ငွေကိုင်ကြီးကျနော်
ကြီးပွားရေးနဲ့ စီးပွားရေး နည်းလမ်းကောင်းတစ်ခုကို မျှဝေချင်လို့ပါ... ဆယ်တန်း စာမေးပွဲကြီး ဖြေပြီးသွားပြီးတဲ့ ကျနော့်ကို ဟိုယောင်ယောင် ဒီယောင်ယောင် ဖြစ်နေမှာ အဖေလုပ်သူက မကြည့်ရက်လို့ဆိုပြီး ကျနော့်ကိုအိမ်ရဲ့စီးပွားရေးအကြောင်း… အိမ်မှာ လုပ်နေတဲ့ အလုပ်အကိုင် အကြောင်းတွေကို ရှင်းပြပြီး သင်ယူခိုင်းတယ်… ပြီးတော့ အိမ်ရဲ့စီးပွားရေးအခြေအနေကို သိရအောင်ဆိုပြီး ဝင်ငွေထွက်ငွေတွေကို စစ်ဖို့ စာရင်းကိုင် ငွေသိမ်းအလုပ်ကို လုပ်ခိုင်းတယ်…
ကျနော်ငွေသိမ်းရာထူး ရပြီးနောက်နေ့မှာပဲ မေမေ့ကို ဈေးသွားရင် ပိုက်ဆံအများကြီး ထည့်တဲ့ပုဒ်မ၊ ငွေသုံးကြမ်းတဲ့ပုဒ်မ၊ ပိုက်ဆံကိုလွယ်လွယ် ကူကူထားပြီး မေ့တတ်တဲ့ပုဒ်မ စတဲ့ ပုဒ်မတွေတပ်ပြီး အမေလုပ်သူကို ငွေကိုင်ရာထူးကနေ ဖယ်ရှားလိုက်တယ်… ပြီးတော့ ဒဏ်ပေးတဲ့ အနေနဲ့ အမေ့ကို ဈေးဖိုး တနေ့စာပဲ ပိုက်ဆံအိတ်ထဲ ထည့်ပေးတယ်… မိသားတစ်စုလုံးအတွက် လုပ်နေတာဆိုတော့ ဒီလောက်တော့ စည်းကမ်းတင်းကျပ်ရမယ်လေ… ကျနော့်လက်ထက်မှာ ခြိုးခြံ ချွေတာပြီး ကြီးပွားတိုးတက်အောင် လုပ်ရမယ်မဟုတ်လား…
နောက်တစ်ခုက ကျောင်းကြီးရက်ရှည် ပိတ်ရက်တွေမှာ အဖေက ညီနဲ့ ညီမလုပ်သူကို စီးပွားရေး အကြောင်းနားလည်အောင် ဆိုပြီး အလုပ်နေရာတွေ ပေးထားသေးတယ်… အိမ်က ဖွင့်ထားတဲ့ စက်ဘီးဆိုင်ကယ် အပိုပစ္စည်းရောင်းတဲ့ဆိုင်မှာ အငယ်ကောင်ကို ဈေးရောင်း ဈေးဝယ် ကူခိုင်းတယ်… မီးပုံမှန် အမြဲမလာတဲ့ ကျနော်တို့ရပ်ကွက်မှာ အဖေက မီးစက်ကြီးကိုထောင်ပြီး တစ်ရပ်ကွက်လုံးကို မီးပေးတော့ မီးရတဲ့ အိမ်တွေကို အငယ်မလေးကို ပိုက်ဆံကောက်ဖို့ တာဝန်ပေးတယ်… အပင်ပန်းဆုံးအလုပ် ကို အနစ်နာခံပြီး ယူထားတဲ့ ကျနော်က တစ်နေ့စာ ဝင်ငွေ ထွက်ငွေတွေကို စစ်ရတာ အမောပေါ့လေ… ယုံကြည်လို့ ပုံအပ်ထားတာဆိုတော့ တိကျသေချာ မှန်ကန်အောင်နဲ့ သမာသမတ်ကျအောင် နေရတယ်မဟုတ်လား… အနည်းဆုံးတော့ ကျနော်က မိသားစုရဲ့ အလိုလိုက် အကြိုက်ဆောင်ချင်းတော့ ခံရတယ်လေ…
