နောင် အနှစ် (၂၀) ကြာသော်...
နောင်လာမည့် အနှစ် (၂၀)တဲ့….
အနှစ် (၂၀) ဆိုတာကို စဉ်းစားမိရုံ နဲ့ ကျနော်သက်ပျင်း ဖြေးဖြေးချလို့ နှုတ်ခမ်းကွေးရုံ ပြုံးမိတယ်… နှစ်(၂၀)ကို ကြိုမပြောနဲ့ နောင်လာမယ့် နှစ်နှစ်အတွင်း မှာတောင် အရာအားလုံးက ဘယ်အရာမှ မသေချာ… မမြဲသော ဘဘောတရား… အသက်ရှိထင်ရှား ရှိနေရင်တောင် ကံကောင်းတယ်မှတ်… ကျနော် လက်ရှိ ခံစားနေရတဲ့ ခေါင်းကိုက်ဝေဒနာကို နှစ်နှစ်ဆယ်ထိ (သို့) အသက်ရှင်နေ သမျှကာလပတ်လုံး သယ်ဆောင်သွား ရအုံးမယ် ဆိုတဲ့ အတွေးက ခေါင်းထဲဝင်လာမိတယ်…
အသက်ရှည်သော်လည်း မကျန်းမာ ကျန်းမာသော်လည်း ပူပင်သောက ရောက်နေရတဲ့ ဘဝကို မလိုချင်တာတော့မမှန်.. စိတ်စွဲတာတစ်ခုက ငယ်ငယ်က မေးဖူးတဲ့ ဗေဒင်က အသက်(၃၅)နှစ် ကျရင် သေကိန်းမြင်တယ်တဲ့… ဗေဒင် မယုံကြည်ပေမယ့် ဒါကိုခေါင်းထဲမှာ စွဲနေမိတယ်… နဂိုကလည်း ငယ်ငယ်လေး ကတည်းက ခေါင်းကိုက်ဝေဒနာ ခံစားနေရတော့ ဝေဒနာ ခံစားရတဲ့ အချိန်တိုင်းက သေချင်နေခဲ့တာ… ခုတော့လဲ ဖြစ်ရိုးဖြစ်စဉ်မို့ နေသားပဲကျနေ သလိုလို… အဖေပြောသလို မကောင်းတာ တွေလုပ်ပြီး ကြီးပွားချမ်းသာ အသက်ရှည်နေတဲ့ လူ့တစ်ဘဝစံ လဲမဖြစ်ချင်ဘူး… နောင်သံသရာမှာ လူထပ်မဖြစ်တော့ဘဲ ငရဲကို အကြိမ်ကြိမ် ခံရတာထက်စာရင် ခုဘဝမှာ စောစောစီးစီး သေခွင့်ရတာမှ မြတ်ဦးမယ်ထင်တယ်… ဒါကြောင့် အသက်မရှည်လဲ ဝမ်းမနည်းမိ… သေရမှာကိုလဲ မကြောက်မိ… သေရင်တောင် ခေါင်းကိုက်ဝေဒနာ သက်သာဦးမယ်ပေါ့… ဒါက ဖြစ်နေတဲ့ အတွေး…
ထားပါတော့ အသက်ရှင်ခွင့် ရလို့ နောင်နှစ်နှစ်ဆယ်ကို သွားကြည့်မယ် အဲဒီအချိန်ကျရင် ကျနော်က အသက်(၅၀) ပြည့်နေပြီး… မိဘတွေ သက်ရှိထင်ရှား ရှိနေသေးမယ်ဆိုရင် မိဘအသက်က (၇၀)ကျော် (၈၀)ဝန်းကျင် အိုမင်းမစွမ်းတော့မယ့် အရွယ်… ကျနော် အသက်(၃၀)ကျော်မှ အိမ်ထောင်ကျ သားသမီးမွေးတယ်ထား သားသမီးတွေ အသက်က အလွန်ဆုံးရှိ (၁၅)(၁၆)နှစ်… သေချာတယ် “အဖေခါးကုန်း သားစားတုန်း” အဖြစ်မျိုး…
မိဘကြည့်တော့ အိုမင်းမစွမ်း… မိဘက သားသမီး လုပ်သူကို အားကိုးရှာမိမယ့် အချိန်… သူတို့ရဲ့ ဘဝနဲ့စိတ် တစ်ထပ်တည်း မဖြစ်တော့မယ့် အချိန်… အရာရာကို ရှုံးနိမ့်သူ အနေနဲ့ စိတ်ကျနေမဲ့ အချိန်… ဒီလိုအချိန် မျိုးမှာ အားအင်ချိနဲ့ ခိုကိုးရာမဲ့ နေမယ့် အဖြစ်ကို မိဘတွေကို မရောက်စေချင်တဲ့ စိတ်တွေ ကျနော့်မှာ ရှိနေလိမ့်မယ်…
