သူတို့ရောက်ပြီ (၃)


သူတို့ရောက်ပြီ (၁)

သူတို့ရောက်ပြီ (၂)



ဒီနေ့ မနက် အလုပ်လာတော့ အဖေနဲ့ အမေက တယောက်ကို တယောက် အပြောက်မခံပဲ စိတ်ကောက်နေကြတယ်။ မနက်က အမေအိပ်ယာထပြီးတာနဲ့ အီကြာကွေးသွားဝယ်မယ်ဆိုပြီး ထွက်သွားတယ်။ အဖေ့ကို လုံးဝခေါ်မသွားဘုူး။ တယောက်တည်း ကော့ကော့ ကော့ကော့နဲ့ ထွက်သွားတယ်။ ပါးစပ်ကလဲ မကျေနပ်ကြောင်းတွေ တတွတ်တွတ် ပြောနေတယ်။ ကိုယ် မနက်ကော်ဖီ သောက်နေတဲ့ ချိန်ထိ " စကားနားမထောင်တဲ့ မိန်းမ တယောက်တည်း သွားပါစေ... လမ်းမှားမှ ယောင်္ကျားကောင်းမှန် သိမယ်ဆိုပြီး ကြိမ်းဝါးနေတာ.။မကြာဘူး ကိုယ် အလုပ်သွားဖို့ တိုက်အောက်ဆင်းတော့ အဖေ အမေ့ကို ရှာပုံတော် ဖွင့်ပါလေရော။ ကိုယ်က အဖေဘယ်လဲ မေးတော့ ပြုံးစိစိနဲ့ ဟိုဘက်လမ်းလျှောက်ထွက်မယ် ဆိုပြီး လိုက်ရှာတာ.။ ဒါမျိုးတွေ ရိုးနေပြီး။ အဖေ နှစ်ည ရှိပြီး အပြင်ထွက်အိပ်ရတယ်။ သူတို့ အသံတိတ် တိုက်ပွဲ ဆင်နွှဲ တာ သိသာတယ်။ တယောက်အမှားကို တယောက်ဖော်..။ ပြီးတော့ ရှိတဲ့သူတွေကို ပြောပြပြီးတိုင်တယ်။ ကဲ..။ သူတို့ စိတ်ကောက်နေကြတယ်။

ဇာတ်လမ်းက မနေ့ ကမနက်က စတယ်။ အပြင်ထွက်လမ်းလျှောက်မယ် ဆိုပြီး မိန်းမကို ဆရာလုပ်ခေါ်သွားတဲ့ အဖေ ဘယ်ရောက်လို့ ရောက်မှန်း မသိ လျှောက်လေ ဝေးလေ ဖြစ်သွားတယ်။ ပြီးတော့ လင်မယားနှစ်ယောက် ဒီလမ်းက အမှန် ဟိုလမ်းက အမှန်နဲ့ လမ်းလုရွေးတာ ဘယ်လမ်းမှ မမှန်ဘူး။ ဒီတော့ အနီးအနားမှာ ရှိတဲ့သူတွေကို လိုက်မေးတယ်။ အဖေမှတ်မိသလောက် လမ်းမေးတာ တိုပါးရိုး စကူးတဲ့။ ဘယ်သူမှ မသိဘူး။ အမေက စိတ်တိုတယ်။ တိုပါးရိုးမှာ ဒီလောက်စကူးတွေ များတာ သူတို့ ဘယ်သိပါ့မလဲ ဆိုပြီး အဖေ့ကို ဆရာလုပ်တယ်။ အဖေက လက်မခံဘူး.။မေးမြဲ လျှောက်ဆဲ..။ ကံကောင်းချင်တော့ လမ်းမှာ လူတယောက်နဲ့ တွေ့တယ်။ သူ့ကို အဖေက အင်္ဂလိပ်လိုတွေ ကြိုးစားပြီး WHERE တိုပါးရိုး စကူး ဆိုပြီးမေးလိုက်တယ်။ ဟိုလူကလဲ THIS WAY , THAT WAY , GO ဆိုပြီး ညွှန်ချင်တာ ညွန်တယ်တဲ့။ အမေက "သွားမေးမနေနဲ့ .. သူလဲ သိတာ မဟုတ်ဘူး.. အင်္ဂလိပ်လိုတောင် နှစ်လုံး သုံးလုံးပဲပြောတတ်တာ "လို့ အဖေ့ကို စိတ်တိုတိုနဲ့ လှမ်းပြောမှ အဲဒီလူက ပြုံးစိစိနဲ့ "သွားလိုက်ပါဦးမယ်" ဆိုပြီး မြန်မာလို နှုတ်ဆက်သွားတယ်တဲ့။ အဖေက မြန်မာအချင်းချင်း ဘိုလို မှုတ်ပြီး ပြန်လာတာ။ ဒီလိုနဲ့ တရုတ်ကြီး တယောက်ကိုတွေ့တော့ လမ်းမေးပြန်ရော.. တရုတ်ကြီးက စိတ်မရှည်ပဲ COME , TOGETHER ဆိုပြီး ဆွဲခေါ်လာမှ.. အိမ်ကို ပြန်ရောက်လာတယ်။

