ကိုရွှေဧည့်သည်
နိုဝင်ဘာလ၏ အေးစိမ့်စိမ့်နှင့် တသိမ့်သိမ့် ချမ်းလှသည့် ဆောင်းအဝင်ညတစ်ညမှာ ကျွန်တော်ဆီကို ဧည့်သည်တစ်ယောက် မမျှော်လင့်ပဲရောက်လာလေသည်။ ဧည့်သည်ဆိုသော်လည်း ထိုသူမှာ ကျွန်တော်မျှော်လင့်နေတဲ့သူ မဟုတ်သလို ဖိတ်ခေါ်ထားတဲ့သူလဲ မဟုတ်ခဲ့ပါ။
ကျွန်တော်နေသည့် အိမ်ကို သာမန်လူ မဆိုထားနှင့် အသိမိတ်ဆွေတွေတောင် အရောက်နည်းကာ ဝေးလံချောင်ကျသည့်အတွက် လာလည်သည့် မိတ်ဆွေ မရှိသလောက် နည်းပါးပါသည်။ ထူးခြားသည်က သူဘယ်ကလာလဲဆိုတာကျွန်တော် မသိပေမယ့် အိမ်ထဲကို ကျွန်တော်မရောက်ခင်ကတည်းက ကြိုရောက်နေသူဖြစ်နေခဲ့သည်။ လာမည်ဆိုတာကို အကြောင်းကြားခဲ့သူ မဟုတ်ပါ။
သူ့ပုံစံက နှုတ်ခမ်းချွန်ချွန်(ကျွန်တော့်လိုပေါ့) ခေါင်းသေးသေး မျက်လုံးသေးသေးနှင့် … ခါးရှည်ရှည်တုတ်တုတ် ရှိသည်ဟု ထင်ရပါသည်။ မလင်းမမှောင် မီးရောင်အောက်မှာပင် နားရွက် ထောင်ထောင်နှင့် ကြည့်ရရုပ်ဆိုးရတဲ့အထဲ အသားအရည်က မဲနက်တောက်ပြောင်လို့နေပါသည်။
အိမ်ပြန်ရောက်လို့ တံခါးဖွင့်ဖွင့်ချင်းမှာပဲ တွေ့လိုက်ရတဲ့ဧည့်သည်က ဆီးကြိုနေသည်ကို ကျွန်တော်တအံ့တသြနဲ့ ကြောက်လန့်တကြား စိတ်ပျက်မိသည်။ ရုတ်တရက် ကျနော်ဆီမှ မမျှော်လင့်ထားသည့် “အား” ဆိုသည့် အာခေါင်သံ အသံနက်နက်ကြီး အပြင်လောကကို ခဏ ဖုံးလွမ်းသွားသည်။
ကျွန်တော့်၏ငယ်ထိပ်ကို သွေးဆောင့်သွားသည့် အက်ကွဲသံကြောင့် ထိုဧည့်သည်မှာလည်း ကြောက်လန့်ပြီး လိပ်ပြာလွင့်သွားသည်ထင်သည်။ တံခါးကြားထဲ တန်းကနဲ လှစ်ကနဲ ကျနော်မမြင်အောင် ပြေးပုန်းလိုက်လေတော့သည်။
ကျွန်တော်စိတ်ပျက်မိသလို ကြောက်လန့်မိသည်။ ကျနော့်ဘယ်လိုစကားမျိုးနဲ့ နားလည်အောင် ရှင်းပြပြီး ကျနော်နှင်ထုတ်ရပါ့မလဲ… ကျနော့် အသံကြောင့် သူလဲတော်တော်လန့်နေလောက်မည်။ နောက်ထပ် ဘယ်လောက် အသံပေးပေး သူ တံခါးကြားကနေ ထွက်လာဖို့ မပြောနဲ့ တုပ်တုပ်မျှ မလှုပ်တော့ပါ..။
