နေမင်းကြီး လင်းပစဉ်က


“အရှေ့ကိုလျှောက်ပါလို့… အနောက်ကိုတဲ့ မျှော်လိုက်ရင်း… မျှော်လိုက်ရင်း….........”

ဆိုတဲ့ဗျောသံကို အိမ်ရှေ့က ကြားနေရသလို အိမ်ထဲမှာ အမေနဲ့ မိန်းမက သားရှင်လောင်းလေးကို ပြင်ဆင်ပေးနေတာ တွေ့တော့အရမ်းပီတိ ဖြစ်မိတယ်… အဖေဆုံးပြီး တစ်နှစ်အကြာ အမေရှိရာ “သာယာကုန်း” ကို ပြန်လာပြီးသားလေးကို ရှင်ပြု ရဟန်းခံပွဲ ပြုလုပ်တော့ ဇာတိမြေလဲဖြစ်ပြန် မောင်နှမ များတဲ့ ကျနော်တို့ မိသားစုကြောင့် တရွာလုံးအုန်းအုန်းကျွက်ကျွက် တက်တက်ကြွကြွ ပျော်စရာကောင်းတာ အမှန်ပင်

မွေးသမိခင်ကို ကြည့်လိုက်တော့ ဇရာဖုံးပေမယ့် ခါးမကုန်းပဲ မှုန်ဝါးဝါး မြင်ကွင်းများကို အဝေးကြည့် မျက်မှန် တဝင်းဝင်းနဲ့ ကြည့်ပြီး ယောဂီသဘက်လေးကို ပခုံးမှာ တင်လို့ မြေးဖြစ်သူအတွက် မျက်နှာပွင့် လန်းဆန်းတက်ကြွ နေတဲ့ ပီတိဖုံးပြုံးပျော်နေတာ ကို မြင်ရတယ်… အမေ့ကို ကြည့်နေရင်းနဲ့ ကျနော့်မျက်လုံးအိမ်ကနေ မျက်ရည်တွေက မထင်မှတ်ပဲ တသွင်သွင်ကျဆင်းလို့… ဝမ်းသာလွန်းလို့ ကျတဲ့ပီတိမျက်ရည်တော့ မဟုတ် အဖေရှိရင် သိပ်ကောင်းမှာပဲ ဟု ဖခင်ကိုတမ်းတကာ ကျလာသည့်လွမ်းမျက်ရည်၊ ဖခင်အပေါ် ပြစ်မှားမိခဲ့သည့် နောင်တ မျက်ရည်များသာ ဖြစ်နေလေသည်။ (ပီတိကြောင့် ကျတဲ့မျက်ရည်ထက် ပိုကျလွယ်တယ် မဟုတ်ပါလား) ... ထိုမျက်ရည်များက လွန်ခဲ့တဲ့ နှစ်ဆီသို့ ….
…………………………


အဖေကျနော်တာဝန်ကျရာ မော်လမြိုင်သို့ရောက်တဲ့ အချိန်က နတ်တော် ဦးအစ၊ ပန်းနာရင်ကျပ် ရှိတဲ့အဖေ အညာက အအေးဒဏ်ကို ခေတ္တခဏ ရှောင်ဖို့နဲ့ သားလုပ်သူ ကျနော်ရှိနေတုန်း မော်လမြိုင်ဘုရားဖူး ရောက်ဖူးချင်လို့ အမေ့ထက် ကြိုတင်ရောက်လာခဲ့ ခြင်းဖြစ်သည်။ နောက်နှစ် ကြလျှင် အဖေတို့နဲ့ တူတူ သာယာကုန်းရွာကို ပြန်ပြီး ကျနော့်သားကို ရှင်ပြု အလှူ မင်္ဂလာပြုလုပ်ဖို့ အဖေနဲ့ အမေ့ကို တိုင်ပင်ထားပြီးဖြစ်သည်။ အဖေမော်လမြိုင်မှာ နေသွားသည်မှာ လချီကြာပြီးမှ မထင်မှတ်ပဲ ပြန်သွားခဲ့သည်။ ရောက်ခါစက မသိသာသော်လည်း နီးတကျက်ကျက် ဆိုတဲ့ စကားအတိုင်း အတူနေတော့ ပြဿနာတွေ အမြင်တွေ စောင်းလာခဲ့၍ အမေ မော်လမြိုင် မရောက်ခင်ပင် ပြန်သွားခြင်း ဖြစ်သည်။

