ရခဲ့တဲ့ ဆု စူးခဲ့တဲ့ စိတ် ဒဏ်ရာ
ကျနော်(၇)တန်းစတက်ရတဲ့နှစ်… ကျောင်းတွေစဖွင့်တော့မယ့် ကာလမှာပဲ မေမေက သားအိမ်မှာ ကင်ဆာဖြစ်တယ်ဆိုပြီး ရန်ကုန်ကို ဖေဖေနဲ့ ဆေးကုဖို့သွားရတယ်… (ရ)တန်းတွေ ကျောင်းအပ်လက်ခံတော့ အမေက ရန်ကုန်မှာ ဆေးကုနေပြီး… အဖေကတော့ မော်လမြိုင် ပြန်လာ… ကျနော်တို့မောင်နှမကို ကျောင်းအပ်ပေးတယ်… ဖြစ်ချင်တော့ ကျနော့်ရဲ့ အတန်းပိုင်ဆရာမက အဖေ့ရဲ့ ကျောင်းနေဖက် သူငယ်ချင်း ဖြစ်နေပြန်တယ်… မထင်မှတ်ပဲ သူငယ်ချင်းတွေ ပြန်ဆုံတော့ အဖေက ကျနော့်ကို ကျုရှင်ပြပေးဖို့ပါ တစ်လက်စတည်း အကူအညီတောင်းခဲ့တယ်… အဖေရော အမေရော ရန်ကုန်မှာနေပြီးဆေးကုနေတဲ့ အချိန် ကျနော်တို့က အမေ့ရဲ့ အဖိုးအဘွားတွေနဲ့ကျန်ခဲ့မှာဆိုတော့ ကျနော့်တို့ကို စိတ်ချလက်ချ ထားခဲ့ချင်တဲ့ အနေနဲ့ အဖေက ဆရာမ လက်ထဲအပ်ခဲ့တယ်…
ကျနော့်ကို အဖေကစိုးရိမ်လို့ “သူငယ်ချင်းရေ ငါ့သားက အိမ်မှာ ထမင်းစား လက်မှတ်ရထားတယ်… ဆိုးတယ်… အဲဒီတော့ကြည့်ထိန်းပေး… မင်းကိုဝကွက်အပ်တယ် ငါကမိန်းမ နေမကောင်းဘူးဆိုတော့ ပြန်လာနိုင်မှာမဟုတ်သလို ထိန်းနိုင်းမှာမဟုတ်ဘူး မင်းပဲကြည့်ပေးပါ” တဲ့ ဆရာမကတော့ကျနော့်ကိုတချက်စူးစိုက်ကြည့်ပြီး “စိတ်ချပါ… ကိုယ်လက်ထဲ ရောက်ရင် ဝပ်သွားစေရမယ်… မင်းတို့ပေးထားတဲ့ ထမင်းစား လက်မှတ်ပါ ပြန်အမ်းပေးလိုက်မယ်” ဆိုပြီး အဖေ့ကို ပြောခဲ့တယ်…
ကျနော်သူငယ်တန်းကနေ (၆)တန်းအောင်တဲ့အထိ အပြင်မှာ ကျူရှင်မယူဖူးဘူး… အမေပဲကျနော့်ရဲ့ ကျူရှင်ဆရာမ… အမေလုပ်သူက ကျူရှင်မှာကျနော့်နဲ့ တခြားသူ အဆင်မပြေမှာ ကြောက်တာရယ်… အမေကိုယ်တိုင်က သင်ပေးချင်တာရယ်ဆိုတော့ ကျနော်ကအမေ့ရဲ့ ထာဝရတပည့် ဖြစ်ခဲ့ရတယ်… အမေကိုယ်တိုင်က မသိတဲ့ စာတွေကို ကျောင်းလိုက်တက် ပြီး ကျနော့်ကို ပြန်ပြပေးတယ်… အမေ့နဲ့စာသင်ရတာပဲပျော်တယ်… တစ်နှစ်တစ်တန်းကို နှစ်ချင်းပေါက်အောင်သလို ပညာရေးမှာလဲ အညံ့ကြီးမဟုတ်ခဲ့ဘူး
