ဓာတ်တိုင်ရဲ့ အဖေ



ခုနှစ်နှစ်တာ ခွဲနေရတဲ့ ကျနော့် အဖေကို ပြန်တွေ့ရတဲ့ အချိန် ကျနော့် အတွက်တော့ မနေ့ တနေ့က အတိုင်းပဲ။ အဖေက သိပ်ပြီး မပြောင်းလဲပါဘူး။ မဲ နေတဲ့ အသားလေး ပိုမဲသွားတာရယ်။ ဗိုက်လေးပိုရွှဲလာတာရယ် ကလွဲပြီး အရင်လို သန်မာတုန်းပါပဲ။ အဖေနဲ့ ကျနော်က အင်္ဂါနဲ့ စနေဆိုတဲ့ အတိုင်းပဲ။ တွေ့ တုန်း ခဏတော့ လုံးထွေး ချစ်ကြပေမယ့် နာရီဝက်မကြာဘူး စကားနိုင်လု ရန်ဖြစ် စိတ်ကောက်ကြတယ်။ ဒါလဲ မပြောင်းလဲ ပါဘူး။ စိတ်ကောက်တယ် ပြောတဲ့နေရာမှာ ကျနော် ကပဲ အရင်ဦးအောင် ကောက်တာပါ။ စကားနိုင်လုရင်လဲ ကျနော်ကပဲ အရင် အော်ဟစ် ဆူပူပြီး ဒေါသထွက်လိုက်တာပဲ။ အဖေကသာ မျက်လုံးလေး ကလယ် ကလယ်နဲ့ အဲ…အဖေလဲ ဘာမှမပြောရသေးဘူး.. ဆိုပြီး မျက်နှာငယ်လေးနဲ့ ကျန်တတ်တာပါ။ အဖေပဲ ဒီလောက်တော့ သားသမီးအပေါ် နားလည်ပေးရမှာပေါ့လို့ ကျနော်က အဖေဘက်ကနေ အမြဲ ဖြည့်တွေးပေးပါတယ်။


တကယ်တမ်းကျ ကျနော် မြန်မာပြန် ပြန်သွားတဲ့ အချိန် အပျော်ဆုံးလူကို မေးပါဆိုရင် ကျနော့် အဖေထိပ်ဆုံးက ပါမယ်လို့ ယုံကြည်ပါတယ်။ အဖေက အမေထက် ပိုလွမ်းတတ်ပါတယ်။ ကျနော် ဆိုက်ပရပ်စ်မှာ နေတဲ့ အချိန်ကတည်းက အဖေက အမေမသိအောင် ကျနော့်ကို ဖုန်းလှမ်းလှမ်းခိုးဆက်ပါတယ်။ ခိုးဆက်တယ် ဆိုတာက အမေ သိအောင် ဆက်တဲ့ အချိန်အပြင် ကျနော့်ကို ဘီယာဆိုင်ကနေ ခဏခဏဆက်လို့ပါပဲ။ ခုစကာၤပူမှာ နေတော့လဲ အဖေကပဲ ဆက်တာပါ။ အမေသိအောင် အမေနဲ့ တူတူ ခေါ်သလို အမေမသိအောင်လဲ ခေါ်ပါတယ်။