အဖေရှိစဉ်က ညနေတိုင်း မဟာမြတ်မုနိ ဘုရားကုန်းကို တစ်ယောက်တည်း သွားသွားတတ်တော့ ပန်းနာရှိတဲ့ အဖေ့ကို “အဖေကလဲဗျာ… ဒီအသက်အရွယ်ကျမှ ဟိုသွားချင် ဒီသွားချင်နဲ့… ရောဂါကလဲ ပျောက်သေးတာမဟုတ်ဘူး… သွားရင်လဲ မောလို့နားတာနဲ့ တင်အချိန်ကုန်တယ်… နောက်ဆို ဘယ်မှ သွားဖို့ စိတ်မကူးနဲ့ အိမ်မှာပဲနေ” ဟု ဂရုဏာဒေါသော နဲ့ ဆူငေါက်လျှင် အဖေ့မျက်နှာ ညှိုးသွားတတ်သည်။ အဖေရှင်းပြတာကို နားဆက်မထောင်ပဲ ပြန်လှန်ပြောမိတဲ့ အခါတိုင်း ဝမ်းနည်းစွာ ကျနော့်ကို ငေးကြည့်နေတတ်သည်။ တစ်ခါတစ်လေ သားအဖနှစ်ယောက် စိတ်ကောက်ပြီးဆိုလျှင် တစ်ရက်နှစ်ရက်လောက် စကားမပြောဖြစ်ကြ၊ မိန်းမလုပ်သူကသာ အဖေ့ကို ထမင်းခူးခပ်ကျွေးမွေးပြီး ကျနော်က အဖေ့ကိုရှောင်လေ့ရှိသည်။

အဲဒီလိုရက်မျိုးမှာ အဖေတစ်ယောက် အခန်းအောင်းနေတတ်ပြီး အိမ်ကကက်ဆက် အစုတ်လေးကို ခလုပ်ဆောက်ဆောက်နှိပ်ပြီး ရေဒီယို နားထောင်လိုက်၊ ရွှေမန်းတင်မောင်ရဲ့ ဗုဒ္ဒဝင် ဇာတ်ထုပ်ကို နားထောင်လိုက်နဲ့ အလုပ်ရှုပ်ချင်ယောင် ဆောင်နေတတ်၏။ တစ်ခါတလေ ရွှေမန်းတင်မောင် အသံမကြားရလို့များ မိန်းမကိုမေးကြည့်ရင် အဖေက အသံမထွက်တော့တဲ့ ကက်ဆက်လေးကို ဆွဲပြီး လမ်းထိပ်က ကက်ဆက်ပြင်ဆိုင်ကို ခါးလေးကိုင်ကာ စိုက်စိုက် စိုက်စိုက်နဲ့ ဖြေးဖြေးချင်းထွက်သွားတာ မြင်ရတော့ အဖေ့အတွက် စိတ်မကောင်း ဖြစ်ရပြန်သည်။

အဖေမော်လမြိုင်မှာ နေတဲ့ရက်အတွင်း တစ်ပတ် တစ်ခါ အဖေသုံးဖို့ ငွေပေးသော်လည်း အဖေသုံးစွဲသည်ကို မတွေ့၊ “အဖေ့မှာ ငွေမလိုပါဘူး သားရယ်” လို့သာပြောတတ်ပြီး ငွေပေးတိုင်း အဖေက လက်ခံယူထားလိုက်သည်ပင်။ ငွေမလိုတဲ့အဖေ ဒီငွေတွေကို ဘာလုပ်ပါလိမ့်ဟု စဉ်းစားတိုင်း ငရဲကြီးရမည်မှာ အမှန်ပင်။

အဖေနဲ့ကျနော် စကားများတိုင်း အဖေအမြဲပြောတာက “ဌက်ပျောသီးပျော့ပျော့ကိုတောင် မလှီးနိုင်တဲ့ ဓားတုံးတုံးဘဝ၊ မှိုကိုတောင် မချိုးနိုင်တဲ့ အချိန်မစီးတဲ့ အဖိုးကြီး ဖြစ်နေလို့ ပြန်ပြောနေတာလား၊ သားလည်းတနေ့ အဖေ့လို အိုရဦးမှာပါ၊ တော်ပြီး နောက်ဆို သားနဲ့ ဘယ်တော့မှ မနေတော့ဘူး၊ ဒီတစ်ခါ နောက်ဆုံးပဲ” လို့ အဖေက ပြောတတ်သည်။ အတူနေခါမှ အဖေနဲ့သား ပဋိပကခ ဖြစ်ကြရသည်။ “နီးတကျက်ကျက် ဝေးတသက်သက်” ဆိုသည့် စကားသည် သွေးထွက်အောင် မှန်နေပေ၏

ကျနော့် အလုပ်တာဝန်အရ ကျရာနေရာ ရွေ့ပြောင်းတာဝန် ထမ်းဆောင်နေရတာမို့ ဘယ်တုန်းကမှ အမိအဖနဲ့ အတူ အိုးမကွာ အိမ်မကွာ နေဖို့ မပြောနှင့် တစ်နှစ်တစ်ခါ ပုံမှန်တွေ့ရန်ပင် မလွယ်ကူလှ။ မိဘများနဲ့ အတူနေခွင့်ရသည့် ညီမဖြစ်သူကို “အကို့ညီမက မိဘနဲ့တူတူနေရတာ ကံကောင်းလိုက်တာ… ကုသိုလ်လဲ ပိုရတာပေါ့” ဟု ပြောခဲ့တုန်းက ညီမလုပ်သူက “ပြုစုလို့ ကုသိုလ်ရသလို ပြန်ပြောမိတော့ ငရဲပိုကြီးနေလို့ တစ်ခါတစ်လေ စိတ်မကောင်းဖြစ်ရပါတယ် အကိုရယ်” ဟု ပြန်ပြောခဲ့တဲ့စကားကို ခုမှပြန်သတိရမိသည်။