သားသမီး ကြည့်တော့ အရွယ်ကောင်းတုန်း လှချင်ဝတ်ချင် စားချင်တဲ့အရွယ်… ကိုယ်ဘဝမှာ ရခဲ့ဘူးတဲ့ ဆိုးရွားခါးသီတဲ့ ဘဝမျိုး မဖြစ်စေလိုတဲ့စိတ် သားသမီးကို မိဘကြောင့် မသိမ်ငယ် လိုတဲ့ ကိုယ်ချင်းစားစိတ် ထားပြီး ကိုယ့်သားသမီးတွေရဲ့ လိုအပ်ချက် တွေကို တတ်နိုင်သမျှ ဖြည့်ဆည်း ဖို့ဆိုတဲ့စိတ်တွေကျနော့်မှာ ရှိနေလိမ့်မယ်… ဒါအပြင် ကျနော့်ရဲ့ ညီ ညီမလုပ်သူတွေ အခြေကျ အဆင်ပြေစေဖို့ ဆိုတဲ့ မောင်နှမစိတ်တွေ သနားစိတ်တွေ ရှိနေလိမ့်မယ့်… ဒီစိတ်တွေ ဒီခွန်အားတွေ အကောင်အထည် ဖော်ဖို့အတွက် အဲဒီ လာမယ့် နှစ်နှစ်ဆယ်ဆိုတဲ့ အသက်(၅၀)မှာ ခိုင်မာတဲ့ စီးပွားရေးတစ်ခု အပြင် ကျမ်းမာရေးကောင်း စိတ်ကောင်းစေတနာ နဲ့ ကိုယ်ချင်းစာတတ်တဲ့ ကြင်သူသက်ထား ဇနီးမယား ရှိဖို့လိုတယ်… “စီးတဲ့ရေ ဆည်တဲ့ကန်သင်း” ဆိုတဲ့ တူညီတဲ့စိတ်နဲ့ ဘဝကို လျှောက်လှမ်းနိုင်မယ့် ကြင်ဖော်ကောင်းက အနားကနေ ဖေးမကူညီမယ်ပေါ့… ဒီလို ဇနီးကောင်း တစ်ယောက် အနားမှ ရှိနေတဲ့ အတွက်လည်း သူ့ရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ အဆင်သင့် ဖြစ်နေချင်တယ်…
ဒီလိုအေးချမ်း ပျော်ရွှင်ရတဲ့ မိသားစုလေး တစ်ခုတော့ နောင်လာမယ့် နှစ်(၂၀)ကျရင် ရချင်ပါတယ်… အချမ်းသာဆုံး စာရင်းမဝင်ချင်နေပါ မပူပင် မကြောက်ကြရပဲ သူတပါး ဖြစ်ချင်တဲ့ ဆန္ဒလေးတွေကို တတ်နိုင်သလောက် ဖြည့်ဆည်းပေးပြီး အလှူအတန်းလုပ် ဘဝကိုအေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ် နေနိုင်ရင်ကျေနပ်ပါတယ်… ကိုယ်တိုင်ကလဲ စိတ်ကျမ်းမာရေး ကိုယ်ကျမ်းမာရေး ကောင်းမှ ဒီလိုမိသားစု ဘဝကို လှလှပပ ထူထောင်နိုင်မှာ… ဒါကြောင့် ဒီလိုအသက်မှာ ဒီလိုဘဝတစ်ခုကို ပိုင်ဆိုင်ဖို့ အတွက် ခုချိန်ကနေပြီး ကံစန်း ဥာဏ်စန်း ရှိသလောက် အားကုန်းလွှတ် ကြိုးစားထားရမှာ… ဒါတောင် ကျမ်းမာရေးကောင်းလို့ အသက်မသေဘူး ဆိုရင်ပေါ့…
ကံကုန်လို့ အသက်မရှိတော့ရင်လဲ ကျန်ခဲ့မယ့် မိသားစုကို မပူပင်ရအောင် ဒီနှစ်နှစ်ဆယ် မတိုင်ခင် ကြိုးစားလုပ်ထားဖို့က အရေးကြီးတယ် ကိုယ်က စောစောစီးစီးသေလို့ ဝဋ်ကျွတ် သွားပြီးဆိုပြီး နောင်ကျန်ခဲ့တဲ့ မိသားစု အရူးမီးဝိုင်းနေတဲ့ အဖြစ်မျိုး ဖြစ်နေရင် သေရင်တောင် မတရားတဲ့ အပြင် ဒီစိတ်နဲ့ သံသရာက နေကျွတ်လွတ်မှာ မဟုတ်…
