Tuesday, 10 November 2009

အသင်ရော... ဘယ်လိုပြုံးလဲ

ကျနော်တို့ မိသားစုမှာ အမေဘက် ကဆွေမျိုးတွေများတယ်… အမေအမျိုးတွေက တရုတ်စစ်စစ်တွေ… ဆွေကြီးမျိုးကြီးဆိုပြီး မာနက တစ်ထောင်ထောင်…. ဒါပေမယ့် ကျနော်တို့ မိသားစုက ဆွေမျိုးတွေနဲ့ ဝေးတယ်… အသွားအလာ ကျဲတယ်… အထူးသဖြင့် ကျနော်… သိပ်ပြီး ရင်းရင်းနှီးနှီး မနေဖြစ်ဘူး… မိသားစုလောက်နဲ့ အရမ်းနီးကြတဲ့ အဖေ၊ အမေ ဘက်က အကိုအမဝမ်းကွဲ တွေလောက်ပဲ ချစ်ချစ်ခင်ရှိပြီး ကျန်တဲ့ အမျိုးတွေနဲ့ တော့ ဝေးတယ်… အိမ်လာလည်တဲ့ စကားကြီးတဲ့ မေ့မေ့ အမျိုးတွေကို အမြင်ကတ်ပုဒ်မနဲ့ စကားပြောချင်စိတ်ရှိမှပြောတယ်… နှုတ်ဆက်ချင်မှ နှုတ်ဆက်တယ်… အမေနဲ့ အဖေက ဘယ်လောက်ပြောပြော စိတ်ပါမှပြုံးပြတယ်… ဆွေမျိုးတွေက“ မဘုံး သားက မိုက်ရိုင်းတယ် လူကြီးမှန်း မသိဘူး”လို့ ဝိုင်းပြောရင်လဲ ခပ်တည်တည်ပဲ…

စိတ်ထဲမှာ အမြဲတွေးတယ်… သူတို့ ကိုယ်တိုင်ရော စိတ်ပါရဲ့လား… နှစ်နှစ်ကာကာ မရှိတဲ့ အပြုံးကို ပြုံးပြီး ရှိနေတဲ့ အမုန်းကို မမြင်အောင် ဖုံးကာထားတယ်… နောက်ကွယ်မှာ ကျတော့ အတင်းက တဖျင်း နှစ်ဖျင်း တင်းနဲ့ ချီပြောနေကျတာ ပြန်ကြားနေရတယ်… မေမေတို့လဲ သိတယ်… အိမ်လာလည်ရင် မေမေတို့က ဟန်ဆောင်ပြုံးနေရတယ်… ကြည့်ရတာ သူတို့ အစားပင်ပန်းတယ်… မေမေက “ထားလိုက်ပါ… ဆွေမျိုး ဆိုတာက ကင်းလို့မရပါဘူး” ပြောပေမယ့် ဒါတွေကို မကြိုက်…. အရှိကို အရှိတိုင်းပဲ… မုန်းရင် မပြောနဲ့… မဆက်ဆံနဲ့ … ဒါပေမယ့် ပြုံးရင်တော့ ရင်ထဲက နှစ်နှစ်ကာကာပြုံးစေချင်တယ်… ကျနော်ကိုယ်တိုင်ကလဲ တကယ့်စိတ်ပါမှ အလုပ်တစ်ခုကို လုပ်တယ်… စိတ်မပါရင်တော့ ခွေခေါက်နေတာပဲ… ဟန်ဆောင်ပြီးတော့ မလုပ်ခဲ့ဘူး…

ပြောချင်တာက … ကျနော်တို့ အမေဘက်က အမျိုးထဲမှာ ကျနော်နဲ့ နှစ်ဝမ်းကွဲ ၊အမေ့ညီမဝမ်းကွဲ သားတစ်ယောက်ရှိတယ်… သူက ငယ်ငယ်လေးကတည်းက ဘဝင်ရူး စာရူး ရောဂါရှိတယ်ထင်ပါတယ်… အနေအထိုင် အပြောအဆို အပြု အမူက အစ အထက်စီးက ပြောရမှ သာရမှ ကျေနပ်တတ်တယ်… ပြောလိုက်တဲ့ စကားတွေကို လိုက်မမှီဘူး… ကျနော်တုံးတာ အတာလဲ ပါမှာပါ… ဒါပေမယ့် စာရူးဆိုတဲ့ အတိုင်း သူ ဖြစ်ချင်ခဲ့တဲ့ ဆရာဝန် ကို ဖြစ်အောင်ကြိုးစားခဲ့တယ်… ဆရာဝန်ဖြစ်တော့ ပိုပြီး ဘဝင် နထင်လေဟပ်ပါတယ်..