အခုတော့ အမေမဟုတ်တဲ့ ဆရာမနဲ့ အိမ်မှာရော ကျောင်းချိန်မှာ ပါတွေ့ရတော့မယ် ဆိုတော့ စိတ်ထဲတော့ကသိကအောက်ဖြစ်မိတာအမှန်… ဆရာမက ကျနော်ကို အကြောတင်းတယ်ဆိုပြီး ကျောင်းမှာရော ကျူရှင်မှာ ပါမျက်နှာသာမပေးခဲ့ဘူး… ကျောင်းမှာဆို ကျနော့်ကို နှိပ်ကွပ်ထားတယ်… တစ်ခုခုဆို အကြောင်းရှာပြီး ကျနော်ကိုရိုက်ဖို့လုပ်တယ်… တစ်ခုဆိုးတာက ကျနော် ဘယ်တော့မှ အရိုက်မခံဘူး… အကြောက်အကန် ငြင်းလေ့ရှိတယ်… ဆရာမကိုပြောတယ် “သားကိုကြိုက်တဲ့ အပြစ်ပေးပါ မရိုက်ပါနဲ့ သား မိဘတွေလဲမရိုက်ဘူး တကယ်လို့ ဆရာမကရိုက်ရင် ဆရာမလဲ တစ်ခုခုဖြစ်မယ်”ဆိုတော့ ဆရာမက ပုံစံအမျိုးမျိုးနဲ့ ဒဏ်ခတ်တယ်… ကျနော်ကို တခြားတစ်ယောက်နဲ့ နှိုင်းပြီး အမြဲနှိမ်ချပြောလေ့ရှိတယ်…
ကျနော်ကိုယ်တိုင်က အကြောတင်းပေမယ့် ကျောင်းသားဆိုး တစ်ယောက် မဖြစ်ခဲ့ပါဘူး… ဒါပေမယ့် ဆရာမလုပ်သူက တခြားတစ်ယောက်ယောက်ကို ဆုံးမချင်ရင် “မင်းတို့ဖိုးစိန်လို ဖြစ်သွားချင်လား” တဲ့… ပြောချင်တာက အဲလို အဖိနှိပ်ခံချင်လားပေါ့… အဲလိုဆုံးမတိုင်း အားလုံးရဲ့ မျက်စိက ကျနော့်ကို ပုံကျလာတတ်တယ်… ကျနော်တော်တော်လေး ခံပြင်းမိခဲ့တယ်….
နောက်တစ်ခုက မြန်မာစာဆရာမ လဲဖြစ်တော့ စာမေးပွဲဖြေတိုင်းမှာ ကျနော့်ကို မြန်မာစာ အမှတ် လျှော့ပေးလေ့ရှိတယ်… သူပေးတဲ့ မှတ်စုကို ကျက်ပြီး ဖြေတယ်ဆိုပေမယ့် သူများထက် အနည်းဆုံး တစ်မှတ် နှစ်မှတ်လျှော့ပေးတယ်… သူ့ကို မကျေနပ်လို့ သွားပြောရင် “မင်းက ဖြစ်ကြပါသည် နေရာမှာ ဖြစ်ပါသည်လို့ ရေးထားလို့… အဲဒါအဓိပါယ် အများကြီးပြောင်းတယ်… ဒါကြောင့် အမှတ်လျှော့တယ် ”ဆိုပြီး အကြောင်းပြတယ်လေ… ကျနော်လဲ အဲဒီကတည်းက မခံချင်စိတ်နဲ့ စာကျက်ရင် “၏ သည် ၍” မလွဲကျက်ရမယ် ဆိုတဲ့ စိတ်ရောဂါတစ်ခု ဝင်လာတယ်… စာတစ်ပုစ်ကို ကျက်တိုင်း စာပြန်အံတိုင်း တစ်လုံးလိုနေရင် ပိုနေရင် စာမရဘူးလို့ စိတ်ထဲ အစွဲဝင်လာခဲ့တယ်… စာကျက်တိုင်း တော်တော်လေး ဒုက္ခရောက်ခဲ့ရတယ်… (ဆယ်တန်းနှစ် ရောက်မှ ဒီစိတ်စွဲတာ တော်တော်လေး ပျောက်သွားပေမယ့် ခုထိစာဖတ်ရင် စွဲနေတုန်းပဲ)
တနေ့ ကျုရှင်မှာ ဆရာမက ကျနော့်တို့ ကျောင်းသားတွေကို လက္ခဏာ ဖတ်ပေးတယ်… တစ်ယောက်ချင်းစီကို ကြည့်ပီး “မင်းကတော့ ရှေ့နေဖြစ်မယ့်လက်လေး…. မင်းကတော့ ဆရာဝန်ဖြစ်မှာ… ” စသဖြင့်ပေါ့… ကျနော်လဲ ဘာဖြစ်မလဲဆိုတာ သိချင်တော့ ဆရာမကို သွားပြီး “သားရော ဘာဖြစ်နိုင်လဲ” မေးတော့… ဆရာမက “မင်းလိုလက်ကတော့ ဘောပင်ကိုင် ဖို့ မပြောနဲ့လေ… ဆယ်တန်းတောင် အောင်မှာ မဟုတ်ပါဘူး… အင်း… ဆေးထိုးအပ်တော့ ကိုင်ရမယ်… ဒါပေမယ့် ဘိန်းစားသုံးတဲ့အပ်” လို့ပြောတော့ အားလုံးရဲ့ ဝိုင်းရယ်ခြင်းကို ခံခဲ့ရတယ်…