သူတံခါးကြားက ထွက်မလာသေး သ၍ ကျွန်တော် အပြင်မှာ ရပ်နေရတာ ကြာလာတော့ အပြင်က အအေးဒဏ်ကို မခံနိုင်လို့ အိမ်ထဲဝင်ခဲ့ရသည်။ ကျွန်တော်မသိတဲ့ သူစိမ်းတစ်ယောက် အထဲမှာ ရှိနေတာ ဘယ်လို အသက်ရှူရပါ့မလဲ… ပြေးဝင်သွားတဲ့ အိမ်အလည်တံခါးနောက်ကွယ်ကို သွားဖွင့်ပြီး ခေါ်ရမလား… တစ်ယောက်ယောက်ကို ခေါ်ပြီး မောင်းထုတ်ခိုင်းရမလား ကျနော်ဝေခွဲမရ… တစ်ယောက်ယောက်ကို သွားခေါ်နေတဲ့ အချိန် သူပြန်ထွက်သွားရင် ကျွန်တော် အရူးဖြစ် ကျန်ခဲ့မှာသေချာသည်။ အကယ်၍ ကျွန်တော့်ကို ရန်မူချင်တယ်ဆိုရင်လဲ ခုချိန် သေနေလောက်ပြီးဖြစ်သည်။
ကျွန်တော်ည အိပ်ယာဝင်ခါနီးထိ အသာခေါ် စကားပြောပေမယ့် တံခါးကြားမှာ ပုန်းနေသူက လုံးဝအသံမပြု… ကိုယ်ယောင်ပဲ ဖျောက်သွားလေသလား… တစ်ခုခုရန်မူဖို့ ကြိုးစားနေသလား သို့မဟုတ် သူကပဲ အကြောက်လွန်နေသလား… ကျွန်တော်စိတ်ပျက်လာသလို တနေကုန် လုပ်ခဲ့ရတဲ့ အလုပ်ဒဏ်ကြောင့် ပင်ပန်း၍ အိပ်ချင်လာသည်။ မီးဖွင့်လျှင် အိပ်မရသော ကျွန်တော့်အတွက် တံခါးကြားမှာ ပုန်းနေသူအတွက် အားနာမိပြန်သည်။ မီးပိတ်လိုက်လျှင် ထွက်လာပြီး တစ်ခုခုရန်မူမှာကိုလဲ မသိစိတ်က ကြောက်နေမိပြန်သည်။ နောက်ဆုံး အိပ်ချင်စိတ်ကို တားမရသည့်အဆုံး ဖြစ်ချင်ရာ ဖြစ်ဟု စိတ်ကိုဒုန်းဒုန်းချ မီးပိတ်ပစ်လိုက်သည်။
မီးပိတ်ပြီး ခဏအကြာ ကျနော်မှေးကနဲ ဖြစ်စဉ် မသိစိတ်က ရုတ်တရက် နိုးလာပြီး တံခါးကြားမှ ဖျတ်ကနဲ ထွက်လာတဲ့သူ့ကို အမှောင်ထဲမှာ မြင်မိသည်။ ကြက်သီးမွေးညင်းမျာ ရုတ်တရက် ထောင်ထလာပြီး ဇောချွေများပင် ကြလာသည်။ ကြောက်လန့်သည့် စိတ်ကို အတတ်နိုင်ဆုံး စုစည်းပြီး ကုတင်ပေါ်တွင် မူလကွေးနေသည့် အနေအထားမှ ကင်းခြေမျှားလို ကွေးလို့ရသလောက် အကုန်ကွေးနေမိသော်လည်း မျက်လုံးများက အမှောင်ထဲမှ သူ့ကို ရှာဖွေချင်နေမိသည်။
သူ ကျနော့် ကုတင်ဘေးနားက မှန်တင်ခုံနားရောက်လာပြီး ကျွန်တော့် ရဲ့ ဖန်စီလက်ပတ်ကြိုး(ကျွန်တော့်အကြိုက်ဆုံး)တွေကို ယူပြီး ပြန်ထွက်သွားပြန်သည်။ ကျွန်တော် သူ့ကို ကျွန်တော်ကြိုက်တဲ့ လက်ပတ်ကြိုးရောင်စုံတွေ မပေးနိုင်ပါဘူး… သူက ဒီလက်ပတ်ကြိုးကိုမှ ဘာကြောင့်ယူရတာလဲ… ကျွန်တော် အားရပါးရ အော်ထုတ်လိုက်ချင်ပေမယ့် ကျွန်တော့်အသံတွေက အာခေါင်မှာ ချောက်ကပ်လို့ ဆွံ့အ နေခဲ့ရသည်။
