာတ်ထုပ်တွေ ရာဇဝင်တွေကို သိရလို့ သဘောကျတယ်။ ပြဇာတ်မကြိုက်ဘူးလား ဆိုတော့ အလွတ်မပေးပါဘူး။ ကြည့်ပါတယ်။

အခုတော့ မသိဘူး။ ငယ်ငယ်တုန်းကဆို ဇာတ်ပွဲမှာ နာမည်ကြီးတဲ့ နှစ်ပါးသွား မင်းသားတွေက အုန်းညွန်စိန်၊ အုန်းလက်စိန်၊ ပုဂံပြားစိန် တို့ပေါ့။ ကျနော့်နာမည် စိန်ပါတာကိုတောင် ကျနော်က ဂုဏ်ယူနေတာ။ သူတို့လိုတော့ မင်းသားဖြစ်မလာပါဘူး။ မျောက်ရှုံးအောင် သောင်းကျန်းတဲ့ မျောက်မူးလဲစိန်ပဲ ဖြစ်လာတာပါ။ ပြဇာတ်မင်းသားဆိုရင် ဒို့တင်ငှေး ကို တော်တော်ကြိုက်တယ်။ ကောလိပ်ဂျင်နေဝင်းနဲ့တူတယ်။ ကောင်မလေးနဲ့ အသည်းကွဲလို့ အရက်မူးပြီး လွမ်းတဲ့အခန်းဆို ခုထိ မှတ်မိနေတုန်း။ “နှလုံးသား အိမ်မှာ ပူတယ်…… အခါးဆုံးအရက်ကို မိတ်ဆွေ လုပ်မယ် … ချိုပါတယ်..ဒါဟာ ကိုယ့်အတွက် သိပ်ချိုတယ်” ဆိုတဲ့ သီချင်းကို သူဆိုပြီးမူးတာ… “အရည်တွေ ပျော်ကုန်ပြီး.. ဦးနှောက်အပိုင်းအစတွေ…(မှတ်မိတော့ဘူး)” အဲဒီသီချင်းဆိုပြီး အသည်းကွဲတာတွေကို ခုထိ မြင်ယောင်နေတုန်း။( ဖိုးစိန် လုပ်ပြဆိုရင် ဘီယာလေး အရက်လေးဝယ်ခဲ့မှ ကောင်းမယ်။ အဲဒါမှ ဒို့တင်ဌေးလို မူးပြီးလွမ်းပြလို့ ကောင်းမှာ။ ) ဒို့တင်ဌေးကတော့ အရက်သမားဘဝနဲ့ အသည်းကျွမ်းပြီး သေသွားတာပဲ။ သူသေပြီးနောက်ပိုင်းလဲ ဇာတ်မကြည့်ဖြစ်တော့ဘူး။ မင်းသမီးထဲမှာတော့ နှင်းဆီလို့ ခေါ်တဲ့ ဆံပင်ရှည်ရှည် အသားညိုညိုနဲ့ မင်းသမီး၊ ပြီးတော့ မင်းသားလုပ်တဲ့ ချစ်ဖွယ်ရဲ့မိန်းမ အေးအေးမူကို ကြိုက်တယ်။ သရုပ်ဆောင် အရမ်းကောင်းတယ်။ ငိုတာ၊ ရယ်တာ၊ အရမ်းတော်တယ်။ သူတို့ကတဲ့ ဇာတ်တွေကလဲ ငှားရတာပဲ။ ဒီဘက်လမ်းမှာ ကပြီးလို့ ဟိုဘက် လမ်းမှာသွား ကလဲ လူက စည်တာပဲ။(ကျနော်က အထက်မြန်မာပြည်က ရွှေမန်းတင်မောင်တို့၊ မိုးဝင်း၊ချမ်းသာတို့ လိုဇာတ်ပွဲတွေကို ကြည့်ခွင့်မကြုံခဲ့ပါဘူး) အောက်ပြည်မှာ နာမည်ကြီးတဲ့ ဇာတ်တွေကိုတော့ အကုန်သိတယ်။