ကျနော်တော်တော်ရှက်မိတယ်… ဝမ်းနည်းမိတယ်… အဲဒီကတည်းက ဆရာမကို မုန်းတယ်… သူပြောတဲ့ စကားတွေကို နာကျင်တယ်… ကျုရှင်ကိုမုန်းခဲ့တယ်… စိတ်ထဲမှာလဲ ဒဏ်ရာ တစ်ခုလို မှတ်ထားခဲ့တယ်… သူပြောခဲ့တဲ့စကားအတိုင်း မဖြစ်စေရဘူးလို့ စိတ်ထဲမှာ အကြိမ်ကြိမ်တေး မှတ်ထားတယ်… (၇)တန်း ဖြေပြီးတဲ့အထိ အဖေထားခဲ့တဲ့ ကျူရှင်မှာ ကြိတ်မှိတ်နေခဲ့ပေမယ့် ဆရာမလုပ်သူရဲ့ မျက်နှာကို မြင်တိုင်း အံကိုကြိတ်ရင်း ဒီစကားကို နားထဲ အမြဲကြားယောင်နေခဲ့ပါတယ်…
(၇)တန်းအောင် ပြီးတော့(၈)တန်း (၉)တန်း နှစ်နှစ်လုံး အိမ်ကကျုရှင်ထားပေးမယ့် အတင်းငြင်းဆန်ပြီး အိမ်မှာပဲ ကုတ်ကုတ်ခြစ်ခြစ် စာလုပ်ခဲ့တယ်… (၁၀)တန်း နှစ်ရောက်တော့ ကျုရှင်ကို ဘယ်လောက်ချော့မော့ ပြီးထားထား ကျုရှင်ဆိုတဲ့ အသံကြားတိုင်း အိမ်မှာ စကားများရတယ်… မိဘတွေက ကျုရှင်မယူတော့ (၁၀)တန်းကို မအောင်မှာ ကြောက်တယ်… အဖေက စိတ်ပျက်တယ်… အမေက ငိုတယ်.. ကျနော်ကလဲ အတင်းငြင်းတယ်… နောက်ဆုံး စာမေးပွဲ မဖြေခင် (၅)လ အလိုမှာ အမေ့ရဲ့တူမဝမ်းကွဲ တက္ကသိုလ် ဆရာမက ကျနော့်ကို တာဝန်ယူပြီး စာပြပေးခဲ့တယ်… (၁၉၉၇)နှစ်မှာ ဆယ်တန်းအောင်ပြီး ဂုဏ်ထူး နှစ်ခုပါခဲ့တယ်… မြန်မာစာ နဲ့ သိပံ္ပဘာသာတွဲ
အောင်စာရင်းထွက်ပြီး ရက်တော်တော်ကြာ မထင်မှတ်တဲ့ တနေ့မှာ အိမ်ကို ပထမဆုံး စာတစ်စောင် ရောက်လာခဲ့တယ်… အဖေလုပ်သူက ဖွင့်ဖတ်တော့ မြန်မာတနိုင်ငံလုံးမှာ မြန်မာစာကို (၈၂)မှတ်နဲ့ ဒုတိယဆု ရတဲ့ ကျနော့်ကို ဆုတက်ယူဖို့ အကြောင်းကြားစာဖြစ်နေတယ်… (အဲဒီအချိန်က တစ်ဘာသာချင်း ထူးချွန်ဆုတွေ ပေးနေပြီး) တအိမ်သားလုံးက အံ့သြတယ်… ဝမ်းသာသလို ပျော်လဲပျော်ကြတယ်… ကျနော်ကိုယ်တိုင် ဂုဏ်ထူးမှန်းပေမယ့် ဆုရဖို့ထိ မမှန်းခဲ့ပါဘူး… နောက်ရက်တွေမှာလဲ ဆုယူဖို့ ဝိုင်အမ်ဘီအေအသင်း၊ ဂျီအီစီ.၊ ဂုဏ်ထူးဦးသိန်းနိုင်၊ မြန်မာစာဂျာနယ် အသင်းစသဖြင့် သူတို့ဆီကနေ ဆုတက်ယူဖို့ အကြောင်းကြားစာတွေ… မွန်ပြည်နယ်မှာ မြန်မာစာ ပထမဆုယူဖို့စာတွေ အိမ်ကို တစ်စောင်ပြီး တစ်စောင်ရောက်လာခဲ့တယ်… အဖေနဲ့ အမေက ကြွားမဆုံး တပြုံးပြုံးပေါ့… ကျနော်တို့ မိသားစု ရန်ကုန်တက်ပြီး ဆုတက်ယူခဲ့တယ်… တကယ့်ကို ဘဝမှာ အမှတ်တရပေါ့… အဖေနဲ့ အမေမျက်နှာဆိုတာ ဝင်းပနေလိုက်တာ… ပြုံးနေ ပျော်နေ ဂုဏ်ယူနေလိုက်တာ… ခုထိမြင်ယောင်မိသေးတယ်…