အမေက လမ်းအများကြီး လျှောက်လိုက်ရလို့ အဖေ့ကို ဆန္ဒပြတဲ့ အနေနဲ့ ဖိနပ်ကို မစီးပဲ လက်နှစ်ဖက်ထဲ ထိုးပြီး လမ်းလျှောက်လာတယ်။ လမ်းမှာ အဖေက ကော်ဖီဆိုင်ဝင်သောက် ချင်တာကို ပိုက်ဆံ မရှိဘူး ဆိုပြီး ပေကပ်ကပ်နဲ့ ဘာမှ မစားပဲ ပြန်လာတယ်။ ကိုယ်ကတော့ မနက် အလုပ်သွားတဲ့ အချိန်ထိ အဖေရော အမေရော မရောက်သေးလို့ စိတ်ပူနေတာ။ ညနေပြန်ရောက်တော့ အိတ်တောင် မချရသေးဘူး.. သူထက်ငါ ဦးအောင်တိုင်ပြီး တယောက် အပြစ်တယောက်ဖော်ကြတယ်။ အဲဒီနေ့က အမေနည်းနည်း တင်းသွားတယ်။ အဖေ ညထွက်အိပ်ရတယ်။ အဲဒီနေ့က ကိုယ်ပေးထားတဲ့ပိုက်ဆံ တစ်ရာ စရင်းမရှိ ကုန်သွားလို့ သူတို့လဲ အပြင်မထွက်လိုက်ရဘူးတဲ့..။ ကိုယ်လဲ ထပ်ပေးခဲ့ဖို့မေ့သွားတယ်။

နောက်တနေ့ မနက်ရောက်တော့ အဖေရော အမေရော အစောကြီး ရေချိုး အဝတ်အစားလဲ ထားပြီးပြီး။ သူတို့က အမ်အာတီ မြေပုံစာရွက်လေးတွေကိုင်ပြီး ကိုယ်နဲ့ ဒါမှ မဟုတ် ကိုဘို နောက်လိုက်ပြီး ကားလိုက်စီးမယ်။ ပြီးမှ လည်မယ် ပတ်မယ်.ကားစီးပြန်မယ်ပေါ့။ ကိုယ်ကစိတ်မချဘူး။ ကိုယ်အလုပ်လုပ်တဲ့ဘက်မှာလဲ ဘာ  ရှော့ပင်းမောမှ မရှိဘူး။ ကိုဘို အလုပ်လုပ်တဲ့နေရာကလည်း ကားတဆင့် ၊ အမ်အာတီ တဆင့် ဆိုတော့ သေချာပေါက်လမ်းပျောက်မှာပဲ။ ဒီတော့ သင်္ကြန် ညီမလေးကပဲ ၅၇ ကားကို ပတ်စီးမယ်။ ပြီးရင် သူ့ကျောင်းကို လိုက်ခဲ့ဆိုပြီး ခေါ်သွားတယ်။ အဖေရော အမေရော နှစ်ထပ်ကားစီးချင်နေတာ။ ကံမကောင်းချင်တော့ သူတို့ စီးတိုင်း တထပ်ကားပဲ ဖြစ်ဖြစ်နေသေးတယ်။ ကိုယ်လဲ အလုပ်ကို စိတ်မဖြောင့်စွာနဲ့ပဲ လာရတယ်။ ၁၁ ကျော်လောက်ကြတော့ ဖုန်းဆက်တယ်။ သူတို့ တွေ ပွပေါက်တိုးနေတယ်။ ရှော့ပင်းမော တခုမှာ ဒစ်စကောင့်တွေ ချနေတယ်။ တထည်လေးကျပ် တန်တယ်ဆိုပြိး ဝယ်နေတာ။ အဖေက ထိပ်ဆုံးပဲ။ အဖေ သူဝတ်ချင်တဲ့ အကျီတွေ ထည့်လိုက်တာ တွန်းလှည်းအပြည့်ပဲ။ အမေက မျက်စောင်းတထိုးထိုးပေါ့။

