Thursday, 12 November 2009

ရူးသွပ်ခဲ့သောနေ့



“DO YOU HEAR ME WHEN I SAY…. AWAYYYY…”
“DO YOU HEAR ME WHEN I SAY…. AWAYYYY…”

ခေါင်းအုံးကြားထဲမှ အကြိမ်ပေါင်း မြောက်မြားစွာ ညင်သာ တိုးထွက်လာတဲ့ ဒီနှိုးစက်သံက ကျနော် မျက်နှာတည့်တည့်ကို လာရိုက်နေသလို… ဒီနှိုးစက် တီးလုံးကို ကျနော် မုန်းသည်။ မုန်း၍ ဒီတီးလုံးကို ကျနော် နှိုးစက်အဖြစ် ထားပြီး အိပ်ယာမှ နိုးထရသည်။ ခေါင်းအုံးကြားထဲ လက်နှိုက်ပြီး ဖုန်းကို ထိပြီး မိရာ ခလုပ်တစ်ခုခုကို နှိပ်လိုက်တော့ အသံက ပျောက်သွားသည်။ သက်ပြင်းရှည်ရှည် တစ်ချက်ကို ချ… ညာဘက်စောင်းပြီး ခေါင်းအုံးကို ပိုက်… ကြိုးစားပြန်အိပ်မည်ဟု စိတ်ထဲတင်းသော်လည်း “ငါ ရွာထဲကို သွားရမယ် ကတိပေးထားတယ် ” ဆိုတဲ့ အသိစိတ်က ဆက်အိပ်၍ မရတော့အောင့် သတိပေးနေသည်။ တနင်္ဂနွေ ဆိုပေမယ့် မထချင်ဘဲ ထရတော့မယ် ဆိုတဲ့အတွေးနဲ့ ထဖို့ကြိုးစား လိုက်တော့ အရင်ဆုံး ဖင်ကကျွ ပြီး ခေါင်းနဲ့ လက်က ခေါင်းအုံးနားက မကွာသေး..။

ညက စားသောက်ဆိုင်မှာ လူကျ၍ မနက်(၁)နာရီကျော်မှ ပြန်ရောက်လာသည်။ စနေလူကျတာ မဆန်းပေမယ့် မထင်မှတ်ထားလောက်အောင် တခါတရံ လူကျတော့ အိမ်ပြန်လမ်းမှာ ကိုယ့်ခန္ဒာ ကိုယ် မသယ်ချင် (ဆိုင်ကယ်က သယ်လာတာပါ) လောက်အောင် ပင်ပန်းလွန်းလှသည်။ ဗိုက်ဆာပေမယ့် ချက်နေရင် ကြာတယ် အိပ်ချိန်ကို ပိုပေးမယ်ဆိုတဲ့ အတွေးနဲ့ တစ်လီတာ နို့ဗူးကို ဝင်သလောက်သောက်ပြီး ဗိုက်မှောက်အိပ်လိုက်တာ ခုနှိုးစက်သံ ကြားမှ လူက နိုးတော့သည်။

အိပ်မရတဲ့ ညများစွာကို ဖြတ်သန်းလာခဲ့ပေမယ့် တခါတလေပင်ပန်းလျှင် လုံးဝ အိပ်မပျော်တတ်တဲ့အကျင့် ရှိသော်လည်း ဒီညက တရေးမှ မနိုးသည့်အပြင် ဆက်အိပ်ချင်နေခဲ့သည်။ သိုသော် ရွာထဲတွင် ခြံရှင်းဖို့ ကတိပေးထားသဖြင့် သွားကိုသွားရမည် ဟူသော အတွေး ကျနော့်စိတ်ထဲဝင်နေခဲ့သည်။ ခုရက်ပိုင်း “အလုပ်လုပ်မှ ရမှာ စကာင်္ပူသွားလည်ရင် ဒီအလုပ်တွေကို နားထားခဲ့ရမှာ ဒါကြောင့် ခုချိန်ဒီအလုပ်လေးတွေ သူများဆီမရောက်သွားအောင် ထိန်းသိမ်းထားရမှာ”ဆိုတဲ့စိုးရိမ်စိတ်ကလဲ ကြီးစိုးနေတော့ မသွားချင် မလုပ်ချင်ပေမယ့် သွားဖို့ ဆုံးဖြတ်ရသည်။

