ရာဇဝင်များနှင့် ကဗျာဆရာမ အတွက်

“စိတ်ချင်း ကွန်ယက်တစ်ခုလို့ ချိတ်ဆက်ခဲ့

လေလှိုင်းက ပို့တဲ့ မေတ္တာဓါတ်တွေနဲ့..

သင်ရော နွေးထွေးပါရဲ့လား..မိတ်ဆွေ..

စိတ်ချည်း သက်သက် ရောက်လာခဲ့တဲ့

ပရိတ်သတ်အလည်မှာ...

စိတ်ဟာ..စိတ်ရှိလက်ရှိပျော်၇ွှင်လို့ရယ်ပေါ့...


ဘယ်မှာ အထီးကျန်ပါ့မလဲ...

ငါတို့ဘေးနားမှာ...

ဆွေမျိုးအရင်းအချာ

စိတ်တွေ..ရာထောင်မကရှိနေတယ်...။”

(စိတ်ရတု)

အိန္ဒြာ

ဒီကဗျာလေးက ကျနော့်မွေးနေ့မှ အမှတ်တရ ရခဲ့တဲ့ ကဗျာလေးပါ… မမအိန္ဒြာ အမှတ်တရ ပေးတဲ့ဒီကဗျာလေးနဲ့ မမ ကိုပိုပြီး ချစ်ခင်လေးစားခဲ့ရပါတယ်… လက်တွေ့မှာလဲ အထီးမကျန်အောင် စိတ်တွေကနေတဆင့် လေလှိုင်းကနေ မေတ္တာတွေ ပို့သပေးခဲ့တာက ယခုချိန်ထိ နွေးထွေးနေတုန်းပါ… ပျော်ရွင်ငြိမ်းချမ်းစွာ လက်ခံရရှိနေဆဲပါ…

“ကဗျာဆိုတာ ကဗျာဆရာရဲ့သစ္စာဓိဌာန်
အဲဒီ့ သစ္စာဓိဌာန်က ကမ္ဘာဦးတေးသံဖြစ်လိမ့်မယ်..”

လို့ ဆိုတဲ့ မမဟာ ကဗျာတွေ စာတွေရေးရင်းနဲ့ ဘဝအမောကို ဖြေခဲ့တယ်… (၁၉၉၆)ခု နှစ်ကနေစလို့ ချယ်ရီ ဖူးပွင့်ချယ်ရီကဏ္ဍမှာ အဇ္ဈတ္တ၀ိရောဓိ (ကဗျာ) နဲ့ စခဲ့တဲ့ မမက ခု (၂၀၀၉) ခုနှစ် လာမည့် (၁၀)နေ့HELLO ဂျာနယ်မှာ ပါလာမည့် အလွမ်းဆွတ်ဆွတ် ပန်းချီ ထိ ကဗျာတွေ၊ ဝတ္ထုတွေ နဲ့ ချယ်ရီ၊ မြားနတ်မောင်၊ ရုပ်ရှင်အမြုတေ၊ ပိတောက်ပွင့်သစ်၊ မုဒိတာ ၊ရတီ၊ မဟေသီ၊ ကလျာ စတဲ့မဂ္ဂဇင်းပေါင်းများစွာမှာ ရေးသားရင်း ဘဝရဲ့လောကဓံ အလုပ်ဒဏ်တွေကြားမှား ပြေးရင်းလွှားရင်း ကဗျာတွေရေးရင်းနဲ့ အနုပညာ မိုင်တိုင်ကို စိုက်ထူလာခဲ့တာလေးစားအားကျစရာပါ… ကဗျာများနဲ့ ရပ်တည်ရင်း စာဖတ်သူတွေကို အသိပေး၊ ပညာပေး၊နည်းပေးခဲ့တဲ့ မမကို အမ တစ်ယောက်အနေနဲ့ အားကျစွာ ဂုဏ်ယူပါတယ်..

ခုဆိုရင် မမ ရပ်တည်လာတဲ့ ဘလော့ မိုင်တိုင်လေးက တစ်နှစ်တိတိ ပြည့်သွားခဲ့ပြီးပေါ့… ခုဘလော့တစ်နှစ်ပြည့်ကနေ စပြီး မမ အိန္ဒြာ နှစ်များစွာတိုင် ကဗျာများရေးရင် လောကကို အကျိုးပြုအလှဆင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပါတယ်..
မမရဲ့ဘလော့တစ်နှစ်ပြည့်မှာ အမှတ်တရအဖြစ် မမပထမဆုံး ဘလော့စာမျက်နှာမှာ ရေးသားဖော်ပြခဲ့တဲ့ ယခုချိန်ထိဖတ်ရင် ခံစားနေရဆဲဖြစ်တဲ့ တယောသံနဲ့ ကတဲ့ကဗျာကို တစ်နှစ်ပြည့် အမှတ်တရ အဖြစ် ပြန်လည်ဖော်ပြရင်း မမတစ်နှစ်ပြည့်ဘလော့ လေးအတွက် အမှတ်တရ ဖြစ်ပါစေလို့ ဆုတောင်းပါတယ်...