နာရီဝက်မျှ ကြာတော့ ကျွန်တော့် ကုတင်နား ထပ်ရောက်လာပြီး ကျနော်ခြုံထားသော စောင်ကို ထပ်ဆွဲပြန်သည်။ ကြောက်စိတ်နှင့်အတူ ကျွန်တော်ရဲ့ ဒေါသဒီဂရီက ရေဆူအမှတ်ကိုရောက်လာသည်။ မီးကို ဖွင့်ဖို့ ကြိုးစားအားယူ ထချိန်တွင် သူက ကျွန်တော့်စိတ်ကို ကြိုသိနေသလို လှစ်ခနဲ့ မီးခလုတ်နား သွားရပ်တော့ ကျွန်တော် စိတ်ဓာတ်ကျသွားခဲ့ရသည်။
ကျနော် ညတွင်းချင်း သူ့ကို ပြန်မောင်းထုတ်နိုင်ဖို့ အကောင်အထည်ဖော် ကြံစည်မိသည်။ နာရီပေါင်းများစွာတိုင် မလှုပ်မယှက် အိပ်ပျော်ချင်ယောင်ဆောင် နေလျှင် သူတိတ်တဆိတ် ထွက်သွားမည်လား… သို့မဟုတ် သူကျွန်တော့်ကို ရန်မူမည်လား ဟူသော အတွေးနှင့်အတူ ငြိမ်နိုင်သမျှ ငြိမ်အောင် နေလိုက်သည်။
နာရီဝက်မျှပင် မကြာ ကျွန်တော် အိပ်ပြီး အထင်နှင့် ထပ်ပြီးထွက်လာပြန်သည်။ ရုတ်တရက် ကျနော် သူ့ဆီကို ကျွန်တော်ခြုံနေကြ စောင်နှင့် ပစ်လိုက်ပြီး အုပ်မိုးလိုက်တော့ သူ အငိုက်မိစွာ စောင်တွေကြား ရောက်သွားခဲ့သည်။ မီးအဖွင့်မှာ သူကြောက်လန့်တကြားရုန်းပေမယ့် ကျနော်သူထက်ဦးအောင် အုပ်ထားသော စောင်ကို ရုတ်တရက် ခွေးခြေခုံနှင့် အုပ်ထားလိုက်ပြီး ခုံကို ဒရွတ်တိုက် ရေချိုးခန်းထဲထိ ဆွဲသွင်းသွားခဲ့သည်။ စိတ်ပျက်တာများဗျာ… ညတွင်းချင်း အိမ်ပြောင်းချင်တဲ့စိတ်ပေါ်တဲ့ထိပင်။စောင်ကို ရုတ်တရက်ဆောင့်ဆွဲပြီး ရေချိုးခန်း တံခါးကို အပြင်ကနေ အလျှင်အမြန်ပိတ်လိုက်တော့ အထဲတွင် ကြောက်လန့်တကြားသူ့ အသံနှင့်အတူ ရေသံတွေပါ ကြားလိုက်ရသည်။ ကျနော်ရေချိုးဇလုံထဲတွင် ညနေအလုပ်ကပြန်လာရင် ရေစိမ်ဖို့ ရေတွေဖြည့်ထားခဲ့သည်ကို ထိုရေသံကြားမှ သတိပြန်ရသည်။
သေချာသည်။ သူရေထဲရုတ်တရက် ရောက်သွားပြီး ရေမွှန်သွားလောက်သည်။ ရေထဲကနေ ကြောက်လန့်တကြားကုန်းကွ တက် မောနေရှာတဲ့သူကို တံခါးကြားမှ မြင်တော့လဲ သနားသွားမိပြန်သည်။
“နင်ငါ့ဆီကို ငါမခေါ်ပဲလာပြီး နင် ငါ့ကို ကြောက်အောင်လုပ်လို့ ဒီလိုဖြစ်တာ… နင့်ဘဝနဲ့ နင်..
