Monday, 11 January 2010

ဖိုးစိန် ငယ်ငယ်တုန်းကပေါ့

မော်လမြိုင်သား ဖိုးစိန် ငယ်ငယ်တုန်းက နေတဲ့ရပ်ကွက်က ဖိုးစိန် အဖေရဲ့ ဇာတိချက်ကြွေ… ရပ်ကွက်က အိမ်ခြေစိပ်သလို လမ်းတွေများပြီး ရပ်ကွက်ကြီးတဲ့ ဒိုင်းဝန်ကွင်းရပ်ကွက်… ဒါကြောင့်ရပ်ကွက်ထဲမှာ လူပေါင်းစုံ စရိုက်ပေါင်းစုံ… ဆိုက်ကားသမားရှိသလို စက်ပိုင်သဌေးတွေလဲရှိတယ်… စိန်ရွှေဆိုင် ပိုင်ရှင်တွေ ရှိသလို မုန့်ဖက်ထုပ်ရောင်းသူလဲရှိတယ်… ကုန်ထမ်းသမား၊ ငါးဖမ်းသမား၊ ဗျပ်ထိုးဈေးသည် စုံလို့ပါ။

ဒီရပ်ကွက်က ဖိုးစိန် အဖေအတွက် မွေးရပ်ဇာတိ ဖြစ်သလို အဖေကြိုးစားလာခဲ့ရတဲ့ ရလာဒ်တွေ အဖေမစွန့်လွှတ်နိုင်သလို အမေက ဖိုးစိန်ကိုမွေးပြီး ပြောင်းလာတဲ့ တိုက်လေးက စီးပွားတက်တယ်ဆိုပြီး တခြားနေရာ မပြောင်းပဲ ဒီရပ်ကွက်မှာပဲ အခြေချခဲ့တယ်… ဒါပေမယ့် ဖိုးစိန်တို့ မောင်နှမ သုံးယောက် ငယ်ငယ်လေးကတည်းက အိမ်ပေါ်က အိမ်အောက် ဆင်းခွင့်မရှိ… အမြဲတမ်း အိမ်ထဲမှာ နေပြီး ဘာဂျာတံခါးသော့ခတ်ထားခြင်းခံရတဲ့သူတွေ… ရပ်ကွက်က သူတွေကို နှုတ်ဆက်စကားပြောခွင့်မရှိ… ကစားခွင့်မရှိ … အရွယ်တူတွေကစားတာကို ပြတင်းပေါက်ကနေတဆင့် မောင်နှမတွေက တစ်ယောက်ကို တစ်ယောက်ထပ်ပြီး ချောင်းကြည့်ရတဲ့ဘဝ… ကျောင်းထားတော့လည်း ရပ်ကွက်နဲ့ နီးတဲ့ အထက်တန်းကျောင်းမှာ မထားဘဲ ရပ်ကွက်နဲ့ဝေးတဲ့ ကျောင်းမှာ ဖိုးစိန်တို့ မောင်နှမသုံးယောက်လုံး နေရတယ်… အကြောင်းပြချက်က ရပ်ကွက်က စရိုက်စုံတဲ့သူတွေနဲ့ ပေါင်းပြီး လမ်းမှား မှာကြောက်ပါ၏ ဆိုသော ဖိုးစိန် အဖေနဲ့ အမေတို့ရဲ့စိုးရိမ်ပူပန်မှု…

ဖိုးစိန်မှာ ညီတစ်ယောက် ညီမတစ်ယောက်ရှိတယ်… ဖိုးစိန်နဲ့ ဖိုးစိန်ညီ က ၁၄လကျော်ကျော်သာကွာတဲ့ အတွက် အမွှာညီအကိုလို ဖြစ်နေပြီး ညီမနဲ့ ဖိုးစိန်က (၇) နှစ်ကွာတယ်… ဒါကြောင့် ဖိုးစိန်ရဲ့ငယ်သူငယ်ချင်းက ညီနဲ့ ညီမ… အိမ်ထဲက အိမ်ပြင်မထွက်ရတဲ့ မောင်နှသုံးယောက် အပြင်က ရွယ်တူတွေ မိုးရေထဲ ဘောလုံးကန်တာ ညည ထုပ်စီးထိုးတာတွေကို ငေးရပေမယ့် အပြင်ထွက်ဖို့ မတောင်းဆိုကြဘူး… အိမ်ထဲမှာပဲ သုံးယောက်သား မျောက်ရှုံးအောင် ဆော့ကြတယ်…