ဇာတ်ထဲမှာ ကျနော့်ရဲ့ အသည်းကျော်တွေက လူရွင်တော်တွေပါပဲ။ ရပ်ကွက်ထဲမှာ ဇာတ်တဖွဲ့ကို ကြိုက်လို့ နောက်ရက်တွေ ဆက်ငှားမယ် ဆိုရင် အဲဒီရပ်ကွက်က အိမ်ရှင်တွေက ဇာတ်အဖွဲ့ကို ထမင်းဖိတ်ကျွေးတယ်။ ဖေဖေက ရပ်ကွက်လူကြီးဆိုတော့ သူ့အစား ကျနော့်တို့ ကြီးငယ်ကို ကျွေးခိုင်းတယ်။ ကျနော်က မင်းသားလဲ မခေါ်ဘူး။ မင်းသမီးလဲ မခေါ်ဘူး။ လူရွှင်တော်တွေကိုပဲ ခေါ်တယ်။ သူတို့က ထမင်းလာစားရင်လဲ အပြောင်အပျက်ပြောတာပဲ။ အဲဒါကို ကျနော်က သဘောကျနေတာ။ အခု ရုပ်ရှင်တွေ ဝင်ရိုက်နေတဲ့ ဝက်မ ဆိုတာ ကျနော်ငယ်ငယ်တုန်းက အသည်းကျော်တွေပါပဲ။ ဝက်မ၊ ခွေးမ၊ စံပု၊ ချစ်လုံး စတဲ့ လူရွှင်တော် တွေရဲ့ ပျက်လုံးတွေကို အလွတ်ရနေတတ်တယ်။ သူတို့ ပျက်တာတွေက တကယ်ရယ်ရတယ်။ တခါတလေ အောက်ပိုင်းစကားလုံးတွေ ပါပေမယ့် ကြိုက်ပါတယ်။ တကယ်လက်တွေ့ သူတို့ရဲ့ အပြင်ဘဝက မရယ်ရပါဘူး။ ပိုက်ဆံမလောက်လို့ ညဘက်ပွဲက နေ့ဘက်ကူလီထမ်းတဲ့ လူရွှင်တော်တွေ အများကြီးပါ။ သူတို့ကို သနားတာရော ၊ သူတို့ ပျက်လုံးတွေ ရယ်ရတာရော ကြောင့် သူတို့ကိုကြိုက်ပါတယ်။

အခုခေတ် မှိုလိုပေါတဲ့ မြန်မာရုပ်ရှင်ဇာတ်လမ်းတွေကို ကြည့်ပါ။ အော်နေ၊ ဟစ်နေပြီး ကလိထိုးရယ်နေရတာများပါတယ်။ အနှစ်သာရ မရှိဘူး။ ဇာတ်လမ်း၊ဇာတ်ကွက်တွေ မရှိဘူး။ အရင့်အရင် မဖွံ့ဖြိုးသေးတဲ့ခေတ်က ရုပ်ရှင်ပိတ်ကားတွေပေါ်မှာ သရုပ်ဆောင်တဲ့ မင်းသားကြီး၊ မင်းသမီးကြီးတွေနဲ့ မယှဉ်နဲ့ဦး။ မြေဝိုင်းပေါ်မှာ စင်ထိုးပြီး ဗလာကျင်း ကပြခဲ့တဲ့ ပြဇာတ်ကနေတဲ့ ပြဇာတ်မင်းသား မင်းသမီးတွေ၊ လူပျက်တွေလောက်တောင် မကောင်းတော့တာ အမှန်ပဲ။ ခုခတ် မြန်မာဗီဒီယို ကိုကြည့်လိုက်ရင် အော်ဟစ်နေပြီး ကလိထိုးရယ်နေရတာများပါတယ်။

အဲလိုဆိုရင် စိတ်ပျက်ပြီး ကိုယ့်အရပ်၊ ကိုယ့်ဒေသက မြေဝိုင်းထဲမှာ ဗလာကပြတဲ့ ပြဇာတ်တို့ အော်ပရာ၊နှစ်ပါးသွားတွေ နတ်ဇာတ်ထုပ်တွေကိုသာ ပြေးကြည့်ချင်စိတ်တွေ များလာပါတယ်။ အဲဒီအချိန်တုန်းက ပွဲကြည့်ရတာကို ပျော်သလို အဲဒီလို ကြည့်ရတဲ့ အရသာကိုလဲ ကြိုက်ပါတယ်။

ဇာတ်ပွဲပြီးလို့ သူတို့တွေ ပစ္စည်းသိမ်းပြီး ပြန်သွားတဲ့ အခါကျရင် သူတို့ကခဲ့တဲ့ ဇာတ်စင်ကို ကြည့်ပြီး ရင်ထဲမှာ ဟာတာတာနဲ့ နောင်နှစ်သီတင်းကျွတ်ဖို့ကိုသာ ဆုတောင်းနေမိတာ အမှန်ပါပဲ။

အခုချိန်မှာ အဲလို ဇာတ်စင်ရှေ့ထိုင်ပြီး စိတ်လွတ်ကိုယ်လွတ် အားရပါးရ ရယ်ချင်နေတာ….။


အပေါ်က ပိုစတာက ကျနော် စကာင်္ပူ မလာခင် မင်းသားချောလေး ကိုကိုဆောင်းက ဒီဇိုင်းလုပ် ပိုစတာထုတ်ပြီး ကျနော့်ကို ကြိုဆိုထားတာပါ။ ပိုစ့်နဲ့ကိုက်လို့ အမှတ်တရ ပြန်တင်ပါတယ်။
ပွဲကြိုက်သူ



ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

12 comments:

khin oo may said...