ကျနော့်ခမျာ ခုတော့ ကံဇာတ်ဆရာရဲ့ မျက်နှာသာ ပေးမှုကြောင့် အနှစ်နှစ် အလလက ဝေးကွာနေတဲ့ အဖေလုပ်သူနဲ့ အတူနေရလို့ ကံကောင်းနေပြီးဟု ပီတိဖြစ်ရုံ ရှိသေး အဖေလုပ်သူကြောင့် ကံဆိုးသူ တစ်ယောက် ဖြစ်ခဲ့ရပြန်သည်။ မိမိထံ အနားယူရန် ရောက်လာသော်လည်း စိတ်ပျော်ရွှင်မှုကို မရခဲ့၊ ကတောက်ကဆ ဖြစ်တိုင်း မျက်ရည်ဝိုင်းနေတတ်သည့် အဖေတစ်ယောက် အခန်းအောင်းနေကာ အမေရေးရေးပို့ပြီး ကျန်းမာရေးသတင်းမေးတဲ့ စာကိုဖတ်ရင်း “တပေါင်းလ အမြန်ရောက်ပါတော့” ဟုဆုများတောင်းနေမလားဟုလဲ ကြိတ်ပြီး စိတ်မကောင်း ဖြစ်ရပြန်သည်။

တနေ့ အမေပို့လာသည့် စာကို အဖေထက် အရင်ဦးအောင် ဖောက်ဖတ်မိတော့
“အဖိုးကြီး- အညာမှာ အေးနေတယ်။ ပြန်လာဖို့ စိတ်မကူးနဲ့ ခုပြန်လာရင် အဖိုးကြီး ပန်းနာရောဂါနဲ့ အမောဖောက်ပြီးသေမှာပဲ၊ ပြန်ချင်ရင်တော့ ကျမ မှာတဲ့အတိုင်း သားအလုပ်ကနေ ခွင့်ရမှ သားနဲ့ တူတူပြန်လာခဲ့” ဟုရေးခဲ့တဲ့စာ။ ပြီးတော့ ညီမလုပ်သူက အကိုအတွက်ဆိုပြီး ကြိုကြိုတင်တင်သတိပေးသည့်စာက “အကိုကြီး- နေဝင်ချိန်ရောက်နေတဲ့ အဖေ့ကို ဂရုစိုက်ပါ၊ အဖေ့ကိုစိတ်ချမ်းသာ အောင်ထားပါနော်၊ နောင်တမရမိစေနဲ့” လို့သတိပေးထားခဲ့လေသည်။

ဒီစာတွေကို ဖတ်ခြင်းအားဖြင့် အဖေရွာသို့ ပြန်လိုကြောင်း အမေ့ကို စာရေးခဲ့ပုံရသည်။ ဘာကြောင့်ပြန်ချင်သလဲ မပြောပြခဲ့သဖြင့် ကျနော် အဖေ့ကို ဆူငေါက်မိတာကို အမေသိဟန်မတူပေမယ့် ညီမလုပ်သူက သဘောပေါက်ဟန်တူ၍ သည်စာကိုရေးခဲ့ခြင်း ဖြစ်ကြောင်း ခန့်မှန်းမိသည်။ ဘာဖြစ်ဖြစ် အဖေ့ခမျာ ရွာကိုပြန်ချင်သော်လည်း မိန်းမလုပ်သူ အမေ့၏ စကားကို မလွန်ဆန်လိုသောကြောင့် တပေါင်းလ နွေရာသီအထိ အောင့်အည်းသည်းခံကာ နေခဲ့လေသည်။ နောက်ပိုင်းတွင် ကျနော်လည်း အပြောအဆို ဆင်ခြင်မိသလို အနေနီးရက် အဖေ့နဲ့ ဝေးသလိုလဲ ခံစားမိပြန်သည်။

တပေါင်းလရောက်တော့ အလုပ်တာဝန်နှင့် ခရီးထွက်ရမည်မို့ အဖေ့ကို တစ်ခါတည်း ရွာပြန်ပို့ဖို့ ပြောတော့ အဖေ့မျက်နှာ ဝင်းပလာခဲ့သည်။ ရွာအထိ မပို့နိုင်ပဲ ဘူတာအထိ အရောက်ပို့ပေးတဲ့ အဖေ့ကို အမေနဲ့ ညီမကလာကြိုသည်။ အမေလုပ်သူက “အဖိုးကြီး- တော်တော်ပိန်သွားတယ်” ပြောတော့ ညီမလုပ်သူက “ အမေကလဲလေ… အရင်ကရော အဖေက တော်တော်ဝတာကိုး” ဟုပြန်ပြောတော့ ရယ်မောကြ၏။ အဖေလုပ်သူက “ဒီတစ်ခါ ခရီးထွက်တာနောက်ဆုံးပဲ နောက်တစ်ခါ ဘယ်မှမသွားခိုင်းနဲ့တော့” ဟုပြောတော့ အမေက စိတ်ဆိုးပြီး “အဖိုးကြီး- နမိတ်မရှိနော် ဘာနောက်ဆုံးလဲ”ဆိုတော့ အဖေက “မော်လမြိုင်က ကုန်းတစ်တန် ရေတစ်တန်နဲ့ ခရီးဝေးလွန်းတော့ ပင်ပန်းလို့ပါ” ဟုပြောမှ ကျနော်သက်ပြင်းချနိုင်ခဲ့သည်။