ဆုတွေယူပြီးလို့ မော်လမြိုင်ပြန်ရောက်တဲ့ မနက်မှာ ဆုလက်မှတ်ကိုကိုင်ပြီး ကျနော်အရင်ဆုံး အရောက်သွားခဲ့တဲ့ အိမ်က ကျနော့် တစ်သက်လုံး မေ့မရတဲ့ ဆရာမအိမ်… ဆရာမအိမ်ရောက်တော့ ဆရာမကို ပြုံးပြပြီး လက္ခဏာကို ထပ်ကြည့်ခိုင်းတယ်… “တီချယ်ရယ် သား လက္ခဏာလေး မပြောင်းသေးဘူးလားလို့ ကြည့်ပေးပါအုံး… ဆရာမ ဟောခဲ့သလို ဘိန်းထိုးတဲ့အပ် ကိုင်မကိုင်တော့ မသိဘူး ခုတော့ ကျနော်ကိုင်ထားရတဲ့ ဆုလက်မှတ်တွေကို လာပြတာပါ… တီချယ်ဟောခဲ့တဲ့ ဗေဒင် တက်တက်စင် လွဲခဲ့တဲ့ အကြောင်းကို လာပြောတာပါ… တစ်ချိန်က တီချယ့် စကားက သားရဲ့ အသည်းထဲမှာ နာကျင်စွာ စွဲနေလို့ ခုရခဲ့တဲ့ ဆုနဲ့ ဒီဒဏ်ရာကို ဒီနေ့လာချေတာပါ… ခုကျေးဇူးတင်ကြောင်း လာပြောတာ… ဒီလိုစိတ်သွင်းပေးခဲ့တဲ့ အတွက် ဒီလိုဆုမျိုးရခဲ့တာ ကိုပေါ့.. သားဘဝ တစ်ခုလုံးအတွက် အမှတ်တရပေါ့” လို့ ပြောချင်တဲ့စကားကို ပြောလိုက်တော့ ဆရာမခမျာ ကျနော့်ကို ကြောင်ပြီးကြည့်နေတာ ဘာမှတောင်ပြန်မပြောနိုင်ခဲ့ဘူး…
ပြီးမှ ဆရာမက မျက်ရည်ကျပြီး “မင်းစိတ်ထဲမှာ ဒီလောက်ထိ နာကျင်ခံစားမှတ်မိ နေမယ်မထင်ဘူး… မင်းကို မခံချင်စိတ်ဖြစ်အောင် ပြောလိုက်တဲ့ စကားတစ်ခွန်းက မင်းရင်ကိုနာကျင်စေလိမ့်မယ် မထင်မိခဲ့ဘူး” တဲ့လေ… မနာကျင်စေဖို့ မရည်ရွယ်ခဲ့ပေမယ့် ပြောခဲ့တဲ့ စကားလုံးတွေက ရွယ်တူတွေရှေ့မှာ အရွယ်နဲ့မလိုက်အောင် နစ်နစ်နဲနဲ ခံစားနာကျင်ခဲ့ရတဲ့ သူတစ်ယောက်ရဲ့ ခံစားချက်ကိုတော့ ဆရာမလုပ်သူက သတိထား သိသင့်ပါတယ်… မထင်မှတ်တဲ့ စကားတစ်ခွန်းနဲ့တင် ကောင်းသောပြောင်းလဲခြင်းဖြစ်ဖြစ် မကောင်းသော ပြောင်းလဲခြင်း ဖြစ်ဖြစ် ဘဝ တစ်ခု ပြောင်းလဲသွားနိုင်တာတွေ ရှိတတ်တယ်ဆိုတာမျိုးပေါ့…
ဘာဖြစ်ဖြစ် ကျနော်တော်တော်လေး ကျေနပ်သွားတယ်… အနှစ်နှစ် အလလ ကျနော်ပြောချင်တဲ့ ရင်ထဲမှာ မထင်မှတ်ပဲ မှတ်မိနေတာကို စကားတစ်ခွန်းနဲ့ ကျနော်နာကျင် ခံစားခဲ့ရတာကို ပြန်လည်ချေပ လိုက်ရတဲ့အတွက်… ဒီလိုစကားတွေ ပြောလိုက် ပြီးတဲ့ အချိန်မှာပဲ ကျနော့်ရင်ထဲမှာ အရင်က ဆရာမကို မုန်းတီးနာကျင်နေတဲ့ စိတ်တွေ ချက်ခြင်း ပျောက်သွားတယ်…
