သူတို့ရောက်ပြီ (၂)


သူတို့ရောက်ပြီ (၁)



တနင်္ဂနွေ မနက်(၂၆.၁၁.၂၀၁၁) က အဖေတို့ကို တိုပါရိုး ဘုန်းကြီးကျောင်း ပို့ပေးတယ်။ လမ်းလျှောက်ချင်တယ်ဆိုလို့ အဖေတို့နဲ့တူတူ လမ်းလျှောက်သွားတယ်။ အဖေနဲ့ အမေက သိပ်တက်ကြွတယ်။ လမ်းလျှောက်မယ် ဆိုတာချည်းပဲ။ အမေ့ကို ကြည့်ရတာ ကလေးတယောက်နဲ့ တူတယ်။ လမ်းလျှောက်နေရင်းနဲ့တောင် သိပ်ပျော်နေတာ။ အနောက်ကနေ ကြည့်ပြီး သဘောကျမိတယ်။ အဖေကတော့ အရမ်းစူးစမ်းလေ့လာတယ်။ ဘယ်ရောက်ရောက် သူသိတဲ့ အင်္ဂလိပ်စကားလုံးတွေကို မှတ်ထားတယ်။ မြို့တပတ် ရထားလိုက်စီးမယ်ဆိုတဲ့ အကြံနဲ့ပေါ့။


ဘုန်းကြီးကျောင်းမှာ ဘုရားဖူးပြီးတော့ တိုပါးရိုး စင်တာကို လမ်းလျှောက်ပြန်လာကြတယ်။ အဖေက အကျီနဲ့ ဖိနပ် အရမ်းဝယ်ချင်နေတာ။ အမေက ပိုက်ဆံအိတ်ထဲ ပိုက်ဆံတွေထည့်ပြီး လိုက်ရှင်းရတာ ဝါသနာက ပါသေးတယ်။ ရောက်ရောက်ခြင်း ဖေတို့ မေတို့ လဲလာတဲ့ ငွေတွေကို တောင်းပြီး ဘဏ်ထဲ ပြန်ထည့်ရတယ်။ မဟုတ်ရင် ဟိုတရွက်ဒီတရွက် ဘာမှန်းမသိ ဝယ်မှာစိုးလို့။ ရောက်တဲ့နေ့က တိုးပါရိုးစင်တာထဲမှာ အပေ့ါခဏဝင်သွားတာ ပလက်တီနမ် ဆိုင်ဝင်ပြီး ဆွဲကြိုးတကုံး အတင်းသွားဝယ်နေတယ်။ ပြန်ထွက်လာတာမြန်လို့။ ဈေးလဲ မမေးတတ်.. ပစ္စည်းကြည့်ပြီး ကြိုက်တာနဲ့ လက်ညှိုးထိုးဝယ်တဲ့ အမေနဲ့ ဈေးရောင်းတဲ့သူက အံကိုက်ဖြစ်နေတယ်။ ပိုက်ဆံပေးခါနီးမှာ ကိုယ်ပြန်ရောက်လာတော့ အမေ့ကို ချော့ပြောရတယ်။ အမေ နောက်လထဲ ဒစ်စကောင့်ချတာရယ်. ပစ္စည်းမှန်တဲ့ဆိုင်မှာ ဝယ်ပေးမယ်ဆိုပြီး ပြောရတယ်။ အမေကတော့ ရောင်းတဲ့သူကို အားနာတဲ့ပုံနဲ့ ကိုယ်ကလဲ ရှင်းပြလိုက်ရတယ်။ မဟုတ်ရင် သုံးရာကျော်လောက်ပါသွားမယ်။ နှမြောလို့ မဟုတ်ပါဘူး။ တကယ်တန်ဖိုးရှိတာကို ပေးချင်တာပါ။ (အမေ့ကိုဒီလိုပဲ ချော့ပြောရတာပေါ့).