သူဆရာဝန်မဖြစ်ခင် ဆေးကျောင်းတက်နေတုန်းက သူ့အိမ်ကို အမေနဲ့ အလည်တစ်ခေါက်ရောက်ဖူးတယ်… မေမေက မသွားချင်ပေမယ့် ဆွေမျိုးတွေ သာရေး နာရေး ဆိုတော့ သွားရတယ်… ဟန်ဆောင်ပြုံးတွေ ပြုံးပြီး ချိုသာတဲ့စကားတွေနဲ့ ရင်ထဲက အနှစ်မပါတဲ့ စကားတွေကို ကြားရတယ်… စိတ်ထဲမှာလဲ စိတ်ပျက်မိတယ်.. ဒီကြားထဲ စရောက်ကတည်းက ဧည့်ခန်းထဲမှာ ထိုင်ပြီး ကျနော့်ကို စူးစမ်း အထင်သေးတဲ့ မျက်လုံး တစ်ချို့နဲ့ ကြည့်နေတဲ့ ဆရာဝန်ပေါက်စ ဆေးကျောင်းသားရုပ်ကို ထည်ဝါ ခန့်ညား အမြင်ကတ်စွာ မြင်ရပါတယ်… ခုမှ ကိုးတန်းတက်ခါစရှိတဲ့ ကျနော့်ကို သူ့ရဲ့ တတ်မြောက်ထားတဲ့ ပညာတွေနဲ့ ပြုံးပြုံးလေး မေးမြန်းစိတ်စမ်းတော့ ကျနော့်လို ဘုဆတ်ဆတ်ဆီက သိသိ မသိသိ ဘူးတစ်လုံးပဲ ရပါတယ်… တကယ်လဲ မသိပါဘူး… မသိတာတွေ ပြောတာကိုး…

သူမှတ်ချက်ပေးပါတယ်… ကျနော့်ရှေ့ရေးရင်လေးတယ်… ခေါင်းထဲမှာ ဘာမှ မရှိဘူး… အူကြောင်ကြောင်နဲ့… သားအကြီးဆုံးလုပ်ပြီး နည်းနည်းမှ အသုံးမကျဘူး… နည်းနည်းအသက်ရင့်လာရင် ဒီပုံစံနဲ့ ရူးသွပ်လိမ့်မယ်... ဆိုပြီး အမေ့ကိုပြောပါတယ်… အမေက သားကို ပြောတဲ့စကားကို မကြိုက်ခဲ့ပေမယ့် “အန်တီလေးဆုံးမ ပါမယ်”ဆိုပြီး ပြုံးပြုံးလေး ပြန်ပြောခဲ့ပေမယ့် ကျနော်ကတော့ လုံးဝ မပြုံးဘဲ ဘုကြည့်ကြည့်ခဲ့ပါတယ်… အဲဒီနေ့ကစပြီး ဘဝင်ရူး ပြီး ကျနော့်ကို အထင်သေးလွန်း ဟန်ဆောင်ပြုံးပြီး စကားနိုင်ယူတတ်တဲ့ သူ့အိမ်ကို ထပ်သွားလည်ဖို့ မပြောနဲ့ အိမ်ရိပ်တောင် မနင်းဖို့ ဆုံးဖြတ်ခဲ့တယ်… အမေက ဘယ်လောက်ဖြောင်းဖျပေမယ့် စိတ်ထဲက လုံးဝ လက်ခံနားလည်ပေးလို့ မရခဲ့ဘူး…

အကိုက တော်ပါတယ်… သူ့မျှော်မှန်းချက်အတိုင်း ဆရာဝန် ဖြစ်ပါတယ်… အထူးကု ဖြစ်ခဲ့တယ်… နိုင်ငံခြားပညာတော်သင် သွားရတယ်… နိုင်ငံခြားရောဂါရူးပြီး နိုင်ငံခြားမှာ နေပါတယ်… ဒါပေမယ့် စကားပြောပုံဆိုပုံက အစ ဘဝင် ရူးသွပ်မှု စိတ်အခြေခံနဲ့ အရာရာကို သူက လွဲပြီးလူမထင်တော့ပါဘူး… တခေါက် ပြန်လာတိုင်း သူတော်တယ်… တတ်တယ်… သူလုပ်ရင် မှန်နေပါတယ်ဆိုတဲ့ နထင်သွေးတွေ စွန်းပါလာတတ်ပါတယ်...