ပြတင်းပေါက်ကို ဖွင့်လိုက်တော့ အပြင်မှာ မိုးတွေကို အုံ့မှိုင်းလို့…. ဒီနိုင်ငံရဲ့ ဆောင်းတွင်းဆိုရင် တခါတရံ မနက်ဆယ်နာရီလောက်ထိ နေမမြင်ရတော့လဲ ပုံမှန် မိုးအုံ့နေတာလို့ စိတ်ထဲမှာတွက်ထားခဲ့သည်။ ရေချိုးခန်းထဲ ဝင်ပြီး မျက်နှာသစ်…. သွားတိုက်ဖို့လုပ်တော့ သွားတိုက်ဆေးက ကုန်နေသည်။ စိတ်ညစ်သွားသည်။ ဆားကို ယူတိုက်လိုက်ရတော့ စိတ်ထဲမှာ မစင်သလိုလို… လူက နိုးပြီး စိတ်က မနိုးသေးသည့်အတွက် ကော်ဖီသောက်မယ် ဆိုပြီး ကော်ဖီဗူးကို ဖွင့်တော..“အားး… ဟုတ်သားပဲ မနေ့ကတည်းက ကော်ဖီက ကုန်နေတာ ဝယ်ဖို့မေ့နေတာကိုး” ဆိုတဲ့အတွေးက ချက်ခြင်းခေါင်းထဲဝင်လာသည်။ ခေါင်းကိုပွနေအောင်ကုတ်ပြီး တွေးပူနေတာက “ဒီနေ့ ငါသေချာပေါက် ခေါင်းကိုက်တော့မယ်” ဆိုတာပဲ…. ဒီလိုနဲ့ ခြံရှင်းမယ့်ဖိနပ် အဝတ်အစား၊နဲ့လက်အိပ်ကိုယူပြီး ဆိုင်ကယ်စီးလာသည်။ လူကတော့ မနိုးချင်သေး… ကော်ဖီသောက်ချင်နေခဲ့သည်။

ဟိုင်းဝေးလမ်းမပေါ် မိနစ်နှစ်ဆယ်လောက် အသားကုန်မောင်းပြီးသကာလ အရှေ့မှ မိုးဖွဲဖွဲတွေက ဆီးကြိုနေသည်။ ခြံရှင်းဖို့သွားမှာ ဒီလိုမိုးရွာနေရင် ခြံရှင်းလို့ ကမဖြစ်၊ လှည့်ပြန်ဖို့ကလဲ ခရီးတစ်ဝက်ရောက်နေပြီး… နောက်နေ့လဲ ဒီခရီးကို ထပ်မလာချင်… ရှင်းမယ့်ခြံ ရောက်ရင် မိုးတိတ်သွားမှာပဲဆိုတဲ့ အတွေးနဲ့ ရောက်အောင်သွားခဲ့သည်။

မိုးမဖွဲတဖွဲ မသဲတသဲကြားမှာ လိမ္မော် ကိုင်းတွေ ခုတ်ရသည်။ ကြွေကျနေတဲ့ လိမ္မော်ရွက်ခြောက်တွေကို ရှင်းရသည်။ မိုးစွတ်စွတ်ရွာထားတော့ လိမ္မော်ရွက်တွေက ရေနဲနူးပြီး မြေကြီးနဲ့လူးနေတော့ တော်တော်လေး လှည်းကျင်းရခက်ခဲသလို ညစ်ညစ်ပတ်ပတ်နှင့် အနံ့အသက်က အစ မသတီစရာကောင်းလှသော်လည်း လုပ်နေကျမို့ နေသားကျနေခဲ့သည်။ အိမ်ပြန်ရောက်ရင် ရေနွေးနဲ့ ရေချိုးလိုက်လျှင် စင်သွားမှာပဲဟု တွေးရင်း မိုးတွေကြားမှာ အလုပ်ကို ခပ်မြန်မြန် လုပ်ခဲ့သည်။ နေ့လည် (၂)နာရီ လောက်ကျတော့ မိုးကလဲ စဲ အလုပ်လဲပြီးသွားသည်။ အိမ်ရှင်က ထမင်းကျွေးချင်သော်လည်း တကိုယ်လုံးဗွက်လူးနေတဲ့ ကျနော်က အိမ်ကိုသာပြန်ပြီး ရေချိုးဖို့ တာစူနေသည့်အတွက် ထမင်းစားဖို့ ငြင်းခဲ့သည်။