မော်လမြိုင်မှ ပြန်သွားပြီး သုံးလအကြာ အဖေဆုံးပြီးဆိုသည့် သတင်းကို ကြားလိုက်ရတော့ မျက်စိစုံမှတ်ပြီး ငိုကျသွားရုံမျှမက ကိုင်ထားသည့် ဘောပင်သည်ပင် ဘုတ်ခနဲ ပြုတ်ကျခဲ့ရသည်။ အဖေပြောခဲ့တဲ့ နောက်ဆုံးခရီး ဆိုတာ မှန်နေခဲ့သည်။ ကြိုတင်သိနှင့်နေသော်လည်း ယခုကြားရသည့် စကားက ရင်ထဲမှာ ဝမ်းနည်းကြေကွဲမိတာ အမှန်ပင်။ ညတွင်းချင်း အဖေ့ဆုံးရာ ရွာသို့ ခရီးနှင်တော့ နောက်နေ့ ညနေစောင်းတွင် ရွာသို့ ရောက်ခဲ့လေသည်။

အိမ်ပေါ်တက်တက်ခြင်း အဖေ့အလောင်းကို မြင်ရတော့ မျက်ရည်ကျမလာပဲ ရင်ထဲမှာ မွန်းကြပ်ပိတ်ဆို့သလို ခံစားနေခဲ့ရ၏။ အဖေ့အလောင်းကို သတိမေ့လျှော့စွာ အကြာကြီး ငေးကြည့်တော့ ညီမလုပ်သူက “အဖေက သေရမှာကို သိနေတယ်၊ အဖေဇောချွေးပြန် ပြီးသတိရတော့ အကိုအတွက် ပစ္စည်းတစ်ခု ပေးသွားခဲ့တယ်၊ ပြီးတော့ သူဆုံးသွားပြီးရင်လည်း အကိုမလာမချင်း သူ့အလောင်းကို မြေမချဖို့ အတန်တန် မှာသွားခဲ့တယ်၊ အကိုရောက်ပြီးရင်တော့ ဘယ်သားသမီးရောက်ရောက် မရောက်ရောက် မစောင့်ရဘူး၊ သားအကြီးဆုံး ဖြစ်တဲ့ အကို့ကိုပဲစောင့်ရမယ်” လို့ ပြောနေတာကို ကျနော်နားထဲ ကြားတစ်ချက် မကြားတစ်ချက်…

“သြော်… အဖေရယ်… အဖေ့အလောင်းကို သားကြီးကိုယ်တိုင် မြေချမှ ကျရမတဲ့လား… အဖေပြောသွားခဲ့တဲ့ သားလဲ တနေ့ အဖေ့လိုအိုရဦးမှာပါ ဆိုတဲ့စကားအတိုင်း အခုလဲ ဟောဒီလို အပုပ်ကောင်ဘဝ ရောက်ဦးမှာ မမေ့နဲ့လို့ မှာခဲ့ ချင်တာလား” ဟုတွေးရင်းမှ မျက်ရည်များက ကျဆင်းလာခဲ့ရသည်။

အဖေ့ စကားအတိုင်း အဖေ့အလောင်းကို မီးသဂြိုလ်ပြီး ရက်လည်ပြီးသည်အထိ ကျနော်ကိုယ်တိုင် တာဝန်ယူ ဦးဆောင်ပြီး စိတ်တိုင်းကျ ဆောင်ရွက်ခဲ့သည်။ အလှူလဲ ပြီးစီးပြီး နောက်နေ့လို ခွင့်စေ့လို့ မပြန်ခင်ညနေမှာ အမေလုပ်သူက ကျနော့်ထံသို့ ပစ္စည်းထုပ်လေး တစ်ခုပေးခဲ့သည်။ အမေက “မင်းအဖေက ဒီပစ္စည်းကို ဘယ်သူမှ အထိခံတာ မဟုတ်ဘူး အမေ့ကိုတောင် မကိုင်ဖို့ ပြောတယ်” ဆိုတော့ အဖေပေးခဲ့သည့် အထုပ်ကို “ဘာများပါလိမ့်” ဟုတွေးကာ ကဗျာကယာဖြေကြည့်လိုက်သည်။