အဖေ့အကြောင်းကို ဆက်ပြောဦးမယ်။ တိုပါးရိုးရောက်တော့ အဖေက ဖိနပ်ဆိုင်တွေကို ဝင်ကြည့်တယ်။ ဆိုင်တဆိုင် ရောက်တော့ အဖေက သူ့ အကြိုက်ဖိနပ်တွေ့လို ထင်ပါတယ်။ ဈေးဝင်မေးတော့ သင်္ကြန်ညီမလေးက လိုက်ဝင်ပြီး ကူမယ်လုပ်တော့ ကိုယ်က တားလိုက်ပါတယ်။ အဖေက ခပ်တည်တည်ပဲ သူကြိုက်တဲ့ ဖိနပ်ကို ကိုင်. ကောင်တာထဲ သွားပြီး “I want 4၆ ပေးပါ “လို့ မြန်မာအင်္ဂလိပ် နှစ်ဘာသာနဲ့ ဆိုင်ရှင်ကိုသွားပြောပါတယ်။ ကိုယ်လဲ အသာနေပြီး အဝေးကနေ ကြည့်ပါတယ်။ ဆိုင်ရှင်လဲ 46 ရှာတာ မရလို့ထင်ပါတယ်။ 45 ဆိုဒ်ကို လာပေးတော့ အဖေက “Big ပေးပါ. ဒါနဲ့ မရဘူးလို့ “ ပြန်ပြောပါတယ်။ ဆိုင်ရှင်ကလဲ သဘောပေါက်ဟန်တူပါတယ်။ ထပ်ရှာပေးပါတယ်။ ရတော့ အဖေက “How much ဒီဖိနပ် “ဆိုပြီး ဖိနပ်ဈေးကို မေးကြည့်တယ်။ ၁၉ ဒေါ်လာ ဆိုတော့ အဖေက မြန်မာငွေနဲ့ ပြန်တွက်နေတယ်။ ကိုယ်က ငွေဈေးဘယ်လောက် ရှိမှန်းတောင် ကောင်းကောင်းမသိတဲ့ အတွက် ကိုယ်တွက်ပေးလိုက်တာ က အမှား။ သူတွက်တာက အမှန်ပါ။ ဒါပေမယ့် အဖေ့ကို ကောင်းကောင်းလေး စီးစေချင်လို့ အဖေရယ် ဒီမှာက အတုတွေ မဝယ်နဲ့. Bata ဖိနပ်ဆိုင်မှာ ဖိနပ်တွေ ပိုများပါတယ်။ အဖေ့အကြိုက်ရွေးပါဆိုတော့ အဖေက ဆိုင်ရှင်ကို လက်ပြပြီး “GoBak သွားလိုက်ပါဦးမယ်” လို့ နှုတ်ဆက်တော့ ဆိုင်ရှင် သဘောကျပြီး ရယ်ကျန်ခဲ့ပါတယ်။ ကိုယ်နဲ့ ကိုယ့် ညီမလဲ မအောင့်နိုင်တော့ပဲ မျက်ရည်ကျမတတ် ရယ်မိပါတယ်။ အဖေကတော့ သူ့ပြောတဲ့ အီးကို တရုတ်ကြီး နားလည်တယ်ဆိုတော့ သဘောတွေ ကျနေလေရဲ့။ သူလိုချင်တဲ့ ဖိနပ်မဝယ်ခဲ့ရလို့လဲ ဖိနပ်ဆိုင်ကို ကွက်ကြည့်ကွက်ကြည့်နဲ့။ (ညနေရောက်တော့ Bata မှာလိုချင်တဲ့ ဖိနပ်ပုံစံမျိုး ဝယ်ပေးလိုက်ပါတယ်။ ဈေးက မနက်က ဈေးထက်ပိုကြီးနေတော့ အဖေက ယူရမှာ အားနာနေပြန်တယ်။ ကိုယ်ကတော့ သူကြိုက်တာ တွေ့တော့ ဈေးမဆစ်နဲ့ ပေးတာယူ လို့ နည်းနည်း မာန်လိုက်မှ ပျော်ပျော်ကြီးယူခဲ့ပါတယ်)


အမေကတော့ တိုပါးရိုးက ပေါင်ပေါ် ဘောင်းဘီတို နှစ်ထည် ဝယ်ခဲ့ပါတယ်။ ပြောပါသေးတယ်။ နောက်တခါလာရင် တရုတ်စာပဲ သင်ခဲ့မယ်။ အင်းဂလိပ်က ခက်တယ်။ သူ့ အသက်အရွယ်နဲ့ သင်လို့ မဖြစ်နိုင်တော့ဘူး တဲ့။ အဖေကတော့ အိမ်ပြန်ရောက်ကတည်းက အိမ်က ညီတွေ ဆီက Dictionary အင်္ဂလိပ် မြန်မာ နှစ်ဘာသာ စာအုပ်ကို တောင်းပြီး လေ့လာနေလိုက်တာ ငါးမိနစ်ကြတော့ ဟောက်သံပါကြားရပါလေရော..။ အပြန် ကားပေါ်က ဆင်းတော့ TAG လုပ်ဖို့ မေ့တဲ့ အမေကို ကိုယ်က စပါတယ်။ မေမေ နောက်တခါ ကားစီးလို့ မရတော့ဘူး။ ရဲ ကတွေ့ရင် ဖမ်းတော့မှာ လို့ ပြောတော့ အမေက ရဲလာရင် ပိုက်ဆံ ၅၀ ထုတ်ပေးလိုက်မယ်လို့ ပြောပါတယ်။ အမေပြောတာကို သဘောကျလို့ အိမ်မှာ ရယ်ရသေးတယ်။ :D