မနက်ကျလို့ နင်အမောဆို့ ပြီးသေရင်လဲ သေတော့ ”လို့ စိတ်ထဲက ဒေါသနှင့် ဆုံးဖြတ်မိပေမယ့်
သူ့ ကိုသွားကြည့်ချိန်..ကျွန်တော့်ကို မျှော်လင့်တကြီးနဲ့ ရေကူးတာတောင်ရပ်ပြီး ငါ့ကို လွှတ်ပေးအုံးမှာလားလို့ မေးနေသရောင်.. သနားစရာမျက်နှာလေးနှင့်...
ဒေါသစိတ်ဖြင့် ဒီလိုပစ်ထားပေမယ့် ကြိုးစားပန်းစား လွတ်အောင်ရုန်းနေတဲ့ ရေသံတွေကြောင့် အိပ်လို့ မရ..
သြော်… တကယ်သေသွားရင်တော့ ငါကြောင့်ဖြစ်တော့မယ်… ငါ့အပြစ်မကင်းဘူးဆိုတဲ့
အသိလေးကဝင်လာသည်။
မနေနိုင် မထိုင်နိုင်ဖြစ်နေသော ကျွန်တော်လည်း သူ့အနားကပ်သွားရမည့် ကြောက်စိတ်ကို မျိုသိပ်ရင်း အရင်ဆုံး အိမ်ရှေ့တံခါးမကို ဖွင့် မီးတွေကို ထိန်နေအောင်ဖွင့်ပြီး ရေဇလုံထဲက ရေတွေကို ဖောက်ထုတ်ဖို့ ကြိုးစားမိသည်။ မီးတွေဖွင့် တံခါးတွေ ဖွင့်ထားရင် သူ ကြောက်အားလန့်အား ကျနော့်ကို ရင်မဆိုင်ဘဲ ထွက်ပြေးတော့မှာဖြစ်သည်။
သိုသော် ရေဇလုံထဲကနေ လွတ်ထွက်လာတဲ့ သူက ကျွန်တော်ထင်သလို မဖြစ်ပဲ ကျွန်တော့်အရှေ့တွင် မိန့်မိန့်ကြီးရပ်ပြီး ကြည့်နေတော့ အကြည့်ချင်းတွေ ဆုံပြီး ရုတ်တရက် နှစ်ယောက်သား မလှုပ်မယှက် ရပ်နေရင်း အသိအရင်ဆုံး ဝင်လာတဲ့ ကျွန်တော်က အားးးးးး ဆိုတဲ့အသံကို မန်းတုန်အောင် လမ်းဆုံကဟစ်တယ် ဆိုသည့်အတိုင်း မနက်လေးနာရီလို အချိန်မျိုးတွင် ရုတ်တရက်ထအော်တော့ ဘေးပတ်ဝန်းကျင်က အိမ်ပေါက်စေ့ မီးတွေလင်း တံခါးတွေဖွင့်ကုန်တော့သည်။
ထိုသို့ အော်လိုက်မိတဲ့ ကျွန်တော့်အသံကြားမှ ကိုရွှေဧည့်သည်လည်းလန့်ဖျန့်ပြီး ဖင်တလှုပ်လှုပ်နှင့် ပြေးသွားလိုက်သည်မှာ ယနေ့ အထိပင်ဖြစ်သည်။
နောက်မှ ပြန်စဉ်းစားမိသည်မှာ ကျွန်တော်သည် သူ့အသက် ကို ကယ်လိုက်သည့် အတွက် အရို အသေပြုသည့်အနေ နှင့် ထွက်မပြေးသွားပဲ တစ်ခုခုပြောနေဟန်ရှိသော်လည်း အကြောက်လွန်သည့် ကျွန်တော်ကသာ အာပြဲအောင်အော်လိုက်ခြင်းဖြစ်သည်။
မည်သို့ပင်ဖြစ်စေ ဧည့်သည်က ပြန်သွားပြီးဖြစ်သည်။ နောက်ထပ်မလာတော့ဟု လည်းမျှော်လင့်မိပါတော့သည်။
တကယ်လည်း မလာလဲမလာစေချင်တော့ပါဘူး။
နောက်ထပ်ဧည့်သည်လဲ မလိုချင်တော့ပါဘူး။
သို့သော် အိမ်တွင် ခဏတာ သောင်းကျန်းခဲ့တဲ့ဧည်သည်ကို တော့ ဘယ်ရောက်သွားသလဲဆိုတာ
စပ်စပ်စုစု နှင့် သိချင်ပါသေးသည်။
ဒါပေမယ့် အိမ်လာဖို့မကြိုဆိုတော့ပါဘူး။
နောက်နေ့ နံနက်စောစော အိမ်ရှေ့နံရံတွင် စာတစ်ကြောင်း အလျှင်အမြန်ရေးကပ်လိုက်သည်။
“သတိ - ကြွက်ရောင်းရန်ရှိသည်။ တစ်ကောင် ပြား (၅၀)”
မှတ်ချက်။ ။ ကျွန်တော် ကြွက်ကြောက်တတ်သည်။
ချစ်ခင်လေးစားစွာဖြင့်
ဖိုးစိန်

Comments
သရဲ ပိုစ့်နဲ့ တူနေလို့။
ဂျပန်ကောင်လေး
တရားခံက ကြွက်ကိုး
ရေးထားတာက ကိုယ့်ရှေ့မှာပဲ မားမား မတ်မတ်ကြီး လာရပ်တဲ့ လူထွားကြီးလိုပဲ :P
ဒါပေမယ့် ညီမလည်း ကြွက်ကြောက်တာပဲ :D
ကြွက်ကြောက်တဲ့ မျောက်..!!!!!!!!!!!!!!