အိမ်ပြန်လာတော့ အဖေ့ အဝတ်အစားတွေက အများဆုံးပဲ။ ကြည့်တုန်းကတော့ တထည်လေးကျပ်။ပိုက်ဆံရှင်းတော့မှ လေးကျပ်တန်က တထည်ပဲ ပါတယ်။ "ကဲ.. ကြိုက်လေအုံးဟဲ့.. လေးကျပ်တန် ဆိုပြီး အမေက မျက်စောင်းထိုးပါလေရော..။" အဲမှာ အမေထပ်တင်းတယ်။

ညနေစောင်းကို ကိုယ်က သင်တန်းရှိတော့ အော့ချက်ကိုလာခဲ့ အော့ချက်မှာ ဆုံမယ်ဆိုပြီး ချိန်းလိုက်တယ်။ ကိုယ်သင်တန်းဆင်းတဲ့ အချိန်က ၉ခွဲ ကျော်ဆိုတော့ သူတို့ကို ဈေးပတ်နေဖို့မှာလိုက်တယ်။ မမပြာနဲ့ သင်္ကြန့်ညီမလေးနဲ့ထွက်လာကြတာ။ ကိုဘိုကလဲ အဲဒီမှာ လာဆုံပေါ့။ သူတို့ ကိုယ့်ကို စောင့်ရင် ရှော့ပင်ထွက်ကြပြန်တယ်။ အမေက ဖန်စီ ဆိုင်တွေတော့ ဖန်စီ လက်ကောက် ကွင်းတွေ အများကြီးရှိတဲ့ဒီဇိုင်းကို ကြိုက်ပြီး ဝယ်ချင်တယ်။ အဖေက ဒါတွေ ဈေးကြီးတယ် မဝယ်ရဘူး ဆိုပြီးတားတယ်။ နောက်တခါ ဂါဝန် ဆိုင်မှာ ဂါဝန် ဝယ်မယ်လုပ်တော့ ဝယ်ပြန်ပြီး" ညီမတို့က ဘာဖြစ်တယ် ညာဖြစ်တယ်ဆိုပြီး ချီးပေါက်ပြန်တယ်။ " အမေတော်တော်တင်းနေပြီး။

Uniqo လဲ ရောက်ရော.. အဖေက Buno mars ဆောင်းတဲ့ ဦးထုပ် လေးဆယ်တန်ကို အားကြိုးမာန်တက် ဝယ်လိုက်တော့ အမေပြောဖို့ အကွက်ရသွားတယ်။ တလမ်းလုံး ပြောမဆုံးတော့ဘူး။ ပြီးတော့  စကားများတယ်။ ညီမက ဘာဖြစ်တယ်။ အကိုက ဘာဖြစ်တယ်နဲ့ စိတ်ကောက်ကြတယ်။ ပြီးတော့ တယောက် ပြောက်သွားရင် တယောက် လိုက်ရှာနေရော..။ ပိုက်ဆံကတော့ အိတ်ထဲ အပြည့်ထည့်ပြီး သွားရတဲ့ အရသာကို နှစ်ယောက်လုံး သဘောတွေ့ကျနေတယ်။ ကိုယ့်မှာတော့ ရင်တမမနဲ့။ လိုအပ်တာ ဝယ်တာ အကြောင်းမဟုတ်ပါဘူး။ အမေတို့က ဘာတွေ့တွေ့ ဝယ်ချင်နေတာ။ အော်... ရယ်... ရယ်ရတယ်။ အမေက ကလေးပိုဆန်လာသလိုပဲ။ အဖေကတော့ ဆရာကြီး အထာနဲ့ပေါ့..။ အိမ်ပြန်ရောက်ရင် သူတို့နှစ်ယောက် တယောက် တလှည့် တိုင်တာ ကြားပြီး ကိုယ့်ခမျာ အူတက်မတတ်ရယ်ရတယ်။ သူတို့ စိတ်ချမ်းသာတဲ့ပုံပေါ်တယ်။