အိမ်အပြန်မှာ ကျနော်ပီတိတွေနဲ့ ပျော်ရွှင်စွာပြန်လာခဲ့တယ်… အဲဒီနာကျင်မှုက ပျောက်သွားခဲ့ပေမယ့် သတိတရတော့ ရှိနေဆဲပါ… ဘဝမှာ ရခဲ့တဲ့ဆုအတွက် စူးခဲ့တဲ့ဒဏ်ရာတစ်ခုကို ဖျက်ပြစ်လိုက်နိုင်တာလို့မှတ်ယူမိတယ်…
သယ်ရင်းရီနိုရေ…. ကျေနပ်တော့….
ချစ်ခင်လေးစားစွာဖြင့်
ဖိုးစိန်

Comments
မြန်မာစာ ၈၂ မှတ်တဲ့။ တော်လိုက်တာ.. အဲ့ဒီအမှတ်မျိုး ၄တန်းလောက်ထိပဲ ရဖူးမယ်ထင်တယ်
စိတ်ဓာတ်လေးချီးကျူမိတယ်
း)
ခင်တဲ့
မြူးလေး
ချစ်တဲ့
ပိတီတုန်းလေး
လေးစားလျက်
တောင်ပေါ်သား
ဆရာမတွေကလည်း တခါတလေဆိုးပါ့
ရခဲ့တဲ့ ဒဏ်ရာက ခုလို အနာရွတ်မထင်ပဲ ပြေပျောက်နိုင်ခဲ့တာ ကျေနပ်စရာ၊ နောက်ပီး မခံချင်စိတ်က ကောင်းသော လမ်းကို တွန်းပို့ခဲ့တာကလဲ ကျေနပ်စရာပဲပေါ့။
ဒဏ်ရာရစေတတ်တဲ့ ဆူးတွေ ညီ့ဘ၀မှာ ထပ် မကြုံရစေဖို့ ဆုတောင်းပါတယ်။
ဆူး စူးခဲ့သည် ရှိအုံးတောင် အဆိပ်တက်စေတဲ့ ဆူး၊ အမာရွတ်ထင်ကျန်စေမဲ့ ဆူးတွေကနေ ကင်းဝေးပါစေဗျာ။
ချစ်ခင်စွာဖြင့်
ကိုမောင်ဟတ်
"ကိုမောင်ဟတ်" မဟုတ်။ "ကိုမောင်ဟန်" ပါ။ မွှားရိုက်မိလို့ပါ။ အဟီးးးးးးးးးး
ကိုယ့်နာမည် ကိုယ် ဖျက်မိပါဘီ
း))))))))))))))
တို့ကတော့ ၇၂မှတ်ပဲရခဲ့တယ်ကွယ့် :D
နာ့တော့ အကြွေးတောင်းခံရတော့မယ်။
အကြွေးထူတွေ များကြီးကျန်သေးဆိုပြိး အေးဆေးနှပ်နေတာ။
တော်လိုက်တာ
မြန်မာစာကို ဂုဏ်ထူးထွက်အောင် ဖြေနိုင်တယ် ဆိုတာ နည်းတဲ့ အရည်အချင်းမဟုတ်ဘူး။
မခံချင်စိတ်ထားပြီးလုပ်တဲ့စိတ်ဓါတ်ကိုပိုကြိုက်တယ်
a ma lae myanmar sar gon htoo ko a yan lo chin kae tar.. myanmar sar gon htoo ya ter ko lae a yan gon u ter. a yan taw par tal..e` d tone ka.. 1st MM gon htoo su pay pwal ko Sa yar U Thein Ng ka People's Park mhar khan khan nar nae ko lote kae ter. a ma sis ka ya tot tat kae bu tal.. kyain kyay twar ter lar ma thi par wo.. sat sa lu hta p.. ta pote lone ko a may ta char..ans : ta char lote kae tal lay.. !_!. BTW , d mhar UFL .frech ka techer ta yoke yoke nay tal.. teacher be` lote nay tal..