ဒါကြောင့် သက်ရှိထင်ရှား ရှိနေတဲ့အချိန်ထိ ကိုယ်ချစ်ခင် တွယ်တာတဲ့ မိသားစုကို တစ်ခုခု ဖြစ်အောင် လုပ်ပေးရမယ့် တာဝန်… ဒီတာဝန်ကို နှစ်နှစ်ဆယ်အတွင်း ဒါမှမဟုတ် ဒီထက်ပိုလာမယ့် အသက်ရှင်နေသမျှ ကာလပတ်လုံး လုပ်ဆောင်နေရမှာ… ဒါက ဖြစ်ချင်တဲ့ စိတ်…
ဒါကြောင့် နှစ်နှစ်ဆယ်အတွင်း သက်ရှိထင်ရှား ကျမ်းမာနေပါလျှက်နှင့် ကိုယ့်မိဘ အတွက်သော်လည်းကောင်း၊ ကိုယ်ပိုင် မိသားစု အတွက်သော်လည်းကောင်း၊ ကိုယ့်နိုင်ငံ အတွက်သော်လည်းကောင်း၊ ယုတ်စွအဆုံး ရသင့်ရထိုက်တဲ့ လောကီ လောကုတ္တရာ တရားကိုသော်လည်းကောင်း တစ်ခုခုကိုမှ မလုပ်ဆောင်နိုင်ခဲ့ရင်တော့ အဲဒီအချိန်မှာ သေနတ်တစ်လက်ကိုဝယ် မိဘရှေ့မှာ ဒူးထောက်လို့ “လောကကြီးအတွက် နိုင်ငံအတွက် မိသားစု အတွက် ဘာမှ အသုံးမဝင်တဲ့သူ ဆန်ကုန်မြေလေးကို လူပြည့်မှာ မထားဘူး” ပြောခိုင်းပြီး ငယ်ထိပ်တည့်တည့်ကို အဲဒီသေနတ်နဲ့ ပြစ်ခိုင်းပြီး အသေခံသင့်တယ်… ဘာကြောင့်လဲဆိုတော့ အဖေ ကျနော်တို့ ငယ်ငယ်လေး ကတည်းက သင်ပေးပြောပြဖူးတယ် “သားတို့ လူရယ်လို့ ဖြစ်လာမယ့် ဘဝမှာ သက်ရှိ ထင်ရှားရှိနေမယ့် ကာလ တစ်လျှောက်လုံး အဖေခုဆိုပြတဲ့ စာပိုဒ်လေးကို ဆိုပြီး အသိစိတ်နဲ့ နှလုံးသွင်းပါ”တဲ့…
“သူတပါး သားမယားကို ပြစ်မှားကြည့်ရှု့ ရသောထက် မျက်လုံးနှစ်ဖက် ကန်းရခြင်းသည် (ပရမံ)မြတ်၏။
သူတပါး မကောင်းကြောင်းကို စောင်းမြောင်း အပုပ်ချ ပြောဆို ရသောထက် ဆွံအ နေရခြင်းသည် (ပရမံ)မြတ်၏။
သူတပါး ရှာမှီးသော ပစ္စည်းဥစ္စာ ရတနာများစွာကို ခိုးယူရသောထက် လက်နှစ်ဖက် ပြတ်ရချင်သည် (ပရမံ)မြတ်၏။
သက်ရှိထင်ရှား ကျမ်းမာနေပါလျှက် လောကီလောကုတ္တရာ နှစ်ဖြာသော အကျိုးစီးပွားကို မထမ်းဆောင် နိုင်ခြင်းထက် သေရခြင်းသည် (ပရမံ)မြတ်၏။”
ဒါကြောင့် ကျမ်းမာ၍ ချမ်းသာပျော်ရွင်သော ဘဝကို အဓိပါယ်ရှိရှိ အကျိုးရှိရှိ ပိုင်ဆိုင်ပြီး လာမည့် နောက်နှစ်နှစ်ဆီသို့ ချီတက်ကြစို့….။
တကယ်တမ်း အသက်ရှင်နေဦးမယ် ဆိုရင်လည်း အခုဖြစ်နေတဲ့ စိတ်တစ်ခုက ကိုယ့်ထက်ကြီးတဲ့ ဘလောဂါ အကိုတွေ အမတွေကို ခေါ်ပြီး လေးစားသမှုနဲ့ ကန်တော့ပွဲလေးလုပ် ညီတွေ ညီမတွေ သူငယ်ချင်းတွေနဲ့ တွေ့ဆုံစားပွဲလေး တစ်ခုလောက်လုပ်ပြီး နောင်အနှစ်နှစ်ဆယ်မှာ ကျန်ခဲ့မယ့် ယခုလက်ရှိဘဝရဲ့ ကောင်းကျိုး ဆိုးကျိုးတွေကို အားရပါးရ ဝေဖန်ပြောဆို စနောက်ရမယ့် နေ့လေးတစ်နေ့ကိုတော့ လိုချင်ပါသေးတယ်…