အပြင်ဘက်ကို ကျွတ်ကျွတ်အိတ်နှင့်ထုပ်ပြီးတိပ်ကပ် ထားလေသည်။ အတွင်းဘက်တွင် စက္ကူတစ်ထပ် ပြီးတစ်ထပ်၊ နောက်ဆုံးအထပ်တွင် အဖေ့လက်ရေးများဖြင့် မညီမညာရေးထားသည့် (မြေးရှင်ပြုပွဲတွင် သုံးရန်) ဟူသော စာကြောင်းလေးကို သွေးပျက်မတတ် ကြည့်နေမိသည်။ ထိုစက္ကူကို ခွာချလိုက်တော့မှ ထွက်ကျလာသည့် ငွေစက္ကူများက ကျနော့်အား မိုးကြိုး အစင်းရာထောင်သောင်း မကပြစ်ခွင်းလိုက်သည်နှယ် အရုပ်ကြိုးပြတ်လို့ အနားမှာပင် ဘိုင်းခနဲ မူးလဲသွားရသည်။ ဘယ်တုန်းကမှ ဘယ်လိုမှ မျှော်လင့်မထားခဲ့သည့်အဖြစ် အဖေမော်လမြိုင်လာတုန်းက အဖေ့အတွက် စားချင်တာစား ဝယ်ချင်တာဝယ်လို့ရအောင် တစ်ပတ်တစ်ခါ ပေးထားခဲ့သည့် ငွေစက္ကူများကို အကြီးအသေး ခြေရာလက်ရာပင် မပျက်အောင် ထပ်ထားသည့် ငွေကို အတင်းဖိညှစ်ပြစ်မိပြီး ရင်တွင်းမှာတော့ စကားလုံးများက ခန်းခြောက်ပြီး အပြင်ကိုထွက်မလာခဲ့ပါ။

“ဒီငွေတွေက အဖေမော်လမြိုင်မှာ ရှိနေစဉ်တုန်းက ပေးခဲ့တဲ့ငွေတွေ၊ ကျနော်ဘာလုပ်ရမှာလဲ အဖေရယ်၊ အဖေသုံးဖို့ပေးခဲ့တာပါ၊ ကြည့်ပါအုံးအမေရယ်၊ သုံးသောင်း လေးထောင် ရှစ်ရာ နှစ်ဆယ့်ငါးကျပ်တိတိတဲ့ဗျာ” ဟု ငိုကြွေးရင်း အမေ့ရင်ထဲ ခေါင်းတိုးမိသည်။ နားထဲတွင် အဖေပြောခဲ့တဲ့ “အဖေ့မှာ ငွေမလိုပါဘူး” ဆိုသည့် စကားက ပဲ့တင်ထပ်နေသလို ကျနော်မှားယွင်းစွာ စိတ်ထဲစွဲထင်မှုများက ယခုအခါ နေဆယ်စင်းမက ရင်ထဲမှာ ပူလောင်ပြီး ငြိမ်းသတ်၍ မရနိုင်သော ကမ္ဘာ့ မီးတွေလို တဟုန်းဟုန်း တောက်လောင်ခဲ့ရပါသည်။
………………..

“သား ငိုနေတာလား…. မင်းအဖေကို သတိရသွားပြီးလားးး... လာ... အမေတို့ ရှင်လောင်းလှည့်တော့မယ်လေ… လူစုံနေပြီး” ဆိုသည့် အမေ့စကားသံကြားမှ ကျနော် မျက်ရည်များကို သုတ်ပြီး အသိစိတ်တို့ ပြန်ဝင်လာခဲ့သည်။ ပြီးတော့ ကျနော့်နားမှာ ကျနော်နှင့် တစ်နှစ်လုံးလုံး အတူရှိနေခဲ့သည့် အဖေပေးသည့် အထုပ်လေးကို ကိုင်ရင်း ရွာဦးကျောင်းရောက်လျှင် အဖေ့အတွက် လှူဒါန်းရင် အဖေတစ်ယောက် ရောက်ရာဘုံဘဝမှာ ကြည်နူးစွာ သာဓုခေါ်နိုင်မှာဟု စိတ်ထဲတွင် တွေးရင်း ပီတိဖြစ်ကာ မျက်ရည်ကျဖြစ်ပြန်သည်။

“အနောက်ဖက်ဝင်သွားသည့် နေမင်းကိုကြည့်၍ ဝမ်းနည်းပူဆွေးနေလျှင် အရှေ့အရပ်က ထွက်လာမည့်လမင်းကို မြင်လိုက်ရမည်မဟုတ်” ဟု ဆိုသည့်အတိုင်း အဖေဆိုသည့် နေ တစ်စင်း ပျောက်ကွယ်သွားပေမယ့် အမေ ဆိုသည့် လ ကျန်ရှိနေသေးသည့်အတွက် လရဲ့ အေးမြတဲ့ အရိပ်ကို ခိုလှုံရင်း ကြယ်အဖြစ်နဲ့ အနားမှာ ပြုစုဖို့ နောက်ထပ်နောင်တ မျက်ရည်မကျမိဖို့ အားတင်းရင်း ……

နေမဝင်ခင်နှင့် နေဝင်မသွားခင် နေမင်းကြီးရဲ့ ပူလောင်မှုကို မကြည့်ပဲ… နေမင်းကြီးရဲ့ တာဝန်ယူမှု နွေးထွေးမှု များကို ခံစားနိုင်ကြပါစေ