သူ့ရဲ့ အိမ်သူအိမ်သားတွေကလဲ တားချင်ရက်နဲ့ မပြစ်မပြောခဲ့ကြပါဘူး… မိဘဆိုတာ စေတနာထားပြီး မပြောရဲတော့ သားသမီးတွေက ပညာတတ်လာရင် ငါတို့လုပ်တာ မှန်နေတာပဲ ဆိုတဲ့ အတွေးမှားတစ်ခု စွဲကပ်သွားတယ်ထင်ပါတယ်…

တစ်ခေါက် မြန်မာပြည် အလည်ပြန်ရောက်တော့ အိမ်ကို ထမင်းလာစားတယ်… အမေတို့က အမျိုးဆိုတော့ ထမင်းစားက လူမှုရေးအရ ဖိတ်တယ်… ကျနော်ကရှင်းတယ်… အိမ်ပေါ်တက်လာကတည်းက ကျနော် ဟန်ဆောင်ပြီး ပြုံးလို့ မရလို့ လုံးဝ ပြုံးပြ မနှုတ်ဆက်ဘူး… ဖေဖေက “မိဘမျက်နှာ မဖျက်နဲ့… လူကြီးနဲ့ကလေး မှာ လူကြီးက ကောင်းစေချင်လို့ ပြောခဲ့တာ… ခုလာရင် ပြုံးပြနှုတ်ဆက်”လို့ ပြောထားခဲ့ပေမယ့် ကျနော်လုံးဝ မလုပ်ခဲ့ဘူး… ပြန်တော့ ကျနော့်အတွက် စကားလက်ဆောင်ပါးသွားပါတယ်… “ဦးတို့ သားက ဒီတစ်သက် ကြီးပွားတိုးတက်ဖို့ လမ်းမမြင်ဘူး… ဒီလိုပုံမျိုးနဲ့ ဘယ်လို လူတောတိုးမှာလဲ… ကြည့်ရတာ စိတ်ပျက်တယ်… သူလိုသားရှိတာ ဦးတို့ အိမ်နာတယ်... ဦးတို့ အတွက်ပြောတာပါ... ဆုံးမတတ်ဖို့ပါ ”တဲ့… ပြုံးပြုံးလေးပဲ ဖြေးဖြေးလေး ပြောသွားတယ်... ပညာတတ်တို့ရဲ့ စကားလေ...

ကျနော်ပြုံးပြုံးကြီးပဲ လက်ခံခဲ့တယ်… သူမကျေနပ်လို့ ပြောသွားတဲ့စကား… သူကျေနပ်အောင် ကျနော်က အောက်ကြို့ပြီး ဟန်ဆောင်မပြုံးပြခဲ့တဲ့အတွက် ကျနော်ပြန်ရတာတန်ပါတယ်… ဒါပေမယ့် ကျနော့်သူဆီက ရလာတဲ့စကားကို မယူခဲ့ပါဘူး…

ဒီလိုနဲ့ ကိုယ့်ကိုယ်ကိုယ် ငါတော်တယ် ငါတတ်တယ်နဲ့ အထင်အရမ်းကြီးနေတဲ့ အကိုကဘယ်ကောင်မလေးက မှ သူနဲ့ မတူဘူး မတန်ဘူး အဆင့်မရှိဘူး လို့လဲ ဖြစ်လာတယ်… ဒီလိုနဲ့ တစ်ယောက်တည်း တကိုယ်ကောင်းဆန်ဆန် အထီးကျန်နေလာရတော့ အဲဒီ မသိစိတ်ရဲ့ ရိုက်နှက်ခြင်းတွေကိုလဲ ခံလာရပါတယ်…

တနေ့မှာ သူ့ သူငယ်ချင်း အမတစ်ယောက်ကနေ ကောင်မလေး တစ်ယောက်ကို စတင်သိခဲ့တယ်.. ကောင်မလေးက အနေအေးတဲ့ အပြင် သူဘာကြီးဖြစ်ဖြစ် စိတ်မဝင်စားတဲ့ အထာနဲ့နေတော့ အရင်က မိန်းခလေးတွေ သဲသဲလှုပ်အဖြစ်ခံရတဲ့ သူက နေရခက်ပါတယ်… ဒီလိုနဲ့ အဲဒီကောင်မလေးကို စပြီး စိတ်ဝင်စားပါတယ်…

ကံဆိုးချင်တော့ ကောင်မလေးမှာ အရမ်းချစ်ရမယ့်သူရှိနေခဲ့တယ်… လက်ထပ်ဖို့ ခွင့်တောင်းတဲ့ အချိန်မှ အဲဒီကောင်မလေးက ချစ်သူရှိကြောင်း ပေါ်ပေါ်ထင်ထင် ပြလိုက်တာ ဆရာဝန်ကြီး အရှက်ကွဲပါတယ်… ဘဝမြင့်နေတဲ့သူ… လိုတာရနိုင်တဲ့သူလို့ အထင်ကြီးခဲ့သမျှ မိန်းခလေးတစ်ယောက်ကျမှ မိသားစု အသိုင်းအဝိုင်းကြားမှာ အရှက်ခွဲခံလိုက်ရသလို ဖြစ်သွားတဲ့အတွက် ရှက်ရမ်းရမ်းပါတယ်…

အရင်ကတည်းက ကောင်မလေးကို ချစ်ချင်မှချစ်မယ်… ဒါပေမယ့် ကောင်မလေးက သူ့လို ဆရာဝန်ကို စိတ်မဝင်စားရကောင်းလားဆိုပြီး ကောင်မလေးကို စိတ်ဝင်စားအောင် ကြံဖန်ခဲ့တာ… အရှက်ကွဲပြီးတဲ့ အခါကျတော့ ကောင်မလေးကို အသေရ အရှင်ရရဆိုတဲ့ စိတ်နဲ့ မသိစိတ်က ဖောက်ပြန်ပြီး ကောင်မလေးကို အသေအလဲ ပိုးပန်းခဲ့သလို လူမဆန်တဲ့ နည်းတွေသုံး စကားတွေ သုံးပြီး ဖျက်လိုဖျက်စီးလုပ်ခဲ့တယ်..