ဒီလိုနဲ့ အိမ်ပြန်လာတော့ လမ်းတစ်ဝက်တွင် ဆိုင်ကယ်ထိုးရပ်သွားသည်။ သိလိုက်တာက ဆိုင်ကယ်ကိုမိုးရေ ထဲတွင်ထားထားသည့်အတွက် ပလပ်ထဲရေဝင်သွားချင် ဖြစ်မည်။ မည်သို့မှ ဆက်နှိုး၍ မရတော့။ လမ်းတစ်ဝက်တွင်လည်း ဆိုင်ကယ်ကိုထားခဲ့၍မဖြစ်။ ဆိုင်ကယ်ပြင်ဆိုင်ကို ဖုန်းဆက်ခေါ်ဖို့က ဒီနေ့ တနင်္ဂနွေ။ ဆိုင်တွေ အကုန်ပိတ်သည်။ တနည်းသာရှိတော့သည်။ ဆိုင်ကယ်ကို တွန်းပြန်လာဖို့ သည် တစ်ခုတည်းသော နည်းဖြစ်ပေသည်။

တစ်နာရီခွဲကျော်ကျော် နှစ်နာရီနီးပါးမျှ ဆိုင်ကယ်က လူကိုပြန်စီးပြီးသကာလ အိမ်သို့ပြန်ရောက်သည်။ အိမ်ရောက်လျှင်ရောက်ချင်း ရေနွေးနှင့် ရေချိုးမည်ဟု အားခဲထားပြီးသော်လည်း မနက်က ရွာထားသော မိုးနှင့်လေကြောင့် ကျနော့်နေတဲ့ ဂိုဒေါင်လေး လျှပ်စစ်မီး ပြတ်တောက်နေခဲ့သည်။ “ဟင်း” ကနဲ သက်ပြင်းရှည်ရှည်ကို ချ ရေချိုးခန်းထဲဝင်ပြီး မိုးအေးအေးကြားမှာ ရေအေးအေးကို သာချိုးခဲ့ရသည်။

ရေချိုးခန်းကထွက်လျှင်ထွက်ချင်းပင် ခေါင်းကိုက်ခြင်းက အဖော်လိုက်လာခဲ့သည်။ အဝတ်လဲပြီး နွေးနွေးထွေးထွေး နေပြီးခဏအိပ်မယ့်ကြံတုန်း ဖုန်းဝင်လာသည်။“sein…. I am sorry!! You have to come to the restaurant… full of booking ” ဆိုသည့် သာယာနာပျော်ဖွယ် မရှိသော သထေးရဲ့ အသံကို ကြားတော့ စိတ်ပျက်လက်ပျက်နှင့် အဝတ်လဲရတော့သည် …. ဆိုင်ကယ်က စီးမရ၍ စားသောက်ဆိုင်ကို အချိန်မှီရောက်ဖို့ရန် လမ်းထပ်လျှောက်ရသည်။

လမ်းလျှောက်ရင်း ဒေါသဖြစ်မိသည်။ သထေးပြောသောစကား ကို အဓိပါယ် ဖွင့်မိသည်။ “I am sorry ” ဆိုသော ပဏာမ စကားသည် ဖုန်းဆက်ခေါ်ရ၍မဟုတ် ဘွတ်ကင်လူများ၍ မဟုတ် ကျနော် အရမ်းမုန်းသော ငါးများက ကျနော်ကို ဆီးကြိုနေ၍ ကျနော်ငါးများကို မြင်လျှင်ဒေါသ မဖြစ်စေရန် အရင်တောင်းပန်သော စကားဟု ယူဆသည်။ ခုဘွတ်ကင်ကများသည်။ တနင်္ဂနွေ ညသည် ပင်လယ်စာ အဓိက ရောင်းရသော ညဖြစ်၍ ယခုလိုမိုးအေးအေးနှင့် ဆိုလျှင် ငါးကင်တွေ စားကျတော့မည်။ ငါးကို မလွတ်တမ်း ကိုင်ရတော့မည်။ တကိုယ်လုံးငါးညှီင်္နံ့တွေနှင့် နှစ်ပါးသွားရတော့မည် ယခုခေါင်းကိုက်နေသည် ငါးနံ့ ရလျှင် အန်တော့မည် ဟူသော ကြိုတင်အတွေးက စိတ်ထဲမှာ ကြိတ်ပြီး ဝမ်းနည်းမိသည်။ ဒေါသဖြစ်မိသည်။ ဒီဘဝက ဘယ်တော့များကျွတ်ရပါ့မလဲ…။