မကြီးဝါ ရေးထားတဲ့ ပိုစ့်လေးလို ဖြစ်လာရင်လည်း ဘယ်လောက်များ ကြည်နူး ပျော်ရွှင်စရာ ကောင်းလိုက်မလဲနော်…
မကြီးဝါ(ဝါဝါခိုင်မင်း) ရေ…. ကျနော့်ပိုစ့်လေးကို ကျေနပ်လိမ့်မယ်လို့ ထင်ပါတယ်….။
ကိုနေညို(နေညိုရင့်) ရေ ….(သေခါနီးကြီး)လို့ ခေါ်မယ့် မဒီကို မြန်မြန်တွေ့ပါစေလို့ ဆုတောင်းရင်း ဒီပိုစ့်လေးကို ကျေနပ်လိမ့်မယ်လို့  မျှော်လင့်ပါတယ်ဗျာ….။
ထပ်တိုး။………………။ ညီလေးခွက်ခွက် (အဆိပ်ခွက်) ရေ ညီလေးရဲ့ တက်ဂ်ပိုစ့် လေးကိုလဲ အကိုရေးပေးမယ်… တော်ကြာ အငယ်ဆုံးလေးကို မလေးမစား လုပ်ရာကြမှာ ညီလေးထင်မှာ စိုးလို့ ကြိုတင် လျှောက်တင်ထားတယ်… ရေးပေးပါ့မယ်ဗျာ..
ခင်မင်လေးစားစွာဖြင့်
ဖိုးစိန်
Comments
Anonymous said…
စိန် ကျန်းကျန်းမာမာနဲ့ မိဘကို အသက်ထက်ဆုံးထိ လုပ်ကျွေးနိုင်ပါစေ
မြူး said…
အမလေးးးးးးးနော် ဘယ်တော့မှပထမရမလဲမသိဘူး
ကျမ်းမာ၍ ချမ်းသာပျော်ရွင်သော ဘဝကို အဓိပါယ်ရှိရှိ အကျိုးရှိရှိ ပိုင်ဆိုင်နိုင်သောကိုဖိုး
စိန်ဖြစ်ပါစေ...
ကောင်း၏။
ခေါင်းက ဘာလို့ ဒီလောက်ကိုက်နေတာလဲ။
တမူထူးတဲ့ အရေးပါဖိုးစိန်ရေ....
ကိုယ်ပျော်ရွှင်မှုကိုပဲ အဓိကဦးစားပေးနေကြတဲ့ လူ့သဘာဝကြီးရဲ့ အလယ်မှာ ....
ကိုယ်ကျိုးတစ်ခုထဲကို မကြည့်ဘဲ...
အများအကျိုးကို မျှမျှတတကြည့်တတ် မြင်တတ်တဲ့ ဖိုးစိန်...
စိန်တွေစီမနေရလဲ ဝမ်းမနဲပါနဲ့ သူငယ်ချင်း...
အခုအချိန်မှာ ငါတို့သေရမယ်ဆိုရင်တောင် အကြွေးရှင်းရှင်း အပြစ်ကင်းကင်းနဲ့
ငါတို့ အသေဖြောင့်တယ်...
Mogok Thar said…
ညိရေ.. ဓာတ်ပုံရိုက်သွားရမှာမို့ ပြန်လာမှ သေချာ ပြန်ဖတ်မယ်။ ဗေဒင်ကို စိတ်မစွဲနေနဲ့။ ယတြာ ရှိတယ်။ ယူမလား။ :-P
ဇော် said…
ဟုတ်ပါ့မြူးရယ်
နာလဲ ချိတ်ညစ်ယာဘီ။ ဘယ်တော့များမှ ပထမရမှာပါလိမ့်။ နေဦး နာ အိပ်မက်မက်လိုက်ဦးမယ်။ တိလား မြူး။ အဟိ။
MANORHARY said…
ခေါင်းက ကိုက်နေကျဆိုတော့ကျင့်သားရနေပြီဆိုလို့
ကိုယ်လိုလူတစ်ယောက်အဖြစ်သတ်မှတ်သွားတယ်
(အဖော်တွေ့ပြီပေါ့..)နောက်အနှစ် ၂၀ ထိဆေးမတွေ့
ဖြစ်နေနိုင်ပါသေးတယ်။အားမငယ်ပါနဲ့။ အကြားအမြင် ဆရာမတစ်ယောက်ကတော့ပြောတယ် အဲဒါ ဝဋ်နာကံနာ
တဲ့..(အားပေးတာပါ..)ဘယ်တော့မှမပျောက်ဘူးဆိုပဲ
.............
