သေဆုံးသွားခဲ့သည်ရှိသော်

တရွေ့ရွေ့ နဲ့ တချက်စီရွေ့လျှားနေတဲ့ နာရီစက်သံက အချက်မှန်ပေမယ့် ရင်ထဲက ရင်ခုန်သံက မူမမှန်ဘူး… တနာရီ မိုင်(၁၀၀) ဆိုတဲ့လေတိုက်နှုန်းနဲ့ အတူ စိတ်တွေ လွင့်နေပေမယ့် ကြားရမည့်ဖုန်းသံကို တော့ မလွတ်တမ်း နားစွင့်နေခဲ့မိတယ်… အာရုံကို တတ်နိုင်သလောက် စုစည်းလိုက်ပြီး သက်ပြင်းရှည်ရှည် တစ်ချက်ကိုချ… ဖုန်းကိုငေးစိုက်ကြည့်နေစဉ်မှာပဲ ရင်ထဲ တုန်လှုပ်ခြောက်ခြားသွားရလောက်အောင် ဖုန်းသံတိုးတိုးလေးက ရင်ထဲကို ဒိုင်းကနဲ ဆောက်ဝင်လာခဲ့တယ်..

“ဟလို” ဆိုတဲ့ အသံနဲ့ အတူ ငိုချလိုက်တဲ့ အမေ့ရဲ့ အသံကို ကြားလိုက်ရတဲ့ ခဏ ရင်ထဲမှာ ပြည့်သိမ့် မွန်းကြပ်ပြီး နှလုံးသွေး ခဏရပ်လို့ မျက်ရည်စို့ ပျော့ခွေချင်သွားရသလိုခံစားလိုက်ရတယ်… ပြောဖို့ စကားတွေ လည်ချောင်းဝမှာ ဆို့နစ်နေတဲ့အတွက် အမေ့ငိုသံ စဲတဲ့ထိကိုစောင့်နေမိတယ်…

“သား……”

ငိုချင်တဲ့စိတ်ကို အတင်းမျိုချ…. မာန်ပါတဲ့အသံကိုသွင်းပြီး ...

“သား.. အ..နား..မှာ..ရှိ..တယ်မေမေ… ဆရာဝန်က ဘာတဲ့လဲ”

မေမေ့ငိုသံတွေ ဆက်တိုက်ထွက်လာပြန်တယ်.. အမေငိုသံကို မကြားချင်ပဲ ကြားနေရတဲ့ သားတစ်ယောက်ရဲ့ ရင်ထဲကို ဝင်ကြည့်စမ်းပါ… ဘယ်လောက်ပူလောင်ပြင်းပြနေမလဲလို့…

“ဆရာဝန်က ကင်ဆာဖြစ်နိုင်တယ်တဲ့… ဒီတစ်ကြိမ်နဲ့ဆိုရင် အရင်ကလဲ ဖြစ်ထားဖူးတော့ မြန်မာပြည်မှာ ကုလို့မရတော့ဘူး… စကာင်္ပူမှာ ကုရလိမ့်မယ်… တတ်နိုင်လားတဲ့… မေမေ့မှာ တကယ်ဖြစ်ရင် တတ်နိုင်တယ်လို့ ပြောဖို့ အင်အားမရှိတော့ သားနဲ့ တိုင်ပင်လိုက်အုံးမယ် ပြောခဲ့တယ်” …

မေမေ့ရှိုက်သံတွေ ရင်ဝကို ထိုးနှက်လို့ သားရင်ထဲ ဘယ်လောက်ပူလောင်နေသလဲ မေမေသိရဲ့လား… သားလုံးဝ စိတ်မကောင်းပါဘူး… လွန်ခဲ့တဲ့ ဆယ့်ရှစ်နှစ်ကျော်က သားအိမ်မှာ ကင်ဆာဖြစ်ခဲ့ဖူးတဲ့ မေမေ က ခံစားခဲ့ရတဲ့ ဆေးကုသမှု ဝေဒနာနဲ့ ကုန်ခဲ့ရတဲ့ စည်းစိမ်တွေကို သေချာ နားလည်သူဆိုတော့ ဒီတစ်ကြိမ် ထပ်ဖြစ်ရင်ဆိုတဲ့ အတွေး… ကုန်ရဦးမည့် ငွေကြေးပမာဏ… စကာင်္ပူမှာ ဆေးသွားကု ရမည့် အခြေအနေကို သုံးသပ်မိရင် မတတ်နိုင်ရင်တော့ ဆိုတဲ့ ဝမ်းနည်းမှုတွေ မေမေ့ရင်ထဲမှာ ပြည့်ကြပ်နေမယ်ဆိုတာ သားထပ်တူခံစားရပါတယ် မေမေရယ်…

“မေမေ…”
…….