ထင်သည့်အတိုင်းပင် ငါးခြင်းတောင်းတစ်တောင်းက ကျနော့်ကို ဆီးကြိုနေခဲ့သည်။ စိတ်ကိုဒုံးဒုံးချ… ငါးတွေကို ရှင်းနေခဲ့သည်။ ထင်သည့်အတိုင်းပင် တနင်္ဂနွေည ဖြစ်သည့်အတွက် တော်တော်များများ ငါးကင်စားကြသည်။ ငါးများမလောက်၍ ရေခဲသေတ္တာထဲ ထည့်ထားသော ငါးများကိုပင်ထုတ်သုံးရသည်။ Microwave ကိုသုံးသည်။ Toaster ကိုသုံးသည်။ လျှပ်စစ်ရေနွေးတည်သည်။ ရှိသမျှ လျှပ်စစ်တွေ သုံးသောကြောင့် ပါဝါကျပြီး စားသောက်ဆိုင်မီးဖိုချောင် တစ်ခုလုံး မှောင်မဲသွားသည်။ တစ်ခုခုမှားရွင်းမှုကြောင့် ကျန်မီးများ ပြန်လင်းသော်လည်း မီးဖိုချောင်မပါ…

လေစုပ်စက် အလုပ်မလုပ်တော့၍ ငါးညှော်နံနဲ့အတူ မီးခိုးငွေ့များ တလူလူနှင့်အမှောင်ထဲမှာ နှစ်နာရီနီးပါးမျှ စမ်းတဝါးဝါး အလုပ်လုပ်ရသည်။ အသက်ပင်ဝအောင်မရှူနိုင်ခဲ့… ခေါင်းတွေ ကိုက်ခဲနေရာမှ နှာခေါင်းသွေး လျှံလာတဲ့အထိ…. အပြင်ထွက်ပြီး ခဏနားတော့မှ အသက်ပြန်ရှူ လို့ရသည်။ “ငါရွေးချယ်ခဲ့တဲ့ဘဝက ဒီလောက်တောင်ပင်ပန်းရလား… ပြစ်ထားပြီး အိမ်ပြန်နားပါလား … ဒီလောက်ပင်ပန်းနေတာ” လို့ တွေးမိပြီးချက်ချင်းထလိုက်သော်လည်း ကောက်ကိုင်မိတာက ဓား… ငါးတွေ ထပ်ရှင်းရဦးမည်။

လူလဲရှင်း မီးဖိုချောင်လဲ ပိတ်တော့ ညက တစ်နာရီ…. စားသောက်ဆိုင်မှ လူတစ်ချို့ ကျန်နေသေးတဲ့အတွက် သထေးက လိုက်ပို့ လို့မဖြစ်နိုင်သလို ကျနော်ကလဲ လူကုန်လို့ ဆိုင်ပိတ်တဲ့ထိ မစောင့်နိုင်… စားဖို့ ပါမုန့် တစ်လုံးနဲ့ နို့တဗူးကိုဆွဲရင်း အိမ်သို့ လမ်းလျှောက်ပြန်ခဲ့ရသည်။ ခါတိုင်း မိနစ်ပိုင်း ခရီးသည် ဒီညအဖို့ တစ်နာရီနီးပါးမျှကြာမြင့်သည်ဟု ထင်မိသည်။

