ချစ်စိတ် မုန်းစိတ် ကိုယ့်စိတ်
ကျနော် စဉ်းစားမိတာ တခုပေါ့။ နေ့တိုင်း မြင်နေကြားနေကျတွေပါပဲ။
အဲဒီကောင်မလေးက ချစ်ဖို့ ကောင်းလိုက်တာ။ ငါ အရမ်းချစ်တာပဲ။ သူပြုံးနေတာကို ကချစ်စရာ။ သူလမ်းလျှောက်နေတာကို က သိပ်ကျက်သရေ ရှိတာပဲ ဆိုပြီး မတွေ့ဘူး မသိဘူးပဲနဲ့ ချစ်စိတ်ဝင်တတ်ကြတယ်။ တကယ်တော့ အဲကောင်မလေးက သွားလေးတွေ ဖွေးလို့ ချစ်ဖို့ ကောင်းပေမယ့် အနားကပ် စကားပြောရင် တံတွေးတွေ အတုံးလိုက် အတစ်လိုက် ထွက်ချင်ထွက်မယ်။ အစားစားရင် ပကျပ်..ပကျပ် နဲ့ အသံတွေ မြည်လိမ့်မယ်။ အဲဒီအခါရော အဲဒီကောင်မလေးကို ချစ်ဦးမှာလား။ (အကျင့်တူရင်တော့ ခွင့်လွှတ်တတ်ကြမှာပေါ့လေ။)
တချို့ကြတော့ “ဟိုမသာကြီး.. ရုပ်ကိုက ကျက်သရေကို မရှိဘူး။ စကားပြောလဲ ဆောက်ကြွကြွနဲ့..။ သူ့လုပ်စာများ ငါတို့ ထိုင်စားနေတယ်လို့ ထင်လား။ သူ့ သောက်ရုပ်ကိုကြည့်မယ့် အစား ငါ ချီးပုံပဲ ပြေးကြည့်တော့မယ်” ဆိုပြီး နေရင်းထိုင်ရင်း မုန်းတတ်ကြပြန်တယ်။ တန်ရာတန်ရာ ကြည့်ချင်တဲ့သူတွေကွ ချီးပုံပဲ ကြည့်ပေါ့။ မသာလို့ အခေါ်ခံရတဲ့ သူက ချစ်မွှေးမပါပေမယ့် သူ့မှာ ကောင်းတဲ့ အချက် ရှိဦးမှာပဲ။ ဖြည့်တွေးကြည့်ဖူးလား။ မျက်စိစုံမှိတ်ပြီး ဘူးပဲ အော်နေမှာပဲ။
ကိုယ့်ကိုယ်ကိုယ်ရော…. ကိုယ့်ရုပ်ကိုယ် မှန်ထဲကြည့်ပြီး “ဟဲ့.. သေနာမ… နင့်ရုပ်ကိုကကျက်သရေ မရှိဘူး မုန်းဖို့ကောင်းလိုက်တာ ၊ရွံ့စရာကြီး လို့ ပြောဖူးလား၊ ဒါမှ မဟုတ် “ငါအရင်ကနဲ့ မတူဘူး၊ ချောလာသားပဲ” ဆိုပြီး ကိုယ့်ကိုယ်ကိုယ် ချစ်စိတ်တွေ တဖွားဖွား ပေါ်လာတတ်ဘူးလား။ မှန်ကြည့်ပြီး မပြောဘူးရင်တောင်မှ အတွေးနဲ့ တနေ့ မဟုတ် တနေ့တော့ ကိုယ့်ကိုယ်ကိုယ် ချစ်ကြည့် မုန်းကြည့်ကြမှာပဲ။
