ဇွန်လအလှူ



ဒီမနက် ဇွန်လရဲ့ မိုးခြိမ်းသံတွေက အရမ်းကို ကြောက်စရာကောင်းပါတယ်။ မိုးကလဲ မနက်စောစောကို အငြိုးတကြီးနဲ့ ရွာနေခဲ့ပါတယ်။ ဒီမိုးတွေကို အံတုပြီး ကျနော်တို့ ညီအကို မောင်နှမလေးယောက် သွေးသွားလှူခဲ့ပါတယ်။ ဒီတခါသွေးသွားလှူတွေ woodland က HSA မှာ ပထမဆုံး အကြိမ်လှူ ဖြစ်ပါတယ်။ ကျနော်တို့ လေးယောက်လုံးက ဒီတခါ လှူတာပါ ပေါင်းရင် ၅ကြိမ် တိတိ ရှိပြီးဆိုတော့ ကျနော်တို့ အမှတ်တရ (၅)ကြိမ် လှူပြီးကြောင်း အမှတ်တရ တံဆိပ်လေးတွေ ရပါတယ်။ နောက်ထပ် အမှတ်တရက အဲဒီသွေးလှူဘဏ်မှာ ဆေးစစ်တဲ့ မြန်မာ ဆရာဝန်မက ကျနော်ကို ပထမဆုံး သွေးလှူခွင့်ရအောင် ကူညီပေးတဲ့ ဆရာမပဲ ဖြစ်ပါတယ်။ သွေးသွားလှူတိုင်းလဲ သူ့နဲ့ ဆုံပါတယ်။ ဒီတခေါက်လဲ မထင်မှတ်ထားပဲ ပြန်ဆုံခွင့် ရလို့ ကျေးဇူးတင်စကား ပြောဖြစ်ခဲ့ပါတယ်။

သွေးလှူခွင့်ရအောင် ကူညီတယ် ဆိုတာက မနှစ်က မြန်မာနှစ်သစ်ကူးမှာ ကျနော်တို့ ညီအကိုတွေ ပထမဆုံး အနေနဲ့ အမှတ်တရသွေး သွားလှူပါတယ်။ ဖြစ်ချင်တော့ ကျနော်က ဆိုက်ပရပ်စ်က ရောက်တာ သိပ်မကြာသေးတဲ့ အတွက် ဥရောပက လာတဲ့သူတွေက သွေးလှူခွင့် မရဘူးလို့ ဆိုပါတယ်။ အင်္ဂလန်တို့ ဂျာမနီတို့ကနေလာတဲ့ သူတွေက သွေးလှူခွင့်မရှိပါဘူး။ သူတို့ဆီက ဒေါင့်သန်းရောဂါပိုး ပါလာနိုင်တယ်လို့ ဆိုပြီး သွေးလှူဘဏ်က လက်မခံပါဘူး။ ဒါပေမယ့် ကျနော်လာတဲ့ နိုင်ငံက သူတို့ သတ်မှတ်ထားတဲ့ နိုင်ငံထဲမှာ မပါတဲ့ ဆိုက်ပရပ်စ်က ဆိုလို့ ကျနော့်ကို သွေးလှူခွင့် ပေးခဲ့ပါတယ်။ အဲလိုလှူခွင့် ရအောင် မြန်မာဆရာဝန် အမက ဝိုင်းပြောပေးလို့ ကျနော်ဖြစ်ချင်တဲ့ လှူချင်တဲ့ ဆန္ဒပြည့်ဝခဲ့ပါတယ်။ အရမ်းကျေးဇူးတင်ပါတယ်။