အိမ်ရောက်တော့ တံခါးကိုဖွင့် မီးခလုတ်ကို စမ်းဖွင့်လိုက်မှ သတိရသည်။ လျှပ်စစ်မီးကြိုးက မနက်ကတည်းက ပြတ်နေတာ ဟု အသိဝင်မိသည်။ ခေါင်းတွေက မတရားကိုက်နေတော့ စားသောက်ဆိုင်က မီးခြစ်ယူဖို့လဲ သတိမရ… ဖယောင်းတိုင်ကလဲ မရှိ… ဟိုစမ်းဒီစမ်း ကတင်ပေါ် လှမ်းတက်… နို့ဗူးနဲ့ ပါမုန့်ကို စမ်းလို့ရတဲ့နေရာမှာ ချထားပြီး အားရပါးရ ခေါင်းအချ..စိုစိုစွတ်စွတ် အထိအတွေ့ကြောင့် ကြောက်လန့်တကြားနဲ့ အားကနဲအော်မိတယ်… မနက်က မိုးတွေရွာထားတာ ခေါင်းမိုးက မိုးတွေ စိမ့်ယိုလို့ ကုတင်ပေါ်တည့်တည့်ကျနေတာ အိပ်ယာတစ်ခုလုံးစွတ်စိုလို့….

အပြင်မှာလေတွေ တိုက်နေပြီး… မိုးသံတွေ တဖျောက်ဖျောက် ကြားနေရပြီး… ကျနော်လဲ မျက်ရည်တွေကျနေပြီး ကုထင်ခြေရင်းလေးမှာ ငုတ်တုတ်လေးထိုင်…

“သြော် … ကံမလိုက်တဲ့ငါ… ဆိုးရွားတဲ့ဘဝ… မျက်နှာသာမပေးတဲ့ကံကြမ္မာနဲ့ ရူးသွပ်ခဲ့ရသော နေ့ ”ပါလို့ ပါမုန့် တကိုက် နို့တစ်ငုံနဲ့ မျက်ရည်ကျ နှပ်လေးကတရှုပ်ရှုပ်…. တနေကုန် ကံမကောင်းခဲ့သမျှကို တွေးမိရင်း….

ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

မျောက်ငို

အပေါ်က ပုံလေးကတော့ ကျနော်ကိုယ်တိုင်ဆွဲထားတဲ့ ပန်းချီ၊ ဓာတ်ပုံနဲ့ ရှိတဲ့ပစ္စည်းတွေကို တန်ဆာဆင် ပုံဖော်ထားတာပါ။ (တော်တယ်လို့ ချီးကျူးသွားကြနော်)း)

27 comments:

အဖြူရောင်နတ်သမီး said...

“အမှတ်တရအလွဲများ”...ကိုအားကျလို့ထင်ပါရဲ့...
အင်း...“ဖိုးစိန်ရဲ့အမှတ်တရအလွဲများ”...ပေါ့နော်...
ခင်မင်စွာဖြင့်...

MANORHARY said...

တစ်ခါတစ်လေကျ မထင်မှတ်ထားတဲ့အရာတွေက
မထင်မှတ်တဲ့ထောင့်ကနေ ဝင်လာတတ်တယ်
ဘာမှမဟုတ်ဘူးလို့ထင်ရပေမယ့် တစ်ခုခုတော့
ဟုတ်နေပြန်တယ် ... နေ့တိုင်းတော့ မိုးမရွာလောက်ပါဘူး ..နေလည်းသာဦးမှာပါ ..

ဂျပန်ကောင်လေး said...

ဟီး... ဆိုးလိုက်တဲ့ ကံ... ဘယ်လို စခန်းသွား တစ်ညလုံး....း)

ကိုချစ်ဖေ said...

ကိုဖိုးစိန် အဲ့သလောက်လုပ်ပြီး ပြန်ရတဲ့ငွေနဲ့ မဖြစ်မနေကုန်ကျစရိတ်နူတ်ပြီးတဲ့အခါ ကျန်တဲ့ငွေကိုရော ဒေါသဖြစ်ရသေးလား..(ကျနော်ကဖြစ်ရတာမို့...) မိသားစုအတွက် တယောက် သို့ နှစ်ယောက်သုံးယောက်
အလျှော်ပေးရတဲ့ ဘ၀တွေ အကြောင်း ဖတ်ချင်သေးပါတယ်ဗျာ..

Ma Thandar said...

Never give up, bro. Like Ma Gyi Naw said, every day is not raining. There will be sunny days as well. :)

မိုးမောင် said...