ဖိုးစိန်အမေ ရန်ကုန်ဆေးကုသွားတဲ့ အချိန် ဖိုးစိန်တို့က အဖွားနဲ့နေရတော့ အပြင်ဆိုတာ ပိုတောင်မထွက်ရပြန်ဘူး… ဒါပေမယ့် ဖိုးစိန်ဦးလေးက ညညဆိုပွဲဈေးတန်း ခေါ် ပွဲခင်းထဲမှာ ဇာတ်ပွဲကြည့်ဆိုတော့ ဖိုးစိန်ငယ်ငယ်တုန်းက ဇာတ်မင်းသားရူးရူးခဲ့တယ်… ပုဂံပြားစိန်၊ အုန်းညွှန်စိန်၊ အုန်းလက်စိန် တို့ဆိုတာ ဖိုးစိန်နဲ့ ဦးလေး မလွတ်တမ်းကြည့်တဲ့ ပွဲတွေ… မင်းသားတွေ ကတာ ကြည့်ပြီး နောက်နေ့ကြရင် အုန်းလက်တွေနဲ့ မင်းသားခေါင်းပေါင်းတွေ လက်ပတ်တွေလုပ်ပြီး စောင်ရှည်ကို မင်းသားလို ခါးမှာဝတ်လို့ မင်းသားတွေ ကသလို သေတ္တာတွေ ဆင့်ပြီးက နောက်ပြီး ဇာတ်မင်းသားတွေ မီးကြိုးခုန် ကသလို အိမ်မှာ သရေပင်ကြိုးကို ချည်ပြီး ညီနဲ့ ညီမ ကကြိုးလွဲရင် ဖိုးစိန်က ခုန်ကတမ်း ကစားကြတာ… ညီက မင်းသားဖိုးစိန် ကဖို့ ပါးစပ်တီးလုံးနဲ့ တီးတယ် … ညီမလုပ်သူကတော့ ဟေ့ ဟားးး ဆိုပြီး နောက်ကနေအော်တယ်… မင်းသားမောရင် ယက်ခတ်ပေး… ရေဆိုရေယူပေးပေါ့… အပြင်သွားလို့ မြင်သမျှ ကို မောင်နှမသုံးယောက် အစွမ်းကုန် အော်ဟစ်သောင်းကျန်းပေါ့… မှတ်မှတ်ရရ မင်းသားဖိုးစိန်က ညီအမြှောက်ကောင်းလို့ အရင် သေတ္တာတစ်လုံးပေါ် ခုန်တက်ကနေရာက တော်တယ်ဆိုပြီး နောက်တစ်လုံးဆင့်ကတယ်… ရသေးတယ်ဆိုပြီး သေတ္တာသုံးလုံးလဲဆင့်ရော… အခုန်ကောင်းလို့ လုံချည်စောင်စနဲ့ ညိပြီး သေတ္တာပေါ်က ချော်လဲတာ ခြေထောက်ခေါက်လို့ မေးကွဲသွားရတဲ့ အဖြစ်၊ အဲဒီကတည်းက မင်းသားဖိုးစိန်လဲ မင်းသားဘဝကနေ နောက်ထပ်မကချင်လောက်အောင် ဈာန်လျှောသွားပါတယ်…