သွေးလှူတာက စကာၤပူရောက်မှ ပထမဆုံးအကြိမ် လှူ ဖြစ်တာမဟုတ်ပါဘူး။ ဆယ်တန်းအောင်စကတည်းက ရပ်ကွက်ထဲမှာ သွေးအရမ်းလိုတဲ့ ကလေးမလေးတစ်ယောက်ကို သနားပြီး လှူခဲ့ပါတယ်။ သုံးလတခါ လိုတဲ့ သွေးကို ကျနော်လှူခဲ့ပါတယ်။ ခုအဲဒီကောင်မလေးက နေကောင်းလို့ ဒီတခေါက်ပြန်တဲ့ အချိန် အိမ်ထောင်ကျနေပါပြီး။ ကျနော့် ဆီက သွေးပဲ ယူဖြစ်ခဲ့လို့ ကျနော်လိုပဲ စိတ်ကြီးတယ်လို့တော့ ဆိုပါတယ်။

ဆိုက်ပရပ်စ်ရောက်တော့လည်း မှတ်မှတ်ရရ ကျနော့် အလုပ်ရှင်သထေး ကိုသွေးလှူခဲ့ပါတယ်။ မထင်မှတ်တဲ့ တညမှာ သထေးက ရုတ်တရက် အစာအိမ်ပေါက်တာလား၊ သည်းခြေပေါက်တာလားမသိပဲ ဗိုက်တခုလုံး မဲလာပြီး သွေးတွေ အန်လို့ သထေးမိန်းမနဲ့ ကျနော် သထေးကို ဆေးရုံတင်လိုက်ပါတယ်။ ဆရာဝန်က သွေးအလောတကြီးလိုအပ်တယ် ဆိုတော့ ကျနော်ကလှူမယ်ပြောပါတယ်။ ချက်ချင်းပဲ ကျနော့်သွေးကို စစ်ပါတယ်။ သထေးကံကောင်းချင်တော့ ကျနော့်နဲ့ သွေးချင်တူတာရယ်၊ သွေးလှူလို့ရတဲ့ အနေအထားရှိတာရယ်၊ ကျနော်ဆီက ရသလောက်သွေးကိုယူခဲ့ပါတယ်။ အဲဒီတုန်းကတော့ သူတို့ဆီမှာ ရှိတဲ့ သွေးနဲ့ ကျနော့်ဆီက ယူတာနဲ့ သထေးက နေပြန်ကောင်းသွားပါတယ်။ ကျနော့်ဆီက ရနိုင်သလောက် ယူလိုက်တာဆိုတော့ အဲဒီတညလုံး ကျနော် အားဆေးပြန်သွင်းပြီး မထနိုင်ခဲ့ဘူး။ နေလည်လောက်ကျတော့ သထေးက ကျနော့်ကုတင်ကို လာပြီး ကျနော်နေကောင်းလား သတင်းလာမေးရတဲ့ အဆင့် ဖြစ်သွားပါတယ်။ အဲဒီတုန်းက ဝမ်းလဲသာတယ်။ ပီတိလဲ ဖြစ်ရပါတယ်။ အမှတ်တရလဲ ဖြစ်ပါတယ်။

ခုလဲ စကာၤပူရောက်တဲ့ အချိန် တနှစ်ကျော်ကျော်လေးမှာ သွေးလှူခဲ့တာ ငါးကြိမ်ရှိပါပြီး။ ငါးကြိမ်ဆိုတော့သွေးလှူဘဏ်က ပြောတဲ့ စကားနဲ့ ဆို (၁၅)ယောက်ကို အသက်ကို ကယ်နိုင်ခဲ့ပြီးပေါ့။ ပီတိဖြစ်ပါတယ်။ ဂုဏ်ယူပါတယ်။