အရေးအသားနဲ့ အကြောင်းအရာကိုတော်တော် သဘောကျမိပါတယ်
ပြီးတော့ စိတ်ဓါတ်...
း)
ကျောင်းသားတွေ အဓိက ထိတွေ့နေရတဲ့ ဆရာတွေဟာ ကျောင်းသားတွေ အပေါ်မှာ သက်ရောက်မှုတွေ အများကြီးရှိတယ်ဆိုတာ ဆရာတွေ သိထားသင့်တယ်
အောင်မြင်သူများဖြတ်သန်းခဲ့ရသော လမ်းသည် ပန်းခင်းလမ်းဖြစ်မနေတတ်ပါ….
အပြစ်ရှာ အပြစ်တွေ…အချစ်ရှာ အချစ်တွေ့တတ်သောလောကတွင်…စဉ်းစားဥာဏ် နုနယ်သေးသော လူငယ်များအား Misleading ဖြစ်စေသောဆောင်းပါများကို…စာရေးဆရာ ဖြစ်သည့်အခါ ထိန်းသိမ်း၍ရေး နိုင်လိမ့်မည်ဟု မျှော်လင့်လျှက်…
ဇော်။
မြန်မာစာ ကို ဂုဏ်ထူးထွက်တယ် ဆို တာ နဲတဲ့ အရည်အချင်း မဟုတ်ဖူးနော် ။ ချီးမွှန်းပါ၏ ။။ အဲ ။ ချီးမွမ်းမိပါ၏ ။
ဆရာမ ကလည်း ဆန်ရင်းမို့  နာနာ ဖွပ်ပေးလိုက်တဲ့သဘော ဖြစ်မှာပါ ။ တခုမေးရအုံးမယ် ။
အဲဒီ ထမင်းစားလက်မှတ်ရော ။။ ကျန်နေသေးလား ။
အသုံးကျနေသေးလား ။
အိပ်စ်ပိုင်ရာ .. မဖြစ်သေးရင် ခဏ ငှားချင်လို့
ဒီက ထမင်းတွေ စားလို့ ရမလားသိဖူး ။ စမ်းသုံးကြည့်ချင်လို့ ဟေးဟေး ။။
တန်ဖိုးရှိတဲ့ Post လေးပဲ ဖိုးစိန်ရေ...
ချီးကျူးပါတယ်...
လေးလည်းလေးစားသွားတယ်...
