ပြောပြဖြစ်နေသော တစ်ယောက်ယောက်အကြောင်း

တစ်ယောက်ယောက်ကို ပြောပြချင်တယ် ဆိုတဲ့ မကြီး(မနော်ဟရီ)ရဲ့စာသားတချို့ကိုပဲ ငှားပြီး တယောက်ယောက်ကို အော်ပြောလိုက်ချင်တာပဲ။ တကယ်ကိုပဲ တစ်ယောက်ယောက်ကို ပြောပြချင်နေတာ။ ကျနော် ပြောနေလိုက်တာလဲ တယောက်ယောက်နဲ့ တယောက်မကတော့ပါဘူး။ အိမ်ကလူတွေတောင် ကျနော် ပြောချင်တဲ့အကြောင်းကို အလွတ်နီးပါးရကုန်ပါပြီး။

ဒါပေမယ့် ဘယ်လိုမှ မတတ်နိုင်လောက်အောင် တစ်ယောက်ယောက်ကို ထပ်ပြောပြချင်နေပါတယ်။ ကျနော်က သူများအကြောင်းလဲ မပြောတတ်ပေမယ့် စပ်မိစပ်ရာ အကြောင်းတွေကိုတော့ တယောက်ယောက်ကို ပြောပြချင်မိပါတယ်။ တကယ်တော့ ကျနော့်ရင်ထဲမှာ ပြည့်သိပ်ကျပ်နေတဲ့ အကြောင်းတွေပါပဲ။ တစ်ယောက်ယောက်ကို ပြောပြချင်နေတဲ့ တစ်ယောက်ယောက် အကြောင်းက ဘယ်သူပါလဲ လို့ မေးရင် ကျနော်ရဲ့ တဦးတည်းသော သူဌေးအကြောင်းပါပဲ။

သူဌေးဆိုပေမယ့် ကျနော့်ထက် အသက်လပိုင်းပဲ ကြီးပြီး ကျနော်ထက် စိတ်အများကြီးငယ်တဲ့ သူဌေးပါပဲ။ ကလေးစိတ်ကို မကုန်သေးတဲ့ ကလေးတစ်ယောက်လို့ ပြောလို့ရပါတယ်။ လုပ်သက်(၈)နှစ်ကြာ Charity အလုပ်ကို လုပ်နေပေမယ့် စိတ်ကတော့ ကလေးဖြစ်နေတဲ့အတွက် ရုံးမှာ Baby Boss လို့ ချစ်စနိုးခေါ်ပါတယ်။ တကယ်ချစ်တယ်လို့တော့ မထင်လိုက်ပါနဲ့။ သူဌေးမျက်နှာကြည့်မယ့် အစားခွေးမျက်နှာ ကြည်လိုက်မယ့် ဆိုတဲ့ ချစ်ခင်နှစ်သက်တဲ့ ဆုမျိုးကို သူဌေးက မတောင်းပဲ ပြည့်ပါတယ်။

ကျနော်ကို ပထမနေ့ အင်တာဗြူးတုန်းကဆိုရင် ဘာမှ မမေးပဲ လခတွေ ပေးပြီး အလုပ်တန်းခန့်ခဲ့ပါတယ်။ ဘာကြောင့်လဲမေးတော့ ဘွဲ့ တွေ အများကြီး ရှိလို့ဆိုပဲ။ ဒါပေမယ့် ရှိတဲ့ စာရွက်စာတန်းတွေကို လှန်ကြည့်လားဆိုတော့ လှန်မကြည့်ပဲ တောင်းသလောက် လစာပေး ၊ ကျနော့်ကိုကြည့်ပြီး NICE ! NICE! I am happy to have you! ဆိုတာနဲ့ ကျောချမ်းပြီး ပြန်ခဲ့ရပါတယ်။ စိတ်ထဲမှာဒီသူဌေးက ပုံမှန်တော့ မဟုတ်ဘူး ဆိုတာ သတိထားမိသလို အိမ်မှာတောင် ပြန်ပြောမိပါသေးတယ်။