ဖိုးစိန်တို့နောက်ဖေးက ခြံက ဘေးခြံနဲ့ ကပ်ရက် သရက်ပင်တစ်ပင်ရှိတယ်… မချစ်စုသရက်… အလုံးကြီး ပြီး အရမ်းချိုတယ်… သရက်သီး သီးချိန်ဆို သရက်ကိုင်းတွေက ဖိုးစိန်တို့ ခြံဘက်ကို ထိုးကျနေပြီး ဖိုးစိန်တို့ ခြံက မာလကာသီးပင်ပေါ်က ခူးစားရင်ရတယ်… သရက်သီးသီးချိန်ဆို ဖိုးစိန်တို့ မောင်နှမသုံးယောက် မနေနိုင်ဘူး… ခိုးစားချင်တယ်… အဲဒီအခါကျရင် အိမ်က လူကြီးတွေ မသိအောင် ခြံထဲဆင်းရင်း မာလကာပင်ပေါ်တက်ပြီး အငယ်ကောင်က ခူးတယ်… ညီမက လူရိပ်လူခြေစောင့်တယ်… ဖိုးစိန်က အပင်အောက်ကနေ ဟိုအလုံး ဒီအလုံး ညွှန်ပြီး ခြွေ ချသမျှကို လိုက်ကောက်တယ်… ပြီးရင် မောင်နှမသုံးယောက် ခိုးစားကြတယ်… တနေ့ ခိုးစားနေတာကို ဖိုးစိန်အမေက လက်ပူလက်ကျပ်မိတော့ ဖိုးစိန်အဖေကိုတိုင်တယ်…
ညနေကျတော့ ဖိုးစိန်တို့ မောင်နှမသုံးယောက် “နောက်တစ်ခါ သားတို့ မခိုးတော့ပါ”လို့ အဖေရေးပေးတဲ့ စာတန်းလေးကို လည်ပင်းမှာဆွဲလို့ ဘေးအိမ်က အိမ်ရှေ့မှာ စာသားအတိုင်း အသံကျယ်ကျယ်နဲ့ အခါ ငါးဆယ်ပြည့်အောင် အော်ခိုင်းတယ်… အဲဒီတုန်းက ရှက်ရမှန်းမသိဘူး…
အောက်ဆင်းရလို့တောင်ပျော်နေခဲ့သေးတယ်… မောင်နှမသုံးယောက် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက် ပြုံးစိစိနဲ့ အငယ်ကောင်ကစပြီ နောက်တစ်ခါလို့ အော်ရင် ဖိုးစိန် က သားတို့တွေ အငယ်မက သရက်သီးကို မခိုးစားတော့ပါဘူးရှင့် လို့အော် ပြီးရင် ရယ်လိုက်နဲ့ အကြိမ်ငါးဆယ် အော်ရတယ်… အဖေကိုလှမ်းကြည့်ရင် အဖေက လက်ပိုက်ပြီးခပ်တည်တည်နဲ့ ကြည့်နေရာက ပြုံးစိစိလုပ်နေတာကို မြင်ရသေးတယ်… အော်လို့လဲပြီးရော ဘေးအိမ်က သရက်သီးတွေ အများကြီးထပ်ပေးလိုက်သေးတယ်… အဲဒီကို အငယ်မ က မှတ်ပြီး ကိုကြီးနဲ့ ကိုငယ် ညီမလေးတို့ အိမ်တိုင်းအဲလိုလိုက်အော်ရင် အများကြီး ရမှာ သွားအော်ရအောင်လုပ်လို့ အဖေနဲ့အမေက သဘောတကျ အားရပါးရ ရယ်တာပေါ့..။

နောက်မှတ်မိစရာတစ်ခု… ညီမက ဒါရိုက်တာ လုပ်ပြီး ရုပ်ရှင်ရိုက်တမ်းကစားတယ်… အမေ အဖေ ညီရော ကျနော်ရော မနေရဘူး… ညီမခိုင်းသလို လုပ်ရတယ်… သူက ငိုဆိုငို.. ဟိုသွားဆိုသွား.. ဒီလို နေဆိုနေရတယ်… သမီးကိုချစ်တော့ အဖေတို့လဲ သူခိုင်းတဲ့ အတိုင်း လုပ်ကြတာပေါ့… တနေ့ ရုပ်ရှင်ရိုက်တမ်း ကစားတော့ အဖေနဲ့ အမေက သမီးရည်းစားပေါ့… ညီမက အဖေနဲ့ အမေကိုဖက်ခိုင်းပြီး ရီးစားစကား ပြောခိုင်းတယ်… ကျနော်တို့က တော့ မီးထိုး အဆင့်ပေါ့… အဲလိုဖက်ခိုင်းပြီး အဖေတို့က ညီမပြောတဲ့အတိုင်းပြောရတာ… ပြီးတော့သူက အဖေက အမေ့ကိုဖက်ထားတုန်း “ ဟို့.. ခဏလေး”ဆိုပြီး ကျနော့်ကို ဘုရားစင်ပေါ်က ပန်းတပွင့် ယူခိုင်းတယ်… အဖေတို့လဲ ပါးစပ်လေးဟပြီး ဘာလဲပေါ့… အမေ့ကိုများ ပန်းပန်ပေးမလို့လာဆိုပြီး ကြည့်နေတာ… ကျနော်လဲ ဘုရားစင်ပေါ်က ပန်းကိုခူးပြီးပေးရော ညီမက အမေတို့ အဖေတို့ အရှေ့ မှာ ပန်းကိုခြွေပြီး ပြောလိုက်တာက အမေ ခု“ဗိုက်ကြီးသွားပြီး”တဲ့…