ဆရာဆိုတာ ကလေးက ပိုတော် ပိုထူးချွန်စေချင်လို့ စိတ်ဓာတ်တွေပဲရှိပါတယ်။ ကိုယ့်ကိုကိုယ် အမုန်းခံ ပြီးမှ ကလေးတစ်ယောက်ကို ထူးချွန်အောင် လုပ်ပေးခဲ့ရတဲ့ ဆရာမကို လေးစားတယ်။
သူငယ်ချင်းရဲ့ သားကို မနိုင်တော့တဲ့အဖေ၊ ကိုယ့်သားကို မထိန်းနိုင်တော့မှာ စိုးတဲ့အတွက်
ပူပင်နေရတဲ့ အဖေကို ကိုယ်ချင်းစာ တတ်တဲ့ ဆရာမ၊ သူငယ်ချင်းရဲ့ သားမို့လို့ သားဆိုးသားမိုက် ဘ၀မျိုး
မဖြစ်သွားရလေအောင် အမုန်းခံပေးပြီး ရင်ထဲက မပါတဲ့ စကားနဲ့ ကလေးကို မခံချင်တဲ့ စိတ်ဓာတ် သွင်းပေးခဲ့တဲ့ ဆရာမ တစ်ယောက်လို့ မြင်မိတယ်။
ဆရာဆိုတာ မိဘနှင့်တဂိုဏ်းထဲပါ။ အဲဒီတုန်းက ပေကပ်ကပ် ဂျစ်ကန်ကန် တစ်ယောက်ရဲ့ စိတ်ဓာတ်၊ ဆရာရဲ့ ရိုက်နှုက်ဆုံးမနိုင်တဲ့ အခွင့်အာဏာကိုတောင် မရိုက်ဖို့ ပြောခဲ့တဲ့ ကျောင်းသားကို အဲဒီအချိန်တုန်းကသာ ဆရာမက သာဒီလို မထိန်းချုပ် နိုင်ခဲ့ဘူး မကိုင်တွယ်နိုင်ခဲ့ဘူး ဆိုလျှင်.......
----------
ဘာပဲပြောပြောလေ...အဲဒီတုန်းက မြန်မာစာဂုဏ်ထူးရတာ ကိုသိသွားတဲ့ မြန်မာစာဆရာမတစ်ယောက်ကို ဆရာ့ဂုဏ်ကို မျက်စိထဲ လှမ်းမြင်မိတယ်။ စိတ်မကောင်းလဲ ဖြစ်မိတယ်။
မြန်မာစာကို ၈၂မှတ်နဲ့ ဂုဏ်ထူးရသွားတဲ့ ကိုဖိုးစိန်ကိုလဲ လေးစားပါတယ်။ ပြီးတော့ မခံချင်စိတ်နဲ့ ကြိုးစားတတ်တဲ့ စိတ်ဓာတ်လေးရှိတာကိုလဲ လေးစားပါတယ်။
ထောက်ခံပါတယ်
ဆရာဆိုတာ ကတော့ အမြဲတမ်း
တပည့်တွေ ရဲ့ ကောင်းကျိုးကိုပဲ ကြည့်ကြတာပါ
ပြီးတော့ နာ (၃)နာနဲ့ လည်း တကယ်ကိုပြည့်ဝကြပါတယ်
မြန်မာစာ ဂ၂ မှတ် ရတဲ့ ကိုဖိုးစိန်ကိုလည်း
ချီးကျူးမိတယ်
ကိုဖိုးစိန် ဘလော့ဂ် စဖတ်မိတဲ့ အချိန်တည်းကတော့
တွေးမိလိုက်သေးတယ်
မြန်မာစာ ရမှတ်ကတော့ ဂုဏ်ထူး မှတ်တော့
ဖြစ်ရမယ်လို့ ဆိုပြီးတော့
အခုတော့ ဂုဏ်ထူးမှတ်ကို ဟိုဘက်ကမ်းတောင်
လွန်ပြီးတော့ ရနေသေးတယ်
ငါ့အကိုက တော်တယ်
မခံချင်စိတ်နဲ့ ကြိုးစားပြလိုက်တာပေါ့
ဟုတ်လား ဆရာမကို
ကျွန်တော် တောင် ၁၀တန်း က မြန်မာစာ အမှတ် ၇၀
ပဲ၇ခဲ့တာ ဟီးဟီး
ခင်တဲ့
ညီငယ် ၀သန်မိုး
အမတော့တစ်ခါမှစာစီစာကုံးမရေးပါ
မြန်မာစာမှာကော အင်္ဂလိပ်စာမှာပါမရေးတာ။ ဘယ်တော့မှ အမှတ်မများသောဘာသာများ အမှတ် ၂၀ဘိုးအမြဲအလကားထားခဲ့တာ
အခုထိလည်းစာရေးပျင်း၏ သူများစာတွေသာဖတ်ချင်သည်။