ညနေရောက်တော့ အိမ်က ညီတွေ ညီမတွေ အမတွေနဲ့ စစ်တီးဟောကို ချီတက်. အဖေလိုချင်တဲ့ ဖိနပ်ကို Bata မှာဝယ်ပေး။ အင်းလေးမှာ ထမင်းစား. ဘီယာသောက်ပြီး ငါးခြင်္သေ့ ရုပ်ကြီးဆီ ချီတက်ကြပါတယ်။ အမေရော အဖေရော. တအံ့တသြနဲ့ ပျော်နေပါတယ်။ အိမ်ပြန်ရောက်တော့လဲ ဓာတ်ပုံတွေ ကြည့်ပြီး ကြည်နူးနေပြန်တယ်။


အဖေက အိမ်မှာ ရှိတဲ့ ဘလော့ဂါ ညီတွေ ညီမတွေ စုစုရုံးရုံးနဲ့ စားလိုက်. သောက်လိုက်. သွားလိုက်. ချီးပေါက်လိုက် နေတာကို အရမ်းသဘောကျပါတယ်။ ရောက်တော့လဲ ဒီလိုဘယ်တော့မှ မခွဲဖို့ ပြောပါတယ်။ ကိုယ့် ဒီညီတွေ ညီမတွေကို ချက်ကျွေးတာကိုလဲ သိပ်သဘောကျပါတယ်။ ကိုယ်ကျောင်းတက်တဲ့အရွယ်ကတည်းက သူငယ်ချင်းတွေနဲ့ အစုလိုက် အပြုံလိုက် အိမ်မှာ နေတတ်တဲ့ အကျင့်တွေကို လဲ အဖေက ပြန်ဖောက်သည်ချပါတယ်။ သူ့ ခံစားချက် တချို့ကိုလည်း ညီတွေကို ရှယ်ပါသေးတယ်။


ငယ်ငယ်တုန်းကတော့ သူ့ ပြောတာ မှားနေရင် ကိုယ်က ပြန်ပြင်ပေးရင်း သူကလဲငြင်း . ကိုယ်ကလဲ ငြင်းနဲ့ စကားများတတ်ပါတယ်။ အခုတော့ သူပြောသမျှ ကိုယ်နားထောင်. ကိုယ်ပြောချင်တာကို ချော့ပြောနဲ့ နေရပါတယ်။ အဖေက ပြောပါတယ်.. အခုသားမှာ ကလေးတွေ အများကြီး နဲ့ .. ဒီလိုမြင်ရတော့ အဖေစိတ်ချမ်းသာလိုက်တာ ပြောပါတယ်။ ကိုယ်လဲ ပြန်ပြောပါတယ်။ အရင် ခလေးတွေ အများကြီးထဲမှာ အခု နောက်ထပ် နှစ်ယောက်ပိုလာပြီးလို့.။ အရင်က ကလေးဆိုးကြီးက ကိုဘို. နဲ့ မမပြာ . အခု ကလေး ဆိုးကြီးထက် ဆိုးတဲ့ အဖေနဲ့ အမေရောက်လာတယ်လို့ ပြောတော့ သဘောကို ကျလို့..။