“တယောသံနဲ ကတဲ့ ကဗျာ”


အဲသည့်မိန်းမရဲ့ ဆံနွယ်ရှည်တွေပေါ့
လ ရောင်ကို အငမ်းမရ သောက်သုံးပြီး
ငါ့ဂီတမှာ ရီရီမူးမူး ကခုန်နေခဲ့တာ
တရိုင်းရိုင်း၊ တယဉ်ယဉ် ဖမ်းစား ညှို့ငင်နိုင်လွန်းလို့၊
ငါ့အိပ်မက်ကို၊ တစ်ဖဲ့ ဖဲ့ပြီး ချကျွေးလိုက်တယ်လေ…။

ဒီညရဲ့ မီးခိုးရောင် ကောင်းကင်ယံဆီမှာ လမင်းဟာ ငွေပြာရောင် အ၀န်းအ၀ိုင်းတစ်ခု အဖြစ် တရွေ့ရွေ့ တည်ရှိ နေခဲ့တယ်။ ညရဲ့ ကိုယ်ပိုင်အရောင် နက်နက်ဟာ လမင်းက ဖြာကျနေတဲ့ ငွေမင်ရောင်တွေနဲ့ ခပ်စိပ်စိပ် ယှက်ဖေါက်ပြီး နက်မွဲမွဲ ပြာလင်းလင်း ရှိနေခဲ့တယ်။ လရဲ့ရောင်ခြည်တွေ မကျအောင် ကာကွယ်ထားနိုင်တဲ့ နေရာတွေမှာတော့ ညဟာ သူပိုင်အတိုင်း အခင်းလိုက် အကွက်လိုက် နက်ကျော..လို့၊ ဒီအုန်းပင်ရှည်ကြီးရဲ့ အရိပ်ကလည်း လက်တံရှည် တစ္ဆေတစ်ကောင် ကခုန်နေသလိုမျိုး တယိုင်ယိုင် ယိမ်းနွဲ့လှုပ်ရမ်းလို့။ လမင်းကို မော်ကြည့်ပြီး ဆွဲဆွဲငင်ငင် အူကျွေးနေတဲ့ ခွေးတစ်ကောင်ရဲ့ ရင်ဘတ်ထဲမှာ ဘာရှိနေမလဲ။ တိုင်တည် နေတာလား၊ တိုင်တမ်းနေတာလား၊ တောင်းပန်နေတာလား၊ တောင်းခံနေတာလား…..၊ သိပ် စိတ်ဝင်စားစရာ ကောင်းတယ်။
*
တယောဆရာ ဒီညကို စောင့်နေခဲ့ရတာ တစ်လတိတိရှိပြီ၊ နောက်ဆယ်ရက် ကြာရင်လပြည့်ည၊ နောက် ငါးရက်ဆို လပြည့်ည ၊ တနေ့တုန်းက သဘက်ခါဆို လပြည့်ည…၊ မနေ့တုန်းက မနက်ဖန်ဆို လပြည့်ည…..၊ အဲသလိုမျိုး။ တယောဆရာ ဒီရွာကို ရောက်ပြီး စိတ်လိုလက်ရ သေသေသပ်သပ် လုပ်ခဲ့တာဆိုလို့ ဒီကွပ်ပျစ် အ၀ိုင်းတစ်ခုဘဲ ပြစရာရှိတယ်၊ သူတယောထိုး ညည်းညူဖို့၊ သူရီဝေယစ်သီဖို့၊ သူကျောခင်းပြီး အဆုံးမဲ့ ငေးမော လွင့်မျောဖို့ အတွက်ဘဲ ရည်ရွယ်တာ ဖြစ်လိမ့်မယ်။ အုန်းပင်ရှည်ကြီးရဲ့ပင်စည်ကို ၀န်းကြပ် ဖွဲ့တည်ထားတဲ့၊ ဒီနှစ်ပေသာသာ ကွပ်ပျစ်အ၀ိုင်းလေးပေါ်မှာ ငွေပြာရောင် လင်းပနေခဲ့ပြီ။ ဒါလပြည့်ည၊ ဒါဟာ လပြည့်ည၊ သိပ်လှတယ်လို့ တယောဆရာဖွဖွ သိပ်သိပ် ရေရွတ်နေခဲ့တယ်။ အရက်သမားအိုကြီးတောင် သူ့ဖောပွပွ ကျောပြင်ကြီးကို အုန်းပင်ကြီးရဲ့ ပင်စည်မှာ ရိယိုင်မှီနွဲ့လွန်းစွာ ကပ်ထားပြီး သူ့ညှင်းသိုးသိုး ဦးခေါင်းကြီးကို သူ့ရင်ခွင်ရှိရာဘက် ညွှတ်ညွှတ်စိုက်စိုက် ချထားရတဲ့အချိန် ရောက်ခဲ့ပြီ။
*
တယောဆရာကတော်ကတော့ ဘယ်လိုမှ စိမ့်အိုင်လာနိုင်ခြင်း မရှိတော့တဲ့ သူမရဲ့နို့ပိန်လေးကို အသာအယာ ဆွဲဖြုတ်လိုက်ပြီး ပြာနှမ်းမွဲခြောက်နေတဲ့ နှုတ်ခမ်း သေးသေးလေးပေါ်ကို ရေစက်လေးတွေ တစ်စက်ခြင်း၊ တစ်စက်ခြင်း ချပေးနေလေရဲ့၊ “အေ့အေ့သားလေးရယ်၊ အေ့အေ့သားလေးရယ်” ဒီအသံဟာ ကြောင်ပေါက်လေးတစ်ကောင်ရဲ့ “တအဲ့အဲ့” အော်သံလို ကြားမှာ ကြေကြေမြည့်မြည့် ထွက်ပေါ်နေခဲ့တယ်။ “သိလားဦးဘတူ”၊ အင်း…….. ။ သူတို့စကားဝိုင်းဟာ အဲဒီ့လိုစတင်လေ့ရှိပြီး၊ အင်း…ထက် စကားပြန် ပိုမရတဲ့၊ အရက်သမားအိုကြီး လုံးလုံးလျားလျား အိပ်ပျော်သွားတဲ့အချိန်မှ အဆုံးသတ်လေ့ ရှိတယ်။ တယောဆရာ ကတော့ သူပြောသမျှကို အင်းလိုက်ပေးဖေါ်ရတဲ့ အရက်သမားအိုကြီးကို အလွန်ချစ်ခင် နေတတ်ပြီး၊ သူ့အိပ်ရာ ပေါ်အထိ တွဲ ပို့ပေးလေ့ရှိတယ်။
*
သိလားဦးဘတူ၊ အင်း….၊ ဆိုတာကတော့ စကားတွေရဲ့ အကြားအကန့် အနားသတ် တစ်ခုလို၊ မှန်မှန်ပေါ်ထွက် နေလေ့ရှိတယ်။ ဒီနေ့လို စကားတွေပြောမနေဘဲ၊ တယောကိုဘဲ ချွဲချွဲငင်ငင် ထိုးနေတဲ့ နေ့တွေမှာတော့ အရက် သမားအိုကြီးဟာ ဒီ့ထက်ပိုပြီး စောစောအိပ်ပျော်သွားလေ့ ရှိတယ်။ ဒီနေ့လို လပြည့်ညမျိုးမှာ တယောဆရာ ၀ဋ် ကျေ မပျက်ပြောမယ့် အကြောင်းအရာကို တယောဆရာကတော် စိတ်ကုန် အားပျက်လွန်းစွာနဲ့ သိနေခဲ့တယ်။ ဟိုး…..ကျန်ခဲ့တဲ့ လပြည့်ညတွေ မှာတော့ ညရီတရောမှာ(တမင်) လျှော်ထားတဲ့ ဆံနွယ်ရှည်တွေကို ဖားဖားဝေအောင်ချထားပြီး…၊ အကိုင်းတွေချင်း နွယ်ယှက်နေတဲ့၊ ယုဇနပင်စည်ကို မှီနွဲ့ပြီး၊ လရောင်အောက်မှာ မှုန်ဝင်း နေချင်ခဲ့တာ။
*
“သိလား ဦးဘတူ” “အင်း…”။ ဒါဟာ ကျွန်တော်ပျောက်ဆုံး နေခဲ့တဲ့ ကဗျာရှည်တစ်ပုဒ်၊ အိပ်မွေ့အချ ခံထားရတဲ့….ကျွန်တော့်ဝိညာဉ်၊ ကြည့်ပါဦးဗျာ….၊ သိပ်ကို ကျွမ်းကျင်လိမ္မာတဲ့ အလမ္မာယ်ဆရာရဲ့ စိတ်ကူးပါးခွက်လို၊ လရောင်ရွှဲနေတဲ့ ပိတုန်းရောင် မြွေလေးတွေလို၊ ကျွန်တော့်တယောသံမှာ ကော့လိုက်၊ ညွှတ်လိုက်၊ ကွေးလိုက်၊ ၀ိုက်လိုက်နဲ့၊ “သိလား ဦးဘတူ” “အင်း…”။ ဘယ်လောက်လှလိုက်လဲ၊ ကျွန်တော့် တယောသံမှာ လိုက်ကနေကြတာ၊ ကျွန်တော့်ရင်တွေ ခုန်နေလိုက်တာမှ.. “သိလား ဦးဘတူ” “အင်း…”။ ဟောဒီ့လို လပြည့်ညဘဲပေါ့…..၊ ချွဲငင် ကြေကွဲနေတဲ့ ကျွန်တော့်ဂီတကို အဖေါ်လုပ်ပြီး၊ စည်းချက်ကျကျ ပျောင်းအိ နွဲ့သွယ်နေကြတဲ့ သူ့တစ်ရပ်လုံးလုံး ဖါးဖါးဝေနေတဲ့ ဆံနွယ်ရှည်တွေရယ်၊ နောက် ဟောဟို ယုဇနပင် အကိုင်းအလက်တွေ ကြားက လမင်းရဲ့ အလင်းတွေ ရောင်ပြန်ဟတ်ပြီး တဖျတ်ဖျတ်လင်းလဲ့ နေတဲ့ ၊ ခိုးကြောင်ခိုးဝှက် မျက်ဝန်းလေးတစ်စုံရယ်။ “သိလား ဦးဘတူ” “အင်း…”။ အဲဒီ့ အချိန်ကစပြီး ကျွန်တော်ဟာ အထီးကျန် မဟုတ်တော့ဘူး။ “သိလား ဦးဘတူ”။ ကျွန်တော်လေ လပြည့်ညကို၊ လပြည့်ညပြီးကတည်းက စောင့် နေခဲ့ရတာ၊ တနေ့တုန်းက သဘက်ခါဆိုလပြည့်ည၊ မနေ့တုန်းက မနက်ဖန်ဆို လပြည့်ည၊ အဲသလိုမျိုး……..
*