မြန်မာပြည်ပြန်လာပြီး အလုပ်တူတူလုပ်မှ သူဌေးအကြောင်းကို ပိုသိလာပါတယ်။မနက်မိုးလင်းလို့ Hi လို့ နှုတ်ဆက်မိတာ ကျနော့်တစ်ယောက်တည်းလို ဖြစ်ပါတယ်။ ကျန်တဲ့ ရက်တွေမှာ ကျနောလဲ ထပ်မဟိုင်းတော့ပါဘူး။ အကြောင်းက တခါဟိုင်းပြီး တနာရီကြာ သူဌေးစကားကို နားထောင်လိုက်မှာ စိုးတဲ့အတွက် ရုံးကို သူဌေးရောက်တဲ့အချိန် ဆို ဖုံးလုကိုင်ပြီး အကြောင်းမရှိ အကြောင်းရှာ ဖုန်းဆက်ပြကြပါတယ်။ တော်တော် ချစ်မွှေးနဲ့ ပြည်စုံတဲ့သူဌေးပါ။

သူဌေးက ဒီလိုနည်းနဲ့ ဟိုင်းမရတော့ Meeting နဲ့ ဟိုင်းပြန်တယ်။ မနက်တိုင်းလိုလို မီတင်ခေါ်ပါတယ်။ မီတင်ခေါ်ရင် သူကိုယ်တိုင် ဝယ်လာတဲ့ သီးစုံ လက်ဖက်ခြောက်ရည်ကို တအိုးပြီးတအိုး ဖျော်ပြီး ရှိသမျှ ငယ်ဘဝတွေကို တဟီးဟီး တဟားဟားနဲ့ ပြောနေပေမယ့် နားထောင်ရတဲ့သူက တယောက်မျက်နှာ တယောက်ကြည့်ပြီး မီတင်ပြီးရင် အိမ်သာမှာ လုတန်းစီဖို့ စိုင်းပြင်နေကြတာပါပဲ။

ဒါကြောင့် သူဌေးနဲ့ မျက်နှာချင်း မဆိုင်အောင် နေကြပါတယ်။ နေ့လည်စာ စာတိုင်း သူဌေးက ဝေလား ဝါးလား သွားချင်ပေမယ့် ထမင်းစားရင် စကားကျယ်ကျယ်ပြောပြီး ရယ်တတ်တဲ့ အကျင့်ကြောင့် ဘယ်သူမှ နေလည်စာသွားရင် သူဌေးကို မခေါ်ချင်ပါဘူး။ သူဌေးဖုန်း လာတဲ့အချိန်ကို ရွေးပြီး အလစ်ပြေးရပါတယ်။

ရုံးမှာ သူဌေးက ကျနော့်ကို လန့်ပါတယ်။ စကားတော်ရုံမပြောပေမယ့် ပြောရင် တလုံးတခဲတည်းမို့ တော်ရုံ မပြောရဲ ပါဘူး။ ကျနော် အလုပ်စဝင်တုန်းက Advertizing and Promotion Executive ရာထူးနဲ့ အလုပ်ဝင်ပါတယ်။ ပြီးတော့ ကျနော့်ကို Officer ရာထူးတိုးပြီး Finance ကို ကိုင်ခိုင်းပါတယ်။ ပြီးတော့ Communication Officer ဖြစ်ပြန်တယ်။ ကြာလာတော့ တင်းလာပါတယ်။ စိတ်ထဲမှာ ခုပဲ ဆရာဝန်လုပ်ခိုင်းလိုက်၊ ခုပဲ စစ်ထဲဝင်ခိုင်းလိုက်၊ တော်ကြာ အငြိမ့်မင်းသမီး လုပ်ခိုင်းလိုက် နဲ့ သူ ကစားချင်သလို ကစားသလို ဖြစ်နေပါတယ်။ သုံးလထဲ ရာထူးက သုံးခုလောက်ဆိုတော့ ကျနော်လဲ တင်းပြီး အလုပ်ထွက်ပါတယ်။ အလုပ်ဝင်တဲ့ လေးလအတွင်းမှာ ထွက်စာ နှစ်ခါတင်ပြီး Confirm Letter လေးခါရပါတယ်။ တခါထွက်စာတင်တိုင်း နောက်နေ့ Confirm Letter ပေးတာပါပဲ။