သီတာရေစင်ပမာ မိဘမေတ္တာကို ခံစားရေးဖွဲ့ထားခြင်းသာဖြစ်သည်။


ခင်မင်လေးစားစွာဖြင့်

ဖိုးစိန်

Comments

Anonymous said…
ကိုဖိုးစိန်ရေ
ဒီပို့စ်လေးကို ကြိုက်တယ်..
နေမင်းကြီးရယ် လမင်းကြီးရယ် အားလုံးစုံနေရင် ပိုပြည့်စုံတာပေါ့နော်...
ပြီးတော့ အဖေတစ်ယောက်ရဲ့ မေတ္တာကို ခံစားရတော့ ရင်ထဲမှာ မကောင်းဘူး...
အကိုရေးတာလဲ ကောင်းလို့ပါ...
Anonymous said…
ကျနော်ကြားဖူးတာလေးတခုပြောပြမယ်
မွေးခါစမှာ အဖေဆိုတာ ဘာမှန်းမသိဘူး။ အသက်၅နှစ်ကနေ ၁၀နှစ် အဖေအလုပ်ကအပြန် ကြိုမယ်၊ မုန့်ပါလာရင်စားမယ်၊ ၁၀နှစ်က ၁၅နှစ် အဖေဆုံးမတာကို ခံယူချင်စိတ် သိပ်မရှိကြဘူး၊ ကြောက်လို့သာ ငြိမ်နားထောင်နေတာ၊ ၁၅က၂၀ ပြောသမျှ နားမဝင်ဘူး၊ ၂၀က၂၅ အဖေကို ကွယ်ရာမှာ ဘိုးတော်၊ အဘိုးကြီး၊ လို့ခေါ်တယ်၊ ကလန်ကဆန်လုပ်တယ်၊ ၂၅၊၃၀ နဲနဲ သိတတ်လာပြီ၊ ၃၀က၃၅ သိတတ်လာပေမဲ့ အဖေအသက်ကြီးလာတော့ ချောင်ထိုးချင်ထားချင်တယ်၊ ၃၀က၄၀ သြော်... အဖေသာရှိခဲ့ရင်.... ဆိုတဲ့အတွေး၊ အဖေ့ဆီမှာ ငါသင်ယူစရာတွေ အများကြီး ကျန်နေသေးပါလားဆိုတာ သိတယ်။
အဲဒါ ထုံးစံလိုဖြစ်နေပြီဗျ။ နောင်မှရတဲ့နောင်တ မျိုးမဖြစ်အောင် ကြိုးစားကြဖို့ သတိပေးပို့စ်လေးပါပဲ အလွန်တန်ဖိုးရှိ၏
MANORHARY said…
ဖတ်သွားပါတယ်။
maung said…
really good post...
sorry for ur father...
း(... စောစောစီးစီးဖတ်ပြီးငိုင်းသွားရပြီ... ကြည့်လည်းရေးဦး.. ဟိုမှာ ဖတ်တဲ့သူတွေက Sorry for your father တဲ့.. ဒီတခါ မြန်မာပြည်ပြန်ရင် အဖေနဲ့နောင်ချိန်ချနေရလိမ့်မယ်...း)

ခင်မင်လျက်

ဂျပန်
ဇော် said…
စောစောစီးစီး အလုပ်သွားကာနီးဖတ်လိုက်တာ အတော်ကို စိတ်မကောင်းဖြစ်သွားခဲ့မိတယ် ကိုဂျီးစိန်။
ကျနော်လဲ အဖေနဲ့ အမေကို တစ်ဦးတည်းသောသမီးပီပီ ( တာဝန်ကျေချင်တာ ကျေချင်တာပဲ ) အတော်ကို ကလန်ကဆန်လုပ်ခဲ့ဖူးတာတွေ ရှိတယ်။
အဲ့ဒါတွေအတွက် အချိန်မှီသေးတယ်လို့ အသိတရားရသွားတယ်။
မိဘမေတ္တာ ဇာတ်လမ်းလေးကို ဖတ်သွားပါတယ်.ကျနောလည်း အပြင်မှာ ဆိုးခဲ့ဖူးတယ်
kiki said…
ကဖိုးစိန် အဖေကတော့ ခုနေဆို မျက်ခုံးလှုပ်နေလောက်ပြီ ..သားတော်မောင်ရဲ့  မေတ္တာ တွေကြောင့်လေ ။း)

အရေးကောင်းလို့  တကယ်လားတောင်ထင်ရတယ် ။

ခု အချိန် မနှောင်းသေးဘူးနော် ။မိဘကျေးဇူး သိတတ်တဲ့သူ
ဘယ်တော့မှ ဒုက္ခ မရောက်ပါဘူး ။
အမ ကတော့ ခုမှ နောင်တရနေမိတယ် ။ အဖေရှိနေတုံးက သူ့ မေတ္တာ တရားတွေကို နားမလည်မိခဲ့လို့ လေ ။ နောင်မှတ ရတဲ့ အရာတွေ ဟာ ဘာတခုမှ မကောင်းပါဘူး ။
ဒီတော့ ဘယ်သူ့ ကိုမှ နောင်တ မရစေချင်ဘူး ။
လက်ရှိ အချိန်လေးကို အကောင်းဆုံးဖြစ်အောင် လုပ်ကြရမှာပါ ။