“မေမေ… မေမေ သာ ကင်ဆာထပ်ဖြစ်ခဲ့ရင် စကာင်္ပူမှာ ဆေးကုချင်လား”
….

“မေမေ… ငိုမနေနဲ့… ဖြစ်သမျှကို ရင်ဆိုင်ရမယ်လေ… သားမေးတာကို ဖြေပါ”

“ကုချင်တာပေါ့သားရယ်… ဒါပေမယ့် မေမေ့ ဆေးကုရင် ကုန်မယ့် စရိတ်တွေက များတယ်… ပြီးတော့ သား ညီနဲ့ ညီမကလဲ ငယ်သေးတယ်… သူတို့တွေ ဘဝကို မရပ်တည်နိုင်သေးဘူး… သားဖေဖေလဲ ဒီစိတ်.......”

“တော်ပြီးမေမေ…. မေမေကုမယ်ဆိုရင် သားဒီစရိတ်တွေကို ရအောင် ရှာပါမယ်”

“ဟင်… သားက ဘယ်လိုရှာမှာလဲ… ဘယ်က ရမှာလဲ… သားဖြစ်နေတဲ့ ခေါင်းကိုက်ရောဂါ ကိုတောင် ပျောက်အောင်ကုဖို့ မတတ်နိုင်ပဲနဲ့… မေမေ သားဆီက မယူချင်ပါဘူး…. မေမေ့အသက်ကြီးပါပြီး..”

မေမေ့ ငိုသံတွေ…ငိုသံတွေ…

သား မျက်ရည်မကျချင်ဘူးမေမေ… သား မတတ်နိုင်ပေမယ့် တတ်နိုင်အောင် ကြိုးစားပါမယ့်… လောလောဆယ် မေမေဆေးကုဖို့ လိုအပ်တဲ့ ငွေ အလုံအလောက် သားမှာ မရှိသေးပေမယ့် ခု မေမေ့ကို အားတစ်ခုပေးလိုက်တယ်လေ… “ငါ့သားက ငါ့အတွက် တတ်နိုင်တယ်… ငါ့ကိုဆေးကုပေးမယ်”ဆိုတဲ့အားလေ… ဒီအားလေးနဲ့ အားတင်းစမ်းပါမေမေရယ်… ရင်ထဲမှာ မေမေ့ကို စကားတွေ ပြောနေပေမယ့် နှုတ်က တိတ်ဆိတ်လို့….

မေမေ့ငိုသံရပ်လို့ ရှိုက်သံထွက်လာတော့…

“မေမေ….. သားကိုချစ်လား”

“အင်”

“ဖေဖေ့ကိုရော”........

“ညီလေး.. ညီမလေးကိုရော”.......

“ဘယ်လိုပြောလိုက်တာလဲ သားရယ်… ချစ်တာပေါ့… မေမေ့ဘဝပဲလေ”

“အင်း… အခု သားကိုလဲမချစ်နဲ့… သူတို့ကိုလဲ မချစ်နဲ့တော့… မေ့ထားလိုက်တော့.. ခုမေမေချစ်ရမှာ မေမေ့ကိုယ်တိုင်ပဲ… မေမေစိတ်တွေကို စုစည်းလိုက်… ဖြစ်နေတဲ့ရောဂါကို နှလုံးသွင်းပါ… ဆေးစစ်ချက်က ဘယ်လိုထွက် လာလာ မေမေသေဖို့ ပြင်ဆင်ထားလိုက်ပါ… လူဆိုတာ သေမျိုးချည်းပဲလေ… သေဖို့နှလုံးသွင်းထားလိုက်ရင် ဘာဖြစ်ဖြစ် ပူစရာမလိုတော့ဘူးပေါ့… ခုချိန်မှာ မေမေ သေတတ်အောင် နှလုံးသွင်းပြီး ပျော်ပျော် နေရမှာလေ… သားတို့ကို နောင်ဘဝထိ ခေါ်သွားလို့ မရမယ့်တူတူ မေမေ့ကိုယ်ကို မေမေချစ်ပြီး ပျော်အောင်နေပါ”