အမေက အရင်ကလို ပိုက်ဆံကို လိုသလို မသုံးရပဲ ဈေးဖိုးကိုတောင် ကျနော့်ဆီက တောင်းသုံးရတယ်ဆိုတော့ အမေ့ခမျာ ဈေးဝယ်သွားလို့ သူသဘောကျတဲ့ အဝတ်အစား အသစ်အဆန်း တွေများတွေ့ရင် “သားစိန်ရယ်… ဒီနေ့ အမေ လေးထပ်ဈေးသွားတော့ သားကြိုက်တဲ့ အင်္ကျီဒီဇိုင်း ဆန်းဆန်းတွေ တွေ့လာတယ်… အမေ့သားက လူချောလေး ဆိုတော့ အဲဒီအင်္ကျီလေးနဲ့ဆို သားနဲ့လိုက်မှာ… သားက အကောင်းစားကြိုက်တဲ့သူ… အမေအတွက် လဲဝယ်ချင်သေး… သားကိုဝယ်ပေးလိုက်ရင် အမေ့အတွက်မလောက်… အမေဖြင့် လိုချင်လိုက်တာ…” စသဖြင့် စကားစလာရင် သေချာတယ်… အမေက လာညှိနှိုင်းနေတယ်ဆိုတာ… အမေလဲ အဆင်အသစ်လေးရ ကျနော်လဲ အဝတ်အစားအသစ်ရ … ဒါကြောင့် အမေနဲ့သား အဆင်ပြေအောင် အဖေ့ကို ပြမယ့်စာရင်းမှာ အကြောင်းပြချက် တစ်ခုတော့ တိုးရတော့မှာပေါ့…
ညီလုပ်သူကတော့ လိမ္မာစွာ ဈေးကူရောင်းပေးရှာပါတယ်… တနေ့ကို ဆယ်ယောက်စာရောင်းလိုက်ရင် နှစ်ယောက်စာက အကြွေးစာရင်းထဲ ထည့်ပါတယ် (ဘယ်တော့မှ ပြန်မရတဲ့ အကြွေးပါ… အကြွေးယူသွားတဲ့ သူကိုယောင်လို့ သွားမတောင်းနဲ့… ပြဿနာကြီးသွားမယ်) … စာရင်းပျောက်သွားတဲ့ အကြွေးတွေနဲ့ ချမ်းသာနေတဲ့ ညီက “ကိုကြီးအတွက် ဦးဂျမ်းပုဆိုးဝယ်ခဲ့တယ်… အဆင်လှလို့” ပြောရင် ညီလုပ်သူ ဘာကိုဆိုလို သလဲဆိုတာ သဘောပေါက်ပြီး အကြွေးစာရင်းကို ကြွေးဆုံးလုပ်ပြီး အကြွေးယူတဲ့ နာမည်တွေကို ဖျောက်ဖျက်ပေးရပြန်ရောလေ… ညီဆိုတော့လဲ ချစ်တာကိုး… ဒါပေမယ့် ညီအကိုနှစ်ယောက် တိုင်ပင်ပြီး အိမ်က အမေတို့ မသိအောင် သတင်းကို အောင်းထားရသေးတယ်….