မိသားစုနဲ့ ခွဲနေရတဲ့ အဝေးရောက်ဘ၀တွေတိုင်း ယောင်္ကျားတန်မဲ့ တစ်ယောက်တည်း ကြိတ်လို့မျက်ရည်ကျခဲ့ရတဲ့ နေ့ရက်တွေ ရှိတတ်ပါတယ်။

ဒုက္ခဆိုတာ အိမ်သာတက်ချင်စိတ် ဖြစ်သလိုပဲတဲ့..။ ဗိုက်အရမ်းနာနေတုန်းသာ အလူးအလဲဖြစ်နေခဲ့တာ၊ အိမ်သာလည်းတက်ပြီးရော ဗိုက်နာခဲ့တာတွေ လုံးဝကိုမေ့သွားပြီး လုပ်စရာရှိတာ ဆက်လုပ်နေနိုင်ကြတာပါပဲ။ အဲဒီလိုပဲ သဘောထားနိုင်ပါစေလို့ ဆန္ဒပြုတယ်။း)

မေချစ်သား said...

ကိုဖိုးစိန်ရေ...ကျွန်တော်ကကိုဖိုးစိန်ရဲ့ ဘလော့ကိုအမြဲလိုလိုရောက်ပါတယ်..ကွန်းမန့်မရေးတာပဲရှိတယ်..စာတွေအားလုံးကိုဖတ်ဖြစ်တယ်...အခုတော့ဘဝလေးတွေကတိုက်ဆိုင်နေလို့..ဝင်ရေးပြီးအားပေးသွားတယ်...ကျွန်တော်တို့လိုမိသားစုနဲ့ဝေးပြီးနေရတဲ့သူတွေအဖို့တော့..ခဏခဏမျက်ရည်ကျရပါတယ်ဗျာ...အားတင်းထားပါ...အမြဲတမ်းတော့လည်းကံမဆိုးလောက်ပါဘူး....

Mogok Thar said...

*It's what a bad day* ပေါ့။

မြင်သေးပါတယ်။ စိတ်ပေါက်ပေါက်နဲ့ ပေါင်မုန့်ကို စူပွစူပွ ကိုက်နေမဲ့ မျောက်ငို ကိုလေ။
နေသာတဲ့ နေ့တွေကို ပို တန်ဖိုးထားပေါ့။
ခုလို ကံဆိုးတဲ့ မိုးတွေသည်းသည်း နေ့တွေကို နေသာခဲ့တဲ့ ရက်တွေနဲ့ အချိုး ပြန်ချကြည့်လိုက်။

နေကောင်းသွားမယ်။ နေကောင်းပါစေ။

မိုးရွာရွာ၊ နေပူပူ.. လျှောက်ရမဲ့ လမ်းကို (ကိုယ်လျှောက်ချင်တဲ့လမ်းကို ကိုယ်က မရွေးချယ်နိုင်သေးခိုက်မှာ)စိတ်ရော ကိုယ်ပါ ထိခိုက်ကင်းစွာ လျှောက်နိုင်ပါစေ။

ချစ်တဲ့

ကိုမောင်ဟန်

ကောင်းကင်ပြာ said...

ကိုမောင်ဟန် ပြောသွားသလိုပါ စိန်...
ရွှေရောင် နေ့ရက်တွေ ရောက်လာမှာပါ...

sweetpeony said...

ချီးကျူးသွားပါတယ် ကိုကြီးစိန်ကို
အစစပေါ့
ပန်းချီလဲပါပါတယ်နော်...
း)

ကိုရင်နော်ခင်လေးငယ် said...

တော်တယ်.. ;)
ကြိုးစားနေတဲ့ လူငယ် တစ်ယောက် အတွက်ကတော့ ဒီမိုးလေးရွာတာ ဘာဟုတ်တာမှတ်လို့.. မဟုတ်ဘူးလား..

အဲ့ဒီ သမ္မာအာဇီဝတွေက တစ်ရက်ကျ ရာသီလှလှဆီ အရောက်ပို့လိမ့်မယ်..

ချစ်ခင်စွာဖြင့်..
ဦးနော်၊ တီငယ်

mae said...

well.. you survived, and that's what matters, isn't it?

စည်သူ said...

မြင်ရောင်မိပါတယ်
ကိုဖိုးစိတ်ပုံကြီးကို..းP

ခံစားနေချိန်တော့.. ဒုက္ခပေါ့
လွန်မြောက်သွားတော့.. ဟာသပေါ့

ဒုကၡမ်ားမ်းႀကံဳရေလ..
ဟာသမ်ားမ်ားရေလပဲ..