“သား……….. မေမေ သေရမှာ မကြောက်ဘူး… ဒါပေမယ့် စိတ်ပူတယ်”

“ဘယ်သူ့ကိုလဲ… ဘာအတွက်လဲ”

“သားအဖေ…”

“မေမေ… ယောကျားဆိုတာ နောက်မိန်းမရနိုင်သလို ကောင်းတဲ့ဘက်က ကြည့်ရင်လဲ သားတို့မောင်နှမတွေ ကြည့်လို့လဲရတယ်လေ”

“သား ညီမ…”

“မပူနဲ့ မေမေ… တစ်ဦးတည်းသော ညီမကို ဘဝပျက်လောက်အောင် သားက ထားပါ့မလား”

“ပြီးတော့… သားညီ… အိမ်က စီးပွား”

“မေမေ… မေမေရှိမှ ဖြစ်မယ်ဆိုတဲ့ အတွေးကို ဖယ်လိုက်ပါ… အခြေအနေအရ အရာရာ အဆင်ပြေသွားနိုင်တယ်… လူဆိုတာ ပြုခဲ့တဲ့ ကံအကျိုးပေးအတိုင်း ခုပြုနေတဲ့ အလုပ်အတိုင်း နေရမှာပဲလေ… အရာရာတိုင်း တွေးပူနေလို့ မေမေပူလောင်တာပဲရှိမယ်လေ… ဒါကြောင့် မေမေ့ ခုချိန်က စပြီး စိတ်ကိုရှင်းအောင်ထား… ဘုရားကို အာရုံပြု… ဆေးကုဖို့ ကုန်မယ့်ငွေကို စိတ်ကနေဖယ်လိုက်… မေ့မေ့ဘဏ်က သားလို့ မှတ်ထားလိုက်… ”

မေမေ့ဆီမှ သက်ပြင်းရှည်ရှည်တစ်ချက်ကိုကြားလိုက်ရတယ်… ဒီသက်ပြင်းက စိုးရိမ်စိတ်တွေ နည်းနည်းလျော့သွားတဲ့ သက်ပြင်းဆိုတာ သား ခန့်မှန်းလို့ ရပါတယ်မေမေရယ်…

“နောက်ပြီး မေမေ့ကို တစ်ခုပြောဦးမယ်… မေမေတို့ မျိုးရိုးမှာ ငယ်ငယ်လေးနဲ့ ဆုံးပါးတဲ့သူ မရှိဘူး… နောက်ပြီး မေမေကိုယ်တိုင်က ကင်ဆာဖြစ်ခဲ့ဘူးတယ်… ခု ကင်ဆာဖြစ်ပြီး အသက် နှစ်ချီပြီးရှည်နေတာ မေမေ့ တစ်ယောက်တည်းလို့ ပြောရင်တောင်ရတယ်… ဒါကြောင့် သားယုံကြည်တယ် မေမေ… မေမေ ဒီထက်မက အသက်ရှည်မှာပါ… သားပြောတာကို သာ နှလုံးသွင်းပါမေမေ”

မေမေ့ဆီမှ ရယ်သံတချို့ ဖြတ်ကနဲလွင့်ထွက်လာတယ်…

“ဟဟ… သားဖြစ်သူက အမေကို သေဖို့ ပြင်ဆင်ထားလို့ ပြောတယ်… ဒါပေမယ့် မေမေ ကျေနပ်မိတယ်… ဘာဖြစ်ဖြစ် သားပြောသလို မေမေ နေပါ့မယ်… ဆေးကုဖို့လဲ မပူတော့ပါဘူး… ဘာဆေးစစ်ချက်ပဲရရ မေမေ သေဖို့ ပြင်ဆင်ထားပါ့မယ်”

မေမေ့အသံက စိတ်ဖိစီးမှုတွေ လျှော့သွားတယ်… ပျော်ရွင်မှုအနည်းငယ်ရောနေသလို ဝမ်းနည်းမှုတွေ ပါနေသေးတယ်…