တကယ်တမ်း ကိုယ့်ကိုယ်ကိုယ် အထင်ကြီး အောင်မြင်နေတယ်လို့ ထင်တဲ့သူတွေက ဘာမှ မဟုတ်တဲ့ အသေးအဖွား တစ်ခုကို မရလိုက်တော့ ကျဆုံးမှု တစ်ခု နဲ့အတူ လိုအပ်ချက် စိတ်တွေ ဖောက်ပြန်လာတတ်ပါတယ်… စိတ်ကို စိတ်နဲ့ မထိန်းနိုင်တော့ဘူး… မဖြစ်နိုင်တာ မရှိစေရဘူးဆိုတဲ့ ပြင်းထန်တဲ့စိတ်တွေက တလွဲလမ်းမှားကို လိုက်ပြီး ဘယ်လိုဖြစ်ဖြစ် ငါ ရစေရမယ်… ငါနိုင်ရမယ်ဆိုတဲ့ အတွေးတွေ ဝင်လာတယ်…

စိတ်က စိတ်ကို ပြန်သတ်တယ်… စိတ်က စိတ်ကို ပြန်လှည့်စားတယ်… အဲဒီလှည့်စားမှု က ကိုယ့်တိုင်ဆိုတာ သတိမထားမိတာပဲ… အဲဒီစိတ်ကြောင့် ရူးသွပ်မှုတွေ ဖြစ်ပြီး မထိန်းနိုင် မသိမ်းနိုင် ဖြစ်ပြီး ကိုယ်ကျွံခဲ့တဲ့စကားတွေက ကိုယ်ကိုယ့်ကိုယ် ပြန်သတ်ခံရတာပဲ…

အသာလေး လွှတ်ထားပေးတဲ့ မိဘ မောင်နှမတွေ ကြားမှာ မှန်တယ် ထင်ရင်း တဖြည်းဖြည်းနဲ့ မိန်းမတစ်ယောက် အတွက် ရူးသွားခဲ့တယ်… သူ့ ဆေးလက်မှတ် အသိမ်းခံရပြီး မြန်မာပြည်ကို ရူးကြောင်ကြောင် ပြန်ရောက်လာတဲ့နေ့က သူ့ကို သတင်းသွားမေးတဲ့ လူတွေဆီက … “စိတ်ရောဂါ အထူးက ဆရာဝန်ကြီး ကိုယ်တိုင် ဆေးမှားသောက်ပြီး စိတ်ရောဂါ ရသွားတာ အံ့သြလိုက်တာ” ဆိုတဲ့ လေသံတွေကို ကြားရပါတယ်… ဒီလေသံက တကယ်သနားလို့လား… စိတ်မကောင်းတာလား… ဝမ်းသာတာလားဆိုတာ ပြောတဲ့သူတွေ ကိုယ်တိုင်ပဲ သိမှာပါ… အပြုံးတုတွေနဲ့ အားပေးစကားပြောသူတွေ လဲရှိမှာပေါ့…

ခုတော့ စိတ်ကျန်းမာရေး ပြန်ကောင်းနေပြီးလို့ မေမေက ပြောပါတယ်… တော်တဲ့သူတစ်ယောက် အနေနဲ့ ဆရာဝန် ဆေးကုလက်မှတ် သိမ်းခံရတာက ဝမ်းနည်းစရာပါ… စိတ်နောက်သာမလိုက် ဘဝမရူးရင် ဘယ်လောက်တော်မယ့် ဆရာဝန်ကြီးဖြစ်မလဲတို့ တွေးရင်း စိတ်မကောင်းဖြစ်မိပါတယ်… သူပြောခဲ့တဲ့စကားတွေကို မမေ့ခဲ့ပေမယ့် ဒီပုံစံနဲ့ မြင်ရတာ ဝမ်းနည်းမိတယ်… ကိုယ်တိုင်တော့ ကြိတ်ပြုံးမပြုံးနိုင်ခဲ့ပါဘူး...