တအဲ့အဲ့ ရှိုက်ညည်းနေတဲ့ သားလေးရဲ့နဖူးက အပူငွေ့ကိုအလန့်တကြား စမ်းကြည့်ရင်း….. တယောဆရာ ကတော် ဘယ်လိုမှထိမ်းချုပ် မျိုသိပ်နိုင်စွမ်း မရှိတော့ဘူး….။ ဒီလိုအချိန်မျိုးမှာ ဒီလိုစကားမျိုးကိုဘဲ ရီရီမူးမူး ပြောနေနိုင်သေးတဲ့ တယောဆရာကို စူးစူးနစ်နစ် နာကျည်းနေမိတယ်။ ဟိုး….တုန်းကတော့ အဲဒီ့ကဗျာ ဆိုတဲ့အရာကို ထဲထဲဝင်ဝင် သိချင်လွန်းလို့ သူများကို တိတ်တိတ်လေး မေးမြန်းခဲ့ ဖူးတယ်။ ကဗျာဆိုတာ သီချင်းလိုပဲပေါ့ ဆိုတော့၊ သီချင်းနဲ့ကဗျာကို ထပ်တူပြုကြည့်ပြီး နဝေတိမ်တောင်နဲ့ ရယ်မြူး ကြည်နူးနေခဲ့ဖူး တယ်။ တယောတစ်လက်နဲ့ ဘယ်ကဘယ်လို ရောက်လာမှန်း မသိတဲ့၊ ရုပ်ရည်သန့်ပြန့် မွန်ရည်တာနဲ့၊ သေရည်သေရက် တော်တော်မက်မော ပုံပေါ်တာကိုဘဲ သိတဲ့၊ တယောဆရာကို ဆံပင်တွေ ဖါးဖါးဝေအောင် ချပြီး လရောင်အောက်မှာ ခိုးကြည့် ရင်ခုန်ခဲ့ဖူးတယ်။ သူ့အနုပညာရဲ့ ပါရမီဖြည့်ဘက်…ဆိုတာကို ဘုမသိ ဘမသိ ကြည်နူးပျော်ရွှင် ခဲ့ဖူးတယ်။ အနုပညာ ဆိုတဲ့ စကားစုကလည်း သူမနဲ့ အကျွမ်းတ၀င်ကိုဖြစ်လို့။
*
အမေ့ရဲ့ ဆူသံဆဲသံတွေကို လစ်လျူရှုပြီး သူမလို မည်းကြုတ်နေတဲ့ ရုပ်ဆိုးမကိုမှ ယူချင်ပါတယ် ဆိုတဲ့ သူ့ကို မြတ်နိုးလိုက်ရတာ….။ လှတာမက်ည စာခက်ဆိုတာမျိုးနဲ့ အဲသလို ဆန်ဆန် မေးငေါ့လှောင်ပြောင် သံတွေကိုတော့ ကျုပ်ယောက်ျားလို စာတတ်၊ ပေတတ်၊ အင်္ဂလိပ်စာတတ်က တော်တို့လို ဖါးရိုက်၊ ငါးနှိုက်လုပ် ရမှာလားလို့ ခပ်မော်မော် ပြန်ပက်ခဲ့ဖူးတယ်။ ကျုပ်ယောက်ျားရဲ့ ဒီလောက် နူးညံ့လှပတဲ့ လက်တွေဟာ ကွန်ပစ် ၊မြုံးထောင်ဖို့အတွက် မဟုတ်ဘူး၊ သူ့အနုပညာတွေကို သူဖန်တီးနေဖို့လို့ ခပ်ကြွားကြွား ပြောပစ်ခဲ့ဖူးတယ်။ ကျုပ်ယောက်ျားဟာ တစ်ခုခုဖြစ်ခဲ့ဖူးမှာ၊ အဲသလိုမျိုးနဲ့….။ တစ်ရွာဝင် တစ်ရွာထွက် ဈေးတောင်းခေါင်း တင်ပြီး။ ဘယ်လို မောပန်းမှုမျိုးကမှ သူ့တယောသံ၊ သူ့ယစ်ယစ်ဝေေ၀ ကဗျာရွတ်သံတွေကို တိုးမပေါက်ခဲ့ဘူးလေ။ အထူးသဖြင့် ဟောဒီ့လို လပြည့်ညတွေမှာ “သိလား ဦးဘတူ” ကျွန်တော့် နှလုံး သည်းပွတ်ထဲကနေ၊ ပါးစပ်ဖျားကို ကဗျာတစ်ပုဒ် ခုန်တက်လာလိုက်တာ။
*
………………… ဆံနွယ်ရှည်တွေပေါ့
လရောင်ကို…………………………………………..
ကခုန်နေခဲ့တာ……………………………………နိုင်လွန်းလို့၊
ငါ့အိပ်မက်…………………………….။
*
တော်တော့ တော်ပါတော့။ မကြားချင်ဘူး…၊မကြားချင်တော့ဘူး..။ ဘာကဗျာလဲ၊ ဘာဂီတလဲ၊ ဘာအနုပညာ လဲ….၊ အလကားဟာတွေ အလကား ထမင်းတစ်နပ်တောင် မရှာနိုင်တဲ့ဟာတွေ၊ ရှင်ဘာအသုံးကျခဲ့လဲ၊ ရှင်ဘာ အသုံးကျဖူးလဲ။ ရှင့်ကို အထင်ကြီးခဲ့သမျှ အလကားပဲ။ ရှင့်မှာ ဖခင်စိတ်ဆိုတာ ရှိရဲ့လား၊ ရှင်ဟာ ဒီတယော ၊ ဒီကဗျာ…၊ ဒီလရောင်၊ ဒီဆံပင်တွေကလွဲပြီး ဘာကိုမှ စိတ်မ၀င်စားတော့ ဘူးလား..၊ ဒီကလေးကို မီးဖွားပြီးကတည်းက ကျွန်မ ဈေးမရောင်းနိုင်တော့တာ၊ ထမင်းနပ် မကျော်အောင် ကြံဖန်နေရတာ၊ ကလေးက သေးရ ညှက်ရတဲ့ ကြားထဲ ကျွန်မနို့မထွက်လို့ သားလေး တပိန်ပိန် တလိန်လိန်၊ ရောဂါနဲ့တစ်လုံး ဖြစ်နေတာ။ ဒါတွေ ရှင်မြင်ရဲ့လား..