သေချာတာက ကိုယ်လည်းနောက်အနှစ် ၂၀ထိအသက် ရှည်ပါ့မလားဆိုတာလေးတွေးပြီး တရားတွေကိုလည်း ယူသွားပါတယ်။
မကြီး
Anonymous said…
ကိုဖိုးစိန်
မေလဲခဏခဏခေါင်းကိုက်တတ်တယ်
ဆေးလေးနဲ့အသက်ဆက်နေရတယ်...........
ဝေဒနာတူခြင်းကိုယ်ချင်းစာမိတယ်...........
ပျော်ရွှင်ပါစေနော့
မေလေး
“ဘကြီးအိုအို ခါးကုန်းကုန်း မသေပါနဲ့ အုံး နောင်နှစ်ခါ
တန်ဆောင်မုန်း ပွဲကြည့်ပါအုံး” သီချင်းလေးကို သတိရ
သွားပါတရ် အဟဲ။ ဘကြီး ရာ ခေါင်းကိုက်တာလောက်နဲ့ 
ဘာမှ မဖြစ်လောက်ပါဘူး။။။။။
ဘကြီးရဲ့ အဖေ ဒသန လေးကို သဘောကျတယ်။ တကယ် မှတ်သွားတယ်ဗျ။ ဘကြီးတို့ လို့အသက်အရွယ်ကြီးရင့်တဲ့သူတွေက ရှေ့ မှာ ပိတ်ရပ်မထားနဲ့ နော်။။နောက်မှာ ရှိတဲ့ သူတွေက ကျော်ရခက်တယ်ဗျ။။။။မြန်မြန်ဆောင်ဗျို့ ။။ဒါမှ ဘခါးကုန်း သားစားတုန်း မဖြစ်မှာ။။။။
ခင်မင်ခြင်းနှင့်
တလနွန်
ဖတ်ရင်းနဲ့ မောသွားတယ်ဗျို့ 
နောင် အနှစ် ၂၀ မပြောနဲ့ 
မနက်ဖြန် ဆိုတာ ရှိမလား
ဘယ်လို လဲ ဆိုတာ မသေချာတဲ့
လူ့ ဘ၀ ကြီး ပါပဲ ။
ကို စိန့်  အဖေ ရဲ့  ဆုံးမ စာ လေးကလည်း
တကယ့်ကို စံထား အတုယူဖွယ်ပါပဲ။
ဗေဒင်တွေ ဘာတွေ လည်း သိပ်ပြီး အယူမသီး
ပါနဲ့ ဗျာ။
အသက်၃၅ နှစ် မှသေ မှာ မဟုတ်ပါဘူး။
ိပို့ စ် ရေးနေရင်းတန်းလန်းနဲ့ လဲ
ဗြုန်းခနဲ လဲပြီး သေသွားနိုင်တာပဲ ( ဟဲဟဲ ခင်လို့ စတာပါ )
ကို စိန် နောင်လာမယ့် အနှစ် ၂၀ ကျော်ကို
အဖေနဲ့ အမေ ကို လုပ်ကျွေးပြုစုရင်း
သာယာတဲ့မိသားစုဘ၀လေးကို
ရရှိပိုင်ဆိုင်ပြီး
ကွေးသောလက် မဆန့် မီ
ဆန့် သောလက် မကွေးမီ
လောကီ လောကုတ္တရာ နှစ်ဖြာ ကောင်းကျိုး
သယ်ပိုးရွက်ဆောင်နိုင်သူ ဖြစ်ပါစေ လို့ 
ဆန္ဒပြုလျက်
ချစ်ညီဝသန်
kiki said…
အ ဘ ခါးကုန်း သားစားတုန်း ။
(ဒီအဘိုးကြီး ဘာ အသားစားသတုန်း)
မျက်စိ၊နား။နှာခေါင်း။ဘာတခုမှအကောင်းမကျန်။
ခြေပြတ် လက်ပြတ်။ခေါင်းပြတ် (အဲ ..ခေါင်းကိုက်)
အလိုလေး ဦးဖိုးစိန် ရယ် ။
သေပါနဲ့ အုံးကွယ် ...
ဝံကြီး တနေရာပေးထားပါတယ် ။
ဒေါ်ကြီးအယ် နဲ့ နေရာလဲ လို့ လည်း ရပါတယ် ။
ပုံ။
ဖွားကိ
WWKM said…
ဖိုးစိန်ရေ...
အင်း..မကြီိးလဲတွေးနေတာ.. ဖိုးစိန်လေးကတော့ ခေါင်း
ကိုက်တဲ့အကြောင်းထည့်ရေးတော့မယ်ထင်တယ်လို့...
ဓါတ်မှန်ကိုဓါတ်ပုံရိုက်ပြီးပို့လိုက်ပါဆိုတော့ မပို့လာဘူး။
ကျုမာလား..ဘာလားသေခြာအောင် မေးပေးမလို့ကို..