ကျေးဇူးပြုပြီးဆရာမကို မကျေမနပ်မဖြစ်ပါနဲ့ဖိုးစိန်
အမကိုယ်တိုင်အလွတ်ဆရာမ လုပ်ခဲ့ဘူးတော့ ဆရာဆိုတဲ့ဂုဏ်ပုဒ်နဲ့စေတနာကိုနားလည်ခဲ့လို့ပါ
ဆရာဂုဏ်နဲ့ညီတဲ့ဆရာတစ်ယောက်ဖြစ်ဘို့ တကယ်ကိုခက်ခဲပါတယ်
ဖိုးစိန်ဆရာမက ဘယ်လိုသဘောနဲ့ပဲပြောခဲ့ပြောခဲ့
အဲဒီရဲ့ရလဒ်က ဖိုးစိန်ရဲ့စိတ်ထားတတ်မှုနဲ့ပေါင်းပြီး
အကောင်းဆုံးဖြစ်ခဲ့တာပဲလေနော် ဆရာမကိုတကယ်လို့များ မကျေနပ်တာလေးကျန်သေးရင်တောင် ရောက်တဲ့နေရာကနေ တောင်းပန်လိုက်နော်
ဒါဟာ တက်လမ်းအများကြီးရှိသေးတဲ့ဖိုးစိန်အတွက်
အကောင်းဆုံးတွေရောက်လာဖို့ပါ
မဂျူ
ဒုတိယမြောက် ကြွေးဆပ်ခြင်းခံရတာပါကွာ။
ကျေးဇူးတင်တယ်။ ခုလို အရေးတယူ ရှိတဲ့ အတွက်ပါ။
တော်လိုက်တာလို့တော့ မပြောတော့ဘူကွာ။
အမှတ်ကိုကြည့်တာနဲ့ သိတယ်။
သယ်ရင်းရေတဲ့ စာကို ဖတ်ပြီး မျက်ရည်တောင်
ဝဲသွားတယ်။ ကိုယ်က ဆရာမတွေကို တော်တော် သံယောဇဉ်ကြီးတာ။
ဆရာမအကြောင်းလေးဖတ်ရတော့
ကိုယ့်ဆရာမကိုလည်း သတိရသွားတယ်။
ထပ်ပြောမယ် ကျေးဇူးသယ်ရင်း
တက်ခ်ထားတဲ့ လူ ၁၈ယောက်မှာ ၂ ယောက်
ပဲ ရေးပေးသေးတယ်။
ကော်မင့် များများရေးသွားတယ်နော် သယ်ရင်း စိတ်ဆိုးနဲ့ အိပ်တော့မယ်။
မနက်ကျရင် စောစောထရအုံးမှာမို့ ။
ချစ်တဲ့ သယ်ရင်း ရီနို
၈၂ မှတ်ကြီးများတောင်
မြန်မာတပြည်လုံး ဒုတိယတဲ့...
အားကျဖို့ကောင်းတယ်နော်...
ဆရာမကိုတော့ စိတ်မခုပါနဲ့ ကိုယ့်လူရာ...
သူမှာလဲ ဖိုးစိန်ကို ဖြစ်စေချင်တဲ့စေတနာရှိပါတယ်...
ဖိုးစိန်ကို အသေအလဲ အရှင်မလဲ ချစ်တဲ့ ချစ်ကိုကြီး
ကိုလူထွေး
မြန်မာစာက ဂုဏ်ထူးထွက်ဘို့ အခက်ဆုံးပါပဲ...။
တကယ်ဂုဏ်ယူပါတယ် သူငယ်ချင်းရေ...။
ပီးနဲ့ ပြီးး မရေးတတ်သေးဘူးနော်
မွေးနေ့ထပ်တူကျတဲ့သူတွေက အဲ့လိုပဲ တူတတ်ကြလားဗျာ။
ကိုဖိုးစိန်က မြန်မာစာ ၈၂ မှတ်ကြီးတောင်ရတယ်။ တော်လိုက်တာ။
မကြီး
ဒီပို့စ်ကလေးကိုလဲ စိတ်ဝင်စားတယ်။
ဆရာ၊ ဆရာမတွေ ကိုယ်တိုင်က ကလေးတွေရဲ့ စိတ်ပညာကို နားမလည်၊ မရင့်ကျက်တော့ သူတို့လဲ နားလည်သလို ကောင်းမယ် ထင်တာတွေ လုပ်နေကြရတယ်လို့ ထင်တာပဲ။
စိတ်မကောင်း ဖြစ်မိတယ်။
ဒီအတွေ့အကြုံလေးကို အပြုသဘောဆောင်တဲ့ အနေနဲ့ ဆိုရင် ဘယ်လို ရေးမလဲ?
ဘယ်လို အကြံပေးချင်သလဲ။
အဲဒါလေး ဖတ်ချင်တယ်။