ဥပမာပေါ့…. တခါတလေ မှန်ကြည့်နေရင်းမှ ကိုယ့်မျက်ခုံးလေးက ထူနေတာပဲ ၊ ကိုယ့်နှုတ်ခမ်းလေးက ဆေးမထိုးပဲ ရဲ နေတာပဲ လို့ တွေးရင်း ကိုယ့်ကိုယ်ကိုယ် ချစ်စိတ်တွေ ဝင်လာတတ်သလို၊ တခါတရံ အိမ်သာမှာ ချီးညှစ်နေရင်းနဲ့လဲ ဘာလို့ ငါ့ကျမှ ဒီချီးက လာတစ်နေတာလဲ ဆိုပြီး ကိုယ့်ကိုယ်ကိုယ် မုန်းနေတတ်ပြန်တယ်။ တခါတရံ သူများ မလုပ်နိုင်တဲ့ အလုပ်တခုကို လွယ်လွယ်လေးနဲ့ လုပ်နိုင်ခဲ့ရင် ကိုယ့်ကိုကိုယ် ကျိတ်ပြီး ချီးကျူးမဆုံး၊ ချစ်လို့ မ၀ ဖြစ်နေတတ်သလို၊ ကိုယ်ကြည့်မရတဲ့ သူရှေ့မှာ ကိုယ် တခုခု အမှားလုပ်မိပြီး ဆိုရင် ကိုယ့်ကိုယ်ကိုယ် ဝမ်းနည်းလို့ မဆုံး ၊ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်လို့ မဆုံး၊ မုန်းလို့ မဝနိုင်အောင် ဖြစ်နေတတ်ပြန်တယ်။
ဒါကတော့ လူတိုင်း ဖြစ်တတ်ပါတယ်။ တခြားလူကို ချစ်ဖို့၊ မုန်းဖို့ မဆိုထားနဲ့ ကိုယ်တိုင်တောင် တနေ့ တနေ့ ကိုယ့်ကိုယ်ကိုယ် ပြန်ချစ်လိုက်၊ ပြန်မုန်းလိုက်နဲ့ မသိမသာ သံသရာလည်နေတတ်တာပဲလေ။
ကျနော်လဲ ပြန်စဉ်းစားမိတယ်။ တနေ့ တနေ့ ဘယ်လို အရာတွေက ကိုယ့်ကိုယ်ကိုယ် ချစ်မိနေပြီး ဘယ်လို အရာတွေက ကိုယ့်ကိုယ်ကိုယ် မုန်းနေလဲဆိုတာကိုပေါ့။
ကိုယ့်စိတ်ကိုယ် ကျိတ်ချစ်မိနေတတ်တဲ့ အချိန်တွေက
ကျနော့်ကို ကြည့်မရတဲ့သူတွေ အရှေ့မှာ ကျနော့်ကို မုန်းတဲ့သူတွေ အရှေ့မှာ သူတို့ ထင်သလို သူတို့ ပြောသလို ခပ်ရွဲ့ရွဲ့လေး နေပြတတ်တာ ကို ကျနော်ချစ်တယ်။
ဝမ်းနည်းရင်တောင် ပြုံးပျော်နေတတ်ပြီး၊ ပျော်နေရင်းနဲ့ ဝမ်းနည်းချင်ယောင် ဟန်ဆောင်တတ်တဲ့ အချိန်ကို ကျနော်ချစ်တယ်။
တယောက်ယောက်ကို စိတ်ထဲ ရှိတိုင်း ပြောတတ် ဆိုတတ် တဲ့ အကျင့်ကို ချစ်တယ်။
ကျနော်ချစ်တဲ့သူတွေကို ကျနော် အချစ်တွေ ထုတ်ပြရဲတဲ့ အကျင့်ကို ကျနော်ချစ်တယ်။
လုပ်ချင်တာကို လုပ်တတ်ပြီး လုပ်ခွင့်ရနေတာကို ချစ်တယ်။
အစားအသောက် ကောင်းကောင်းကြိုက်တတ်တဲ့ အကျင့်ကို ချစ်တယ်။
အဝတ်အစား အကောင်းစားတွေမှ ကြိုက်တတ်တဲ့ အကျင့်ကို ချစ်တယ်။
လှလှပပ ကြွားတတ်တဲ့ အကျင့် ရှိတာကို လဲ ချစ်တယ်။
တခုခုကို လုပ်ချင်ပြီး ဆိုရင် နာရီ စက္ကန့် မခြား လုပ်တတ်တဲ့အကျင့်ကို ချစ်တယ်။
စည်းကမ်းရှိတဲ့ အကျင့် ရှိတာကို ချစ်တယ်။