ပထမတခါ အလုပ်ထွက်တော့ မက်ဆေ့တွေ အမျိုးမျိုးပို့ပြီး သူ့ကို မထားခဲ့ဖို့ ပြောပါတယ်။ ဟမ်.. ပြောရင်းနဲ့ စိတ်ထဲ တမျိုးတောင် ဖြစ်လာပါတယ်။ ကျနော်ကလဲ အလုပ်ကို သံယောဇဉ်ဖြစ်နေတာထက် ပိုက်ဆံကို ပိုသံယောဇဉ် ဖြစ်မိတာကြောင့် မငြင်းပဲ အလုပ်ပြန်သွားခဲ့ပါတယ်။ နောက်တခါ Counselling Course ကို သေချာ မစဉ်းစားပဲ တက်ခိုင်းတဲ့ အတွက် သူဌေးကို ဒေါသတွေ ထွက်ပြီး မသွားပြန်ပါဘူး။ နောက်ဆုံးတခါတော့ ကျနော့်နဲ့ အလုပ်တူတူလုပ်ခိုင်းတဲ့ တယောက်ကို ကျနော့်ကို အလုပ်ထုတ်ဖို့ ပြောခိုင်းတဲ့ အတွက် ကျနော်ပါအလုပ်ထွက်ပါတယ်။ ကျနော့်နဲ့ မဆိုင်ပေမယ့် ကြားထဲကနေ လူကောင်ဖော်ပြီး မပြောရဲ့တဲ့ သူ့ကို ဒေါသဖြစ်တာနဲ့ အလုပ်ပါထွက်ခဲ့ပါတယ်။

နောက်နေ့ စိတ်က နည်းနည်းပြေသွားတာရယ်၊ သင်တန်းတက်နေလက်စက မပြီးသေးတာရယ် ကြောင့် သင်တန်းသွားတက်တော့ သင်တန်းအဝမှာ ချောကလက် တစ်တောင့်၊ Confirm Letter စာအိတ်နဲ့ စတားဘတ် ကော်ဖီ ဘူးလေးကိုင်ပြီး ပြုံးစိစိနဲ့ ကျနော့်ကို စောင့်နေတဲ့ သူဌေးကို တွေ့တာပါပဲ။ တော်သေးတာပေါ့ ပန်းစည်းများမဝယ်လာလို့။ ဝယ်လာလို့ကတော့ လူတွေ ဝိုင်းကြည့်ပုံနဲ့ အထင်မှားလောက်ပါတယ်။ သင်တန်းတက်နေတော့လဲ မပြန်ပဲ နှစ်နာရီခြားတခါ တံခါးခေါက်ပြီး ကော်ဖီ လာလာပို့တယ်။ သင်တန်းနည်းပြက အဲဒါဘယ်သူလဲ လို့မေးတော့ ကျနော့်သူဌေးလို့ပြန်ဖြေတာ သင်တန်းမပြီးမချင်း အိုး မိုင် ဂေါ့… ကို ဘာသာစုံနဲ့ တနေတော့တာပါပဲ။