ဘုရား၊တရားများများလုပ်ပါ မောင်လေးဖိုးစိန်ရေ..
ဝိပဿအားထုတ်နိုင်အောင်ကြိုးစားပါ...
ဗေဒင်တွေကတော့ စိတ်ထဲမှာသိတ်အမှတ်မထားပါနဲ့.
ဦးဥာဏ်ကိုလည်း အသက်၃၇အထိပဲအသက်ရှည်မယ်
ဆိုပြီးဟောထားသေးတယ်လေ.. ဒါပေမယ့်သူတို့ယတြာ
ချေခိုင်းသလို ခန္တာဆက်တာတို့ ၊ဘာတို့ လုပ်ဆိုတော့
မေမေတို့ကလုပ်ပေးကြတာပေါ့... စိတ်ထဲမှာ သိတ်အမှတ်မထားခဲ့ပဲ..ဦးဥာဏ်က ဘုရား၊တရားကို
အစ်မထက်ပိုးပြီး ကျင့်ကြံအားထုတ်နိုင်တော့ အခု အသက် ၃၉ ထဲရောက်လာပါပြီ... အေးဆေးပါ..
ကျန်းကျန်းမာမာချမးချမ်းသာသာနဲ့ နောက်လာမယ့်
အနှစ် ၂၀မှာ မိသားစုလေးနဲ့အတူ ပျော်ရွှင်ချမ်းမြေ့နိုင်
ပါစေ မောင်လေးရေ.....
အစ်မတို့ ဘလော့ဂါမောင်နှမတွေ ဘယ်တော့မှ စိတ်ဝမ်း
မကွဲကြပဲ မြန်မာပြည်ပြန်ရောက်ရင် ဆက်သွယ်ကြပြီး
တစ်နှစ်တစ်ခါလောက် တွေ့ဆုံပွဲလုပ်နိုင်ကြရအောင် စိတ်
ကူးထဲမှာ စီစဉ်ထားပါတယ်နော်...း)))) အဲလောက်သံ
ယောဇဉ်ကြီးတာ..ဘလောဂါလောကလေးကိုလေ...
ကျန်းမာပျော်ရွှင်ပါစေ.
ရေးပေးတာကျေးဇူးပါ.
မကြီးဝါ
လာရောက်ခံစားသွားတယ် ဗျို........
ခင်မင်လျှက်
အဆိပ်ခွက်
လာရောက်ဖတ်ရှု..
ကိုဖိုးစိန်ရေ.. အတွေးအခေါ်တွေနဲ့ မြော်မြင်မှုတွေကို လေးစားတယ်ဗျာ.. ဘာပဲပြောပြောအဲလို ဘ၀ကို ကြိုတွေးတဲ့သူတွေ တကယ်ကိုရှားပါတယ်ဗျာ.. တကယ်ကိုလေးစားသွားပြီ...
yehtutnaung said…
ကိုဖိုးစိန်ရေ.. ညက မူးတူးတူးနဲ့  အိပ်ပျော်သွားလို့  အခုမနက်မှ လာ မန့် ရတယ်။ ဆောရီးဗျာ...။
"ဘယ်တော့သေမယ်၊ ဂေါက်ခနဲ သေနိုင်တယ် .." အဲဒီ သေခြင်း၊သေမျိုးတွေ မေ့လိုက်ဗျာ။
နံပါတ် (၁)က ကျန်းမာအောင် ဂရုစိုက်နေထိုင်မယ်..။ လုပ်စရာ ရှိတဲ့ အလုပ်တွေ အားသွန်ခွန်စိုက် လုပ်ပစ်မယ်။ ဖြစ်လာတဲ့ ဘေး ပြေးတွေ့ ပစ်မယ်။ စိတ်ကောင်းနှလုံးကောင်း ထားမယ်။ ဒါဆိုရင် ကျွန်တော်ထင်တယ်။ အနှစ် ၂၀ ဆိုတာ ရောက်မှန်းမသိ ရောက်သွားကြမှာပါဗျာ။ အဲဒီကျမှ မဟေသီလဲရ၊ ကလေးတွေလဲ တပြုံတမကြီးနဲ့  "ကိုဖိုးစိန်ရေ .." အိမ်ရှေ့ က လှမ်းအော်လိုက်ရင် ၀၀ဖိုင့်ဖိုင့်ကြီး(စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာ နေရလွန်းလို့ လေ) သာ ထွက်မလာနဲ့ ...။ :P
ကိုဖိုးစိန် Father ကြီး ဆုံးမစကားတွေက မှတ်သားစရာတွေချည်းပါပဲ။ အခုလို (( သေခါနီးကြီး )) အဲလေ ကျွန်တော့် tag ကို ရေးပေးတဲ့ ကျေးဇူးအထူးတင်ပါတယ်ဗျာ။
Anonymous said…
Swimming is the best medicine migriane......just try if u dun believe.....Jasmine
Anonymous said…