ဖိုးစိန်တို့ မော်လမြိုင်က အိမ်နောက်ဖေးမှာ မိုးရေလှောင်တဲ့ ကန်ရှိတယ်… အဲဒီကန် က (၆)ပေ ကျော်ကျော်လောက် အမြင့်ရှိတယ်… (လသာတဲ့ ညတွေမှာဆို မိသားစု ကန်ပေါ်တက်ပြီး အဖေပုံပြောတာကို နားထောင်တာ)… ဖိုးစိန်နဲ့ ဖိုးစိန်ညီလေးက စူပါမင်းရုပ်ရှင်ကို အရမ်းကြိုက်တယ်… ဒါကြောင့် ကစားရင် စူပါမင်းလို စောင်ကိုလည်ပင်းမှာ ချီပြီး လက်နှစ်ဖက်က စောင် ဘေးတစ်ဖက် တစ်ချက်ကို ဆွဲကားပြီး ပြေးတာပေါ့… တနေ့ တနေ့ အိမ်ပတ်ပြေးတယ်… ကုလားထိုင်ပေါ်ကနေခုန်ချတယ်… အဆင့်တွေ အောင်မြင်လာတယ်ပေါ့… နောက်ကျတော့ ညီအကိုနှစ်ယောက် နောက်ဖေးကန်ပေါ်ကနေ ခုန်ချဖို့ ကြံစည်ကြတာ… နှစ်ယောက်ပေါင်းတော့ စူပါမင်းက အားပိုပြင်းတယ်ပေါ့… အဲဒီတော့ ညီမလေးကို တစ်ယောက်တစ်ဖက်လက်ဆွဲပြီး ကန်ပေါ်ကနေ ခုန်ချတမ်း ကစားဖို့လုပ်တယ်… တစ် နှစ် သုံး ဆိုရင် နှစ်ယောက်သား ညီမလေးကို ဆွဲပြီ ခုန်ချမယ်ပေါ့… တဖက်က စောင်ကို လက်နဲ့ ကား တစ်ဖက်က ညီမလေးလက်ကို ဆွဲပြီး တစ် နှစ် သုံးလဲ ပြီးရော… အရင်ဆုံး ခုန်ချတာ လူစွမ်းကောင်း ဖိုးစိန်ညီ… အဲဒီမှာ ခြေကားရား လက်ကားရားနဲ့ ဖိုးစိန်ညီမက ပါသွားပြီး ဖိုးစိန်က နောက်ဆုံးကနေ ခွေးကျ ကျ… ရလာဒ် က ဖိုးစိန်ညီ ခေါင်းကွဲပြီး ဖိုးစိန်ညီမ လက်ကျိုးခဲ့တယ်… ဖိုးစိန်က အကြီးဆုံးဖြစ်ပြီး အနေမထိုင်မတတ်တဲ့ အမှု အငယ်တွေကို သွေးထွက်သံယို ဖြစ်အောင် လုပ်တဲ့ အမှုနဲ့  အဖေ့သူငယ်ချင်း လက်ဖက်ရည်ဆိုင်မှာ စားပွဲထိုး လုပ်ရတယ်… (တစ်ရက်ပါပဲ… လက်ဖက်ရည်ခွက်တွေ ကွဲလို့ အဖေ့သူငယ်ချင်းက အလုပ်မဆင်းခိုင်းတော့ပါဘူး)…

ကျနော်တို့ မိသားစု ပြန်ဆုံတိုင်းမှာ ဖြစ်ဖြစ်… ကျနော့်တို့ အိမ်ကို ဧည့်သည် တစ်ယောက်ယောက် လာလည်တိုင်းမှာ ဖြစ်ဖြစ် ဖေဖေက အဲဒီအကြောင်းတွေကို ပြန်ပြောပြီး ကျနော်တို့ ငယ်ငယ်က ဘယ်လောက်ဆိုးကြောင်း၊ စိတ်ကုန်လို့ ကားပေါ်တင်ပြီး လူမသိ သူမသိတဲ့နေရာမှာ စွန့်ပြစ်ချင်ကြောင်းကို စာတတန် ပေတတန်နဲ့ ပြောလေ့ရှိတဲ့ အကြောင်းတွေပါ… ခုချိန်ပြန်တွေးလိုက်တော့ ကျနော် ညီနဲ့ ညီမရဲ့ ငယ်ငယ်တုန်းက ပုံစံတွေကို မြင်ယောင်ပြီး လွမ်းမိသွားတယ်… ငယ်ငယ်တုန်းက မိသားစုနဲ့ ပဲ နေခဲ့ရတဲ့ ကျနော့်အဖို့ ဒီလွမ်းစရာ သတိရစရာတွေက ရင်ထဲ မမျှအောင်ပါပဲဗျာ…