၊ ရှင်သိရဲ့လား…၊ ရှင်နဲ့မဆိုင်ဘူးလား..။ အခုကလေးကို ဆေးမြီးတိုနဲ့ မရတော့ဘူး၊ ကျွန်မ မြို့တက်ဆေးကုချင်တယ်၊ ဘာနဲ့ကုမလဲ၊ ဘယ်ပိုက်ဆံနဲ့ ကုကြမှာလဲ၊ ဘယ်သူ့ဆီမှာထပ်ပြီး ချေးရ ငှားရ မှာလဲ။ ရှင်တွေးမိရဲ့လား…. ဘာဖအေ လဲ၊၊ ဘာလင်ယောက်ျား လဲ………..။ ရှင်ထွက်သွား…..၊ ရှင့်တယောနဲ့ ရှင်ထွက်သွား…၊ ရှင့်အနုပညာနဲ့ရှင်…၊ ရှင့်ကဗျာတွေနဲ့ ရှင်..ထွက်သွား..။ ရှင့် အရက်ပုလင်းနဲ့ ရှင် ထွက်သွား……။ အခုထွက်သွား…၊သွား.. ထွက်သွား။
*
လရောင်က လန့်ဖျန့်မည်းအုံ့ သွားခဲ့တယ်။ အရက်သမားအိုကြီးတောင် ခေါင်းထောင်ပြီး မျက်လုံးကြီးကို ပြူးကြည့်လာတယ်..။ တယောဆရာဟာ ပြောလက်စတွေ လွတ်ကျပြီး အံ့သြ မင်တက်လွန်းစွာ သူ့မိန်းမကို ငေးကြောင်ကြည့် နေတယ်။ တယောဆရာရဲ့ ရင်ဘတ်ဟာ တဖျစ်ဖျစ် လောင်ကျွမ်းတောက်လောင် လာတယ်။ တယောဆရာရဲ့ တစ်ကိုယ်လုံးဟာ တဆတ်ဆတ် တုန်ခါနေခဲ့တယ်။ တယောဆရာကတော်ကတော့ မျက်လုံးစုံမှိတ်ပြီး အသားကုန် ရှိုက်ငင်အော်ဟစ်နေရာက တဖြည်းဖြည်းခြင်း ငြိမ်လျော့ကျသွားပြီး အကြီးအကျယ် ဒါဏ်ရာရထားတဲ့ သားကောင် တစ်ကောင်လို တအင်အင် ညည်းညူနေရှာတယ်။ တယောဆရာဟာ အိမ်မက်ထဲမှာ လမ်းလျောက်နေသူလိုမျိုး သူ့တယောလေးကို လည်ပင်းက ဆုတ်ကိုင်ပြီး တရွေ့ရွေ့ ထွက်ခွာသွားလိုက်တာ လမင်းဟာ ပြန်မလင်းချင် လောက်အောင် ညှိုးရော် သွားခဲ့တယ်။
*
တယောဆရာကတော်ဟာ သူမရဲ့ ပူလောင် ယောက်ယက်မှုထဲမှာ မူးမိုက်သွားမတတ် နှမျောတသ လွန်းစွာနဲ့ တသိမ့်သိမ့် ရှိုက်ငင်နေရှာတယ်။ အောက်နှုတ်ခမ်းမှ စိမ့်ထွက်လာတဲ့ သွေးစသွေးန တွေကိုတောင် မသုတ်နိုင် တော့ဘူး။ ဒါအလင်းရောင်…. ၊ဒါကယ်တင်ရှင်…….၊ ဒါသားလေးအတွက် အသက်ဆက်ရာ…..၊ ဒါဆေးဘိုး……မသိဘူး..၊ ကျန်တာမသိဘူး….၊ ကျန်တာတွေမသိဘူး….။ တယောဆရာကတော်ဟာ ခဏသတိလစ် သွားခဲ့ သလား၊ တအောင့်လောက် ရူးနှမ်းသွားခဲ့သလား သူမကိုယ်သူမ မသေချာခဲ့ဘူး။ ဆံပင်ရှည်တွေ တစ်ဆယ် သားကို တစ်သောင်းတဲ့၊ သူမတစ်သက်နဲ့ တစ်ကိုယ် ဘယ်တုန်းကမှ မကြားဖူးတဲ့ ဈေးဝယ်သူ…၊ ဒါမှမဟုတ်..သူမဆီကို ဘုရားရှင်က ဖန်ဆင်းပြီး လွှတ်လိုက်သလား မသိတဲ့ကယ်တင်ရှင်။ ငွေတွေကို ကျစ်ကျစ်ပါအောင် ဆုတ်ပြီး ဟိုလူ့ လက်ထဲပါသွားတာ မြွေတွေအထွေးလိုက်လို့ မြင်လာတယ်.။ မသပ်မရပ် ထိုးထိုးထောင်ထောင် ဖြစ်နေတဲ့ ဦးခေါင်းကို လက်ဖ၀ါးနဲ့ စမ်းကြည့်ပြီး သူမတဟားဟား ရယ်မောလိုက်မိ သေးသလား။ ဘာဖြစ်လဲ ဘာဖြစ်သေးလဲ…….။
*