ခေါင်းကိုက်တာဆရာဝန်မပြကြည့်ဘူးလား ...သေချာပြပြီးကုလေ... မှတ်သားစရာများမှတ်သားသွားပါတယ် .... ကိုယ်ရောစိတ်ပါအမြဲကျန်းမာချမ်းသာပါစေ ...ကိုဖိုးစိန်ကိုချစ်သောမဒီကညာအမြန်တွေ့ပါစေ...အေးချမ်း ပျော်ရွှင်ရတဲ့ မိသားစုလေး တစ်ခုပိုင်ဆိုင်ရပါစေ
အားလုံးက Positive Thinking တွေဆိုတော့ Negative ဘက်ကရေးမယ်...အချိန်ကုန်ခံပြီး Block တွေရေးနေ မယ့် အစား အယ်ဒီ Idea ကို အခြေခံပြီ တိကျတဲ့Strategic/ Plan တခုဆွဲသင့်တယ်... e.g. ခုဘာလုပ်နေတယ်။ ခန့် မှန်းပြီဆုံးချိန်...ရလာမယ် Benefit...ဒါမှ မဟုတ် ဘာဖြစ်ချင်တာလဲ...ဒါဆိုခုဘာလုပ် သင့်လဲ...(so called "backward planning") ....Stop Dreaming...မကျေနပ်သူများ စာရေးသူ ကိုပဲ အပြစ်တင်ပါ ခင်ဗျာ...သူအတင်းရေးခိုင်းလို Comment ရေးရ တာပါခင်ဗျာ...ဟီးဟီးဟီး...:-D
khin oo may said…
လာဖတ်သည်။
မောင်လေးအဖေ ဆိုပြခဲ့တဲ့ စာပိုဒ်က တကယ်ကို မှတ်သားစရာပါပဲ။ နောင်အနှစ် (၂၀)မှာ မျှော်လင့်ထားသလို အားလုံးလက်တွေ့ပိုင်ဆိုင်နိုင်ပါစေ မောင်လေး ဖိုးစိန်ရေ...
Rita said…
တွေးစရာတွေ အများကြီးပါတဲ့ post ပါ။
ဖိုးစိန် ဖေဖေ ဆိုပြခဲ့တဲ့ စာပိုဒ်လေးကြောင့် ပြောခဲ့သူကိုရော ပြန်ရေးပေးတဲ့သူကိုပါ ကျေးဇူးတင်မိပါတယ်။
mgnge said…
လူကျန်းမာ နေရင် ချမ်းသာခြင်းတစ်မျိုးပေါ့ဗျာ.....။
အဓိကက ကျန်းမာရေး ကိုဂရုစိုက်ပေါ့ အကိုရာ.......
နောက်ကိစ္စကတော့နောက်ပေါ့ .. အခုလောလောဆယ် ကျန်းမာအောင်သာနေ....
thondrae said…
thondrae said…
အတွက်မင်းကအမြဲတတ်ကြွရွှင်လန်းနေဘို့ လိုပါတယ် ကိုယ်စိတ်နှစ်ပါးကျမ္မာချမ်းသာနိုင်ပါစေညီလေး အကိုရဲ မင်းအတွက်ထားရှိတဲမေတ္တာကြောင့် မင်းခံစားနေရသောဝေဒနာများအမြန်ဆုံးပျောက်ကင်းနိုင်ပါစေ့ ချစ်ခင်မှုများစွာဖြင့်  အကို သုဒြေ္န
Mogok Thar said…
ညီ
ခေါင်းကိုက်သက်သာတဲ့ ဆေးနည်းကို ပုံမှန် လုပ်ပေး။
ဘ၀မှာ ငွေကြေးချမ်းသာဖို့ထက် ကိုယ်စိတ်ကျန်းမာဖို့လဲ လိုအပ်သေးတယ်ဆိုတ ညီသိတယ်ဟုတ်။
ပျော်ရွှင်ချမ်းမြေ့ပါစေဗျာ
စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး ဘ၀တလျှောက်လုံး သာယာပျော်ရွှင်နိုင်ပါစေမောင်လေးရယ်...
ခင်မင်လျှက်
မကြီး
တို့လဲ ခေါင်းခဏခဏ ကိုက်တယ်..ပါရာစီတမော့ သောက်တယ်..ပြီးရင် ပန်ကာရှေ့မှာ ခေါင်းကို ၁နာ၇ီလောက်စိုက် ထားလိုက်တာပဲ...ခေါင်းကိုက်ရင် အစားအသောက်ပါ ပျက်တယ်..life insurance လေးလုပ်ထားတယ်မဟုတ်လား..တို့လဲ လုပ်ထားတယ်..သိပ်လဲ စိတ်အပင်ပန်းမခံပါနဲ့.