အကိုဆရာဝန် တယောက်ကတော့ သွေးလှူတာ အားမပေးဘူး။ သေမယ့်လူနာကို ပိုခံစားရအောင် လုပ်သလိုပဲ လို့ ဖဘမှာ ရေးထားတာ တွေ့လိုက်ဖူးတယ်။ ကျနော်တို့ သွေးတွေက အဲဒီလို သေခါနီး သေတော့မယ့် လူနာတွေ ဆီရောက်သွားရင်တော့ စိတ်မကောင်းစရာပေါ့။ သူတို့ အတွက် အသုံး မတည့်ဘူး၊ သူတို့ကို နှိပ်စက်သလို ဖြစ်နေတဲ့ အလှူမျိုးတော့ မဖြစ်ချင်ပါဘူး။ တကယ်လို့ ကျနော်တို့ သွေးတစက်ကြောင့် တယောက်ယာက်က လောကကြီးမှာ အသက်ဆက်ရှင်ခွင့်ရမယ်၊ သူလုပ်ချင်တာတွေ ဆက်လုပ်ခွင့် လေးရသွားမယ်ဆိုရင်တော့ ပိုကောင်းတာပေါ့။ ဘာပဲ ဖြစ်ဖြစ် ကျနော်တို့ လှူခဲ့တဲ့ သွေးက တကယ်လိုအပ်တဲ့ သူတွေ ဆီရောက်ပါစေလို့ ဆုတောင်းပါတယ်။ ကိုယ့်ကြောင့် တယောက်ယောက် ကျန်းမာလာတာ ၊ သူတို့ ဖြစ်ချင်တဲ့ ဆန္ဒတခု ဖြည့်ဆီးပေးနိုင် တာကို ဂုဏ်ယူလိုက်ပါတယ်။

နောက်ထပ်လဲ ကျနော်အသက်ရှင်နေသ၍ လိုအပ်တဲ့သူတွေအတွက် ကျနော်လှူသွားပါဦးမယ်။ ဒီနေ့ ကျနော်နဲ့ အတူ ငါးကြိမ်တိုင်တိုင် အမှတ်တရ တူတူလှူခဲ့ကြသူတွေက တောင်ပေါ်၊ သက်နိုင် နဲ့ မိုးခါးတို့ပါ။ကျနော်တို့ရဲ့ သွေးစက်တွေနဲ့ တကယ်လိုအပ်တဲ့ လူနာရှင်တွေကို လှူဒါန်း ကယ်တင်နိုင်ပါစေလို့ ဆန္ဒပြုရင်း….

ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

Comments

လိုက်ခ်

သူငယ်ချင်းတယောက်ပြောဘူးတာ သွားသတိရတယ်
သွေးလှူတာမကောင်းဘူးတဲ့
လှူတဲ့လူက ချွေးစော်နံတဲ့သူဖြစ်နေရင် အသွင်းခံရသူပါ ကူးတယ်တဲ့
ဆရာဝန်တယောက် သွေးလှူတယ်ဆိုရင်သူလည်း လှူမယ်တဲ့

ကိုယ့်ခံယူချက်နဲ့ ကိုယ်ပေါ့လေ
ကိုယ်သာ သွေးလိုနေသူတယောက်ဖြစ်ရင် သွေးသာမရခဲ့ရင် သေမယ့် လူနာတယောက်ဖြစ်နေရင် (ဥပမာ သွေးကင်ဆာလို) ချွေးစော်နံတာ ကူးမှာ ကြောက်တာနဲ့ သွေးမယူဘဲ အသေခံမလား???

ကိုယ့်ရဲ့စိတ်က လိုအပ်မယ့်သူအတွက် ရည်စူးပါတယ် .. ကိုယ့်သွေးယူလိုက်ပြီး သက်သာပျောက်ကင်း ချမ်းသာသွားမယ့်လူမျိုးအတွက် ရည်စူးပါတယ် ..

မတော်တဆ လူနာတစုံတခု ဖြစ်သွားခဲ့သည်ရှိသော် စိတ်မကောင်းရုံကလွဲပြီးလည်း မတတ်နိုင်ပါဘူး ..