ကျနော့်ကိုလာကြိုတဲ့ မနက်ကဆို အဖေမျက်နှာပြုံးပျော်နေတာ တားဆီးလို့ မရပေါ့။ ကျနော် ပြန်သွားတော့ အဖေ့အတွက် အဖေကြိုက်တတ်တဲ့ ခေါင်းလိမ်းဆီ၊ ဆံပင်ပျော့ဆေးနဲ့ အကျီၤတွေဝယ်သွားပါတယ်။ အိမ်ရောက်ရောက် ချင်း အကျီ ၤတွေကို အဖေ့အတွက် ထုတ်ပေးခဲ့ပါတယ်။ အဖေလဲ အားရဝမ်းသာ အကုန်သယ်ပြီး အဖေ့ အခန်းထဲဝင်သွားပါတယ်။ ကျနော်လဲ ခွဲတမ်းတွေ ခွဲပြီးတော့ အပြင်သွားမယ် ဆိုပြီး ရေချိုး ပါတယ်။ စနေ အင်္ဂါ ဇာတ်လမ်းကဒီမှာ စပါတယ်။ ကျနော် ရေချိုးပြီး ပြန်ထွက်လာတော့ အဖေက ကျနော့် အခန်းထဲမှာ ကျနော့် အကျီ ၤအသစ် ဆိုဒ် အသေးကို မရမက စွတ်ထားတာ ရင်သား ရော ဗိုက်သားပါ အထုတ်လိုက် အထည်လိုက် အစ်ထုတ်ထွက်နေတာ အတိုင်းသား မြင်ရတော့ ကြည့်ရတာ တော်တော် ရုပ်ဆိုးပါတယ်။ ပြီးတော့ အကျီ ၤအသစ်က ကျနော် နောက်ထပ် ဝတ်လို့ မရအောင် လုံး၀ ကျယ်သွားပါပြီး။ ပြီးတော့ ကျနော့် မျက်မှန် ကို ယူတတ်ထားတာ သူ့ မျက်နှာ အကြီးကြီးနဲ့ မဆံ့ ပဲ မျက်မှန်ကိုင်းက ကျယ်ထွက်သွားပါတယ်။ အဖေ့ကတော့ သူ့ကိုယ်သူ ငယ်သွားတယ် ထင်တာပေါ့။ ကျနော့် မျက်စိထဲမှာတော့ ရယ်ချင်စရာ ကောင်းလောက်အောင်ကို ကြည့်ရရုပ်ဆိုးပါတယ်။ ကျနော်ကမြင်တော့ အော်ဟစ် သောင်းကျန်းပြီး အတင်းချွတ်ခိုင်း ရတယ်။ အဲဒီအခါကျတော့ မျက်လုံး လေးကလည်ကလည်နဲ့ အကျီတွေ မျက်မှန်တွေ ပြန်ချွတ်သွားပါတယ်။ ဒါတောင် ကျနော် ပတ်တဲ့ နာရီကို ကျနော် မသိအောင် ယူပြီး တရက် ပတ်လိုက်သေးတယ်။ အဖေ့အတွက် က ဝယ်ပေးပြီးသား။ ဒါပေမယ့် ကျနော့်ဘာသုံးသုံး အဖေသဘော ကျတတ်တာ ငယ်ငယ်ကတည်းကပါပဲ။


နောက်နေ့ မနက် အဖေ့ အခန်းထဲ ဝင်တော့ အဖေက ခေါင်းဖြီးပြီး ဆံပင်ထောင်နေတာ တွေ့တော့ ကျနော် သဘောတကျနဲ့ အဖေ့နားသွားပါတယ်။ အဖေ့နားရောက်တော့ စိတ်ထဲက မယုံသကာၤ ဖြစ်လာတာနဲ့ အဖေ့ခေါင်းကို ယူနမ်းမိပါတယ်။ အဖေ့ခေါင်းမှာ ကျနော်သုံးနေကျ မျက်နှာသစ်ဆေးအနံ့ ရတော့ မယုံသကာၤ ဖြစ်တာနဲ့ အဖေ့ကို ဘာလိမ်းထားလဲ မေးတော့ အဖေက ပြုံးစိစိနဲ့ သား ခေါင်းလိမ်းဂျယ်လ် တွေ ယူလိမ်းတာပါ ဆိုပြီး သူလိမ်းတဲ့ဗူးကို ပြတာ ကျနော့် မျက်နှာသစ်ဆေးပါ။ ကျနော်လဲ နောက်ထပ်တခါ အော်ဟစ်ပြီး ခေါင်းလျှော်ခိုင်းရပါတယ်။ ပထမနေ့က ကျနော် လိမ်းတဲ့ ဂျယ်လ် ထင်ပြီး ကျနော့် အခန်းထဲဝင် မှားယူသွားတာ။ ကျနော်အော်တော့လဲ အဖေက မျက်နှာငယ်လေးနဲ့ သူမဟုတ်တဲ့ အတိုင်းပါပဲ။ အဖေက အသစ်အဆန်းမြင်တိုင်း ဟုတ်ဟုတ်မဟုတ်ဟုတ် စမ်းသပ်သုံးချင်တဲ့ အကျင့်ရှိပါတယ်။