စကားဆိုတာက ပစ္စည်းတစ်ခုကို တစ်ယောက်ယောက်ကို ပေးလိုက်သလိုပဲ… သူတို့ မယူရင် ကိုယ်ပဲပြန်ရတယ်မဟုတ်လား… ကျနော့်ကို ပြောလို့ရယ် မဟုတ်ပါဘူး…ကိုယ့်နဲ့ထိုက်တန်တဲ့ တန်ပြန်မှုကို ဒီနည်းမဟုတ် တခြားနည်းနဲ့ ရတတ်တယ်… အတိတ်ကံ အကျိုးပေးနဲ့ ဆိုင်သလို ဝစီကံ ကလဲ ထိုက်တယ်မဟုတ်လား… တခါတလေ ကျနော်ကိုယ်တိုင်လဲ မထင်မှတ်ပဲ ပြောမိတဲ့ စကားတွေရှိပါတယ်… အဲဒီစကားတွေကို ပြန်ပေးဆပ်ရတဲ့ အခါလည်းရှိပါတယ်…

ခုထိ ပြုပြင်နေဆဲ… ကြိုးစားနေဆဲ… အတတ်နိုင်ဆုံး ကြိုးစားနေဆဲ… ခုထိ ကြိုးစားလို့ မဖြစ်နိုင်သေးတာကတော့ ဟန်ဆောင်ပြီး ပြုံးပြလို့မရ… စိတ်ထဲနှစ်နှစ်ကာကာ ရှိမှ ပြုံးချင်တယ်… စိတ်ထဲပါမှ ပြုံးတယ်.. တဝကြီးကို ပြုံးချင်တယ်…

အားလုံးကိုလဲ ရင်ထဲက စိတ်ပါလက်ပါ တဝကြီး ပြုံးတာကို မြင်ချင်ပါတယ်..


ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

(မျောက်မျောက်)

21 comments:

mdw said...

very good post indeed.

MANORHARY said...

:)
အဲလိုပြုံးသွားတယ်။
just kidding !
ကိုယ်လည်းအဲလိုလူထဲပါတယ်။
စိတ်ထဲမပါလို့ကတော့ ဟန်လည်းမဆောင်တတ် ...

ခရေညို said...

ဖိုးစိန် ရေ
ဘာပဲဖြစ်ဖြစ် ထူးချွန်တဲ့သူ တစ် ယောက်
ရူးသွားတာနှမြောစရာကြီး။
လှိုက်လှိုက် လဲလဲပြုံးပြီးပြန်သွားပါတယ်။

တောင်ပေါ်သား said...

အဖိုးတန်တဲ့ တန်ဖိုးရှိတဲ့ဘ၀လေးကို ဖျက်ဆီးသွားတာလဲ ဒီစိတ်တွေပါပဲဗျာ.. အမြန်ဆုံး ပြန်လည်ကောင်းမွန်ပါစေ တိုင်းပြည်အတွက် အကျိုးရှိတဲ့ လူတယောက် ဖြစ်ပါစေဗျာ မပြုံးသွားတော့ဘူး


လေးစားလျက်
တောင်ပေါ်သား

momiji said...

good post.

Ma Thandar said...

"မိဘဆိုတာ စေတနာထားပြီး မပြောရဲတော့ သားသမီးတွေက ပညာတတ်လာရင် ငါတို့လုပ်တာ မှန်နေတာပဲ ဆိုတဲ့ အတွေးမှားတစ်ခု စွဲကပ်သွားတယ်ထင်ပါတယ်…" it's true!

"စကားဆိုတာက ပစ္စည်းတစ်ခုကို တစ်ယောက်ယောက်ကို ပေးလိုက်သလိုပဲ… သူတို့ မယူရင် ကိုယ်ပဲပြန်ရတယ်မဟုတ်လား…" agreed!

It's my first time to give a comment on your blog though I visit ur blog often.

Please keep up with your good work. :)

တလနွန် said...

အတ္တ ၊ မာန တွေက စိတ်ကို အသေအကြေသတ်တဲ့ မိစ္ဆာကောင်ကြီးတွေပါပဲလေ။
နောက်ပြီး ဟန်ဆောင်ခြင်းမရှိပဲ ပြုံးပြလိုက်တဲ့အပြုံးက တခြားသူတစ်ဦးအပေါ် ကူးစက်ပျော်ရွင် စေတတ်ပါတယ်။ :D


ခင်မင်ခြင်းများနှင့်
တူရီးတော်

mae said...