ဒီနက် ရုံးသွားအိပ်ယာထတော့ အဖေရော အမေရော မရှိတော့ပါဘူး။ လမ်းလျှောက်ထွက်သွားကြပါတယ်။ အဖေ့ကို ကိုယ့်လိပ်စာကဒ်လေးပေးထားတယ်။ စာရွက်တရွက်မှာလဲစာရေးပေးထားတယ်။ ငါ့အဖေလမ်းပျောက်လို့ ဒီစာရွက်ပြပြီး အကူအညီတောင်းရင်း ငါ့ကို လှမ်းခေါ်ပါ။ ဒါမှ မဟုတ် နီးစပ်ရာ တက်စီနဲ့ အိမ်ပြန်ပို့ပေးပါဆိုပြီး ရုံးလိပ်စာရော အိမ်လိပ်စာပါ ပေးထားခဲ့ပါတယ်။ အဖေကတော့ ရထားပတ်စီးပြီး မြို့ပတ်မယ်ဆိုတာချည်းပဲ။ ရုံးသာလာရတာ ကိုယ်ရုံးထွက်လာတဲ့ အချိန်အထိ အိမ်ပြန်မရောက်တော့ စိတ်ကပူတယ်။ ရုံးရောက်ပြီး ဖုန်းဆက်မှ ဈေးဝယ်ပြီး ပြန်လာတယ် ဆိုမှ စိတ်အေးရတယ်။ ရထားပတ်စီးဖို့ကို တားထားရသေးတယ်။ နည်းနည်းလူလယ်ကျမှ စီးလို့ ပြောထားရတယ်။ အခုတော့ အိမ်မှာ ထမင်းဟင်း ချက်စားနေလေရဲ့။


ခုလောလောဆယ်တော့ ZOO ပို့လှည့်ပြန်.. စစ်တီးဟော. တိုပါးရိုး ဘုန်းကြီးကျောင်းနဲ့ ဒူးရင်းသီးရှေ့က ငါးခြင်္သေ့ ဆီကိုပဲ ပို့ရပါသေးတယ်။ ကိုယ်ကလဲ ကျောင်းတဖက်နဲ့ ရုံးကလဲ နောက်အပတ်လောက်မှ နားရမှာဆိုတော့ ခုရက်ပိုင်းတော့ အဖေတို့ အိမ်မှာပျင်းနေမယ် ထင်တာပါပဲ။


နောက်ရက်တွေ အတွက် အစီအစဉ်လေးထပ်ဆွဲလိုက်ပါဦးမယ်။


ချစ်ခင်လေးစားစွာဖြင့်


ဖိုးစိန်

Comments

evergreen said…
Thanks a lot for your sharing.
Very pleased and happy for reading your post. :)
Yuya Mon said…
Cute family!!!
သီချင်းတွေလာနားထောင်ပါဦး...

Myanmar Online Music: http://www.myanmaronlinemusic.com/

ကျေးဇူးပါ...
မိဘတွေ နိုင်ငံရပ်ခြားလာလည်တဲ့အတွေ့ကြုံဖတ်ရတာ စိတ်ကြည်နူးမိတယ်.. ရုံးမှာ ထိုင်ရီနေမိပြန်ရော...
ကျွန်မအဖေ ဆို mall သွားရင် လိုချင်တဲ့ဟာတိုင်း made-in ကို ကြည့်တယ်.. china ဆိုရင် သူက မ၀ယ်ဘူး။ ရန်ကုန်မှာလဲ made in china တွေရှိတယ် ပိုဈေးတော်တယ်တဲ့..း)
rose of sharon said…
ချစ်စရာကောင်းတဲ့မိဘတွေနဲ့ သားလိမ္မာလေးအကြောင်းဖတ်ပြီးကြည်နူးမိတယ်....
mstint said…
မောင်ဖိုးစိန်ရဲ့ ရင်တွင်းကြည်နူးမှုလေးတွေကို ခန့်မှန်းမိပါတယ်။ တီတင့်အပါအဝင် လူကြီးတွေကတော့ တတ်နိုင်ရင် ကိုယ့်ဘာသာကိုယ်ပဲ အားကိုးချင်တာ သဘာဝပဲလေး)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်
ဖတ်ရတာတောင် ပျော်စရာကြီးဖိုးစိန်ရေ.. မိဘတွေလဲ အရမ်းပျော်မှာ ကိုယ်ချင်းစာတယ်။ သားနဲ့လဲတွေ့ရ မရောက်ဖူးတဲ့နေရာတွေလဲရောက်ရဆိုတော့ အတော်ကြည်နူးကြမှာ...း) အတွေ့အကြုံလေးတွေ ဆက်ရေးပါအုံး။ ဖတ်ရတာ ပျော်စရာကောင်းလို့..
T T Sweet said…
ဖိုးစိန်ကတော့ အဖေနဲ့ အမေကိုကြည့်ပြီး ကြည်နူးနေတာပဲ။ အပျော်တွေကို ၀င်ရောက်ခံစားသွားပါတယ်။
ရဲဖမ်းရင် ၅၀ထုတ်ပေးလိုက်မှာပေါ့ lol :D

ရဲဖမ်းရင် ၅၀ထုတ်ပေးလိုက်မှာပေါ့ lol :D

Popular Posts