အမေကိုပြောတော့ အမေကလဲ ကျနော် ကိုပြန်တိုင်တယ်။ အမေရန်ကုန်သွားတုန်းက အသားရည် မခြောက်သွေ့တဲ့ ခရမ်ခ်တွေကို ဈေးကြီးပေးဝယ်လာပါတယ်။ ဈေးကြီးတော့ အမေ့ ခမျာ ချွေတာပြီး နည်းနည်း ဆီလိမ်းပါတယ်တဲ့။ တနေ့ အဖေကတွေ့တော့ အမေ့ကို အဲဒါဘာကြီးလဲ။ ဘယ်လောက်လဲ မေးပါတယ်တဲ့။ အမေကလဲ အသားရည် လှတဲ့ဆီပါ။ တဗူးမှတစ်ထောင်ပါလို့ လွယ်လွယ်ပဲ ပြောလိုက်ပါတယ်။ နောက်တနေ့ အမေပြန်လာတော့ အဖေက အခန်းထဲမှာ အမေ့ရဲ့ အသားရည်လှတဲ့ ခရမ်ခ်တွေကို သူ့ ခြေသလုံးမွှေးထူထူနဲ့ ခြေသလုံးကို တဗူးလုံးကုန်အောင် လိမ်းထားတော့ အမေ့မှာ ငါးမိနစ်လောက် အသက်ရှူ ရပ်သွားတယ် ဆိုပါတယ်။ အမေတားတဲ့အချိန်မှာ ဗူးမှာ ဘာမှ မကျန်တော့ပါဘူး။ အဖေက အမွှေးထူထူ ခြေသလုံး နှစ်ဖက်လုံးကို ပယ်ပယ် နယ်နယ် လိမ်းထားပြီးပါပြီး။ အမေအော်တော့မှ ပြုံးစိစိနဲ့ အဖေက ခြေသလုံးတွေ မဲနေလို့ လိမ်းတာပါတဲ့။ အမေ့ခမျာ ဈေးကြီးပေး ဝယ်ထားရတဲ့ ခရင်မ် တွေ ကုန်သွားလို့ ထမင်းနှစ်ပတ်လောက် မစားနိုင် ဖြစ်ခဲ့တယ်ဆိုတော့ ကျနော့် မျက်နှာသစ်ဆေး လိမ်းတာလောက် မဆိုးသေးဘူးလို့ပဲ တွက်လိုက်ပါတယ်။


ညရောက်တော့လဲ ကျနော့် အိပ်တဲ့ နေရာနားမှာ ခေါင်းအုံးလေးပိုက်ပြီး တဝဲလည်လည်ပါ။ အဖေက ကျနော်နဲ့ အိပ်ချင်ပါတယ်။ ဒါပေမယ့် ကျနော်က အဖေဟောက်တာ မခံနိုင်တာရယ်၊ အဖေက ညအိပ်ရင် အသက်ရှူ မဝအောင် ဖက်အိပ်တတ်တော့ ကျနော်က အဖေလာအိပ်ချင်တာကို မသိချင်ယောင် ဆောင်ပြီး နေပါတယ်။ ကျနော် အိပ်ပျော်မှ ယောင်လည်လည်နဲ့ အဖေ လာအိပ်ပါတယ်။ အဖေ့ဟောက်သံကြောင့် ကျနော်လန့်နိုးတော့ အဖေ့ကို နှိုးပြီး မောင်းထုတ်ပါတယ်။ အဖေ့မှာ အိပ်ချင်မူးတူးနဲ့ ခေါင်းအုံးပိုက်ပြီး အမေ့အခန်းထဲပြန်သွားပါတယ်။ မနက်ကျရင် အဖေ့အကြောင်းပြချက်က မင်းအမေ အီးဗုံးကို မခံနိုင်လို့တဲ့။ ကျနော်မလာခင်ကတော့ အမေ့အီးဗုံးကြားမှာ ပျော်မွေ့နေပြီး ကျနော်ခဏပြန်လာမှ အမေ့ အီးဗုံးကို မခံနိုင်ဘူး ပြောတဲ့ အဖေ့ကို အမေကလဲ တော်တော် ပေါက်ကွဲပြီး မကျေနပ်ချက်နဲ့ ညညတိုင်း ဗုံးထုတော့တာပါပဲ။


ကျနော်ပြန်တဲ့ ညတွေတိုင်း အဖေနဲ့ ဘီယာသောက်ဖြစ်ပါတယ်။ အဖေက ကျနော်နဲ့ ဘီယာသောက်ရတဲ့ အချိန်ကို ပျော်ပါတယ်။ အရင်ကဆို သားအဖနှစ်ယောက် တူတူသောက်ပြီး စကားနိုင်လု ပြီး စိတ်ဆိုး စိတ်ကောက်ကြပါတယ်။ ကျနော် မနိုင်တဲ့ အခါကျရင် အဖေ့ကို ကျနော်စကားမပြောတော့ပါဘူး။ အဲဒီအခါကျ အဖေက မနေနိုင်ပဲ အရှူံးပေးပါတယ်။ အခုတခေါက်သောက် ဖြစ်တော့လဲ အဖေက အရင်က စကားများ စိတ်ကောက်တာကို အမှတ်တရပြောပါတယ်။ အများဆုံး ပြောဖြစ်တာက ကျနော့်ကို မိန်းမယူခိုင်းတာပဲ။ ညတိုင်းလိုလို မိန်းမယူဖို့ နဲ့ မြေးချီချင်ကြောင်း ပြောပါတယ်။ အရင်ထားခဲ့တဲ့ ရည်းစားဆီတွေလဲ အဖေကိုယ်တိုင် ဖုန်းခေါ်ပေးပါတယ်။ အဖေက ကျနော့်ကို ကျနော့်ရဲ့ အရင်ရည်းစားတွေရဲ့ အင်ဖော်မေးရှင်းတွေကို ပေးပါတယ်။ ဘယ်သူက ဘယ်ရောက်နေလဲ။ ဘယ်သူဖုန်းနံပတ်က ဘာပေါ့။ အမေ့ကို ပြန်တိုင်တော့ အမေက အဖေ့ကို ဒဏ်ပေးတဲ့ အနေနဲ့ အခန်းပြင်ထုတ်ပါတယ်။