ချစ်ပေါ်ရေ… ချစ်စိန်ရဲ့ ငယ်ကျိုးငယ်နာတွေ ဖတ်ချင်တယ်ဆိုလို့ ရေးပြီးပါပြီး..

ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

21 comments:

kaungkinpyar said...

ခုတောင် တော်တော် အက တော်တာ ငယ်ငယ်က ဘယ်လောက်တောင် ကလိုက်မလဲ မြင်ယောင်မိတယ် စိန်...
သတိတွေ ရနေတယ် ပေါ့..လွမ်းစရာလေးတွေ..း)
ကန်ပေါ်က ခုန်ချပုံလဲ စိတ်ကူးကြည့်တယ် မသေကောင်း မပျောက်ကောင်းဟယ်..ညီမလေး လဲ သနားစရာပဲ ကျိုးရုံ ပဲ့ရုံ မို့ တော်သေးနော်..ဆော့ချက်

khin oo may said...

စလုံးကလူတွေ ကိုရောမလွမ်းဘူးလား။

မိုးခါး said...

း))
ဖတ်ရတာ ပျော်စရာကြီး
;)

ဆောင်းနှင်းရွက် said...

ကလေး ဘ၀ ကတော့
အမြဲ ပျော်စရာ
ကောင်းနေတာပဲ ..

မျောက်ရှုံးအောင်
ဆော့တာ ပဲ ကြည့် ...းP

ကိုကိုသုန် said...

ကိုဖိုးစိန်ရေ မရောက်တာကြာပြီ.... အပြင်မှာလည်းမတွေ့ဖြစ်ကြသေးဘူးဗျာ..... စာကြွေးတွေလာဖတ်သွားတယ်နော်....

ခင်မင်စွာဖြင့်

ကိုကိုသုန်

sweetpeony said...

ကိုကြီးစိန်ခုတော့ ၀ါသနာက က တာမဟုတ်တော့ဘဲ ဓါတ်ပုံအရိုက်ခံတာဖြစ်သွားပြီလား
း)))))))))))))
ပန်းချွေလိုက်ရင် ဗိုက်ကြီးသွားပြီတဲ့.... ရီလိုက်ရတာ.....း)))))))))

Mogok Thar said...

ချစ်ညီလေး ဖိုးစိန်တို့ မိသားစုဘ၀က...

ဖတ်လိုက်တိုင်း စိတ်ထဲ ပျော်ရွှင် ချမ်းမြေ့ရတယ်။

အမြဲ ပြုံးစရာ၊ သဘောကျစရာတွေနဲ့...

ဒီလို မိသားစုလေးထဲ ကြီးပြင်းလာရတာ အင်မတန် ကံကောင်းတယ်....

အင်း ငယ်ကလဲ မျောက်ရှုံးအောင်ဆော့တယ် ကတယ်။

ကြီးလာတော့လဲ မျောက်ရှုံးဆဲ.. မျောက်မူးလဲ....

ဒါပေမဲ့ ချစ်ညီလေး ဖိုးစိန်ကြောင့် တို့ ညီအကို၊ မောင်နှမတွေ အားလုံး...ြ့ပုံးပျော်တက်ကြွ နေခဲ့ကြတာတော့ ငြင်း..မရဘူးဝေ့...

ငယ်တုန်းကထက် ပို ပျော်ရွှင်စည်ပင်တဲ့ မိသားစု၊ မောင်နှမဘ၀လေး... ထာဝရ ပိုင်ဆိုင်နိုင်ပါစေ...

ချစ်ညီမျောက်မျောက် ကို
ချစ်ခင်လေးစားလျှက်

ကိုမောင်ဟန်

Anonymous said...

လွမ်းစရာ ငယ်ဘ၀လေးတွေနော်..

ခင်တဲ့
ဂျပန်ကောင်လေး

တောင်ပေါ်သား said...