စိတ်ပါလက်ပါ နှစ်နှစ်ခြိုက်ခြိုက်ပဲ ပြုံးပါတယ် လို့ ပြောချင်ပေမယ့် လက်တွေ့မှာတော့ အခြေအနေအရ အပြုံးမျိုးစုံ ပြုံးဖူးတယ်၊ အလုပ်သဘောအရ တခါတလေ မပြုံးချင်လဲ ပြုံးပြရ.. မိဘမျက်နှာ နဲ့ သွားဖြဲပြရတာ မျိုးတွေ ရှိတယ်၊

တခါတလေလဲ တစ်ယောက်တည်း မဲ့ပြုံးပြုံးမိပါတယ်

စာအုပ်တစ်အုပ်ကို သွားသတိရတယ်
http://www.amazon.com/Geography-Bliss-Grumps-Search-Happiest/dp/0446580260

ယိုးဒယားမှာ အပြုံးတွေက နာမည်စုံပဲတဲ့.. မြန်မာလို မဲ့ပြုံး မချိပြုံး စသဖြင့် ရှိသလိုပေါ့

.. လူဆိုတာ ထားသင့်တဲ့ မာနတော့ ရှိရမယ်လို့ မြင်တယ်၊ ဒါပေမယ့် မောက်မာလွန်းရင်လဲ အကျနာတတ်တယ်၊ နေပြန်ကောင်းသွားတယ်ဆို တော်သေးတာပေါ့

sweetpeony said...

မှတ်သားစရာတွေပါပဲ ကိုကြီးစိန်
မှန်တယ်...
အဲလိုမျိုးတွေကိုတွေ့ရင် သနားတာပဲသိတယ်...

Mogok Thar said...

:-)

ချစ်ညီ ဖိုးစိန် က ကိုယ့်အကို အတင်းကို ပြောနေတဲ့ ပုံစံ မြင်ပြီး ပြုံးမိရတယ်။
“လူ့ အဖိုးတန်တွေမှာလဲ အားနည်းချက်တွေ ၇ှိတတ်ကြတာပါပဲလေ။”
“ဟန်ဆောင်မှု” ဆိုတာကို ယဉ်ကျေးမှုတစ်ခု အနေနဲ့ သုံးစွဲနေကြတာ ကမ္ဘာနဲ့ တ၀ှမ်းပေါ့။
စိတ်ရှိတဲ့အတိုင်းနေတဲ့အခါ ကိုယ်တို့တွေက မယဉ်ကျေးသောသူတွေ ဖြစ်လာကြရတာလဲ သဘာဝပဲလေ။
ဒါပေမဲ့ အဲဒီ စိတ်ရှိတဲ့အတိုင်းနေတဲ့အခါ “လူတွေဟာ သူ့သဘောသူ ဆောင်နေကြတယ်” ဆိုတဲ့ အသိနဲ့ စိတ်တစ်ချို့ကို ဥပေက္ခာလေး ထားပေးလိုက်ရင် ဟန်ဆောင်စရာမလိုပဲ ပြုံးပြလို့ ရသွားမှာပါ။ နောက်ပြီး ဖိုးစိန်ရဲ့ အကိုဝမ်းကွဲလို ဘ၀င်စိတ်ကြီး ၀င်နေတဲ့ သူတွေကို ဘေးကနေ သတိမပေးပဲ မြှောက်ပင့်ပေးနေကြ၊ လွှတ်ထားပေးနေကြတဲ့ သူတွေဟာလည်း တစ်နည်းအားဖြင့် အပြစ်ရှိသူတွေထဲ ပါတယ်လို့ အကိုတော့ ယူဆတယ်။ ရှေ့မှာတော့ ပြုံးပြုံး၊ ပြုံးပြုံးနဲ့ အမုန်းကို ဟန်လုပ်ပီး နောက်ကွယ်မှာ မှ စကားတင်း ဆိုကြ၊ ပျစ်ပျစ်နှစ်နှစ် ပြောကြတာထက် သူ့ကို အမုန်းခံပြောပေးကြရင်တော့ အဲဒီ ဆရာဝန်အဖြစ်က ဒီလောက် ဆိုးဝါးသွားမယ် မထင်ဘူးလေ။ ဒါက အကို့ အမြင်ပါ။ ဆရာဝန်လေး ကိုယ်တိုင်က ကုမရတဲ့ ဘ၀င်ရူး ဖြစ်နေရင်တော့ အကို့ အမြင်က မှားသွားမှာပေါ့။

ဟန်ဆောင်လို့ မရသူတွေထဲမှာ အကိုလဲ ပါတယ်။ ဟန်ဆောင်ပြီး ပြုံးရတဲ့ အခါတိုင်း အဲဒီအပြုံးဟာ ဟန်ဆောင်ပြုံးနေတာမှန်းလဲ လူတိုင်းက အကို့ အပြုံးကို ဖတ်တတ်ကြပါတယ်။
အကိုလည်း ရင်ထဲက လှိုက်လှိုက်လှဲလှဲ၊ ငြိမ်းငြိမ်းချမ်းချမ်း၊ အေးအေးမြမြ ပဲ ပြုံးပြချင်ပါတယ်။
ချစ်သူ၊ မုန်းသူ လူအားလုံးကို အဲဒီလို ပြုံးပြနိုင်ဖို့ကတော့ ကြိုးစားဆဲပဲ ချစ်ညီ ဖိုးစိန်ရေ....