ကျနော်အိမ်ပြန်တဲ့ အချိန်မှာ ကျနော့်အိမ်မှာ Prison Break စာတန်းထိုးခွေက နာမည်ကြီးနေပါတယ်။ အဲဒီထဲက စကိုးလ်ဖီးကို အဖေကကြိုက်တော့ ညီမလေးက အဖေ့ကို စကိုးလ်ဖီးကေနဲ့ တူအောင် ညှပ်ပေးမယ် ပြောလို့ ကျနော်တို့ အဖေကို မြှောက်ပေးပြီး ညီမလေးကို ညှပ်ခိုင်းလိုက်တာ စကိုးလ်ဖီးကေ မဖြစ်ပဲ ကတုံးဆံပင်ပေါက်ကေ ဖြစ်သွားပါတယ်။ အဖေက အိမ်မှာ လူကောင်ကြီးပေမယ့် မိန်းမနဲ့ သားသမီးတွေ ပြုသမျှ နုရတဲ့သူဖြစ်နေပါတယ်။ ကျနော်ပြန်ရောက်တဲ့ အထိမ်းအမှတ်နဲ့ အဖေ့ကို မိန်းမလို ဆင်၊ အမေ့ကို ရဲပေးလုပ်ပြီး ရုပ်ရှင်ရိုက်တမ်း ကစားခဲ့ပါတယ်။ ဘယ်အချိန်ပြန်တွေးတွေး သဘောကျ ပြုံးလို့ မဆုံး ဖြစ်မိပါတယ်။


ဘယ်လိုပဲ ဖြစ်ဖြစ် ခဏတာ ပြန်ခဲ့ရတဲ့ အချိန်မှာ အဖေနဲ့ ဘီယာတူတူ သောက်ခဲ့ရတာ၊ အဖေ ပြောတဲ့ ဘဝအကြောင်းတွေကို နားထောင်ခဲ့ရတာ၊ အဖေ့ကို အော်ဟစ် ရန်ဖြစ်ခွင့် ရခဲ့တာတွေအတွက် ပြန်ခဲ့ရတဲ့ ခရီးကို ပျော်ရွင်မိပါတယ်။ အဖေ့ကိုလဲ ကျေးဇူးတင်မိပါတယ်။ ဒီအသက်အရွယ်ထိ ကျမ်းကျမ်းမာမာနဲ့ သားသမီးနဲ့ မိန်းမကို မငြီးမငြူ အခုထိ လုပ်ကျွေးနေတဲ့ အဖေ့ကို လေးစား ဦးညွတ်ရင်း….






ချစ်ခင်လေးစားစွာဖြင့်






ဖိုးစိန်

Comments

ဖြူ said…
ဆက်ရေးဦး ဖတ်လို့ကောင်းလို့..
အဖေကို သိပ်မဟောက်နဲ့ ဝဋ်လည်မယ်..
khin oo may said…
ဒီလိုသားမျိုးမမွေးချင်ပေါင်.
Anonymous said…
မောင်ဖိုးစိန်ရဲ့ အဖေဖြစ်ရတာမလွယ်ပါလား!!!!!
ဒီတခေါက်ရုပ်ရှင်ရိုက်တုန်းကရော ပန်းလေးတွေ ကြွေသွားတဲ့အခန်းပါသေးလား .. :D
လူကြီးတွေ ကိုသွားပြီး ဒါရိုက်တာလုပ်နေတာပေါ့..း)
ဒီပို့စ်လေး ဖတ်ရတာ ပျော်စရာလေး။
ဖိုးစိန်အဖေက တော်တော်သဘောကောင်းပုံပဲ။ ရယ်လဲရယ်ရတယ်။ :)
Anonymous said…
ဖိုးစိန်တို့မိသားစုလေးကိုအားကျမိတယ်

Popular Posts