“ဘာ…ဦးဘတူ၊ ဘာ..ပြောတယ်…၊ ကိုမောင့်ကို သမန်းကုန်းဘူတာမှာ တွေ့ခဲ့တယ်တဲ့ ဟုတ်လား.။ ကျွန်မ…ကျွန်မလိုက်သွား………၊ ကလေး…ကလေး…။ ကြည့်ထားလိုက်နော်။ ဟာ..နေဦး ၊ နင်ဘယ်လို………။ ကိုမောင်..ဘယ်တွေ လျှောက်သွားနေတာလဲ….။ ဘယ်လိုများ စားသောက်နေရလဲ..။ ကျွန်မ..ကျွန်မ ကိုမောင့်ကို ဘာတွေ ပြောခဲ့မိသလဲ…၊ ကိုမောင့်ကို နာကျင်အောင် ဘယ်လိုတွေများ စော်ကားတိုက်ခိုက် လိုက်မိလဲ ….ကျွန်မသားလေးအတွက် အရမ်းကိုပူပင်နေမိလို့ အရမ်းကို ၀မ်းနည်းအားငယ် နေမိလို့၊ အခု သားလေးကို မြို့မှာ ဆေးသွားကုရင် ကိုမောင်ရှိမှဖြစ်မှာ။ ကိုမောင့်ရယ် ကိုမောင့်ကို မိညိုဘယ်လောက် ချစ်တယ် ဆိုတာ တယောဆရာကတော်ရဲ့လေ၏ လျင်မြန်ခြင်းမျိုးမှာ၊ သူမ ခင်ပွန်းသည်ကလွဲပြီး ဘာမှ…မမြင်..မသိ မကြား နိုင်တော့ဘူး..။
*
တယောဆရာကတော်ဟာ ချက်ချင်းလိပ်ပြာနှုတ်ခံ လိုက်ရသူလို အသက်ပြတ်သွားခဲ့တယ်။ မောပန်းမှုနဲ့ လှိုင်း ထန်နေတဲ့ သူမရဲ့ ရင်ပြင်ဟာ ပေါက်ထွက်လုမတတ် ဗောင်ဗင်ဆန်သွားတယ်။ “မယုံဘူး…” “မဟုတ်ဘူး…”။ ခင်းထိုင်ထားတဲ့ ပုဆိုးစုတ်ပေါ်ကို ကစဥ့်ကယဲ လွင့်ကျထားတဲ့ ငွေစက္ကူ အကြွေတွေ၊ တယောကို ပခုံးပေါ် ခပ်နွဲ့နွဲ့မှီ၊ မျက်ဝန်းကို စုံပိတ်ပြီး…..၊ မဟုတ်ဘူး….၊ သူမခြောက်သွေ့ အက်ကွဲလာတဲ့ လည်ချောင်းကနေ အသံမဲ့ အော်ဟစ် ပစ်လိုက်တယ်။ မဟုတ်ဘူး၊ သူမရဲ့ယောက်ျား၊ သားလေးရဲ့အဖေဟာ။ ဒီလိုမသိမ် ဖျင်းဘူး၊ အောက်တန်းမကျဘူး၊ သားလေးရဲ့အဖေဟာ ဒီလိုလူစားမျိုး မဟုတ်ဘူး…။ အိပ်မက်က လန့်နိုးလာသလို သူမျက်လုံးကို အလန့်တကြား ဖွင့်ကြည့်လိုက်တယ်။ နီရဲပြူးကြောင်ြပီး ၀င်းဝင်းတောက် နေတဲ့ မိန်းမ တစ်ယောက်ရဲ့ မျက်ဝန်းအကြည့်တွေဟာ။ ဟင် ဒါဘာတွေ လဲ၊ မဟုတ်သေးပါဘူး။ နင်.. မိညို…။ မိညို… နင်..မိညို၊ နင်…ဆံပင်တွေ..၊ ဆံပင်တွေ…၊ ငါ့ ဆံပင်ရှည်တွေ၊ ဗြုန်းကနဲ ထရပ်လိုက်တဲ့ တယောဆရာ့လက်ထဲက တယောဟာ ဘေးနားက ရထားသံလမ်းနဲ့ ကိုင်အရိုက် ခံလိုက်ရပြီး တယောဆရာရဲ့ နှလုံးအိမ်တွေလိုဘဲ အစိပ်စိပ်အမွှာမွှာ ကွဲကြေသွားတယ်..။ ခုန်အုပ်လိုက်တဲ့ ဒေါသတွေနဲ့ သူတို့နှစ်ယောက်သား ရထားသံလမ်း ပေါ်ကို အလုံးလုံးအထွေးထွေး ကျသွားတယ်။ သူတို့ကို ရထားဥသြသံက အလန့်တကြားနဲ့ ငယ်သံပါအောင် အော်ဟစ် တားမြစ်နေသေးတယ်။ အချိန်က နေ၀င်ရီတရောလေးပါပဲ။
*
နေရောင်စုံးစုံးချုပ်နေပြီ…
အရက်သမားအိုကြီးဟာ….၊ သူ့ဘ၀မှာ ဘယ်တုန်းကမှ ၊ ဘယ်လို အကြောင်းပြချက်နဲ့ဖြစ်ဖြစ် ဒီအချိန်ဆိုဝတ္တရား ပျက်ကွက်လေ့ မရှိဘူး….။တောက်!!!! စိတ်မရှည်တော့ဘူးကွာ……။
လေချဉ်ပြင်းပြင်း တစ်ချက်တက်၊ တံတွေးကို ပျစ်ခနဲ နေအောင်ထွေးပြီး……အနှီးနဲ့ထုပ်ထားတဲ့ ကလေးလေးကို ကွပ်ပျစ် အ၀ိုင်းပေါ်မှာ ဒီ့အတိုင်း တင်ထားပစ်ခဲ့တော့တယ်……။