ပျော်စရာ မောင်နှမတွေနဲ့ မိသားစုအကြောင်းလေး ဖတ်ရတာ ရင်ထဲမှာ အေးချမ်းပြီး စိတ်ကြည်နူးစေပါတယ် ကျေးဇူး စိန်စိန်ရေ

လေးစားလျက်
တောင်ပေါ်သား

ဇွန်မိုးစက် said...

ဖတ်ရတာ ကြည်နူးစရာလဲကောင်း၊ လွမ်းစရာလဲကောင်းတယ်။ အဲလိုပျော်ရွှင်ရတဲ့ မိသားစုလေးနဲ့ အမြန်ဆုံး ပြန်နေနိုင်ပါစေနော်။

ငချမ်းကောင် said...

ငယ်ငယ်ထဲ ဇရှိတာ။ ဒီလို။

ဖိုးသင်္ကြန် said...

မဆိုးဘူး
ပေါင်းလို့ရပြီ

shwezinu said...

ပျော်စရာ မိသားစု ဘဝလေးပါဘဲ
စာရေးလည်းကောင်းတယ်

မြတ်မွန် said...

ငယ်ငယ်က ကဲတာ အခုလည်း ကဲကဲပဲနော်..
ဟီးစတာနော်..
စိတ်ဆိုးလားတော့ မသိပါ။
ကိုဖိုးစိန်တို့ မောင်နှမတွေ ဆော့တာဖတ်ရင်း ငယ်ငယ်က ဆော့တာလေးတွေ မြင်ယောင်မိတယ်။

Lin said...

စိန်စိန့်ရဲ့ငယ်ကျိုးငယ်နာတွေဖတ်ပြီး
ငယ်ဘ၀လေးကို ပြန်လွမ်းလာမိတယ်...
နောက်တစ်ခါဆော့ရင် ခေါ်အုံးနော်
လင်းလည်းပါအုံးမယ် :P

reenoemann said...

အလုပ်က မနက်နဲ့ည ဆက်နေလို့ သယ်ရင်းရဲ့ ပိုစ့်ကိုခုမှပဲ
ဖတ်ဖြစ်တော့တယ်။ အငယ်မက လူလည်ပဲနော်။
ညနေက ပြောတဲ့ ဘောင်းဘီကြားမှာ တွေ့တာ
အဲဒါဘာလဲ ဟင်းးးးးးးးးး

ဖိုးချစ်ကို ချစ်တဲ့ သယ်ရင်း

မေသူ said...

အဟီးးး

ဒီပို့စ် ဖတ်စရာကိုမလိုဘူး...

မြင်တာနဲ့သိတယ်...

ဘယ်လောက် ဆော့၊ ဘယ်လောက်သောင်းကျန်းမယ်ဆိုတာ....

ခုတော့ သက်သေနဲ့ တကွ မိပြီ...
ကဲ...လိုက်ခဲ့တော့...(ဘရက်ဒဲလ်ကို ပြောတာပါ... =P)

ဟိဟိ
=)

Anonymous said...

ကျွန်တော် ငယ်ငယ်ကလည်း အိမ်အောက် သိပ်မဆင်းရဘူး။ အိမ်ပေါ်မှာလည်း ဖိုးစိန်လောက် မဆော့ဘူးလိုက်ဖူး။ နှမြောလိုက်တာ။ ( tin min htet )

rose of sharon said...

ဇာတ်မင်းသားလေလးဖိုးစိန်ကတာ ကြည့်ချင်တယ်... ညီမလေးကချစ်ဖို့ကောင်းလိုက်တာ..အတတ်လေးဘဲး))

khin oo may said...

တို့လဲဆော့ရတယ် ဒူးကွဲတယ်။

mstint said...

ငယ်ဘဝရဲ့အရိပ်လေးတွေဟာ ရင်ထဲမှာအမြဲငြိတွယ်တတ်သလို တိုက်ဆိုင်မှုလေးတွေရှိတိုင်း အတိတ်ကိုပြန်လည်
ပုံဖော်တတ်ကြတယ်။ မောင်ဖိုးစိန်မင်းသားက ကတာကို တီတင့်မျက်စိထဲမှာ ကွင်းကွင်းကွက်ကွက်မြင်ယောင်မိတယ်း))
ပျော်စရာကောင်းပြီးနွေးထွေးတဲ့မိသားစုကို ပိုင်ဆိုင်ခွင့်ရတယ်ဆိုတာ ကုသိုလ်ထူးတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်