အမေကို သေတတ်အောင် ပြောတဲ့ သားရင်ထဲမှာ အမေမရှိတော့ရင်ဆိုတဲ့ အတွေး ဝင်လိုက်ရင် ဘယ်လောက်နာကျင်နေမလဲ ဆိုတာမေမေ သိမှာပါ… နောက်ပြီး မေမေ့ကို အားဆေး ဖြစ်စေခဲ့တဲ့ မေမေ့ဆေးကုစရိတ် ကိုတာဝန်ယူထားတဲ့ စိတ်ဖိစီးမှုက ခုကတည်းက လေးပင်နေခဲ့တယ် ဆိုတာ မေမေ သိနိုင်ပါ့မလား… ဘာဖြစ်ဖြစ် ခု မေမေ့ကို အားဆေးတစ်ခု ပေးခဲ့ရတဲ့အတွက် သား ကျေနပ်ပါတယ်မေမေ… နောက်ရက်မှာ ဆေးစစ်လို့ ထွက်လာမယ့် မေမေ့ ဆေးစစ်ချက်ကို စောင့်ရင်း သားဆုတွေတောင်းနေခဲ့ရတယ်… မေမေဆေးကုသဖို့ သားအလုပ်တစ်ခု ပိုရပါစေလို့…. မေမေ ဆေးကုသမှု အောင်မြင်ပါစေလို့… နေ့နေ့ ညည …

သားးး…. လုံး…ဝ… အိပ်မရခဲ့ဘူး……………

တစ်ရက်…

နှစ်ရက်…

မြန်မာပြည်မှာ နာဂစ်တဲ့… မုန်တိုင်းတဲ့…

လူတွေ အမြောက်အမြား သေ… ကြေ…

ဆက်သွယ်ရေးတွေ ပြတ်တောက်…

ဘယ်သူကိုဆက်သွယ်ရမလဲ.. အမေနဲ့ ညီမက ရန်ကုန်မှာ.. အဖေနဲ့ ညီနဲ့က မော်လမြိုင်မှာ… မိသားစုတွေ တကွဲတပြဲ.... မေမေ့အဖြေထွက်လာလို့ မေမေ စိတ်ဓာတ်တွေ များကျနေမလား…

ဘယ်လိုနေကြလဲ…

အားးးးးးးးးးးးးးးး


မစားနိုင်… မအိပ်နိုင်…

ဆုတောင်း မေတ္တာပို့ နေရတာ… အမော…

ရင်ထဲမှာ ပူလောင်နေတာ… ကမ္ဘာကြီး တစ်ခုလုံး ပျက်စီးသွားတာထက် ဆိုးနေတယ်…

လောကကြီးက ကျနော့်ကို ဒီလောက်တောင်ရက်စက်သလား..

ကမ္ဘာ ပျက်နေပြီး… ရင်ထဲမှာ ပူလောင်နေပြီး..

တစ်ည..

မထင်မှတ်ထားတဲ့ ဖုန်းသံ… ဒီဖုန်းသံကို ဆာလောင်နေတာ… နာရီပေါင်းများစွာ…

“သားးးးးးးးးးးးးးးးး...............”


ဒီအသံ…. ရင်ထဲကို ဘယ်လောက်များ ချိုမြိန် စွာ ဝင်ရောက်ပြီး သွေးကြောထဲကို ပျော်ဝင်စိမ့်ဆင်းလာရသလဲ….

“မေမေ………”

ဆာလောင်မွတ်သိပ်စွာ ခေါ်လိုက်ရတဲ့ အသံပါ.... ဒီလို ဘဝတစ်ခုလုံး ခေါ်နေချင်ပါတယ်...

“သား… မေမေ နေကောင်းတယ်… ခုမော်လမြိုင်ပြန်ရောက်နေပြီး… မေမေ့သားအိမ်က ကင်ဆာမဟုတ်ဘူးတဲ့… အလုံးဖြစ်တာကို ဖြတ်လိုက်တယ်… တအိမ်သားလုံးနေကောင်းတယ်… သားပြောသလို သေဖို့ ပြင်ဆင်ထားပေမယ့် ခုမေမေမသေသေးပါဘူး… သားပိုက်ဆံကို သားခေါင်းကိုက်ရောဂါ ခွဲဖို့ သာ……….