အိန္ဒြာ


မမအိန္ဒြာ ပျော်ရွင်ချမ်းမြေ့ပါစေ...


ချစ်ခင်လေးစားစွာဖြင့်


ဖိုးစိန်
မျောက်မျောက်

Comments

Anonymous said…
အိန္ဒြာ ကဗျာတွေ တော်တော်များများဖတ်ဖူးတယ်
ကြိုက်တယ်။ ဖိုးစိန်ဆုတောင်းပေးတဲ့အတိုင်း ဆုတောင်းပေးခဲ့ပါတယ်
ကဗျာတွေနဲ့အလှဆင်နိုင်ပါစေအိန္ဒြာ

အောင်ကြည်
ကိုစိန် ရောက်လာပါတယ်..... စာတွေဖတ်သွားပါတယ်.... ကဗျာမရေးတတ်ပေမယ့် ခံစားသွားပါတယ်ကိုစိန်....
အိန္ဒြာ said…
ဖိုးစိန်ရေ..

မမအကြိုက်ဆုံးဝတ္ထုလေးတဲ့ အမှတ်တရ ပိုစ့်လေးတစ်ခု တင်ပေးတာအတွက်
အရမ်းဝမ်းသာကြည်နူးရပါတယ်..။
ကျေးဇူးတင်တယ်ဆိုတာလဲ ဘယ်လိုပြောရမှန်းမသိသေးတာပါ..။
ဒီဝတ္ထုလေးက စာပေစိစစ်ရေးမှာ စာမေးပွဲ ၃ ခါဖြေခဲ့ရတာ..
နောက်ဆုံးနှလုံးအိမ်မဂ္ဂဇင်းမှာမှ စာမေးပွဲအောင်ခဲ့တယ်..း)

အပေါ်က ကိုအောင်ကြည်နဲ့ နောက်လာဖတ်ကြမယ့် ညီအကိုမောင်နှမတွေကိုလည်း
ကျေးဇူးတင်ကြောင်းလေးပြောခဲ့ချင်ပါတယ်..

အားလုံးစိတ်နဲ့ကိုယ်တစ်ထပ်တည်းကျလို့ပျော်ရွှင်ချမ်းမြေ့နိုင်ကြပါစေ..။

(ဖိုးစိန်လေးတော့ စင်ကာပူလာရင် မုန့်ဝယ်ကျွေးမယ်..နော်..။း))
MANORHARY said…
မှတ်တိုင်များ
မိုင်တိုင်များ
ဘူတာများ
အမှတ်အသားများ
ဖြတ်သန်းစီးဆင်းလာမှုလမ်းတစ်လျှောက်
ကိုယ့်မှတ်ကျောက်နဲ့ကိုယ်လင်းလက်နိုင်ပါစေ
ကိုယ့်လရောင်နဲ့ကိုယ်ထွန်းလင်းနိုင်ပါစေ
ကိုယ့်ခြေလှမ်းနဲ့ကိုယ်ခိုင်မာနေပါစေ..
Anonymous said…
သြော်.. သူတို့က ဒီလိုကိုး..
တယောဆရာနဲ့ သူ့ကိုချစ်တဲ့ မိန်းမကို ရထားလမ်းပေါ်မှာ ဇာတ်လမ်းအဆုံးမသတ် လိုက်ပဲ
သူ့အနုပညာနဲ့ ရိုးသားစွာ ဘူတာလေးတခုမှာ ၀မ်းစာရှာ
ဖွေခြင်းကို အမြဲတမ်းလိုက်လျော နားလည်ပေးရတဲ့တ
ယောဆရာကတော်ကပဲ ရင်နင့်စွာနဲ့ခွင့်ပြု ပြီးပူးပေါင်းလိုက်ရတယ်ဆို. စာပေစီစစ်ရေးက တင်းမှာပဲနော် ခွင့်ပြုမယ်လည်းမထင်ဘူး.ကျနော့်ဘာသာဆက်ကြည့်တာပါ. ခုလည်းခံစားရပါတယ်ဗျား..အထူးသဖြင့် ကိုယ်တိုင်လည်း ခံစားမှုအားပါတဲ့ စာတွေရေးပြီး စာကောင်းတွေကိုလည်းတင်ပေးခဲ့တဲ့ ကိုဖိုးစိန်ကို ကျေးဇူးအထူးတင်ပါတယ်ဗျာ. ညီရေ..ကိုဖိုးစိန်လို့ခေါ်တာ ခွင့်လွှတ်နော်.အသက်တန်းညှိနေတာ..
ဘဝနဲ့ချီပြောရရင် တသက်တာမှာ အလွတ်ရနေတဲ့ကဗျာရှည်ဟာ ကိုယ်တိုင်ရေးကဗျာနဲ့ မမအိန္ဒြာရေးပေးတဲ့ မွေးနေ့ကဗျာရှည်ပဲ ဖြစ်ပါတယ်။

ဘ၀မှာ..
နှစ်ခါမသေပါဘူး.. ညီမရေ..
ငါတို့ကူးနေတဲ့မြစ်ရေဟာ..
မနေ့ကထက်တော့ကြည်လင်လို့....
လှမ်း မျှော်ကြည့်လိုက်စမ်း......
အဲသလို... လင်းပလာမယ့်ကောင်းကင်မှာ...
မင်းအမည်နာမနဲ့ကြယ်စင်တစ်စင်း... ပြုံးနေတယ်..။

စိတ်ညစ်နေတဲ့အခါတိုင်း မမရဲ့ ကဗျာလေးဖတ်ပြီး အားမွေးခဲ့တယ်။
နှလုံးသားလှတဲ့ မမစိုက်ခဲ့တဲ့ တင့်တယ်လှပလွန်းတဲ့ အနုပညာပန်းတွေဟာ ထာဝစဉ်ထာဝရမွှေးပျံနေမယ် ဆိုတာ အမြဲယုံပါတယ်။
Mogok Thar said…
အနုပညာ နဲ့ စာချစ်သူ ကဗျာချစ်သူတွေကောင်းကင်ထက်မှာ
“အိန္ဒြာ” ဆိုတဲ့ ကြယ်တစ်လုံး
ထာဝရ လင်းလက်နေပါစေ။
အရမ်းကြိုက်.. ကောင်းမှကောင်း..း)
Anonymous said…
်တီတီသန့်