JulyDream said…
အဖေခါးကုန်း သားစားတုန်း မဖြစ်ရအောင်...
မနှေးအမြန် ကြိုးစားလိုက်တော့ဗျို့...
ဖြူ said…
ခေါင်းကိုက်ပျောက်အောင် အောက်ပါအတိုင်းလုပ်ကြည့်ပါ.
၁) ကော်ဖီခါးခါးထဲကို သံပုရာရည် ထည့်သောက်ကြည့်ပါ.
၂) သံပုရာသီးကို ရေနွေးပူစိမ်ပြီး သောက်ကြည့်ပါ.
(အဝင်ဆိုးလို့ orange juice original နဲ့ ရောသောက်ပါ)
၃) တရုတ်လက်ဖက်ခြောက် ကြိုက်ရင် သောက်ပါ.
၎) centrum performance ကို တနေ့ တလုံး မှန်မှန်သောက်ကြည့်ပါ..
အဲဒါတွေထဲက တနည်းမပျောက် တနည်းပြောင်း လုပ်ကြည့်ပါ.. အဲဒါမှ မပျောက်ရင် ခေါင်းကိုက်ပျောက်ဆေးသောက်ပြီး အိပ်လိုက်ပါ..
နောက်ဆုံးမရရင်တော့ ခေါင်းအသစ်တလုံးလဲလိုက်ပါ.. အဟိ.. ဘဝတူမို့ အကြံပေးတာပါ...
ကိုကိုစိန့် အဖေ ရွတ်ပြတဲ့ သြ၀ါဒလေးက မှတ်သားစရာကောင်းလိုက်တာ...
ကိုကိုစိန့် စိတ်ကူးလေးလည်း ကောင်းပါ့...
ခင်မင်စွာဖြင့်
သီဟသစ်
Anonymous said…
ဆန္ဒပြည့်ပါစေဗျို့...
ယူမယ်ဆိုတာချည်းပဲ.. :P
ဖြူ့အကြံမဆိုးဘူး ဖိုးစိန်ရေ..
လိုက် လုပ်ကြည့်ပါလား
:)
ဖိုးစိန်လေးရေ
လာဖတ်တယ်နော်
ခင်မင်လျက်
နောက်ဆုံးပိတ်အိတ်နဲ့ လွယ်သူ့ ကတော့ ညီယောက်ဖလေးဖြစ်ပါတယ် ချစ်ကိုယောက်ဖဖိုးစိန်ရေ
အကိုညီကိုလည်း နောက်မကျအောင်လေ ညီမနဲ့ အမြန်ပေးစားတော့နော် သိလား ပြီးတော့အကိုဆီမှာ နည်းလမ်းကောင်းလေးတွေ လိုက်နာဖို့ လာခံယူပါ့မယ်
အကိုတစ်ခွက် ညီတစ်ခွက် တန်းတူပေါ့နော်
ကျန်းမာရေး မကောင်းဘူးဆိုလို့  သေတမ်းစာကိုအမြန်ရေးပေးပါ
ခေါင်းကိုက်နေတယ်ဆိုတာ သိတော့ ညကသောက်တာကြောင့် များလားလို့ စဉ်းစားနေတာ
လူကြီးဆိုပြီးညီမသိအောင် ခွက်ပုန်းများချလိုက်လားမသိတာနော်
အကိုဖြစ်ချင်တဲ့ဘဝလေးကို ညီဘေးကနေပြီး တတ်သလောက်ဖြည့်ပေးမယ်လေ
အခြင်းခြင်းတွေပဲ မျက်နှာမပူတော့ပါဘူးလေ
JuneOne said…
နောင်နှစ်၂၀မှာ အေးချမ်းသာယာသောဘ၀လေးကိုပိုင်ဆိုင်နိုင်ပါစေ။
လျှောက်မစဉ်းစားပါနဲ့
ကိုယ်က အခုကောင်းအောင်ကြိုးစားနေတာပဲ
နောင်ကောင်းဖို့ပဲဖြစ်မှာပါ
အကို မျှော်လင့်ထားသလိုပဲ မိဘကျေးဇူးဆပ်နိုင်တဲ့ မိဘလိုအင်ဖြည့်ဆည်းပေးနိုင်တဲ့ အောင်မြင်ပြီး ပြီးပြည့်စုံတဲ့ မိသားစုဘ၀လေးကို တည်ဆောက်နိုင်ဖို့ ဆုတောင်းပေးပါတယ် ..
ဖြစ်ချင်စိတ်ရှိရင် ဖြစ်ကိုဖြစ်ရမှာပေါ့ ..
အားတင်းထားဗျို့ .. ကျန်းမာရေးလည်း ဂရုစိုက်း)
Popular Posts