နောက်တခေါက် ..
ကလေးတွေ ရှင်ပြုရင် ဖိတ်အုံးဗျိုးးးးး :)
Anonymous said…
မိဘကျေးဇူးဆိုတာ ဘယ်အရာနဲ့မှ နှိုင်းယှဉ်လို့ မရပါဘူး မောင်လေးရေ။ ကျေးဇူးဆိုတာ ဆပ်တတ်ရင် ဆပ်ခွင့်ရှိပါတယ်။ ဖခင်တစ်ယောက်ရဲ့ မေတ္တာကိုလည်း ခံစားရင် စိတ်မကောင်းဖြစ်မိတယ်။
မောင်လေးက စိတ်စေတနာကောင်းတော့ ရေးသမျှစာတွေကလည်း အသက်ဝင်နေတယ်နော်။

ခင်တဲ့ မကြီး
sweetpeony said…
ကောင်းပါ့ ကိုဖိုးစိန်ရေ...
အိမ်ကိုတောင် သတိရသွားတယ်
း((
စည်သူ said…
ဟာ.....ကိုဖိုးစိန်ရေ

လုပ်ပါအုံးဗျ..
ရှင်လောင်းလှည့်ဖို့ မြင်းက အခုထိ မလာသေးပါလားဗျ
အချိန်က အရမ်းကို ကပ်နေပြီး တယ်ကွာ... ဒီကောင်တွေ..

ဟိုမှာကြည့်ပါအုံး ကိုဖိုးစိန်ရေ
ရှင်လောင်းအဖေခမျာ အတိတ်က အကြောင်းအရာတွေ၊
ပြုခဲ့သမျှ မကောင်းမှုကောင်းမှုတွေရယ်၊ အဖေနေရာရောက်
လာတော့ ပြိုလဲသွားပြီဖြစ်တဲ့ မြင့်မိုရ်တောင်ကြီးကို သတိရ သွားလို့ထင်ပါရဲ့ ..... ..

စာဖတ်ရင်း မျက်ရည်တောင်ဝဲလာတယ်
မရဘူး.. ခံစားချက်က ပြင်းတယ်..။

ကော်မန့်တွေကို ဖတ်လိုက်တော့မှ
ဟင်...........
....................ဆိုပြီး...ပေါ့သွားတယ်..။

လက်သတ်ပြောင်ချက်ကတော့ဗျာ..

ခင်မင်စွာဖြင့်
စည်သူ။
အဖေ နှင့်သား ၂ ဦးကြားဝတ္တရားကိုယ်စီရှိကြသည်။

အဖေ ရုပ်ရှင်ဇာတ်ကားမှ…
အဖေချစ် တဲ့ သားလေး ပေါ့...
Mogok Thar said…
အဖေ အကြောင်းရေးဖွဲ့ထားတာလေးတွေ၊ အဲလို မိဘ မေတ္တာအကြောင်း ရေးဖွဲ့ထားတာတွေ တွေ့ရင် ပျော်စရာဆိုလဲ ကြည်နူးလိုက်၊ ၀မ်းနည်းစရာ ဆိုလဲ ငိုကြွေးလိုက်ပေါ့။
နေမင်းကြီး လင်းပလို့ ကိုယ်တိုပတတွေရဲ့ ဘစ နေ့တွေ ရှိခဲ့သလို နေမင်းကြီးရဲ့ ကျေးဇူးကိုလဲ သိတတ်ဖို့ လိုသေးတာပဲလေ။
ချြစ်ခြစ်ောတက် ပူတဲ့ နေ ပဲ ဖြစ်ဖြစ်၊ နွေးနွေးထွေးထွေး သာတဲ့ နေပဲ ဖြစ်ဖြစ် သူဆောင်ကြဉ်းလာတဲ့ အလင်းနဲ့ ခွန်အားကိုတော့ ကိုယ်တို့တွေ လက်ခံကြတာပဲမလား။
ဒီစာလေး ဖတ်ပြီး အဖေ့ကို လွမ်းမိတယ်။ အမေ့ကိုလဲ လွမ်းတယ်။
ငိုချင်တယ်။
WWKM said…
ရေးတတ်ပါ့ဖိုးစိန်ရယ်.
အမရဲ့အဖေကလည်း မြေးဦးဖြစ်တဲ့ သမီးလေးခိုင်ကို
အရမ်းချစ်တယ်လေ.. သမီးလေးကလည်း သူ့ဘိုးဘိုးကို
အရမ်းချစ်ရှာပါတယ်.. သမီးလေးမွေးနေ့မှာ သူဘိုးဘိုး
ကိုမုန့်တွေခွန့်ကျွေးပြီး အာဘွားတွေပေးတော့ ဖေဖေရယ် အရမ်းပျော်နေခဲ့တာလေ... ပြန်လာရင်ပြန်
ဆုံကြမယ်မြေးရေလို့ လေယာဉ်ကွင်းမှာနျတ်ဆက်ခဲ့ပေ
မယ်... အခုတော့ သူချစ်တဲ့မြေးလေးနဲ့ မဆုံနိုင်ရှာတော့ပါဘူး။
အိန္ဒြာ said…
ကောင်လေး..