ဟာသမ်ားမ်ားရေလ..
အသက်ရှည်လေပေါ့ ကိုဖိုးစိန်ရ..

တစ်ချိန်က ခံစားခဲ့ရတဲ့ ဒက္ခတွေဟာ
နောင်တစ်ချိန်မှာ သူခတွေ ဖြစ်လာမှာပါ..

ခင်မင်စွာဖြင့်
စည်သူ.။

နှင်းနဲ့မာယာ said...

ဟင်းးးး
သက်ပျင်းရှည်ကြီးပဲ ချသွားတယ်..
ဘဝ ဆိုတာ ဒါပဲလေ...
ကျန်းမာရေးတော့ အထူးဂရုစိုက်ပါ....
အလုပ်ကို အာရုံထားလွန်းရင်
ကျန်းမာရေးအတွက် အလျော်ကြီးကြီးပေးရတတ်တယ်...
အသက်နဲ့ ဘဝကို ဥာဏ်စောင့်တယ်တဲ့....

မနှင်း

သုဒြေ္န said...

ရူးသွတ်တဲ့ နေ့ တွေ ကျော်လွန်ရင်? ပျော်စရာနေ့ တွေလဲရှိမှာပေါ့  ရူးသွပ်တဲ့နေ့ တွေရဲ့ အတွေ့ ကြုံခါးသီးမှုတွေဟာ ပျော်စရာနေ့ တွေ အတွက် ချိုမြိန်မှုကို အဓိပါယ်ရှိစေခဲ့ မှာပါ တကယ်ဆို စကာင်္ပူသွားရန် ၁၅ရက်သာလိုတော့ သည် ဆိုတဲ့ အတွေးက ပျော်ရွှင်မှုကိုပေးနိုင်မှာအမှန် အဲဒီအတွေးလေးနဲ့  စိတ်ညစ်စရာတွေဖြေလိုက် အရာရာဟာပျော်စရာတွေဖြစ်သွားမယ် ညီ့ ကို အားပေးဖြေသိမ့် ရင်း ကိုကြီး သုဒြေ္န

kiki said...

ဪ ..ကံဆိုးမျောက်သွားရာ မိုးလိုက်လို့ရွာ လို့ပဲ ပြောရတော့ မလို ဖြစ်နေပြီ ...

ကျန်းမာရေး က ပို အရေးကြီးတယ်ဝေးးး
တော်ကြာနေ အပ်နဲ့ ထွင်းရမဲ့ဟာကို ပုဆိန်နဲ့ ပေါက်နေရအုံးမယ် ...
နေကောင်းအောင်နေ ..
ကံက အမြဲတော့လည်း မဆိုးနေနိုင်ပါဘူး ။။
ကံကောင်းခြင်း မနက်ဖြန်များ ရှိလာမှာပါ။။။

ဇော် said...

စိတ်မကောင်းလိုက်တာ ကိုဂျီးရာ .. =(
( သနားတာတော့မဟုတ်ပါဘူး .. သနားတယ်ဆိုတာ အထင်သေးခြင်းတစ်မျိုးပဲလေ.. ကျနော်က ဒုက္ခခြင်း ကိုယ်ချင်းစာမိတာပါ .. )

ဇော် said...

သြော် .. ကျနော်ပြောဖို့မေ့သွားတယ် .. ခရီးက ပြန်ရောက်ရောက်ခြင်း ကိုဂျီးအိမ်မှာ မဖတ်ရသေးသမျှ ဖတ်လိုက်တာ .. မိသားစုလေး ကမ္ဘာပျက်မတတ်ဖြစ်သွားခဲ့ရတဲ့အချိန်ပိုစ့်လေးကို အကြိုက်ဆုံးပါပဲ .. မန့်ရမှာ အများကြီးဖြစ်နေလို့ မနိုင်တော့လို့ တိတ်တိတ်လေးပဲဖတ်လိုက်ရပေမယ့် ကျနော်ကြိုက်မိတဲ့ဟာကို ခုသတိရလို့ ပြောလိုက်တာပါ .. =)

khin oo may said...

ဆိုးလှချည်လား.
ပိုက်ဆံရျှာရတာ လွယ်တာမဟုတ်ဘူး ဘာဖြစ်လို့ ဒီလောက် ဈေးကြီတံဲ့စလုံးမှာငါးပတ်တောင် နေချင်ရတာလဲ။

မိုးခါး said...