စပ်စပ်စုစုနဲ့ တခြားတယောက် စိတ်ကို လေ့လာတတ်တာ ကိုချစ်တယ်။
တယောက်ယောက်ကို လှလှပပ သင်ခန်းစား ပေးတတ်တဲ့ အကျင့်ကို ချစ်တယ်။
ဆရာလုပ်တတ်၊ ဦးဆောင်ဦးရွက် လုပ်နိုင်တဲ့ အရည်အချင်းရှိတာကို ချစ်တယ်။
ကျနော့်ကိုယ် ကျနော် မုန်းတာက
ခေါင်းကိုက်တဲ့အချိန်…
အိမ်သာတက်ချင်ပေမယ့် လူသံကြားရင် ချီးညှစ်တိုင်း မထွက်တော့တဲ့အချိန်
ဆုံးဖြတ်ချက်တခုကို မတင်မကျ ချနေရတဲ့အချိန်
လုပ်နေတဲ့ အလုပ်တခုကို အဆုံးသတ်ခွင့် မရလိုက်တဲ့ အချိန်
စိတ်မပါလက်မပါနဲ့ အလုပ်တခုကို မပြီးပြီးအောင်လုပ်ရတဲ့ အချိန်
ဒေါသကို ဆောက်တည်မရစွာ ထွက်တဲ့ အချိန်
အမှားတခုလုပ်ပြီးရင် နောင်တရလို့ မဆုံးတဲ့ အချိန်
လူတယောက်ကို သနားပြီး ချစ်မိပြီးဆိုရင် အသေရရ အရှင်ရရ အသည်းအသန်ဖြစ်တတ်တဲ့ အချိန်
မေ့မေ့ပျောက်ပျောက် မရှိတတ်တဲ့ အကျင့် တွေကို မုန်းမိတယ်။
ဒါထက်မက ကိုယ့်မသိစိတ်က ကိုယ်ကိုယ်ကိုယ် ချစ်နေ မုန်းနေတဲ့ တာရှိချင်ရှိဦးမှာပေါ့။
နေတိုင်းနေ့တိုင်းတော့ အိမ်သာတက်တိုင်း မထွက်တဲ့အချိန်နဲ့ ခေါင်းကိုက်နေတတ်တဲ့ ကိုယ့်ကိုယ်ကိုယ် မုန်းပြီး သဌေးကို ပညာသားပါပါ ဆရာလုပ်ခွင့် ရပြီး အိမ်မှာ ဗိုလ်လုပ်ခွင့် ရနေတဲ့ ကိုယ့်စိတ်ကိုယ် ချစ်နေမိတာပါပဲ။
ကဲ…. ပိတ်သတ်ကြီးလဲ ကိုယ့်ရဲ့ ဘယ်စိတ်ကို ချစ်ပြီး ဘယ်စိတ်ကို မုန်းသလဲ ဆိုတာ သေချာစဉ်းစားရင် မှန်ကြည့်လိုက်ပါကုန်……။
ချစ်ခင်လေးစားစွာဖြင့်
ဖိုးစိန်
Comments
အဆုံးရောက်ခံစားချက်ဆိုတာတွေးလေ မူးလေ..ရူးလေ မို့.. အလိုက်သင့်လေးဘဲ မျောလေ လိုက်တယ်..
အလှူအိမ်မှာ ကျတော့ ပါးဖြဲနဖြဲသွားစားတတ်ပြီး လက်ဖွဲ့ပေးရတဲ့ မင်္ဂလာဆောင်ကျတော့ ခရီးလွန်နေတာတို့ မအားတာတို့လုပ်တတ်တဲ့ ကိုယ့်အကျင့်ကို ချစ်တယ်၊ မိတ်ကပ်တွေတအားလိမ်းပြီး ရှမ်းဘုန်းကြီး ငှက်ဖျားမိထားတဲ့ ရုပ်နဲ့ Cityhall လာတဲ့ မြန်မာမတွေကို မုန်းတယ်။ ဒီကိစ္စတွေကို တွေးမိလာအောင် အစဖော်ပေးတဲ့ မောင်ဖိုးစိန်ကိုလဲ မုန်းတယ်...