ဒါတွေပဲလာ ဆိုတော့ မဟုတ်ပါဘူး။ အလုပ်ကိစ္စနဲ့ ရုံးကိစ္စနဲ့ အပြင်သွားမယ်ဆိုရင် သူက လိုက်ပို့ချင်ပါတယ်။ သူ့ကို သွားခိုင်း ရင်တော့ သူမသွားပါဘူး။ အပြင်သွားတိုင်း သူဆီက ကတိတောင်းရပါတယ်။ စကားပြောရင် ငြိမ်ငြိမ်နေရမယ်၊ မဆော့ရဘူးဆိုတဲ့ ကတိ ရမှ သူနဲ့ ကျနော်လိုက်ပါတယ်။ တခါ သူနဲ့ Eunos က Post Office ကိုသွားပါတယ်။ ကျနော်မခေါ်ပါဘူး။ ရုံးက Poster တွေကို စာတိုက်ကနေ ပို့ဖို့သွားတာပါ။ သူကကျနော့်ကို ကူချင်တယ်ဆိုပြီးလိုက်လာတော့ မသက်သာပဲ ခေါ်ခဲ့ပါတယ်။ ကောင်တာရောက်လို့ ကိုယ့်အရှေ့ ကလူတွေ တန်းစီနေတဲ့ အချိန်မှာ သူထေးက တိုကင် နံပတ် ထွက်တဲ့စက်ကို နှိပ်ပြီး တိုကင်ယူပါတယ်။ (အမှန်တော့ ယူစရာမလိုပါဘူး)။ ပြီးတော့ ထပ်နှိပ်ပြန်တယ်။ ဆယ်ခါလောက် နှိပ်ကစားတော့ ကောင်တာက စာရေးမက လှမ်းအော်ပါတယ်။ အဲဒါကစားစရာမဟုတ်ဘူး ဆိုမှ ပြုံးဖြီးဖြီးနဲ့ နှိပ်လို့ ကောင်းတယ်လို့ ပြန်ပြောပါတယ်။ ပြီးတော့ ၁၀လောက်ဝယ်တာကို ၈ ကျပ်မရရအောင် ဆစ်နေတာက ကလေးတယောက် အမေဆီက မုန့်ဖိုးတောင်တာမရလို့ စိတ်ကောက်နေတဲ့ကလေးလိုပါပဲ။ စိတ်မရှည်တဲ့ စာရေးမက ၅ ပြားလောက် စိတ်မသက်မသာနဲ့ လျှော့ပေးလိုက်တာကို တရုံးလုံးကြားအောင် ထအော်ပါတယ်။ အားလုံးက သူဌေးကို ဝိုင်းကြည့်ပါတယ်။ ကျနော့်ကို စာရေးမက တိုးတိုးလေး အဲဒါဘယ်သူလဲမေးတော့ သူဌေးလို့ ပြောတာကို ဆံလံ ဆယ်ခါပြန်ပေးသွားပါတယ်။ သူထေးပုံစံကိုလဲ ကြည်လေ၊ ကတုံးတုံးထားပြီး ယိုးဒယားက ကြိုက်လို့ ဝယ်လာတဲ့ ရှမ်းဘောင်ဘီးအပွကြီးနဲ့ အကျီ အပွ၊ အကျီက ကျယ်ပြီး ပြာကလောင် လို တခြမ်းစောင်းလို့ ခဏခဏ ဆွဲတင်ရတာလဲ အမော ပြီးရင် နှပ်က တရှုပ်ရှုပ်နဲ့ ပြောင်နေတဲ့ကတုံးကို ခဏခဏပွတ်နေတဲ့ သူဌေး အော်ရယ်တဲ့ပုံစံကို မျက်စိမှာပဲ မြင်ကြည့်ကြပါတော့။

ခုနောက်ပိုင်း စာရင်းတွေ လုပ်ရင် ရုံးခန်းကို လော့ခ် ချထားရတယ်။ မဟုတ်ရင် အနားလာပြီး နှုပ်တရွတ်ရွတ်နဲ့ ရေခဲချောင်းလာစားလိုက်၊ ပင်ပန်းတယ်လို့ ငြီးပြီး ခုံပေါ်မှာ လာမှောက်လိုက်နဲ့ ခဏခဏ မောင်းထုတ်ရပါတယ်။ အကြောင်းပြချက်က နင်လာလို့ ငါစာရင်းမှားရင် နင်က ငါ့ကို အလုပ်ထုတ်မှာ၊ နင်အလုပ်မထုတ်ခင် နင်ထွက်သွားတာ အကောင်းဆုံးလို့ ပြောမှ ခေါင်းလေးတပွတ်ပွတ်နဲ့ ထွက်သွားတတ်တဲ့ သူထေးပါ။ အခုလော့ခ် ချထားရင်တောင်မှ၊ တခါးလေးကို ခေါက်ပြီး ထွက်ပြေးလိုက်၊ အပြင်ဘက်မှန်ကနေ အမျိုးမျိုး လာပြောင်လိုက်နဲ့ အနှောက်အယှက်ပေးတတ်ပါတယ်။ စိတ်ပျက်လွန်းလို့ တခါတခါ လဲ အော်မိပါတယ်။ တခါတခါလည်း သူငယ်ချင်းလို အခန်းထဲမှာ ပြောချင်တာတွေ ပြောပြပါတယ်။ ကျနော်ပြောရင် သူက တအောအော နဲ့ နားထောင်တတ်ပြီး ငါဒါတွေ ဘာလို့ မသိတာပါလိမ့်လို့ တအံ့တသြနဲ့ နားထောင်တတ်ပြန်တယ်။