အမေက သားပြန်လာရင် စားဖို့ ဆိုပြီး ဟင်းတွေ ချက်ထားပေးတယ်။ ကိုယ်ကတော့ ငယ်ငယ်က အကျင့်တိုင်း ကွန်ပလိန်းတက်တုန်းပဲ။ ဒါပေမယ့် စားတာတော့ စားတယ်။ အဖေ့က အတို့ အထောင်။ ကိုယ်ကွန်ပလိန်းမတက်ခင် ညီမဟင်းတွေက ညီမသား စားမရဘူး ဆိုပြီး ထောင်တယ်။ တခါတလေ သူတို့ စိတ်ကောက်နေကြတာ မေ့နေကြတယ်။ ပြီးမှ သတိဝင်လာပြီး ဆက်ကောက်ကြတယ်။

ကဲ.... နောက်ထပ် ဘာတွေ ထပ်ဖြစ်ဦးမလဲ.. အခုလောက်ဆို စိတ်ကောက်ပြေပြီထင်ပါတယ်။ ဟိုနေ့က လမ်းမှားပြီးကတည်းက အမေ အဖေနဲ့ လမ်းလျှောက်ထွက်ဖို့ ကြောက်သွားပုံရပါတယ်။ ဒါကြောင့် စိတ်ကောက်ချင်ယောင်ဆောင်တာနေမှာ.. :P




ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

Comments

သက်ဝေ said…
ဟား ဟား ဟား... အတူတူပဲ... အိမ်က ဖေဖေ နဲ့ မေမေ လည်း တခါ တခါ လမ်းမှားတုန်း... ဖေဖေက လူတတ်ကြီး လုပ်ပြီး မရောက်ဖူးတဲ့နေရာတွေ လမ်းလျှောက် ခေါ်သွားတတ်တယ် လမ်းတွေမှားကြရင် မေမေက သူ့ကို ဝေးတဲ့လမ်းက ပတ်ခေါ်ရပါ့မလားလို့ စိတ်ဆိုးတတ်တုန်း... ပတ်ဝန်းကျင်က နေရာတွေ တိုက်တွေက ဆင်ဆင်တွေချည်းပဲ ဆိုတော့ သူတို့ လမ်းမှားတာ မဆန်းပါဘူးလေ...း))
khin oo may said…
သိတ်ခက်တယ်။
Anonymous said…
Easy.....easy...:)
It happens the same when we often walk in evening.I say ...go yourself alone,i already walked along lake this moning and he doesn't move.Then i dress up and along with him.That's what we chose together for life long.
Gyidaw
Anonymous said…
:))
very nice post.
rose of sharon said…
ဖြစ်နိုင်တယ်... နောက်ထပ်တခေါက်လမ်းမှားပြီးလျှောက်ခေါ်မှာစိုးလို့ စိတ်ကောက်ချင်ယောင်ဆောင်နေရတာနေမှား))
Anonymous said…
haha like it
khin said…
မောင်လေးဖိုးစိန်

မောင်လေးရဲ.အမေကနုတယ်နော်၊ မိသားစုတွေစုံစုံလင်လင်နဲ.ပျော်စရာကြီးနော်။
ဖတ်ပြီးစိတ်ချမ်းသာတယ်ကိုဖိုးစိန်ရေး)
ရန်ဖြစ်..ပြန်ချစ်...အဲ့ဒါ အနှစ်...
တစ်ယောက်ကိုတစ်ယောက် ဘယ်လောက်ချစ်ဆိုတာ အဲ့လောက်ဆို မှန်းလို့ရပြီ..။
T T Sweet said…
ဖိုးစိန် အဖေနဲ့ အမေက ရယ်ရတယ်။ ဒီဘလော့ဂ်ကို ဟိုးလွန်ခဲ့တဲ့ ၂နှစ်လောက်ကတည်းက ရောက်ခဲ့ပြီး ပို့စ်တွေ အကုန်ဖတ်ပြီသား။
Anonymous said…
:D

Popular Posts