အငယ်ဆုံး ညီမလေးကတော့ ညနေတိုင်း ပိုက်ဆံအပ်တာ ပုံမှန်ပဲ… မှန်ကန်တယ် တိကျတယ် ဆိုပြီး အားလုံးက သဘောကျတယ်… ချစ်ကြတယ်.. ပုံမှန်အပ်နေကျ ပိုက်ဆံက တစ်ပြားမှ မလျှော့ဘူး… မုန့်ဖိုးပေးရင်တောင် “ကိုကြီးရယ်… ကိုကြီးက မကြာခင် တက္ကသိုလ် သွားရတော့မှာ… ကိုကြီးလိုလိမ့်မယ် စုထားလိုက်… ညီမလေးက အသုံးမလိုဘူး” ဆိုတော့ အကိုလုပ်သူကျနော်က အငယ်ဆုံးလေးက သိတတ်တယ် လိမ္မာတယ်ဆိုပြီး မျက်ရည်တောင် လည်မိတယ်…
နောက်မှ သိလိုက်ရတာက ဒင်းလေးက အကုန်လုံးထက် စီးပွားရေးကောင်းနေတာ… အဖေလုပ်သူက မီးစက်အား ခဏခဏကျတော့ မသကာင်္လို့ ကျနော်ကိုယ်တိုင် အိမ်စေ့လိုက်စစ်တော့မှ အရင်က မီးချောင်းထွန်းတဲ့ အိမ်တွေက ခုတော့ တီဗွီပါ ကြည့်နေတယ်… သိလိုက်တော့တယ် အငယ်မ လက်ချက်ဆိုတာ… အငယ်မကတော့ ကိုယ်တိုင်ဈေးဖြတ်ပြီး အိမ်ကိုတော့ အရင်စာရင်းအတိုင်း မီးချောင်းစာပဲ ကျနော့်ကို ရှင်း… ကျန်တာက သူ့ကိုယ်ပိုင် ဝင်ငွေလုပ်နေတော့ အပိုမုန့်ဖိုး ထပ်မလိုလောက်အောင် စီးပွားရေးကောင်းနေတာ… တစ်ခါတစ်လေ အဖေလုပ်သူကို “အဖေနော်… အဖေ့မီးစက်ကို အားနိုင်အောင်လုပ် ... ပိုက်ဆံလိုက်ကောက်ရတာ မျက်နှာငယ်တယ်… အဖေ့မီးစက်က မီးအားမနိုင်ဘူးပြောရင်” လို့ အဖေ့ကိုတောင် ကြိမ်းမောင်းသေးတယ်… တတ်လဲတတ်နိုင်တဲ့ အငယ်ဆုံးလေ…. နောက်ဆုံးတော့လဲ အဖေ့မသိအောင် ဘယ်သူမှ မသိအောင် မောင်နှမ နှစ်ယောက် ဈေးကိုက်သွားတယ်...
လကုန်လို့ စာရင်းချုပ်ထားတာကို အဖေယူစစ်ရင် မိသားစု အားလုံး (အဖေကလွဲလို့) တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး အဖေများ တစ်ခုခု ပြောမလာဆိုတဲ့ ရင်ထဲက စိုးရိမ်စိတ်တွေနဲ့ မေးငေါ့လိုက်… မျက်စပြစ်လိုက်နဲ့ အဖေ့အရှေ့မှာ အလုပ်ကိုရှုတ်နေတာပဲ… ဒါပေမယ့် အဖေလုပ်သူက မျက်မှန်လေးကို ပင့်လိုက် စာရင်းကို ဖတ်ကြည့်လိုက်… သားသမီးနဲ့ မိန်းမမျက်နှာကို ကြည့်လိုက်နဲ့… “အင်း… နောက်တစ်ခါ အသုံးလေးတွေ လျှော့ကြကွယ်” လို့ပြောပြီး စာရင်းစာအုပ်ပိတ်လိုက်မှ သက်ပြင်းကိုယ်စီချ ပြုံးစိစိနဲ့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လို့ ရင်ထဲပေါ့သွားတာပေါ့… အဖေလုပ်သူက သိရက်နဲ့ တစ်ခွန်းဆို တစ်ခွန်းမှ မပြောပါဘူး… အဖေဘယ်တော့မှ ဘာမှ မပြောဘူးဆိုတာလဲ ကျနော်သိပြီးသားပါ… ဘာကြောင့်လဲဆိုတော့ အဖေကိုယ်တိုင်က အဖေ့သူငယ်ချင်းတွေကို ပြုစုချင်တယ်ဆိုရင် အမေမသိအောင် အမေမဆူအောင် ကျနော့်ကို မုန့်ဖိုးပေးပြီး ဘီယာဖိုးတွေအတွက် စာရင်းဖျောက်ခိုင်းနေကျလေ…
ဒီစာရင်းတွေကြောင့် ကျနော်အရမ်း ပင်ပန်းရပါတယ် (ဖျောက်ရမယ့် စာရင်းတွေကို စဉ်းစားရလို့)… အနစ်နာခံပြီး မိသားစုထဲမှာ နှစ်ပေါက်တစ်ပေါက် ရိုက်ရတာ ပျော်ဖို့လဲကောင်းပါတယ်… နောက်ဆုံးကျနော့် အကြောင်းလဲ သိရော… ရာထူးက အဖယ်ခံရတဲ့အပြင် ရန်ကုန်ကိုတောင် နယ်နှင်ဒဏ်ခံလိုက်ရပါတယ်… ဒါပေမယ့်ပေါ့ လုပ်ခဲ့ရတဲ့ စာရင်းကိုင် သက်တမ်းတိုတိုလေးမှာ အမြတ်တွေ ရလိုက်ပါသေးတယ်…
ခုထိ ကျနော်ကိုင်တဲ့ စာရင်းတွေ အကြောင်းကို မိသားစု ဝင်ဖြစ်တဲ့ ကျန်တဲ့လေးယောက်က သူတို့ လှိမ့်ခံလိုက်ရတာကို တပြုံးပြုံးနဲ့ ပြောမဆုံး ဖြစ်နေပါကြောင်း...
ခင်မင်လေးစားစွာဖြင့်
ဖိုးစိန်

Comments
No.1111111111
ခင်တဲ့
ကိုဇော်
လုံးဝမကျေနပ်ပါ..
း)
ခင်တဲ့
မြူးလေး
စိန်က ငယ်ငယ်တည်းက နှစ်ပေါက်တစ်ပေါက် ရိုက်တတ်တာနော်.. လွယ်ပါဘူး
ဘရုတ်လေး
း)
စိန့်ရဲ့
ချစ်မ
မယုံဘူးဗျာ.. ဟားဟား...
ဤပုံကိုကြည့်ပါ အဝေးမြင်နိုင်သည်... :) :) :)
တခါတလေတော့လည်း ဒါလေးတွေက အမှတ်ရစရာလေးတွေပေါ့ဗျာ...
အဝေးရောက်နေသူတွေအဖို့ ဒါလေးနဲ့ပဲ သတိရ နှစ်သိမ့် လွမ်းဆွေး ကြေကွဲကြပေါ့ဗျာ...
အခုလို အတိတ်ရဲ့ အမှတ်ရစရာလေးတွေကို ပြန်လည်တူးဖော်တာ ကောင်းတယ်ဗျာ...
အမှတ်တရဖြစ်တာပေါ့....
သူငယ်ချင်း
ပြည့်စုံ (ဝေါသားလေး)
စာရင်းကိုင်တော်တော် တော်တာပဲ ဗျ ဟီးဟီး
လေးစားလျက်
တောင်ပေါ်သား
ခင်မင်လျှက်
မကြီး
အဖေ့ အိမ်လိုပဲ သဘောထားပြီး ထိန်းသိမ်းပေးလိုက်ပေါ့ ကွယ်.....
ခေတ်ကာလ သားသမီးတို့  ခက်ပါတယ် .. အဟယ်ဟယ်
အဲဒါ ကိုယ့်မန်နေဂျာ တဲ့
ခန့်မိပြီးသွားပြီ
ပြဿနာပဲ
(သားရေ ကယ်ပါဦး..)
:P
ခင်တဲ့ မေဇင်
စာရင်းကိုင် သင်တန်းတော့ ဖွင့်သင့်နေပြီ ကိုဖိုးချိန် .. ဟဲဟဲ
အခုကော..စာရင်းကိုင်သေးလား.