တခါတလေ အမြင်ကတ်ပါတယ်။ တခါတလေ သနားပြန်ပါတယ်။ သူဌေးကလေးစိတ် ဆန်ပြီး အလုပ်ဖြုတ်လိုက် ခန့်လိုက်လုပ်နေတာကြောင့် သူဌေးကို သဘောကျတဲ့သူနည်းပါတယ်။ အခုလောလောလတ်လတ်လည်း အလုပ်ထွက်စာတင်ထားတဲ့သူ ရှိလို့ ကျနော့်မှာ ညတိုင်း သူမက်ဆေ့ပို့ပြီး ပြောပြောနေတာကို ဒိုင်ခံနားထောင်နေရရှာတယ်။ တကယ်တော့ အားလုံးအလုပ်ထွက်ကြတဲ့ အချိန်မှာ ကျနော် အလုပ်ထွက်မှာကို ကြောက်လို့ သူခမျာ ညတိုင်း မက်ဆေ့ပို့နေရတာ အမောဖြစ်နေပါတယ်။

တယောက်ယောက်ကိုပြောချင်တဲ့ အကြောင်းအရာတွေက ဒီထက်မကပါပဲ။ ဒီနေ့တော့ သူဌေး ရုံးမလာတုန်း သူဌေးကို သတိတရနဲ့ တစ်ယောက်ယောက်ဖြစ်တဲ့ အားလုံးကို ပြောပြလိုက်ပါတယ်။

သူဌေးဘေးမှ ကင်းဝေးကြပါစေ။


ချစ်ခင်လေးစားစွာဖြင့်
ဖိုးစိန်

Comments

ZT said…
အထူးအဆန်းပါလား။ :D
ကဖိုးစိန်သဌေးက ချစ်စရာကြီးပါ.. ဒီလောက်သဘောကောင်းတာ ဘယ်မှာသွားရှာမလဲ..း)
လာဖတ်ပါတယ်..
Yuya Mon said…
Funny Guy:)
ဆောင်း said…
ဟယ် အလုပ်မပြုတ်တဲ့ ပိုက်ပိုက်ရတဲ့ အလုပ်နေရာ ဆိုတော့ ညည်းခံလိုက်ပါ ကိုဖိုးစိန်ရေ
abnormal ဖြစ်တာဘဲ ခပ်ကောင်းကောင်းရယ်။ ကိုယ်က သူထိန်းကိုဟောက်ရမဲ့အခြေနေဖြစ်တာမဆိုးပါဘူး
ညယံ said…
သဘောကောင်းရှာပါတယ် ။ ကျမတို့ ဆီက မူလတန်ထက်စာရင်ရော ။ ဖြုတ်လိုက်၊ ပြန်ခေါ်လိုက်ကတော့ တူတူပဲရယ် ...
JulyDream said…
တကယ် အလုပ် ထွက်ဖြစ်ပြီး တခြား အလုပ်တခုကို ရောက်နေပြီဆိုရင်လည်း ပို့စ် တင်ပါအုံး ခင်ဗျ။
ထမင်းထုပ်ထမ်းရှာတောင် မတွေ့နိုင်တဲ့ သူဌေးမျိုးဘဲ။ ဖိုးစိန်ကံကောင်းတာပေါ့။ သူဌေးကိုဟောက်ခွင့်ရတယ် ဆိုတာနည်းတဲ့ကုသိုလ်လား။ ရှေးရေစက်ကြောင့်ထင်ပါ့။ ကလေးတစ်ယောက်လို သဘောထားလိုက်ရင် အဆင်ပြေမှာပါ..

Popular Posts