;-)

ချစ်ညီ မျောက်ငို ကို

ချစ်ခင်လျှက်

မြစ်ကျိုးအင်း said...

စိတ်အာရုံတခုကြောင့် ဘ၀ရဲ့ ကြိုးစားအားထုတ် မှုတွေ အလဟဿ ဖြစ်သွားရတာနှမျောစရာပါပဲ။

လူဆိုတာ ဗီဇ နဲ့လာတာဆိုပေမယ့် မိဘနဲ့ ပါတ်ဝန်းကျင် က အတတ်နိင်ဆုံး ပြုပြင်ပေးရတာပါပဲ။

ဒီနေရာမှာ သုံးသင့်တဲ့စကားလုံးက အိုးထိန်းသည် ဆိုတာပါပဲ။ဒီဥပမာက အသုံးများလို့ ဘာကိုဆိုချင်မှန်း သိနေမယ်ထင်ပါတယ်..။

သေသပ်လှပတဲ့ အိုးကောင်းကောင်းလေးထွက်လာဘို့
လုပ်သင့်တာတွေ လုပ်ကြရတယ်လေ။

ကိုယ်စီ ကိုယ်စီ တွေးသင့်တာတွေ လုပ်သင့်တာတွေ လုပ်လာတဲ့အခါ တယောက်နဲ့တယောက် နှစ်နှစ်ကာကာ ပြုံးဖြစ်ကြမှာပါ။

ပင်စည်တွေဖြောင့်တဲ့တောမှာ အောက်ခြေရှင်းနေသလို မျိုးပေါ့....။

:)

နွေးနွေးသဲမွန် said...

ငါးသားလောက်ပြုံးလေးပြုံးချင်ခဲ့တယ်..ဟန်ဆောင်ခြင်းဟာ ပင်ပန်းပါတယ်...ကိုကြီးစိန်ရယ်...

အနမ်း said...

မိဘဆိုတာ စေတနာထားပြီး မပြောရဲတော့ သားသမီး တွေက ပညာတတ်လာရင် ငါတို့လုပ်တာ မှန်နေတာပဲ ဆိုတဲ့ အတွေးမှားတစ်ခု စွဲကပ်သွားတယ်ထင်ပါတယ်…
အဲဒါအမှန်ပဲ ဖိုးစိန်ရေ။
လူတွေက အပေါ်ယံဟန်ဆောင်တာကိုသိပ်သဘောကျ တတ်ကြတယ်။ အပြုံးတုလေးဆောင်ထား၊ ပြောသာပြော
တာပါ ကိုယ်ကိုယ်တိုင်လည်း စိတ်မပါရင် မပြုံးချင်ဘူး။
အင်းလေ စိတ်တော့မကောင်းစရာပဲ ကိုယ်လိုချင်တာ အမြဲရတတ်တဲ့သူတွေဟာ အဆုံးသတ်မကောင်းကြဘူး ဆိုတာသတိထားဆင်ခြင်သင့်တယ်။ ဆရာဝန်တစ် ယောက် ဆုံးရှူံးရတာတော့ ၀မ်းနည်းစရာပေါ့။ သူ့ ဘ၀လည်း သနားဖို့ ကောင်းသွားတယ်။

ကိုချစ်ဖေ said...

ကိုယ်က အရူးဆိုတာ ယပ်တောင်ကြီးခေါင်းထိုး နို့ဆီခွက်တွေတန်းလန်းဆွဲမှ အရူးလို့ထင်နေတာ တကယ်က အဲ့လိုမျိုးဘ၀င်ရူး တွေအများကြီး ငယ်ငယ်
တုန်းကတော့ ညီလေးလိုပဲကိုယ်မှန်မယ်ထင်တာပဲလုပ်တယ်.ထင်ချင်သလိုထင် ခင်တွယ်စရာလူ သိပ်များများစားစား မလိုပါဘူး.လွမ်းလောက်တဲ့သူ သိပ်များများ မလိုပါဘူး ပေါ့..ခုတော့
ကိုယ်ဘ၀င်မြင့်ရင်လည်း ရယ်ချင်တယ် သူများဘ၀င်မြင့်ရင်လည်း ရယ်ချင်လာတယ်..

moekhar said...

ညီမကတော့ :D ဒီလိုပြုံးပြီး ချန်ဂီကနေ ကြိုနေမယ်နော် .. :P
ခုနောက်ပိုင်းတော့ စိတ်သိပ်မပါလဲ လုပ်သင့်တယ်ဆိုပြီး လုပ်ရတာတွေရှိပါတယ် .. တချို့ပေါ့ ..း))

Anonymous said...