…တီ…တီ….တီ…

ဖုန်းလိုက်ပြတ်တောက်သွားပြီး… မေမေတို့ဘက်က ခေါ်ဖို့ကြိုးစားနေဦးမယ်… ကျနော့်ဘက်ကတော့ ခေါ်လို့ လုံးဝမရခဲ့ပေမယ့် မနားတမ်းပြောသွားတဲ့ မေမေ့ အသံတွေကို ထပ်ခါထပ်ခါ ကြားရင်း ပြုံးနေရင်း မေမေ့ မျက်နှာလေးကို မြင်ယောင်မိတယ်..

ကံတရားး...

သားမေတ္တာကြောင့် ဖြစ်တဲ့ကံတရားလား... အမေ့ကံကြောင့် ဖြစ်လာတဲ့ကံတရားလား... ဘာဖြစ်ဖြစ်..

မေမေရယ်… ခုတော့ သားရင်ထဲက အစိုင်အခဲ တစ်ခု သားကြောက်ရွံ့ ဆွံအံ့နေခဲ့ရတဲ့ အစားထိုးမရမဲ့ ဆုံးရှုံးမှု… ဒါတွေအားလုံး ခုတော့ ….

ဟင် ကနဲ..........

ကျနော့် စိတ်တွေ… တစ်နာရီ မိုင် (၁၀၀)နှုန်း… ရွက်လွင့်လိုက်တယ်…

မိသားစု ရှိရာ အိမ်လေးဆီကိုပါ…

ဖေဖေ… မေမေ… ကျန်းမာပျော်ရွင်ပါစေ…

ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

ကမ္ဘာကြီး တစ်ခုလုံး ပျက်စီးမှ မဟုတ်ပါဘူး... တခါတလေ မိသားစု အတွင်းမှာတောင် မိသားစု ကမ္ဘာလေး ပျက်မတတ်ဖြစ်သေးတာပဲလေ... နေတတ်အောင် ပြင်ဆင်ထားရင် ကောင်းပါတယ်..
နာဂစ်မဖြစ်ခင်က ကျနော် ချစ်တဲ့ မိသားစု ကမ္ဘာလေး ပျက်မလို ဖြစ်ခဲ့ရတဲ့ နေ့လေးကို ပြန်တွေးမိလို့..

Comments

Ree Noe Mann said…
မဖြစ်ဘူးဆိုတာ မရှိ

မဖြစ်သေးတာပဲ ရှိ၏

စိတ်ထဲရှိက ဖြစ်ကိုဖြစ်၏

အနှေးအမြန်ပဲ ကွာသည်။

သယ်ရင်း စိတ်ရှိဖို့သာလိုသည်။

တစ်နေ့တော့ မိသားစုနဲ့ နေရမှာပါကွာ။

ဖတ်ပြီး လွမ်းသွားတယ်

သယ်ရင်း ရီနို
Ree Noe Mann said…
ရှားရှားပါးပါး တစ်တွေတောင်ရနေပါလား

အဟေးဟေး

ပျော်လိုက်တာ

ချစ်တဲ့ရီနို
MANORHARY said…
မိသားစုဆိုတာ
လက်ချောင်းလေးတွေလိုပဲ
တစ်ယောက်နဲ့တစ်ယောက် အတိုအရှည်လည်းမညီဘူး
အမြဲကပ်ထားလို့လည်း မရဘူး
အမြဲခွာထားလို့လည်း အလုပ်မဖြစ်ဘူး
လက်ကလေးတစ်ချောင်းဆုံးရှုံးသွားလို့လည်း မဖြစ်ဘူး
အဲဒီလက်တွေကပဲ
ဘဝတွေကိုတည့်မတ်ခိုင်မာစေခဲ့တာ ...
ဟုတ်ပါတယ်..မိသားစုချစ်ခင်သူကြားမှာဖြစ်တာမှ တစ်ကယ့်ကမ္ဘာပျက်တာပါ..း(
Nge Naing said…
မိသားစု အကြောင်းကိုယ် ပြန်ရေးထားတာလေး ဖတ်ရတာ စိတ်ဝင်စားဖို့ သိပ်ကောင်းပါတယ်။ ဟုတ်တယ် ကမ္ဘာပျက်တာ ကမ္ဘာကြီးတခုလုံး ပျက်မှမဟုတ်ဘူး မိမိတယောက်တည်း ဒါမှမဟုတ် မိသားစုအတွင်းမှာလည်း ကမ္ဘာပျက်တဲ့ အတွေ့အကြုံတွေ လူတိုင်းမှာ ရှိနိုင်ပါတယ်။
ကိုဖိုးစိန်ရေ ကိုဖိုးစိန်လိုသားတယောက်ရှိတဲ့မိသားစုလေးကံကောင်းပါတယ်ဗျာ ဆက်ရေးပါဦး မေတ္တာရေစီးချောင်းလေးတွေ
ဖတ်လိုပါတယ် အခြားခြားသော ရေးမည်များကိုစောင့်ဖတ်နေပါတယ်.ခံစားရသောရောဂါလည်းအမြန်ပျောက်ကင်းပါစေဗျာ.
သက်သာကျမ်းမာပါစေ.
မေလေး said…
သိပ်မဝေးတော့တဲ့ တစ်နေ့ မိသားစု ပြန်လည်ဆုံဆည်းရမှာပါလေ။
ပျော်ရွှင်ပါစေ။
နွေးနေခြည် said…
ဟုတ်တယ်နော်
ကိုယ်တယောက်တည်း ကမ္ဘာပျက်တာရှိနိုင်သလို
မိသားစုထဲမှာ ကမ္ဘာပျက်တာလည်း ရှိနိုင်တယ်နော်