ခံစားချက်အပြည့်နဲ့ ဖတ်သွားပါတယ်..
အဖေအကြောင်းဆို မျက်ရည်က တယ်မခိုင်...

(စကားမစပ် ပုံဆိုတာ ဘန်နာ ကပုံမျိုးလား...း( )
ဖတ်လို့ကောင်းလိုက်တာ။ အသက်ရှိစဉ်မှာ မိဘတန်ဖိုးသိတာအကောင်းဆုံးဖြစ်မှာပါ။
နေမင်းကြီး လို ဖေဖေကော
လမင်းကြီး လို မေမေ ကိုပါ
အကောင်းဆုံးကျေးဇူးဆပ်နိုင်တဲ့
သားလိမ္မာ တစ်ယောက်ဖြစ်ပါစေ
ကိုကိုစိန်ရေ

ခင်တဲ့
ညီ ၀သန်မိုး
ညီလေးစိန်ရေ

ဖတ်ရတာ ရင်နင့်စရာကွာ။ ညီလေးရေးတာလဲ ကောင်းလိုက်တာ။

မိဘတွေ သက်ရှိထင်ရှားရှိချိန်မှာ စိတ်ချမ်းသာအောင် ထားရမယ်။

ခင်မင်စွာဖြင့်
သီဟသစ်
ကိုပိုင် said…
ဘယ်အရာနဲ့မှအစားထိုးလို့မရတဲ့ မိဘမေတ္တာကို သိမ်သိမ်မွေ့မွေ့လေးရေးသွားတာများ တကယ်စိတ်မကောင်းဖြစ်ရပါတယ်...။

လုပ်ငန်းတာဝန်နဲ့ မြို့ပြရဲ့ အသုံးအဆောင်တွေကြားမှာ
မိဘရဲ့ အိမ်ကိုမေ့လျော့သွားခဲ့တဲ့ အချိန်တွေရှိခဲ့ပါတယ်
မျှော်နေတဲ့ မိဘတွေကို တခါတလေ မေ့နေမိတယ်လေ.။

အရင်ကထက် ပိုပြီး သတိတရ စိတ်လေးထားဖြစ် တော့မှာပါ...။
khin oo may said…
ပြီးမှတော့နောင်တ တွေမရစေချင်ခဲ့သူပါ။
မငုံ said…
ပိုစ့်လေးကောင်းတယ်။ ဖတ်ပြီး အိမ်ကို တအားသတိရသွားတယ်ဟာ။
ခံစားရပါလား သားစိန်ရယ်...
mae said…
ငိုသွားတယ်

ဇာတ်နာတွေ ရေးတာ များနေပြီ ကိုစိန်လျှံ..
Dream said…
နေမင်းလို ထွန်းလင်းတောက်ပတဲ့ အဖေ့မေတ္တာနဲ့
လမင်းလို အေးမြတဲ့ အမေ့မေတ္တာကို တသက်လုံး တန်ဖိုးထားနိုင်ပါစေ.........

ရင်ထဲစို့နစ်အောင် ရေးတတ်တဲ့ ကိုဖိုးစိန်ပါလား..

အရေးအသားပြောင်မြောက်တယ်။း)
ဖိုးစိန်တို့ ကတော့ ရေးချက်ကောင်းပုံများ တကယ်ဖြစ်ရပ်
တော်မှတ်ပြီး ခံစားနေရတာ ။ ရွှတ် တကယ်မဟုတ်ရင် ပြန်လျှော်ပေးးးးးးးးးး
Unknown said…
သယ်ရင်းရေ

ဒီနေ့မှ လာဖတ်ဖြစ်တယ်။
ဖတ်လို့ ကောင်းလိုက်တာ။
အဖေ နဲ့ အမေနဲ့ ပတ်သက်တဲ့ ပို့စ်တွေဆို
ကိုယ် မျက်ရည်တွေ ဘယ်လိုမှ မထိန်းနိုင်တော့ဘူး။

လွမ်းလွန်းလို့လဲ သေတော့မယ်။

သယ်ရင်းကော နေကောင်းရဲ့လား။
မတွေ့တာတောင်းကြာနေပြီနော်။


ချစ်တဲ့
သယ်ရင်း
မိဘမေတ္တာအကြောင်းတွေ ဖွဲ့ထားတာမြင်ရင် ရင်ထဲအတော်မကောင်းဖြစ်ရတယ်ဗျာ... အစ်ကို့အရေးအသားနဲ့ ဖတ်ရတာ ရင်ထဲမှာတောင် ဆို့တယ်...။
အနောက်ဖက်ဝင်သွားသည့် နေမင်းကိုကြည့်၍ ဝမ်းနည်းပူဆွေးနေလျှင် အရှေ့အရပ်က ထွက်လာမည့်လမင်းကို မြင်လိုက်ရမည်မဟုတ်
ဆိုတာလေးကို မှတ်သားသွားပါတယ်ဗျာ... ကျွန်တော်လည်း လမင်းကိုပဲ မျှော်ရမယ့်ဘ၀ပဲလေ...။
Zelená said…
စာဖတ်ပြီး မျက်ရည် လည်မိတယ်..

Popular Posts