:P
ကြွက် ကိုး။
နောက် ဖန်ဆီ အင်္ကျီ ဝတ်မထားနဲ့... ချွတ်ယူသွားလိမ့်မယ်.. အဟိ
ညီငယ်
အဆိပ်ခွက်
လေးစားလျက်
တောင်ပေါ်သား
ကိုဖိုးစိန်တို့ က လက်ပတ်ကို ပတ်တတ်တာပဲရှိတာ
လျှော်ဖို့ မရှိတော့ ဟိုက် အနံလေးက သင်းတော့ ဝင်အုပ်ပြီးပေါ့ အဟိ
ဂျီးများပြီး လက်ပတ်လေးက ဟောင်ထွက်နေလို့ ဝင်ဆွဲတာနေမှာ တော်ပြီကျန်တာမပြောတော့ဘူးတော်ကြာဖဲ့တယ်ဖြစ်နေဦးမယ် အဟတ်
ငါ ကွ ...
ဘယ်ရမလဲ ..
စ ဖတ်ဖတ်ချင်း
ကြောက်စိတ် ၀င်လာလို့
နောက်ဆုံး ဘာလဲ ဆိုတာ
သိရအောင်
စကိုးလ်ဗား ဆွဲပြီး ကျော်ဖတ်လိုက်တာ ..
ဆိုက်ပရပ်စ် ပြန်ရင်
ကြွက်ဖြူ လေး လက်ဆောင် ပေးလိုက်မယ် ..
( ကြွက်မဲ မပေးပါဘူးး ) ..>>
မထသ မှ မထသ ပဲး)
ငါ ကွ ...
ဘယ်ရမလဲ ..
စ ဖတ်ဖတ်ချင်း
ကြောက်စိတ် ၀င်လာလို့
နောက်ဆုံး ဘာလဲ ဆိုတာ
သိရအောင်
စကိုးလ်ဗား ဆွဲပြီး ကျော်ဖတ်လိုက်တာ ..
ဆိုက်ပရပ်စ် ပြန်ရင်
ကြွက်ဖြူ လေး လက်ဆောင် ပေးလိုက်မယ် ..
( ကြွက်မဲ မပေးပါဘူးး ) ..>>
ဘာများလဲလို့ ကြောက်ကြောက်နဲ့ ဖတ်လိုက်တာ....
ကြွက်ကြီးးးးးးးးးးးးးးးးးးးးးးးးးးးးး ဖြစ်နေတာကိုးးးးးးး ၂ကီလိုစာလောက်ရှိတဲ့ လက်ပတ်ကြိုးတွေ ချီသွားပါ ချီသွားပါ......
မိုးကုတ်သားနဲ့နေပြီးကြွက်ကြောက်တယ်တဲ့
စောင်းပြောတာလား
ဒီလောက်ကြီးစာဖတ်သူကိုခြောက်လှန့်ရအောင်...
ဟ ဟ ဖတ်လို့ကောင်းတယ်ဗျို့
ခွိ..............