မိသားစု အမြန်ဆုံး ပျော်ပျော်ရွှင်ရွှင်နဲ့ စုံစည်းနိုင်ပါစေ...
ဖိုးစိန်ရဲ့ အမေ့နေရာနေဝင်ခံစားပြီး ဖတ်သွားပါတယ်
Vista said…
ပျော်ရွင်ပါစေ တောင်းဆုချွှေ ကဖိုးစိန်ရေ....
ကမ္ဘာကြီးမပျက်တောင်မှ မိသားစုကမ္ဘာငယ်လေးလဲ တချိန်မှာ ပျက်စီးတတ်တာပဲ ကျေးဇူးပါ ငါ့အကိုရေ ဒီအသိလေးတွေ လိုအပ်နေသေးတယ်ဗျာ.. ဘာပဲပြောပြော ဘ၀တလျှောက်လုံး ကောင်းမွန်စွာ ရိုးသားစွာ ဖြတ်သန်းရင်းနဲ့ မိဘ၊မိသားစုအပေါ် အနဲနဲ့အများဆိုသလို ပြုစုစောင့်ရှောက်နိုင်တဲ့ သားလေးဖြစ်ခွင့်ရချင်ပါတယ်။ ငါ့အကိုလဲ ဒီလိုဘ၀ကို အမြန်ဆုံးအကောင်အထည်ဖော်နိုင်ပါစေဗျာ..


လေးစားလျက်
တောင်ပေါ်သား
Mogok Thar said…
ဖတ်ဖတ်ချင်း အခုများ ဖြစ်နေတာလား ရင်ပူသွားတယ်။
အောက်ရောက်မှ အပူလုံးကြီးက ကျသွာတာ။

မိသားစုအပေါ်၊ သူငယ်ချင်းတွေအပေါ် ကိုယ်ကျိုးစွန့် အနစ်နာခံ ပေးဆပ်ကူညီတတ်တဲ့ စိတ်စေတနာ ပါရမီက လေးစား အတုယူစရာပါ။

အမေကိုတောင် ပြန်တရားချခဲ့တဲ့ မျောက်ငိုရေ၊ ကိုယ့်မှာ ရှိတဲ့ ခေါင်းကိုက်ဝေဒနာကိုလဲ ပစ်မထားနဲ့အုံး။ အကုန်အကျခံ ကုသင်တာကု၊ ခွဲစိတ်သင့်ရင် ခွဲစိတ်ကုသပါ။ အပ်လေးနဲ့ ထွင်လိုက်ရင် စူးတဲ့ ဆူး ထွက်သွား ရမဲ့အစား ဆူးကို မထုတ်လို့ အတွင်းလှိုက် စားသွားတာ ခံရတဲ့ အဖြစ်မျိုး မဖြစ်ပါစေနဲ့။

ကိုယ့်စိတ်စေတနာအတိုင်း အကျိုးပေးမှာပါ ဆိုပြီး ကိုယ့်ရောဂါကို ပစ်ပယ်မထားပါနဲ့။ “ကံ” ဆိုတာ “အလုပ်” မှန်းမမေ့လျော့ဘူးထင်ပါရဲ့။