ညီမ အမြဲတမ်း သွေးလှူနေစဉ်ဆို မေတ္တာပို့တတ်ပါတယ် .. ကိုယ့်သွေးရသွားမယ့်လူနာ ကျန်းမာချမ်းသာဖို့ အသက်အန္တာရယ်ကင်းဖို့ပေါ့ .. ကိုယ့်တတ်နိုင်သလောက်ပါပဲ ..း))

အားလုံးသော ပုဂ္ဂိုလ်သတ္တ၀ါတွေ ကျန်းမာ ချမ်းသာကြပါစေ ..
Anonymous said…
ကျွန်မတော့ .အယုတ်အလတ်အမြတ်မရွေး လိုအပ်နေသူ မည်သူမဆို ရောဂါဘယကင်းစင် အန္တရာယ်ကင်းသော ဤသွေးကို ရပါစေ.လို့ သွေးလှူရင် ကုတင်ပေါ်မှာ သွေးထုတ်ခံနေတုန်း ဆန္ဒပြုဖြစ်တယ်။ သေခါနီးလူ ရသွားလဲ မသေခင် သူ့ဝေဒနာ သက်သာဖို့၊ သူစိတ်ချမ်းသာဖို့ အထောက်အပံ့ဖြစ်မယ်ဆို ကျေနပ်တာပါပဲ။ သေမယ့်အတူတူ သွေးအားလေးပြည့်သွားလို့ သူ မသေခင် ဝေဒနာသက်သာပြီး ဘုရားတရား အာရုံပြုနိုင်မယ်၊ မိသားစုကို မျက်လုံးဖွင့်နှုတ်ဆက်နိုင်မယ်ဆို ဘယ်လောက်ကောင်းလဲ။ သူသေမှာမို့ ငါ့သွေးမပေးဘူးလို့ ငြင်းရင် သူ့ခမျာ ဘယ်လောက်ခံစားရရှာမလဲ။ လူဆိုတာ သေခါမှသေရော အပယ်ခံ မဖြစ်သင့်ပါဘူး။

ကိုဖိုးစိန်တို့ သွေးလှူတာ လှိုက်လှဲစွာ သာဓု သာဓု သာဓု ခေါ်သွားပါတယ်။ သွေးလှူတာကို ဝေဖန်တဲ့လူတွေက သူတို့မလှူချင်တော့ သူများလှူတာကိုလဲ အကောင်းမမြင်နိုင်တဲ့ စိတ္တဇပါ။ ဒီလိုလူမျိုးတွေ မကျန်းမာလို့ သွေးလိုပြီဆို ငြင်းမယ့်သူ တယောက်မှ မရှိပါဘူး။ ကိုယ်အင်္ဂါအစိတ်အပိုင်းတောင် သူများဆီက ရက်ရက်စက်စက် လိုက်ညာအလှူခံပြီး အသက်ဆက်တတ်တဲ့ အတ္တသမားတွေပါ။

ကျွန်မ သွေးပဲ လှူဖူးတယ်။ သွေးတစ်ခါမှ အလှူမခံဖူးဘူး။ သွေးလှူတာကို ကဲ့ရဲ့သူတွေ သေရာညောင်စောင်း လှဲရချိန်မှာ သူတို့ သေမယ်ဆိုတာ သေချာနေပါရက်နဲ့ သူတို့အသက်ကို ကယ်ဖို့၊ သွေးသွင်းပေးဖို့ ဇွတ်တောင်းဆိုကြမှာပါ။ အဲဒီအခါလဲ သူတို့ဘာပြောခဲ့တယ်ဆိုတာ ခွင့်လွှတ်ပြီး သွေးလှူလိုက်ကြရအောင်။
Anonymous said…
ဖိုးစိန်ရေ ဒီဒေါက်တာက steve မှဟုတ်ရဲ့လား..
JulyDream said…
သွေးလှူနေတဲ့ ဆရာဝန်တွေ အများကြီးပါလို့ ပြောပြချင်ပါတယ်။ Raven BDC မှာ တက်တက်ကြွကြွ လှုပ်ရှားနေတဲ့ အထဲမှာ ဆေးကျောင်းသားတွေ ဆရာဝန်တွေ ပါတယ်ဆိုတာ သက်သေတခုပါပဲ။

Popular Posts