သားလေးရေ
ပူဇော်ထိုက် လေးစားထိုက်သူကိုချီးမြင့်ပူဇော်ခြင်းက မင်္ဂလာတပါးကွယ်
ဆရာမအိန္ဒြာစာတွေကိုထိတွေ့ခွင့်ရလို့ကျေနပ်ရပါတယ်
သားလေးလမ်းညွန်လို့မနော်ဟရီ၊အိန္ဒြာ၊မိုးချိုသင်း၊ကိုရင်နော်၊မိုးကုတ်သား၊ဇက်၊မြစ်ကျိုးအင်း၊စတဲ့ စတဲ့ ဘလော့တွေကိုပေးဖတ်ရင်းကနေအန်တီစာဖတ်ခြင်းကိုစွဲလမ်းလာတာပါစာရေးမကောင်းဘူးတီလေးဖတ်ချင်အဲဒီဘလော့တွေဖတ်ဆိုပေမယ့်သားလေးရေးတဲ့စာတွေကတခါတလေရင်နစ်အောင်ခံစားရယ်
ဆရာမအိန္ဒြာကလဲအန်တီစိတ်ရှိလက်ရှိဖတ်ဖြစ်တဲ့ထဲပါတဲ့ဆရာမပါ
ခုမောင်မိုးကုတ်သားတင်ထားတဲ့ကဗျာတွေကိုကြိုက်တယ်မှတ်မှတ်ရရခုသားလေးတင်ထားတဲ့ပိုစ့်နဲ့ မနော်ဟရီရဲ့ တစ်ယောက်ယောက်က သားလေးကြိုက်လို့တီတီလေးကိုဖတ်စေချင်လို့ပို့ပေးခဲ့ဖူးတာသတိရတယ်
ဆရာမအိန္ဒြာစာပေအနုပညာအစဉ်တည်တံ့ပါစေ
သားလေးလဲကျန်းမာပျော်ရွှင်ပြီးလန်းဆန်းပါစေ
သားလေးမျက်နှာကိုအရင်လိုလန်းလန်းဆန်းဆန်းမြင်စေ့ချင်တယ်ဆေးမှန်မှန်သောက်ပါ
ချစ်လှစွာသော

TiTiLay
သုဒြေ္န said…
၇ာဇ၀င်များနဲ့  ကဗျာပိုင်ရှင်လို့ ခေါ်ချင်ပါတယ် မအိဒ္နြာရဲ့  ဘလော့ လေးကို ရောက်ခဲ့ တဲ့  အခါပေါင်း အကြိမ်ပေါင်း မျောက်မြားစွာ မရေတွက်နိုင်အောင် ရောက်ခဲ့ ဘူးတာပါ ရောက်တိုင်းလဲမမန့် ခဲ့ ပါဘူး ဘလော့ ဂါ တယောက်မဟုတ်တဲ့ ကျနော့ အတွက် မန့် မရ တာလဲပါတာပေါ့  နောက်တခုက စာအရေးသား ကောင်းလွန်းတော့ အမှန်တိုင်း ၀န်ခံရရင် မမန့် ရဲတာလဲပါတယ် ကျနော့ ခံယူ ချက်က (ကဗျာဟာဘ၀ ကဗျာ ကအင်အား ကဗျာသာလျှင် စွမ်းအား ကဗျာထဲမှာ အကြင်နာနဲ့  မေတ္တာတရားတွေအပြည့် ပါသလို ကဗျာထဲမှာ ရင်ထဲကပြောချင်တဲ့  ခံစားနေရတဲ့  ဝေါဟာရတွေလဲသိန်းသန်းမ ကပါတယ် ကဗျာနဲ့  လွှမ်းခြုံထားလို့  ကမ္ဘာကြီးငြိမ်းချမ်း နေတာပါ ) ဒီတခါတော့  ကဗျာပိုင်ရှင်ရဲ့ ဘလော့ လေး တနှစ်ပြည့် မှာ မှတ်မှတ်ရရ ဂုဏ်ပြုချင်တာနဲ့  ဒီကောမန့် လေးရေးပေးရင်းနဲ့  အပြည့်  အ၀ဂုဏ်ပြုပါရစေ ရိုးသားမှုဟာ ခင်မင်မှုကိုအဓွန့် ရှေဆိုသလို ရိုးသားစွာ ၀န်ခံရရင် မေတ္တာနဲ့ လွှမ်းခြုံထားတဲ့  ကမ္ဘာကြီးပျက်ကွယ် ပျက်သုန်းမှာကိုတော့  ကျနော်အပါဝင် တဦးတယောက်ကမှလိုလားမှာမဟုတ်ဘူးလို့ ယုံကြည်မိပါတယ် ဒါ့ ကြောင့်  ကမ္ဘာ မပျက်ခင်တလလို ဆိုတဲ့ ပို့ စ် လေးမျိုးတွေ မရေးစေချင်ပါဘူး နောင်လာမဲ့ အချိန်ကာလများစွာမှာ စာကောင်းပေမွန်တွေများများရေးနိုင်ပါစေလို့ ဆန္ဒပြု၇င်း အစဉ်မပျက် ခင်မင်လျှက် အားပေးနေမဲ့  ခင်တတ်တဲ့  သုဒြေ္နပါ
တယောလေး ကြွေမွသွားချိန်မှာ ခံစားနေရမယ့် တယောဆရာရဲ့ ဝိဥာဉ်ကို စာဖတ်သူဆီ အရောက်ပို့ပေးနိုင်တဲ့ စာတပုဒ်ပါပဲ...

ကျေးဇူးပါ အိန္ဒြာနဲ့ ဖိုးစိန်ရေ......

းဝ)

Popular Posts