ဆိုင်ကယ်တစ်စီး မောင်းနေသလိုပေါ့။ “ငါ့ကံက ဆိုင်ကယ်အက်ဆီးဒန့် ဖြစ်မဲ့ကံ မပါပါဘူးကွာ” ဆို အကြမ်းမောင်းမယ်ဆိုပါတော့။ ဟာဉ်တိုက်မှု ဖြစ်တဲ့အခါ (ဒါမှမဟုတ်) တန်းမှောက်တဲ့အခါ “ကံပါလာတော့ ခံပေါ့” လို့ ပြောလို့ ရမလား။ ဒီတော့ မဖြစ်လာခင်ကတည်းက ကိုယ်မောင်းတဲ့ ဆိုင်ကယ်ကို ဖြေးဖြေးမှန်မှန် သတိလေးထား ထိန်းသိမ်း မောင်းနှင်ရတာပဲပေါ့။

မိသားစုများ အားလုံး ကျန်းမာ ချမ်းသာကြပါစေ။ စိတ်ခချမ်းသာ၊ ကိုယ်ကျန်းမာနဲ့ ပြန်လည်ဆုံတွေ့နိုင်ကြပါစေ။

ချစ်ခင်လေးစားစွာဖြင့်
အခုများဖြစ်တာလားဆိုပြီး တကယ် စိတ်ပူသွားမိပါတယ်

ဇာတ်သိမ်းကို မြန်မြန်ရောက်ဘို့ ခပ်မြန်မြန်ဖတ်ရမလား

မဖြစ်စေချင်တာတွေ မြင်ရမှာစိုးလို့ ခပ်ဖြေးဖြေးဖတ်ရ မှာလား တွေးမရခဲ့တာ အမှန်ပဲ။

ကာယကံရှင်က သေခြင်းတရားကို ရင်ဆိုင်ရဲဘို့ ရေးနေချိန် ဘေးကဖတ်တဲ့သူက တထိတ်ထိတ် နဲ့ ဖြစ်နေတာဟာ (အနည်းငယ် ဟာသဆန်ပေမယ့် )ခင်မင်မှု သံယောဇဉ်ကြောင့်ပဲနဲ့ တူပါရဲ့
စည်သူ said…
ဟုတ်တယ် ကိုဖိုးစိန်ကြီးဟီးဟီး.. ရေ..

ကျွန်တော်တို့ တစ်တွေလည်း ဘယ်သောအခါမှ မိသားစုနဲ့ အတူ ပြန်နေရမှန်းမသိဘူးဗျာ..

တစ်ကွဲတစ်ပြားစီ ဖြစ်နေကြတဲ့ မိသားစုတွေ..
လောဘကြောင့် ကွဲကွာနေရတာလား..

ကံအကျိုးပေးကြောင့်လား.. ဘာဖြစ်ဖြစ် သေချာတာတစ်ခုက ဝေးနေကြ.. တစ်ကွဲတစ်ပြား ဖြစ်နေကြပေမယ့် မမေ့ မလျော့တဲ့ ဇွဲ လုံ့လဝိရိရနဲ့ ကြိုးစားပြီး မိသားစုနဲ့ အတူတကွ ချစ်ချစ်ခင်ခင် ပြန် နေနိုင်အောင် ကြိုးစားကြတာပေါ့..

ပျော်ရွှင်ချမ်းမြေ့တဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်..

ခင်မင်စွာဖြင့်
စည်သူ
Angel Shaper said…
ရင်ထိတ်လိုက်တာဗျာ......
khin oo may said…
ခေါင်းကိုက်တာဘယ်လိုနေသေးလဲ
ကိုဖိုးစိန်လည်း ကိုယ့်ကိုယ်ကို ကျန်းမာရေးကို ဂရုစိုက်ပါ... မိသားစုတွေနဲ့ လည်းမြန်မြန် ပြန်လည်ဆုံဆည်း နိုင်အောင်ဆုတောင်းပေးလိုက်ပါတယ်.....

ခင်မင်စွာဖြင့်
ကိုကိုသုန်
ဒီအမေက ဒီသားမျိုးရှိတာ ကံကောင်းလိုက်တာ..

ဟုတ်တယ်. မိသားစုကမ္ဘာပျက်တာကမှ ကိုယ့်အရင်းနှီးဆုံးကမ္ဘာပျက်တာပဲ... တကယ့်ကို နင့်နင့်နဲနဲခံစားရတဲ့ နေ့မျိုးနော်

Popular Posts