ကိုဖိုးစိန်ဂျီးရေ !
ဘာပဲဖြစ်ဖြစ် အားတင်းထားရမှာပေါ့နော် .. အကုန်လုံးက အားပေးစကားပြောပြီးသွားကြပြီ .. မနှင်းပြောသလိုပဲ အသက်ကို ဥာဏ်စောင့်တယ် .. သိပ် မပေပါနဲ့ .. ပိုက်ဆံဆိုတာ ကိုယ် အသက်ရှင်နေသရွေ့ရှာနေရမှာပဲ .. လုပ်သင့်တာတွေ လုပ်ကို လုပ်ရမယ် ဆိုပေမယ့် ကျန်းမာရေးကိုတော့ အထူး ဂရုစိုက်ပါ ..း))

အမြဲတမ်း ကျန်းမာ ပျော်ရွှင်နိုင်ပါစေ ..း))

ကိုကိုသုန် said...

ကိုဖိုးစိန် ကျန်းမာရေးလည်းဂရုစိုက်လိုက်ဦးနော်.... ထမင်းစားလိုက်ဦးနော်.... ထမင်းမစားပဲ သိပ်မနေနဲ့ဗျ... ခေါင်းကိုက်တာအပြင် အစာအိမ်ပါဖြစ်မှာစိုးရတယ်ဗျာ... ကံကလည်းအမြဲမဆိုးနိုင်ပါဘူးဗျာ... အောင်မြင်ပါစေ...

ခင်မင်စွာဖြင့်
ကိုကိုသုန်

ဖိုးဥာဏ် said...

လာလည်ဖြစ်တာတော့ခဏခဏပါပဲ။ ကွန်မန့်သာမရေးဖြစ်တာ.။ဒီတစ်ခါတော့ခံစားချက်တွေတော်တော်လေးတိုက်ဆိုင်လို့ ရေးလိုက်တာ။ ဒီလိုပါပဲကိုဖိုးစိန် ရပ်ဝေးကိုတစ်ယောက်ထဲရောက်နေတဲ့သူတွေ အားလုံးအတွက်ကတော့ တစ်ခါမဟုတ်တစ်ခါမှာ စိတ်ညစ်ရတာတွေကြုံတတ်ပါတယ်။ အထူးသဖြင့် မကျန်းမာတဲ့အခါမျိုးပေါ့။ ကိုယ့်ကျန်းမာရေးကို သေချာဂရုစိုက်ပေါ့ဗျာ။

ကိုလူထွေး said...

ဖိုးစိန်တော်တယ်..
mad of the day ကို သရုပ်ဖော်တာ လူကို ရူးချင်သွားတာပဲ...

ဒါနဲ့ မျက်ရည်ကျပြီး နှပ်က တရှုံ့ရှုံ့ အမြဲထွက်တတ်သလား...

းဝ)

မငုံ said...

ဖြစ်တတ်ပါတယ်။ ဘယ်လောက် စိတ်ထဲမှာ ခံစားရမယ်ဆိုတာ ဖတ်ရင်းခံစားလို့ရတယ်ဟ။ အားတင်းထား သူငယ်ချင်း

စိုင်းစိုင်းလားရှိုး said...

ဖိုးစိန်ရယ် နင်ရေးတာ ဖတ်ရတာ ငါတော်တော် စိတ်မကောင်းဖြစ်တယ်.... တောက်ကွာ နင်လာခဲ့စမ်း စလုံးကို နင့်ကို နှင်းပေးမယ်။ နှိပ်ပေးမယ်။ ဟုတ်ပြီလား ?

Angel Shaper said...

ကိုကြီးစိန်ရေ...
ဘ၀ဆိုတာ ဂလိုပဲပေါ့ဗျာ။
နေကောင်းဖို့ သာကြိုးစားပါ။ ကျန်းမာရေးဂရုစိုက်။
အဆင်ပြေပျော်ရွှင်ပါစေနော်။
ပန်းချီးလေးက လှလိုက်တာ ဘူ့လက်ရာလေးလဲဟင်.. ဟဲဟဲ

Yu Ya said...

တော်ပါတယ်ဗျာ..

yu ya