Monday, 13 September 2010

ထပ်မရှိတော့လို့

မနိုးမဖြစ်လို့ ထလိုက်ရတဲ့ မနက်ခင်းများစွာ

တစ်စက္ကန့်….နှစ်စက္ကန့်….သုံးစက္ကန့်….

ဒီလိုနဲ့ပဲ

စက္ကန့်တွေကိုပဲ ရင်ခုန်သံနဲ့ အမျှ ရေတွက်နေရတယ်။

ဇန်န၀ါရီ….ဖေဖော်ဝါရီ…….နိုဝင်ဘာများ

ဖြတ်သန်းခဲ့တာ အကြိမ်ပေါင်း မနည်းတော့...။

ဘ၀ဆိုတာ နှစ်လမ်းမောင်း မှ မဟုတ်ပဲ။

တလမ်းမောင်းမှာမှ လမ်းခွဲများစွာ....။

အူထူနေတဲ့ မီးခိုးတွေကြား

ဒီလိုပါပဲ...

မနက်နိုးတိုင်းအသက်ရှုလို့ရနေသေးတယ် ။

အဖေနဲ့အမေကို ကျေးဇူးတင် ရမှာပဲ။

မနက်ဖြန်အတွက် ဘာကိုမှန်းမသိပူပန်နေရင်း

တစ်ရက်ပြီးတစ်ရက်သာမိုးချုပ်သွားနေလေတော့

တခါတရံ

ဆေးလိပ်မီးခိုးကြားက မျက်ဝန်းတွေကို သတိရမိတယ်။

တနေ့ထက်တနေ့တော့

မနာလိုမှုတွေ တဖွားဖွားကျ

အတ္တပြေးလမ်းပေါ်မှာ တကိုယ်တည်းပြေး

တယောက်တည်း ပထမဆု ယူနေသူ ကို သနားမိတယ်။

အုန်းမှုတ်ခွက် နှုတ်ခမ်းပေါ် ထိုင်ပြီး

ခွက်ထဲမဝင်ချင် ရေထဲလဲ မကျချင်တဲ့ သူလို

အားနည်းချက် စိုးရိမ်မှုတွေနဲ့

တပါးသူအပေါ် သကာင်္မကင်း စိုးရိမ်နေသူတွေကို

ဂရုဏာ သက်မိတယ်။

ဘာဖြစ်ဖြစ်....


ယှဉ်ပြိုင်မှုတွေကတော့ ပြင်းထန်တယ်

အတိတ်ကပစ္စုပ္ပန်ကိုယှဉ်ပြိုင်တယ်

ပစ္စုပ္ပန်ကအတိတ်ကိုယှဉ်ပြိုင်တယ်

ဘာတစ်ခုမှချိန်ခွင်ညီမမျှသေးဘူး။

အဖြေထွက်ဖို့မသေချာတဲ့ ပုစ္ဆာ တပုဒ်ကို

ထိုင်တွက်ရင်း

ကျနော်တို့ အားလုံးက..

တိမ်တွေ ခရီးထွက်နေတာ လိုက်မကြည့်နိုင်သေးတဲ့

ရုပ်သေးတွေ ဆိုတာကို ကျေညက်နားလည်သင့်တယ်။

တခုတော့ ရှိတယ်

ကွဲအက်နေတဲ့ အရိုးခေါင်းကို

ဦးနှောက်လာ မစားနဲ့။

သေချာချင်ရင်

ငါ့နာမည်ထိုးပြီးသား

မှတ်တိုင်နဲ့သာ

ခပ်နက်နက် ထိုးစိုက်လိုက်ပါ။

ငါ...... လဲ ခြေကုန် လက် ပန်း ကျ နေ ရော ပေါ့....။













ချစ်ခင်လေးစားစွာဖြင့်


ဖိုးစိန်

5 comments:

မောင်မျိုး said...

ဒီတစ်ခါ စကားလုံးတွေက ထိ လှ ချည်လား အစ်ကိုရ ခံစားချက်တွေ ပြင်းလို့ထင်ပါ့ ထပ်မရှိတော့လို့ပဲ ထပ်များ ရှိရင်တော့....

သိင်္ဂါကျော် said...

"မနက်ဖြန်အတွက် ဘာကိုမှန်းမသိပူပန်နေရင်း
တစ်ရက်ပြီးတစ်ရက်သာမိုးချုပ်သွားနေလေတော့"

တကယ်ပါပဲ..အတိတ်ကိုလည်း မယှဉ်ပြိုင်ချင်ဘူး.. ပစ္စုပ္ပန်ကိုလည်း မယှဉ်ပြိုင်ချင်ဘူး..

နေ့အိပ်မက် said...

ဟုတ်ပါ့ အရိုးခေါင်းကို သွားခေါင်းစားနေလို့ ဘာလုပ်ရမှာလဲ... ဒီကဗျာတော်တော်မိုက်တယ်...

ရေတမာ said...

ဟုတ်တယ် အဖေနဲ့အမေကို ကျေးဇူးတင်တယ်
ဟုတ်တယ် တခါတခါ အဲဒီမျက်ဝန်းတွေကို သတိရတယ်
ဟုတ်တယ် သူတို့ကို သနားတယ်။ ဂရုဏာသက်တယ်
ဟုတ်တယ် ကျနော်တို့က တိမ်တွေ ခရီးထွက်နေတာ လိုက်မကြည့်နိုင်သေးတဲ့ ရုပ်သေးတွေ။

တခုတော့ရှိတယ် စာလုံးပေါင်းရော နာမည်ရော မမှားစေနဲ့လို့

Mogok Thar said...

တနေ့ထက်တနေ့တော့

မနာလိုမှုတွေ တဖွားဖွားကျ

အတ္တပြေးလမ်းပေါ်မှာ တကိုယ်တည်းပြေး

တယောက်တည်း ပထမဆု ယူနေသူ ကို သနားမိတယ်။

အုန်းမှုတ်ခွက် နှုတ်ခမ်းပေါ် ထိုင်ပြီး

ခွက်ထဲမဝင်ချင် ရေထဲလဲ မကျချင်တဲ့ သူလို

အားနည်းချက် စိုးရိမ်မှုတွေနဲ့

တပါးသူအပေါ် သကာင်္မကင်း စိုးရိမ်နေသူတွေကို

ဂရုဏာ သက်မိတယ်။