ငွေစာရင်းကိုင်ခန့်ဖို့  အစီအစဉ်များမရှိဘူးလား..။
လိုရင်ပြောနော်...။ မွန်ပြည်နယ်သားချင်း
ဦးစားပေး first နော်...အဟိ..။
ခင်မင်စွာဖြင့်
စည်သူ
ဟီး...
ညကျ မှာ လာထပ်မန့် မယ်..
တကယ့်ကို လုပ်ချလိုက်တာပါပဲနော်..
ဖတ်ရတာ မိသားစု ပုံရိပ်လေးတွေ ပေါ်လာတယ်..
အားပေးနေတယ်.. တူမောင်ရေ..
ချစ်ခင်တဲ့
ဦးနော်
ဒီပို့စ်လေးက တကယ်ကြည်နူးစရာလေးပါ ။
မိသားစုနဲ့ တူတူနေရတဲ့ ဘ၀လေးကို လွမ်းမိတယ် ။
ဂျစ်တူး ကတော့ အိမ်က စာရင်းကိုင်နေရာ မရဘူးဗျ ။
လကုန်ခါနီး တစ်ပတ်လောက်ဆို ဂျစ်တူး မုန့်ဘိုးက
သုံးလို့ ကုန်နေပြီ...။လက်ဖွာလို့ စာရင်းကိုင် ၊ငွေကိုင် ရာထူးမရဘူးဗျ ...........။
ဂျစ်အကိုက တော်တာပေါ့....မိသားစုထဲမှာ ဝေစားမျှစား
လုပ်တတ်လို့.....။
ချစ်ခင်လေးစားစွာဖြင့်
ဂျစ်
ဟားဟား..ဖိုးစိန်ရေ..
ဘာလေးရေးရေးဖတ်ကောင်းအောင် စိတ်ဝင်စားအောင်
ရိုးရိုးရှင်းရှင်းလေးရေးတတ်တာလဲ..
ပညာကွယ့်
ပျော်ဖို့ ကောင်းတဲ့ မိသားစုတစ်စု ပြေးမြင်မိသွားတယ်။ တတ်လည်းတတ်နိုင်တဲ့ ငွေကိုင်ကြီးပဲဗျာ။ စာရင်းဖျောက်တာရော နှစ်ပေါက်တစ်ပေါက်ရိုက်တာရော ပိပိရိရိမလုပ်တော့ နယ်နှင်ဒဏ်ထိတာပေါ့ :)
ခင်မင်ခြင်းများစွာနှင့်
တူရီးတော်
နောက်ကျ စားရင်းကိုင် ငွေကိုင် ရာထူး နေရာမပေးတော့ဘူး။ စားသောက်ဆိုင်က စားဖိုမှူးကြီး ရာထူးပဲ အပိုင် ပေးစားထားတော့မယ်။
ငွေကိုင်ကြီးက ကျနော် အကို မိုးကုတိသားပဲ လုပ်မယ် ဏော။
ချစ်တဲ့ ညိ ပျော်၇ွှင်ချမ်းမြေ့ပါစေ။
ချစ်ရတဲ့ မိသားစု နဲ့ အမြန်ဆုံး နွေးနွေးထွေးထွေး ပြန်နေနိုင်ပါစေဗျာ။
ချစ်ခင်ခြင်းများစွာနဲ့
ကိုမောင်ဟန်
စာရင်းကိုင်ကနေ မန်နေဂျာဖြစ်ရင်လည်း ရေးဦးနော်။ :)
ဖိုးစိန်တို့ မိသားစုလေးက တအားခင်ဖို့ကောင်းပြီး စိတ်တူကိုယ်တူရှိတာကိုက ဖတ်ရတာ ကြည်နူးစရာကောင်းတယ်...
အခုလော့ အီမ်မှာ ဘယ်စူက ငွေကိုင်နေလဲ...
ညီမလေးလား... ညီလေးလား...
ကိုလူထွေးကတော့ ဖိုးစိန်ကို ငွေကိုင် မခန့်ဝံ့တော့ပါဘူး...
းဝ)
ဟဲဟဲ
သိနေတယ် :P