ဓါတ်ပုံအသစ်လဲပါ။

khin oo may said...

နှလုံးသား အိမ်မှာ ပူတယ်…… အခါးဆုံးအရက်ကို မိတ်ဆွေ လုပ်မယ် … ချိုပါတယ်..ဒါဟာ ကိုယ့်အတွက် သိပ်ချိုတယ

Anonymous said...

ကြီးမေ ယောက်ခမအိမ်မှာနေမယ် နွားသုံးကောင်မွေးမယ် အကြီးဆုံးနွားမကို နို့ညစ်သောက်မယ် ချိုပါတယ် ဒါဟာ တမာ့အတွက် သိပ်ချိုတယ်းP

သံလွင် HeRo said...

ဇာတ်နာမည်ပေးလိုက်မယ်....

အောင်တိုင်းကျော်

မေဇင် said...

အင်း...း) မြင်ယောင်သွားတယ်။ နောင့် လဲ ပွဲကြိုက်တာပဲ..ဒါပေမယ့် ... စတိတ်ရှိုး နဲ့ အော်ပရာ ကို ပိုကြိုက်ခဲ့တာ ထင်တယ်။ အငြိမ့်ဆိုရင်တော့..မင်းသမီး ကရင် အိပ်နေပြီး လူရွှင်တော်ပြတ် မှ ထကြည့်တား)

မိုးခါး said...

ဟုတ်တယ်နော်
လူရွှင်တော်တွေအဖြစ်က ဇာတ်စင်ပေါ်မှာ ပရိတ်သတ်ကိုသာ ရယ်အောင်လုပ်နေရတာ .. အဲဒါတွေကြားရင် မြင်ရင် သိရင် စိတ်ထဲမကောင်းဘူး .. ညီမတော့ တခါမှ မကြည့်ဘူးဘူး .. ခွေငှားကြည့်ရင်တောင် မင်းသမီးကတာ ရစ်ကြည့်တာ .. :P

စန္ဒကူး said...

မကြာခင် တစ်ကယ်ကတော့မယ့်ကိန်းရှိတယ်..
အစပြန်ဖော်နေပီဆိုတော့..
လက်မှတ်စရောင်းရင်လက်တို့လိုက်နော်

သိင်္ဂါကျော် said...

ဇာတ်တော့ မကြိုက်ဘူး.. ဒါပေမယ့် ကိုယ့်အပေါင်းအသင်း ထဲက ကမယ်ဆိုတော့ အားပေးရမှာပေါ့.. :)

ဇွန်မိုးစက် said...

ဖိုးစိန် ပွဲကြိုက်မယ်ဆိုတာ စိတ်ထဲမှာ အလိုလိုကိုသိနေတာ။ (အလဲ့)

ခုရော အဲလိုမြေ၀ိုင်းဇာတ်တွေ အရင်ကလို ကြည့်ကောင်းနေဆဲပဲလား။ ရှိတော့ ရှိဦးမှာပေါ့နော်။

မြန်မာဗွီဒီယိုဟာသကားတွေ အစ်မလည်း မကြိုက်ဘူး။ တမင်မရယ်ရယ်ရအောင် လုပ်နေတာ သိသာလို့။

တလနွန် said...

သီတင်းကျွတ်ခါနီးပြီး...ပွဲဝင်တော့မည်...ဖျာအလုအယက်သွားခင်းကြပါစို့  :)

JulyDream said...

အဲဒီပိုစတာကို ပရင့်ထုတ်ပြီး Cityhall မှာ သွားကပ်ထားရမယ်။

ကိုကိုးအိမ် said...

အင်း ကိုဖိုးစိန်ကဗျာ အပေါ်ကပုံကိုကြည့်ပြီး တကယ်ဇာတ်မင်းသားမှတ်နေတာ မက်မက်ကလည်း တကယ်ပြဇာတ်ကမှာလားပေါ့။ အင်းမက်မက် ကရင်တော့ တော်တော်ကြည့်ကောင်းမယ်နော်။ အင်း. ကြားရင် အော်ဦးမယ်.အဟီး.. ပြဲကြိုက်မောင် အဲ ဟုတ်ပေါင် ပွဲကြိုက်မောင်ကြီး ရေ ကိုးကတော့ ပွဲကြိုက်တယ် ဒါပေမယ့် အိပ်ရေးပျက်မခံနိုင်လို့ ဇာတ်ခွေပဲငှားကြည့်တယ် အဟိ ပွဲကြည့်ရင်နောက်နေ့ကျ ငိုချင်တာလိုလို ရယ်ချင်တာလိုလိုနဲ့ ပွဲကိုက်တတ်လွန်းလို့