ဗိုလ်စိန်
ချစ်ရင်စကားတွေပေါက်ပေါက်ဖောက်နေသလောက်
မကျေနပ်ရင် ဟန်ဆောင်မပြုံးနိုင်တဲ့မင်းကိုလူတွေ
ကြားထဲအမြဲမြင်ရတဲ့မင်းရဲ့ခပ်ဆပ်ဆပ်မျက်နှာကိုမြင်လို့
ပြုံးသွားတယ်
ငါဘယ်လိုပြုံးလဲဆိုတာမင်းသိမှာပေါ့
လိုင်းကားစီးတိုင်းမင်းမျက်နှာကြောင့်ဘေးလူတွေကိုအား
နာရတာအမြဲအမှတ်ရတယ်
မင်းမျက်နှာပုပ်သိုးသိုး တလောကလုံးမင်းလုပ်စာ
ထိုင်စားနေတယ်ထင်နေလာကွ..

ဟားဟားး

မင်းသောက်ဖော်

ပြည့်ဖြိုး

အိန္ဒြာ said...

ဖိုးစိန်ရေ..

း)း)း)
မမ လှိုက်လှိုက်လှဲလှဲ ပြုံးပြသွားတယ်နော်

reenoemann said...

လူတစ်ယောက်ရဲ့ နှုတ်ကထွက်တဲ့ စကားမှန်သမျှဟာ

သူများကိုပြောပေမယ့် ပြောသူကိုယ်တိုင်အတွက်သာဖြစ်တယ်လို့

ကိုယ်တော့သိထားတယ်။ ဒါကြောင့် သူများကိုပြောချင်ရင် ကိုယ့်ကိုယ်ကို ပြန်ကြည့်လိုက်မိတယ်။

မပြောဖြစ်တော့ဘူပေါ့။

ချစ်တဲ့ ရီနို

သုဒြေ္န said...

လောကမှာအဲလိုလူမျိုးတွေ အများကြီး ရှိတာပေါ့  ညီလေးရာ ပညာမာနအရူး ဥစ္စာဓနအရူး ရာထူးအာဏာအရူး အရူး တကအရူးထဲမှာ ဒီအရူးတွေက ကုရခက်သလို လူ့ လောကကြီးအတွက် အန္တရယ်လဲရှိတယ် လူတယောက်ရဲ့  လူတယောက်အဖြစ် ရပ်တည်ဘို့  အခြေခံ သဘောလေးမှနားမလည်ရင် ဒီလူဟာ လူ့ ပတ်ဝန်းကျင်အတွက် အဆိပ်တောက် ဖြစ်လာတာပေါ့  ဒါ့ ကြောင့်  ဒီနေရာက ပြောချင်တယ် လူသားတိုင်း မှန်ကန်တဲ့  အတွေးခေါ်နဲ့  တဘက်သားအပေါ် မနှိမ့် ချဘဲ အဖြူေ၇ာင် နှလု့းံသားပိုင်ဆိုင်ပြီး အပြုံးများ လှိုင်လှိုင်ဝေနိုင်ပါစေလို့  ဆန္ဒပြုရင်း ချိုမြိန်သော အပြုံးများ ပြုံးနိုင်ကြပါစေ ခင်တဲ့ ကိုကြီး သုဒြေ္န

စည်သူ said...

ဖတ်နေရင်း တွေးလိုက်တယ် ထင်တော့ထင်သားပဲ
ရှိတတ်ပါတယ် ကိုဖိုးစိန်ရေ..

လူတွေက သူများသာမြင်တာ ကိုယ့်ကိုယ်ကိုကျတော့ မပြင်ဘူးဗျ..

တစ်ပါးသူကို ဆုံးမတတ်တယ်..
ကိုယ့်ကိုယ်ကိုကျတော့ မဆုံးမတတ်ဘူး..

ကျွန်တော်ဆိုလိုချင်တာက ကိုယ့်ကိုယ်ကို အရင်ဆုံးမပါ.. အောင်မြင်ပြီလား.. ဆက်လက် လက်ဆင့်ကမ်းပြီး တစ်ပါးသူကို ဆုံးမဖို့ပါ..

စိတ်တော့မကေင်းပါဘူး..
မုသားမပါ လင်္ကာမချော ဆိုသလိုပါပဲ
တစ်ချို့နေရာတွေမှာလည်း ဟန်ဆောင်ပြုံးတော့ ပြုံးပေးရတာရှိပါတယ်..

ဒါပေမယ့် အဲဒီ တစ်ချို့ တစ်ချို့ တွေက များနေတော့ လောကကြီးက မခက်ပေဘူးလား..

ပျော်ရွှင်ပါစေ
စည်သူ။

Angel Shaper said...

ကြည်လင်တောက်ပတဲ့ အပြုံးစစ်စစ်နဲ့ ပြုံးပျော်နိုင်ပါစေ။
စိတ်ထဲကမပါပဲနဲ့ ဟန်ဆောင်မပြုံးတတ်လို့ ကြည်ကြည်လင်လင်ပဲပြုံးသွားပါတယ်နော်။